အမှတ် - ၆၈၁ ။ စက်တင်ဘာလ - ၉ရက်၊ ၂၀၁၀ ခုနှစ်၊ ကြာသပတေးနေ့
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတက္ကသိုလ် ဓမ္မာရုံကြီးတွင် ဝါတွင်သီလပွဲများကျင်းပ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၆၈၁
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ဒါတွေဟာ ဖြစ်သင့်ရဲ့လား

         ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ မိတ်ဆွေတစ်ယောက်နဲ့ တစ်ယောက် ကူညီစောင့်ရှောက်မှု၊ ဆွေမျိုးဥာတိတွေ အပေါ်မှာ ချစ်ခင်ကြင်နာမှု၊ မိဘက သားသမီးတွေအပေါ် မြတ်နိုးယုယမှုတွေဟာ ဘယ်လူမျိုးနဲ့မှ မတူအောင် ထူးခြားပါတယ်။ အစဉ်အလာ ထွေးထွေးနွေးနွေးရှိခဲ့ကြတဲ့ နွေးထွေးမှုတွေပါ။ အကြောင်းကြောင်းကြောင့် နိုင်ငံခြားရောက်နေကြတဲ့ မြန်မာတွေဟာ ဒီနွေးထွေးမှုကို အမြဲ အမှတ်တရ၊ အောက်မေ့တောင့်တ နေတတ်ကြတယ်။ ဝင်ငွေတွေ ဘယ်လောက်ကောင်းကောင်း ဒီနွေးထွေးမှုတွေနဲ့ ကင်းဝေးနေရတာ ကြောင့် မပျော်ပိုက်ကြဘူး။ အများစု ဖြစ်နိုင်ရင်ကိုယ့်နိုင်ငံကိုပဲ ပြန်လာ ချင်နေကြတယ်။
          တစ်နေ့ကပဲ စင်ကာပူမှာ အလုပ်လုပ်နေတဲ့ တူမရဲ့ခင်ပွန်းကို မေးကြည့်မိတယ်။ ''မင်းတို့တစ်တွေ စင်ကာပူမှာ အလုပ်ကောင်းကောင်းနဲ့ လစာကောင်းကောင်း ရနေကြတော့ ပျော်မှာပေါ့။ မြန်မာနိုင်ငံကိုရော ပြန်လာချင်စိတ် ရှိသေးရဲ့လား'' လို့ မေးကြည့်တယ်။ သူ့မျက်နှာအို သွားပြီး ''ဦးလေးရယ်၊ မရပ်မနား အလုပ်လုပ်နေကြရတာ၊ ကြာတော့ စက်ရုပ်လိုဖြစ်လာတယ်။ အလုပ်က ပြန်လာတော့ တိုက်ခန်းကျဉ်းကျဉ်းလေးမှာနေ၊ တိုက်ခန်းကျဉ်းလေးထဲက ထွက်တော့ အလုပ်၊ အလုပ်ကလဲ မရပ်မနား လုပ်နေကြရတာ။ ရပ်လို့ကိုမရဘူး။ ရပ်လိုက်ရင် နေ့စဉ် ကုန်ကျစရိတ်တွေ၊ အရစ်ကျယူထားတဲ့ ပစ္စည်းတွေအတွက် ပေးဆပ်နေ ရတဲ့ ငွေတွေ၊ ဒါတွေအတွက် လုံးဝ မကာမိတော့ဘူး။ ဒီတော့ရက်ပိုင်းပင် ဖြစ်စေ ရပ်နားလို့မရဘူး။ အမှန် အတိုင်း ဝန်ခံရရင် ကိုယ့်ပြည်ကိုယ် ရွာပဲ ပြန်နေချင်တယ်။ လူမှုဆက်ဆံ ရေးမှာ ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်သူတွေ နဲ့ ဆက်ဆံရသလို နွေးထွေးမှုလုံးဝ မရှိဘူး''လို့ပြောပါတယ်။
          ဒီလိုမျိုး မြန်မာ့လူမှုဆက်ဆံရေးရဲ့ နွေးထွေးမှုကို တန်ဖိုးထားမှန်း သိရတော့ စိတ်ထဲမှာကြည်နူးမိတယ်။ ဒါပေမယ့် ဒီနွေးထွေးမှုအပေါ် အခွင့်အရေးယူကာ အလွဲသုံးစား လုပ်နေကြတဲ့ လူတွေကို တွေ့ရပြန်တော့ စိတ်ပျက်မိပါတယ်။
          တစ်နေ့မှာ မိတ်ဆွေတစ် ယောက်ကဖုန်းဆက်တယ်။ ပင်စင်စား မိတ်ဆွေတစ်ဦး ဒုက္ခရောက်နေကြောင်း၊ နာဂစ်မုန်တိုင်းကြောင့် အိမ်အမိုး လန်သွားကြောင်း ဝိုင်းဝန်းကူညီဖို့လိုကြောင်း ပြောပါတယ်။ ဒီတော့ မိတ်ဆွေ အပေါင်းအသင်းအပေါ် ခင်မင်တတ်တဲ့ မြန်မာပီပီ ငွေထည့်ဝင်ပြီး အပေါင်းအသင်းတွေဆီကိုလဲ ငွေလိုက်ကောက်ကာ ပေးလိုက်တယ်။ သို့သော် ခြောက်လလောက်ရှိတော့ အိမ်အမိုးလန်သွားတယ်ဆိုတဲ့ မိတ်ဆွေအိမ်ကို ရောက်လာပါတယ်။ ဝိုင်းဝန်းမစလိုက်တဲ့ ငွေဟာ ယာယီအမိုးလောက်ပဲ ရတယ်။ အခု တစ်လနှစ်လအတွင်း မိုးကျတော့မှာမို့ ပတ်ကား မိုးဖို့လိုတယ်။ ဒါ့ကြောင့် ငွေသုံးလေးသိန်းလောက် လိုနေတယ်လို့ ပြောပါ တယ်။ ကျွန်တော့်မှာတော့ အဲသလောက် ငွေပေးစရာ မရှိကြောင်း ကျွန်တော်ကိုယ်တိုင် ပင်စင်စားမို့ သမီးတွေ ကျွေးတာစားနေရပါကြောင်း ပြောပြလိုက်တယ်။ ဒီတော့ တစ်ယောက်ယောက်ဆီက ချေးပေးပါတဲ့။ ကျွန်တော် အတော်စိတ်ပိန်သွားတယ်။ အချေးအငှား ဝါသနာမပါလို့ ဝမ်းနည်းပါကြောင်း ပြောပြလိုက်တယ်။ ဒါဖြင့် ဘယ်လိုလုပ်ရမတုံး။ အကြံပေးပါလို့ တောင်းပြန်တယ်။ ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့ ဝါသနာကြောင့် ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်တယ်။ ''ခင်ဗျား ဘာဖြစ်လို့ ဒီတိုက်ခန်းမှာ ဆက်နေလဲ၊ အလုပ်လဲမရှိ ဝင်ငွေလဲမရှိ၊ အိမ်မိုးဖို့လဲ မရှိဆိုတော့ ဒီတိုက်ခန်းကိုရောင်းပြီး ရငွေတစ်ဝက်ကို ဘဏ်မှာအပ်၊ ကျန်တစ်ဝက်ကို နေစရာနဲ့ စီးပွားရေး လုပ်ငန်းငယ် တစ်ခုလုပ်ပါလား''လို့ ပြောလိုက်တော့ ဘာမှမပြောဘဲ ပြန်သွားတယ်။ အပေါင်းအသင်းအချို့က အရေးပေါ် လိုအပ်ချက်ကို မကူညီလိုက်ဘဲ အခုလို ပြောလိုက်ရပါ့မလားလို့ မကျေနပ်ကြောင်း ကြားရတယ်။ အပေါင်းအသင်းရဲ့ အခက်အခဲကို လတ်တလော မဖြစ်မနေ ကူညီရမယ်ဆိုတာ တစ်ကြိမ်တစ်ခါတော့ ဟုတ်ကောင်း ဟုတ်မယ်။ အကြိမ်ကြိမ်ကူညီဖို့ ဆိုတာတော့ ဖြစ်နိုင်ပါ့မလား၊ ဖြစ်သင့်ရဲ့လား။
           တစ်ခါ နယ်မှာနေတဲ့ အစ်ကိုတစ်ယောက်က နေမကောင်းဘူး။ ဆေးကုချင်တယ်ဆိုလို့ ငွေပို့ပေးလိုက်တယ်။ သုံးလလောက်ရှိတော့ ဆေးရုံ တက်ချင်တယ်ဆိုလို့ ငွေသောင်းဂဏန်း ပို့လိုက်ရပြန်တယ်။ ဆေးစစ်ကြည့်တော့ ရောဂါ ကြီးကြီးမားမား မရှိဘဲ နေကောင်းကြောင်း သိရတယ်။ ဒါပေမယ့် ခြောက်လလောက်ရှိတော့ တိုင်းဆေးရုံ သွားချင်တယ်။ သမားတော်ကြီးတွေနဲ့ စမ်းသပ်ချင်တယ်၊ ငွေသုံးသိန်းလောက် ပို့ပေးပါလို့ ဆိုပြန်တယ်။ ကိုယ်ကလဲ ပင်စင်စား ချမ်းသာနေတာ မဟုတ်၊ အခုလို ဆွေမျိုးဆိုတဲ့လိုင်စင်နဲ့ ခဏခဏ ပေးဦးကမ်းဦးဆိုတာ အခွင့်အရေး ယူလွန်းရာ မရောက်ဘူးလား၊ ဖြစ်သင့်ရဲ့လား။
          တစ်ခါ မြန်မာလူမျိုးတွေမှာ မိဘက သားသမီးကို ချစ်ရာမှာ သူမတူအောင် ချစ်ကြတယ်။ ကလေးဘဝ သားသမီး အသက်ရှင်သန်ရေးကအစ လူတစ်လုံး သူတစ်လုံးဖြစ်အောင် အမျိုးမျိုး စွမ်းဆောင်ကြတယ်။ သူတို့ မစားရက်ဘဲ ကျွေးတယ်။ သူတို့ မဝတ်ရက်ဘဲ ဆင်တယ်၊ သူတို့ မသုံးရက်ဘဲ သားသမီးကို သုံးဖို့ ပေးတယ်။ ပညာတတ်အောင် ကျောင်းထားပေးတယ်။ လူလိမ္မာဖြစ်အောင် သွန်သင်ဆုံးမတယ်။ သားသမီး အဆင်မပြေမှာကို အလွန်စိုးရိမ်တယ်။ သားသမီး စိတ်ချမ်းသာအောင် အလိုလိုက်ကြတယ်။ ဒါပေမယ့် တချို့ သားသမီးတွေကြတော့ ဒီနွေထွေးမှုအပေါ် အခွင့်အရေး ယူလွန်းတယ်။ အလွဲသုံးစားလုပ်ကြတယ်။ ကျောင်းမှန်မှန် မတက်ဘူး။ စာမကြိုးစားဘူး။ အပေါင်းအသင်းတွေနဲ့ ဟိုဒီလျှောက် သွားလိုက်၊ လက်ဖက်ရည်ဆိုင် ထိုင်လိုက်နဲ့ ပျော်ပါးနေတယ်။ အရွယ်က ကြီးလာပြီး လိင်ပိုးထလာကြပြန်တော့ ခပ်ပေါ့ပေါ့ ယောက်ျား၊ မိန်းမတို့ကို ခပ်လွယ်လွယ် ယူလိုက်ကြပြန်တယ်။ အလုပ်မရှိ၊ နေစရာမရှိ၊ စားစရာမရှိတော့ အမေ၊ အဖေအိမ်ကို ကပ်နေလိုက်ကြတယ်။ မိဘကတော့ တောင်းဆိုး ပလုံးဆိုးသာ စွန့်ပစ်ရိုး ထုံးစံရှိတယ် ဆိုပြီး မရှိရှိရာ ရှာကျွေးတယ်။ ဒါပေမယ့် ငြိမ်ငြိမ်နေ သလားဆိုတော့ မနေပြန်ဘူး။ သူများတွေ နိုင်ငံခြားသွားပြီး အလုပ်လုပ်တာကို အားကျလာပြန်တယ်။ လစာ ကောင်းကောင်းရအောင် နိုင်ငံခြား သွားပြီး အလုပ်လုပ်မယ်လို့ နားပူလာကြတယ်။ နိုင်ငံခြားသွားရောက် အလုပ်လုပ်ဖို့အတွက် ငွေသိန်းဆယ် ဂဏန်းအထက် ရှာပေးပါလို့ မိဘကို နှိပ်စက်ကြပြန်ရော။ ဒါတွေဟာ မြန်မာမှု နယ်ပယ်မှာရှိတဲ့ နွေးထွေးမှုကို အခွင့်အရေး ယူလွန်းနေကြတာ မဟုတ်ဘူးလား။ ဒါတွေဟာ ဖြစ်သင့်ရဲ့လား၊ အစဉ်အလာ နွေးထွေးမှုလေးဟာ ပျောက်ကွယ်မသွားနိုင်ပေဘူးလား။

စိုးဝင်း(ချောက်)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.