ခရီးသွားခြင်း အကြောင်း၏ အကျိုးရလဒ်
ခရီးသွားလာခြင်းသည် တစ်ချိန် တစ်ခါက နယ်သစ်၊ မြေသစ်၊ ရှာဖွေသူများ၏ အလုပ်ဖြစ်၏။ နောင်တစ်ချိန်တွင် သုတေသန စူးစမ်းရှာဖွေသူများ၏ အပြုအမူ ဖြစ်လာသည်။ ယခုအခါ အနားယူခြင်း၊ အပန်းဖြေခြင်း၊ ပတ်ဝန်းကျင် အပြောင်းအလဲ ဖြစ်စေရန်အတွက် ခရီးထွက်ကြ၏။
နယ်မြေအသစ်၊ ပတ်ဝန်းကျင် အသစ်သည် လူတို့ကို မည်သို့သော ခံစားမှုများ ဖြစ်စေသနည်း။ မမြင်ဖူးသော အရောင်အတွဲအစပ်များ မြင်ရသည်။ ဆိုလိုသည်မှာ အရောင်များ ဖွဲ့စည်းမှုဖြစ်သည်။ အရောင်တစ်ခု၏ လွှမ်းမိုးမှုနှင့် ကျန်အရောင်များက အထောက်အပံ့ပေးမှု ဖြစ်သည်။
စားသောက်မှုပုံစံပြောင်းသွား ခြင်း၊ ကွဲပြားခြင်းသည် တစ်မူဆန်း သစ်သော ခံစားမှုကို ရရှိနိုင်၏။ နေ ထိုင်မှု၊ ဝတ်စားမှုသည်လည်း ယဉ်ကျေးမှု ပုံစံတစ်ခုကို ဖော်ပြသည်။ မတူညီခြင်းကိုတွေ့ရှိခံစားရ၍ အပန်း ဖြေခြင်းတစ်မျိုးလည်းဖြစ်စေသည်။
ပထဝီဝင်အနေအထားသည် လူတို့၏စိတ်အထွေထွေကိုပါ ပြောင်း လဲနိုင်သည်။ တောတောင်ထူထပ်၊ သစ်တောများ ကျယ်ပြန့်သည့် ဝန်း ကျင်သည် အေးချမ်းသောခံစားမှု ကိုရရှိနိုင်သကဲ့သို့ ထိုဝန်းကျင်၏ဝတ် ဆင်စားသောက်မှုသည် သဏ္ဍာန်တစ် ခုကိုဖော်ပြတတ်၏။
သစ်ပင်၊ တောတောင်မရှိ၊ ကျယ်ပြန့်သော လွင်ပြင်၊ ပူပြင်းသော နေအပူရှိန် အောက်၌ သက်ရှင်ကြီး ပြင်းရသော လူတို့၏ စိတ်နေသဘာဝ ရုပ်သဏ္ဌာန်ဖြစ်ပေါ်မှု၊ ခန္ဓာကိုယ် တည်ဆောက်ထားမှုသည် ထူးခြားနေ ပေမည်။ ပေါင်းသင်း ဆက်ဆံခြင်း အလေ့အကျင့်များပါ သိလာမည် ဖြစ် ၏။
ပတ်ဝန်းကျင်၊ တောတောင်ရေ မြေ၊ ရာသီဥတုသည် လူတို့၏အမူ အကျင့်သာမက စိတ်နေစိတ်ထားကို ပါ ပြောင်းလဲစေသည်။ ယင်းအရာ များသည် ဗီဇစိတ်ထဲအထိ အမြစ် တွယ်နေတတ်၏။ ကွဲပြားခြားနား သောဝန်းကျင် တစ်ခုလုံးပြောင်းလဲ၍ နေထိုင်သော်လည်း လက်တွေ့ဘဝ၌ မကြာမီလိုက်လျောညီထွေ ဖြစ်တတ်၏။ သို့သော် အမြစ်တွယ်နေသော ဗီဇစိတ်က ယခင်နေရာအဟောင်း သို့မကြာခဏ ခေါ်ယူတတ်၏။
ခရီးသွားလာခြင်းသည် ပြင်ပ ရုပ်ဝတ္ထုများ၏ အပေါ်ယံ အခြေအနေကို ရုတ်ခြည်းတွေ့နိုင်သည်။ အတွင်း၌ နစ်မြှုပ်နေသော မူလအခြေအနေကို သိရန် လူအများနှင့် တွေ့ရသည်။ သူတို့အစားအစာစားရသည်။ သူတို့ ပွဲလမ်းသဘင်ကို တက်ရောက်ရသည်။ ယင်းအရာများ အားလုံးသည် ဒေသတစ်ခု၏ မူလဇာစ်မြစ်ကို မသိမသာ လှစ်ဟပြတတ်သည်။
အရာရာအပေါ် စူးစူးစိုက်စိုက် အလေးထားရမည်ဟု ဆိုရိုးစကားရှိ ပါ၏။ ထိုသို့အလေးထားမှ စူးစိုက်မှ ထိုလုပ်ကိုင်သောအလုပ်၊ စကား၊ စာရေးခြင်းတို့သည် ပြောင်မြောက်လာသည်။ တိုးတက်လာမည်။ အောင်မြင်မည် ဟုဆိုနိုင်ပါ၏။
သို့သော် တစ်စုံတစ်ခုနှင့်ပတ်သက်၍စွဲလမ်းခြင်း ဆိုသည်မှာ အလေးထား၍ စူးစိုက်၍ဖြစ်သည်။ ထိုမှ တစ်ဆင့် စိတ်အတွင်း၌ အမြစ်တွယ်သွား နိုင်ပါ၏။ စူးစိုက်ခြင်း၊ အလေးထားခြင်းသည် ရှုထောင့်တစ်ခု၌ ကောင်းပါ၏။
စွဲလမ်းခြင်းသည် ပူလောင်စေသည်။ အမြစ်တွယ်နေသော အရာများ ဆိုသည်မှာ ဆူးများဖြစ်သည်။ ဆူးကိုဖယ်ရှားရန် တစ်နည်းသာ ရှိပါ၏။ ဆူးကို ဆူးနှင့်သာ ထွင်နိုင်သည်မှာ သာဓကဖြစ်၏။
သဘာဝအရ၊ ယဉ်ကျေးမှုအရ၊ ပတ်ဝန်းကျင်အရ ဆူးနေသောဆူးကို ထုတ်ပစ်လိုက်မည် ဆိုပါက သို့မဟုတ် ထုတ်၍ရမည်ဆိုပါက ... လူများကွဲပြားမှု၊ ခြားနားမှုတို့သည် ရှိပါမည်လား....။
မောင်ဈေးကွက်