1051_Cov.jpg
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1051
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ဒစ္စကာဗာရီက ဘာပြောသလဲ

ဒစ္စကာဗရီ Discovery ဆိုတာက Skynet ရုပ်သံလိုင်းက ထုတ်လွှင့် နေတဲ့ 'ချန်နယ်' တစ်ခုပဗျာ။ သဘာဝတ္တထဲက သက်ရှိအမျိုးမျိုးရဲ့ ရှင်သန်နေကြပုံ အမျိုးမျိုးကို ဖွေဖွေရှာရှာ စူးစမ်းရှာဖွေပြီး ရိုက်ကူးတင် ဆက်ပြနေတာပါပဲ။ အထူးသဖြင့် တောရိုင်းသဘာဝသက်ရှိလောကရဲ့ တည်ရှိသက်ဝင်နေပုံတွေကို ပကတိအတိုင်းတွေ့မြင်ရတဲ့အခါ လောကကြီးတစ်ခုလုံးရဲ့ အမှန်တရားကို ကြက်သီးမွေးညင်းထခမန်း သိရှိနားလည်သွားရတာပါပဲ။

သြော်... ကျုပ်တို့ ကမ္ဘာလောကကြီးဟာဖြင့် အလွန်စက်ဆုပ်စရာကောင်းတဲ့ 'နိုင်ရာစား လောကကြီး' ပါကလား။

မြွေကဖားကို မျိုသဗျာ။

ဖားက သူ့အောက်ငယ်တဲ့ အင်း ဆက်ပိုးကောင်ကို စားသဗျာ။

အင်းဆက်လည်း သူ့အောက်ငယ်တဲ့ အမှုန်အမွှား အကောင်ပလောင်ကလေးတွေကို စားသဗျာ။

နိုင်ရာစားဆိုတာဒါပဲ။

ကျားကသမင်ကို စားသဗျာ။

ငါးကြီးက ငါးကလေးကို မျိုပစ်သဗျာ။

နိုင်ရာစားလောကမဟုတ်လား။ အဆိုးဆုံးကတော့ အသိဥာဏ်အကြီးဆုံး ခြေနှစ်ချောင်းနဲ့ နားရွက် တို လူ့လောကမှာ အဲသည် 'နိုင်ရာစား' ဝါဒ ထွန်းကားတည်မြဲနေတာပဲ။

ဒါကြောင့်လည်း တချို့တွေးခေါ်ရှင်တွေက Might is Right  'အင်အားသည်သာ အမှန်တရား'ရယ်လို့ ကျားကျားမီးယပ်တစ်ကြောင်းဆွဲ တစ်ယူသန်ခဲ့ကြတာ။

 (အံမယ်) နိုင်ငံရေး အယူအဆနဲ့ပတ်သက်ရင် 'အာဏာသည် သေနတ်ပြောင်းဝမှ ထွက်သည်'လို့တောင် အော်နေကြသေးတာကိုးဗျ။

ကျုပ်တို့ မနုဿလူသားများဟာ ကမ္ဘာဦးအရိုင်းအစိုင်းဘဝတုန်းကလည်း နိုင်ရာစားပဲ။ ယဉ်ကျေးမှုခေတ်ကြီးတွေ ပေါ်လာတော့လည်း နိုင်ရာစားပဲ။ ကိုးကွယ်ဆည်းကပ်ရာကောင်းမြတ်တဲ့ ဘာသာတရားကြီးတွေပေါ် လာကြတော့လည်း နိုင်ရာစားပဲ။ တောရိုင်းတိရစ္ဆာန်တွေလို အချင်းချင်း ကုတ်ခြစ်သတ်ပုတ်ကြတဲ့  စစ်ပွဲတွေပေါ်ပေါက်လာကြပြီး စစ်ရဲ့ဆိုးကျိုးတွေကို ခါးစည်းခံခဲ့ကြရပြီး နောက်ပိုင်းမှာလည်း နိုင်ရာစားပဲ။ လောကကောင်းကျိုးအတွက် ဒဿနပညာရှင်များက စနစ်တကျ အသေး စိတ်ပြီး တရားဟောလည်း လူတွေက တော့ နိုင်ရာစားပဲ။

''အမေက ငါ့ကိုနိုင်၊ ငါက ကြက်မကြီးကိုနိုင်''ဆိုတဲ့  လူပြက်စကားလို အင်အားကြီးသူက အင်အားငယ်သူအပေါ် အဆင့်ဆင့်နိုင်လာလိုက်တာ အင်အားအငယ်ဆုံးသူဟာ တုံး အောက်ကဖားဖြစ်သွားရတော့တာပဲ။

စိတ်ပျက်စရာကြီး မဟုတ်လားဗျာ။

လူချမ်းသာက လူမွဲအပေါ် ဓနအင်အားနဲ့ ဖိလိုက်တဲ့အခါကျတော့ လူမွဲဟာမွဲတဲ့အပြင် ပြာကျသွားက ရော မဟုတ်ဘူးလား။ အဲသဟာကို မွဲပြာကျသွားတယ်လို့ ခေါ်တာပါပဲ။         စက်မှုဓနရှင်က ဆန္ဒပြတဲ့ အလုပ်သမားတွေကို ရဲခေါ်ပြီး ဖြိုခွင်းလိုက်တဲ့အခါ မိအေးနှစ်ခါနာခံစားရတဲ့ အလုပ်သမားဟာ ထောင်နန်းစံရ တော့တာပဲမဟုတ်လား။

အဲသဟာလည်း နိုင်ရာစားပါပဲ။          ထမင်းငတ်မှာစိုးလို့ လုပ်ခလစာအပြည့်အဝမရပေမယ့် ကြိတ်မှိတ်အလုပ်ဆင်းနေရတဲ့ အလုပ်သမားတွေဟာလည်း နိုင်ရာစားလမ်းစဉ်ကြီးအောက်မှာ ပြားပြားဝပ်နေရတာပါပဲ။

နိုင်ရာစားဝါဒကို ကျင့်သုံးတဲ့ နေရာမှာ အထက်အဖွဲ့အစည်းကသာ အင်အားသုံးတာ မဟုတ်ဘူးဗျ။ အောက်ခြေအကျဆုံး အဖွဲ့အစည်းကလည်း အင်အားသုံးတာပဲ။

ဥပမာ-ရပ်ကျေးခေါင်းဆောင် သူကြီးတစ်ယောက်ဟာ အရပ်ထဲက ထောင် ထွက်ဆိုးပေဆိုးတေတွေကို လူမိုက်မွေးပြီး လက်ကိုင်တုတ်လုပ် လိုက်သလိုပေါ့။ ဒါမှ သူကြီးဟာ ထောင်ထွက် ဆိုးပေဆိုးတေတွေအ ပေါ်နိုင်ရာစား လုပ်နိုင်တော့မှာကိုး။

အာဏာရှင် အစိုးရတွေကလည်း သူတို့ကိုတော်လှန်မယ့် အဖိနှိပ်ခံလူထုကို နှိမ်နင်းချေမှုန်းဖို့ 'ကျွေးတာ စားခိုင်းတာလုပ်' တဲ့ ခါးပိုက်ဆောင် လက်နက်ကိုင် တပ်ဖွဲ့တွေကို မွေးထားလိုက်တာပဲ။ လက်နက်ကိုင် အကြမ်းဖက်တွေကို ဝန်းရံဖို့စွမ်းအားရှင်လို အပေအတေ သေမထူးနေမထူးတွေကိုလည်း ဇက်ကြိုးကိုင်ထားကြတာကလား။

ဒါမှသာ နိုင်ရာစားဝါဒ အောင်မြင်လေမကိုး။

ပဒေသရာဇ်ခေတ် အဆက်ဆက်မှာလည်း လူထုအပေါ်နိုင်ရာ စားနိုင်ဖို့ ပဒေသရာဇ်တွေက လက် နက်ကိုင်အကြမ်းဖက်အဖွဲ့တွေကို လက်သပ်၊ ဇက်သပ်မွေးခဲ့ကြတာပဲ။ (ဤနေရာတွင် အကြမ်းဖက်အဖွဲ့ဆိုသည်ကို ခေတ်ပေါ်ဝေါဟာရ Terrorist နှင့် မရောပါစေနှင့်။ အစိုးရ ဆိုသည်များဘက်မှလည်း အခါအားလျော်စွာ အကြမ်းဖက်ဝါဒကို ကျင့် သုံးတတ်သည်။)

၂၁ ရာစု ဒီမိုကရေစီနိုင်ငံတွေ မှာလည်း နိုင်ရာစားနိုင်အောင် အကြမ်းဖက်လက်နက်ကိုင်တွေကို အ သင့်ထားရတာ မဆန်းလှပါဘူး။

အာဏာရှင်နိုင်ငံတွေကိုတော့ စကားထဲထည့်ပြောဖို့တောင်မလိုဘူး။

အာဏာရှင်ဆိုတာက သူ့လက်ထဲမှာ လက်နက်ကိုင်အကြမ်းဖက် အဖွဲ့အစည်းရှိနေမှ အာဏာရှင်ဖြစ်ရ တာကိုးဗျ။

ခင်ဗျားလက်ထဲမှာ သေနတ်ကိုင်မထားဘဲ 'ငါ အာဏာရှင်ကွ'လို့ အော်ရင် တစ်ခဏအတွင်း ခင်ဗျား အူပွင့်သွားမှာပဲ။

နိုင်ရာစား ဝါဒရဲ့ သော့ချက်က 'လက်နက်ကိုင်  အင်အားအသာစီး ရမှု'ပဲ။

ဒုတိယ ကမ္ဘာစစ်ကြီးပြီးသွားတဲ့အထိ အနောက်အုပ်စုအင်အားကြီး နိုင်ငံများဟာ လက်နက်အင်အား အသာစီးရမှုနဲ့ နိုင်ရာစားအကျင့်ကျင့် လာခဲ့ကြတာ ဒုတိယကမ္ဘာစစ်ကြီးပြီးကရော ဆိုဗီယက်ရုရှား ဦးဆောင်တဲ့ ပြိုင်ဘက်အုပ်စုကြီးပေါ်လာတော့ကာ ကျုပ်တို့ကမ္ဘာမှာ နိုင်ရာစားမယ့် အ ကောင်ကြီးနှစ်ကောင်ဖြစ်လာတော့ တာပဲ။

နောက်ဆုံးပေါ်လာတဲ့ နိုင်ရာ စားအင်အားကြီးအကောင်ကတော့ ကျုပ်တို့ရဲ့ ပေါက်ဖော်ကြီးများပဲ။ ပေါက်ဖော်ကြီးတွေ တိုးတက်တာက နောက်ကျတော့ ကုန်းမြေပေါ်မှာ သူတို့စားစရာ သိပ်မကျန်တော့ဘူး။ သည်တော့ ပင်လယ်ထဲဆင်းစားတော့ ရန်သူတွေ အများကြီး ပေါ်လာတယ်။ နောက်ဆုံးတော့ တောင် တရုတ်ပင်လယ်ထဲက စားကျက်လုပွဲ မှာလည်းနိုင်ရာစားဝါဒက အောင်ပွဲ ခံ မခံစောင့်ကြည့်ကြရသေးတာပဲ။

ကျုပ်တို့ ပြည်တွင်းမှာလည်း နိုင်ရာစားတွေများတယ်။

သေနတ်ကိုင်ပြီး နိုင်ရာစားနေကြတယ်။

တချို့က အာဏာသုံးပြီး နိုင်ရာစားနေကြတယ်။

တချို့က ဓနအင်အားသုံးပြီး နိုင်ရာစားနေကြတယ်။

ဥပဒေ မရှိဘူးလားတဲ့။ ရှိသပေါ့ဗျာ။ သိပ်ရှိသပေါ့။

Law of the Jungle ဆိုတဲ့ နိုင်ရာစားဥပဒေပေါ့။

ကြူးနှစ်

ကြူးနှစ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.