သာသနာ့ဘောင်က စာကလေး တစ်စောင်
၁ဝ-၇-၂ဝ၁ဝ ။ ။
ကိုရင် ရိုသေလေးစားစွာ စာရေးလိုက်ပါတယ် ဆရာကြီး။ အရိုအသေ အသုံးအနှုန်းတွေ အဂါရဝ ဖြစ်နေလျှင်လဲ တောင်းပန်ပါတယ်။ ကိုရင်က ဆရာကြီးကို မမြင်ဖူး၊ မတွေ့ဖူးတဲ့ တပည့်ရင်း တစ်ယောက်ပါ။ အခု ဒီစာရေးလိုက်တဲ့ ရည်ရွယ်ချက်ကတော့ ဆရာကြီးကြောင့် ကိုရင့်ဘဝ လူတစ်လုံး သူတစ်လုံး ဖြစ်လာတာ သိစေချင်လို့ပါ။ နောက်ပြီး မေးစရာ လေး နည်းနည်းရှိနေလို့ပါ။
ကိုရင်က ရွှေဘိုနယ်တစ်ဝိုက်က ရွာပေါက်စနတစ်ရွာမှာ ကြီးပြင်းခဲ့ရပါတယ်။ မိဘနှစ်ပါးကလွဲပြီး ဆရာကောင်း၊ သမားကောင်းနဲ့ မကြုံခဲ့ရပါဘူးဆရာကြီး။ ဒါပေမယ့် ကံကောင်းတာတစ်ခုက ကလေးဘဝ ကတည်းက စာဖတ်ဝါသနာပါလာခဲ့ခြင်းပါပဲ။ ကိုရင် စာဖတ်တတ်စ ကတည်းက တွေ့သမျှစာကို သိမ်းကြုံးဖတ်ခဲ့ပါတယ်။ တောရွာဆိုတော့ စာအုပ်ကလဲရှားပါးတယ်။ ဒီတော့ တွေ့သမျှကိုပဲ ဖတ်ရတာပေါ့။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဇိနတ္ထပကာသနီ ကျမ်းတို့လို ဟာမျိုးနဲ့တောင် စရင်းနှီးနေခဲ့ပါတယ်။
ဆရာကြီးစာကိုတော့ ခုနစ်တန်း ကျောင်းသားမှစပြီး ရင်းနှီးခဲ့ပါတယ်။ မျိုးဆက်သစ်တိုးတက်ရစ်ဖို့ဆိုတဲ့ စာအုပ်နဲ့ပါ။ အစတစ်ခေါက်တော့ဘာမှ နားမလည်ခဲ့ပါဘူး။ သုံးခေါက် လောက်ဖတ်မှ နားလည်ပြီး စွဲသွားပါတယ်။ အဲဒီကစပြီး ဆရာကြီးနာမည် နဲ့တွေ့တဲ့စာအုပ်မှန်သမျှကို တစ်အုပ်မှ အလွတ်မပေးဘဲ ဖတ်တော့တာပဲ။
ရေးရမှာတော့ အများကြီးပဲ။ ဆရာကြီး အချိန်မရမှာမို့ အကျဉ်းချုံးပြီး ရေးလိုက်ပါတော့မယ်။ ကိုရင်ဖြင့် ဆရာကြီး စာတွေဖတ်ရတာ ပီတိတွေ တနင့်တပိုးကြီးရပါတယ်။ ဆရာကြီးလဲ ကိုရင့်စာကိုဖတ်ပြီး ပီတိလေး တစ်ချက်လောက် သန်းသွားရင် ကိုရင်ကျေနပ်ပါတယ်။ တကယ်ပါဆရာကြီး။ ဆရာကြီးရဲ့ စကားတွေကို ကြားရတာ ကိုရင့်မှာ စဉ်းစားဥာဏ်တွေ အင်မတန်ကြီး လာပါတယ်။ အကြောင်းအရာတစ်ခု ကို အခြားတစ်ဘက်ကလှည့်ပြီး တွေးတာတွေ၊ အကျိုးသင့်အကြောင်းသင့် ဆက်စပ်ပြီး စဉ်းစားတာတွေပေါ့။ အလွန်ကဲဆုံးကတော့ ဆရာကြီးရယ် တာဝန်ကိုယူချင်တဲ့စိတ်၊ တာဝန်ကို ကျေချင်တဲ့စိတ်၊ တာဝန်ကိုမြတ်နိုး တဲ့စိတ်နဲ့ လူတွေကို ချစ်တဲ့ စိတ်တွေ ပါပဲ။ ဒီစိတ်တွေက တစ်နေ့ထက် တစ်နေ့ ကဲကဲလာပါတယ်။
ဆရာကြီးမကြာခဏပြောသလို အလိမ္မာ စမ်းရေတွင်းကလေးတစ် တွင်းလောက် ဖြစ်ရရင် ငါတော့ ကျေ နပ်ပါပြီလို့ မကြာခဏ မျှော်လင့်မိပါ တယ်။ ဒီလိုနဲ့ပဲ ဆရာကြီးရယ်။ ၂ဝဝ၈-ဝ၉ ဆယ်တန်းဖြေပြီးတဲ့ နောက် ချက်ချင်းပဲ သာသနာ့ဘောင် ကို ဝင်လိုက်ပါတယ်။ အောင်စာရင်း ကို သင်္ကန်းဝတ်နဲ့ပဲကြည့်တော့တာ ပေါ့။ သင်္ချာတစ်ဘာသာပါပါတယ်။ အင်္ဂလိပ်စာက ၆၂ မှတ်ရပါတယ် ဆရာကြီး။
အခု ကိုရင်မေးချင်တာက အဲဒီ အင်္ဂလိပ်စာ အကြောင်းပါပဲ။ ကိုရင်က အဂ်လိပ်စာကို ကျွမ်းကျွမ်းကျင်ကျင် တတ်ချင်ပါတယ် ဆရာကြီး။ အဲဒါဘယ်လို လေ့လာရမှန်း မသိဘူး။ အခုအချိန်မှာတော့ အဓိက ဦးစားပေးပြီး မလေ့လာ နိုင်သေးပါဘူး။ ပါဠိတော်တွေကိုပဲ သုံးလေးနှစ်လောက် လုပ်ရပါဦးမယ်။ လေးနှစ်လောက်ကျမှသာ ပါဠိတော်ကို လေ့လာရင်းသူ့ကို အဓိက လုပ်နိုင်မှာပါ။ ခုတော့ဖြင့် မေ့သွားမှာစိုးလို့ တစ်နေ့ တစ်နာရီ လောက်ပဲ အပျင်းပြေကြည့်နိုင်ပါ တယ်။
အစကတော့ မလေ့လာတော့ ဘူးလို့ ကိုရင်စဉ်းစားမိပါသေးတယ်။ ဒါပေမယ့် ကိုရင်အလုပ်လုပ်ချင်တဲ့ နေရာက ဒီတောင်ကို မတက်လို့ မဖြစ် ဘူးဆရာကြီး။ ပြီးတော့ ဆယ်နှစ်လုံးလုံး သင်လာခဲ့ရတာလဲ နှမျောတဲ့အပြင် တော်တော်လေးလဲ စိတ်ဝင်စားလို့ပါ။ ဒါကြောင့် ဘယ်လို လုပ်သင့်တယ်ဆိုတာ ဆရာကြီး ညွှန် ပြပေးစေလိုပါတယ်။
သာသနာ့မျိုးဆက်သစ်ကလေး က ရေးလိုက်တဲ့စာပါပဲ။
ကိုရင်ရဲ့စာက အတော်လေး ရှည်ပါတယ်။ ပဓာနမေးခွန်းနှစ်ချက် တွေ့ရပါတယ်။ ဒုတိယမေးခွန်းကို ခေတ္တချန်လိုက်ရပါတယ်။ လိပ်စာ ကြည့်လိုက်တော့ မန္တလေးဘက်က နိုင်ငံကျော် ပရိယတ္တိ စာသင်တိုက်ကြီးမှာ ပညာလေ့လာ ဆည်းပူးနေပါတယ်။ သံဃာတော်များရဲ့ အငယ်၊ အလတ်၊ အကြီး ဓမ္မာစရိယ စာမေးပွဲတွေအတွက် ကြိုးပမ်းနေတာ ဖြစ်မှာပေါ့။ အသက်မပြည့်သေးတာကြောင့် ပဉ္ဇင်းမတက်ရသေးတာ ဖြစ်မှာပေါ့။ ကိုရင်ရဲ့ ဘွဲ့ကတော့ ရှင်ကေသဝလို့ပဲ ဆိုကြပါစို့။
ဒီဆောင်းပါးက ကိုရင် ရှင်ကေသဝကို ပြန်ကြားလျှောက်ထားတဲ့ စာဖြစ်နေပါလိမ့်မယ်။ သို့သော်လဲ ငါရည်စူးရင်းဖြစ်တဲ့ မျိုးဆက်သစ်လူ ငယ်တွေအတွက်လဲ ထိုက်သင့်သလောက် အကျိုးကျေးဇူးဖြစ်ထွန်း နိုင်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် မျိုးဆက်သစ် လူငယ်တွေက အောင်သင်း၏ ရှင်ကေသဝအား လျှောက်ထားချက်ကို ဘေးနားက ကြားနာရတယ်လို့သာ သဘောထားလိုက်ပါတော့။
တပည့်တော်အောင်သင်း ရိုသေစွာ ပြန်လျှောက်ထားပါတယ် ကိုရင် ရှင်ကေသဝဘုရား။ ကိုရင်ပေးလိုက်တဲ့ စာကိုရတာ သုံး၊လေးရက်လောက် ရှိသွားပါပြီ။
အထူးသဖြင့်ကျေနပ်ပီတိဖြစ် မိတာကတော့ တာဝန်ယူချင်တဲ့စိတ်၊ တာဝန်ကျေချင်တဲ့စိတ် ဆိုတာတွေ ရယ်၊ လူတွေကို ချစ်တဲ့စိတ်တိုးပွား လာနေတယ်ဆိုတဲ့ အချက်တွေကို အလွန်နှစ်သက်ပီတိ ဖြစ်မိပါတယ်။ လူ့လောကကြီးမှာ တာဝန်သိစိတ် ဆိုတာဟာလဲ လူတွေကိုချစ်တဲ့ မေတ္တာစိတ်ပေါ်နေပါမှ ဖွံ့ဖြိုးနိုင်ပါ တယ်။ တပည့်တော်တို့ ဗုဒ္ဓဘာသာ အနေနဲ့ စဉ်းစားလိုက်ရင် ဘုရား အလောင်းဟာ သတ္တဝါတွေကို သံသရာက ကယ်တင်ဖို့ ပေါ်လာတာ ပါပဲ။ သူ့ကို ဘယ်သူကမှ တာဝန် ပေးခဲ့တာ မဟုတ်ပါဘူး။ လူတွေ သတ္တဝါတွေကို သနားကြင်နာတဲ့ စိတ်ကြောင့် သူ့ဘာသာသူ တာဝန် ယူခဲ့ခြင်းမဟုတ်ပါလားကိုရင်။
ဒီတော့ အခြေခံ အကျဆုံးက လူတွေကို ချစ်တဲ့စိတ်၊ မေတ္တာစိတ် သည်သာ လျှင်ဖြစ်တယ်ဆိုတာ ထင်ရှားနေပါတယ်။ အဲဒီလူတွေကို ချစ်စိတ်(နောက်တစ်ဆင့် သတ္တဝါတွေကို ချစ်တဲ့စိတ်)ဆိုတာဟာ ဘုရားရှင် ဟောကြားတော်မူတဲ့ မေတ္တတရား ပဲလို့တပည့်တော် ယုံမှတ်ပါတယ်။ စိတ်က တောင်လွင့် မြောက်ပြေး ဖြစ်နေရင်း ရွတ်နေတဲ့ မေတ္တသုတ်ထက် ပိုလို့ ဘုရားအလိုတော်နဲ့ ညီတယ်လို့ ထင်မိပါတယ်ကိုရင်။
သေချာစဉ်းစားကြည့်လိုက်တော့ မေတ္တာရှေ့က ပြေးလိုက်ပြီဆိုရင် သည်းခံတဲ့စိတ်၊ ခွင့်လွှတ်တဲ့စိတ်၊ သနားကြင်နာတဲ့ စိတ်တွေဟာ နောက်ဆက်တွဲအဖြစ် အလိုလို ပါလာတတ်တာ သဘာဝပါပဲ။
ကိုရင့်ကို သတိပေးချင်တာက ပါဠိတော်တွေကို အာဂုံဆောင်၊ အနက်ကိုကြံ စသည်အားဖြင့်ရှေ့မှာ ခရီးတွေက များလှပါတယ်။ ခရီးက ခရီးကြမ်းကြီး ဖြစ်နေတာကို တပည့်တော် သိနေပါတယ်။ ဒီတော့ မိမိကိုယ်ကို ချစ်ဖို့ သတိရပါလို့ ပြောချင်ပါတယ်။ မိမိကိုယ်ကို၊ ကိုယ့်အသက်၊ ကိုယ့်ဘဝကို မချစ်ဘဲ ရှိပါ့မလားလို့ ပြောစရာ ရှိပါတယ်။ တပည့်တော် ပြောချင်တာက မိမိခန္ဓာကိုယ်ကြီးကိုလဲ ချစ်ပါလို့ ပြောချင်တာပါ။ ခန္ဓာကိုယ်ကြီးကို တပ်မက်တွယ်တာဖို့ပြော တာမဟုတ်ပါဘူး။ ဒီခန္ဓာကိုယ်ကြီးကြောင့် မိမိရဲ့ စိတ်ဝိဥာဉ်တည်နိုင် တာမဟုတ်လား။ ခန္ဓာကိုယ်ကြီးက နေမကောင်း ထိုင်မသာ ဖြစ်လိုက်ရင် ကိုရင့် ရည်မှန်းချက် ဟူသမျှ ပြုတ်ပြုတ်ပြုန်းတဲ့အပြင် တခြားသူတွေမှာတောင် ဝန်ထုပ်ဝန်ပိုးဖြစ်လာနိုင်တယ်။
ဒါကြောင့် ခန္ဓာကိုယ်ကို စောင့်ရှောက်ပါ။ ဣရိယာ ပုတ်မျှတအောင် ဂရုစိုက်ပါ။ ရဟန်းတော်(အထူးသဖြင့် စာကြိုးစားတဲ့ ရဟန်းတော်) များမှာ ဒူလာရောဂါ စွဲကပ်လေ့ရှိကြတယ်။ အညောင်းမိတာပေါ့။ အဲဒီလိုပဲ ခန္ဓာကိုယ်မကြိုက်တဲ့ အစားတွေ မစားမိအောင် ခန္ဓာကိုယ်မကြိုက်တဲ့ အမှုတွေကို မလုပ်မိအောင် သတိထား စေချင်ပါတယ်။
ကိုရင်ရေးခဲ့တဲ့ လူတွေကိုချစ်တဲ့ မေတ္တာစိတ်ကိုတော့ဖြင့် တစ်နေ့တခြား ပွားများလာအောင် အားထုတ်ပါလို့ တိုက်တွန်းလိုက်ရပါတယ်။
ကိုရင်မေးထားတဲ့ ကျန်မေးခွန်းတွေကို နောက်တစ်ပတ်မှ ရေးလိုက်ပါတော့မယ်။
မိမိကိုယ်ကို ကောင်းစွာ စောင့်ရှောက်နိုင်ပါစေသတည်း။
အောင်သင်း