1051_Cov.jpg
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1051
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ကလေးဆိုးများကဲ့သို့

ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံမှာ ပြည်သူလူထုက အစိုးရအပေါ် မကျေနပ်ချက်တစ်စုံတစ်ရာ ပေါ်ပေါက်လာတဲ့အခါ ပြည်သူလူထုက 'ဥပဒေနဲ့အညီ' အစိုးရကို ဆန္ဒထုတ်ဖော် ပြစ်တင်ဝေဖန်ခွင့်ရှိတယ်ဆိုတာ ဒီမိုကရေစီ အခွင့်အရေးပါပဲ။  'ဥပဒေနဲ့အညီ' ဆိုတဲ့စကားက အရေးကြီးပါတယ်။ ဥပဒေနဲ့မညီရင်တော့ ဆန္ဒဖော်ထုတ်သူကို ရဲကလာဆွဲပြီး အချုပ်ခန်းထဲ ပစ်သွင်းလိုက်မှာပဲ။    

ခက်တာက ကျုပ်တို့နိုင်ငံမှာ ဥပဒေနဲ့အညီဖြစ်တာတောင် ဆန္ဒဖော်ထုတ်သူတစ်ယောက်ဟာ စိတ်ချလက်ချ မနေနိုင်သေးပါဘူး။ 

ဘာလို့လဲဆိုတော့ ဥပဒေရဲ့အထက်မှာ ဘယ်သူမှ မရှိစေရဆိုပေတဲ့ ဥပဒေရဲ့အထက်မှာ Above he Law မိုးနတ်မင်း၊ လေနတ်မင်းလို တန်ခိုးပါဝါ ရှိတဲ့အထက်ပုဂ္ဂိုလ်များ ရှိနေကြလို့ပါပဲ။

အဲသလို ကမောက်ကမဖြစ်နေရတာဟာ နာမည်ကျော်အော့ကြောလန် ၂ဝဝ၈ ခြေ/ဥကြီးရဲ့ အလိုတော်ကြောင့်ပါပဲ။

NLD အစိုးရဟာ အစိုးရမဖြစ်ခင် အတိုက်အခံပါတီ ဘဝ၊ အနှိမ်ခံပါတီဘဝကတည်းက ၂ဝဝ၈ ခြေ/ဥ ကြီးကို ပြင်ဆင်နိုင်ဖို့ အသည်းအသန် ကြိုးစားခဲ့ပေမယ့် အဲဒီခြေ/ဥကြီးကို မှော်သွင်းမန်းမှုတ်သွားခဲ့တဲ့ နိုင်ငံရေး ကဝေကြီးများရဲ့ ဥာဏ်စွမ်းကကြီးလွန်းတော့ ပြင်ခွင့်မသာခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် တောင် သမ္မတ ဖြစ်ခွင့်မရှိတဲ့အတွက် နိုင်ငံတော် အတိုင်ပင်ခံရာထူးကို ကိုယ့်ဘာသာတီထွင်ပြီး ယူထားရတာကလား။

ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတလောက် သြဇာအာဏာမရှိလည်း ဘာအရေးစိုက်စရာလိုသလဲဗျာ။

တစ်တိုင်းတစ်ပြည်လုံးက 'အမေစု ...အမေစု'နဲ့ တစ်စုတည်းစုနေကြတဲ့ လူထုခေါင်းဆောင်၊ အာဏာရပါတီကြီးရဲ့ ခေါင်းဆောင်ဗျ။

နိုင်ငံတကာကလည်း ဒေါ်အောင်ဆန်းစုကြည်ကိုသာ နိုင်ငံတော်ရဲ့ဥသျှောင်အဖြစ် အသိအမှတ်ပြုထားကြတာ မဟုတ်လား။

နိုင်ငံတော်ရဲ့ ဥသျှောင်ဆိုတာနဲ့ နိုင်ငံတော်ခေါင်းဆောင် အာဏာရှင်ဆိုတာ အပုံကြီးကွဲပြားခြားနားပါ တယ်။

နိုင်ငံတော်ရဲ့ခေါင်းဆောင် အာဏာရှင်ဆိုတာ ဘယ်သူတွေလဲ ဆိုတာကတော့ အများသိပြီးသားမို့ မပြောတော့ဘူး။

နိုင်ငံတော်ခေါင်းဆောင်က အာဏာရှင်ဖြစ်နေရင် သူ့အောက်ကအနိမ့်ဆုံးအဆင့် ရပ်/ကျေး အုပ် ချုပ်ရေးမှူးအထိ အာဏာရှင်စိတ် ဝင်ဝင်သွားတတ်တာကို ကျုပ်တို့ ပြည်သူတွေ သိပြီးသား၊  ခံစားဖူးပြီး သားပါ။

တစ်ခါတစ်ခါမှာ အရပ်စကား (လက်ဖက်ရည်ဆိုင်ကစကား)မျိုး ကြားရတတ်တာက ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာရှင်ဆန်တယ်ဆိုတာပါပဲ။

ကျုပ်ကတော့ ဒီလိုစကား အသုံးအနှုန်းဟာ အလွန်အကျွံ တစ်ဘက်စောင်းနင်းဆန်တယ်လို့ ထင်သဗျ။

အချိန်ကာလက ဒေါ်အောင်ဆန်းစုကြည်ဟာ ယုန်ကလေးလို၊ သမင်ကလေးလို သိမ်မွေ့နူးညံ့ရမယ့်အချိန်မဟုတ်ဘူး။

လိုအပ်ရင် တောရိုင်း ကျား သစ်တစ်ကောင်လို ကြမ်းတမ်း ခက် ထန်ရမယ့်အချိန်မျိုးလို့ထင်တယ်။

တစ်နည်းအားဖြင့် 'ဆန်ရင်း နာနာဖွပ်'ဆိုတဲ့ မြန်မာ့ရိုးရာနီတိ အဆုံးအမ အတိုင်းပါပဲ။

သူ့အဖေ ဗိုလ်ချုပ်အောင်ဆန်း တောင်မှပဲ သေဖော်ရှင်ဖက်၊ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်၊ လွတ်လပ်ရေး ကြိုးပမ်းမှုကြီးမှာ လက်တွဲလာခဲ့တဲ့ ကွန်မြူနစ်တွေကို 'ဖဆပလ' ထဲက နေ ကန်ထုတ်ပစ်ခဲ့တာပဲ မဟုတ် လား။

ဝါဒရေးရာထက် ပြည်သူလူထု ကောင်းကျိုးကို ဦးစားပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကွန်မြူနစ်တွေကို  ဖယ်ထုတ်ပုတ်ချခဲ့တာ မဟုတ်လား။    ခြေမ မကောင်းခြေမ၊ လက်မ မကောင်း လက်မဆိုတဲ့ ရှေးအဆုံးအမအတိုင်း ပြတ်ပြတ်သားသား ဆောင်ရွက်ခဲ့တာလို့ ကျုပ်ဖြင့် မှတ်ယူသဗျာ။ 

သူပုန်သူကန်ဖြစ်သွားကြတဲ့ ကွန်မြူနစ်တွေကကော သူတို့ရဲ့ လက်နက်ကိုင်လမ်းစဉ်ကြီး ဗုံးဗုံးလဲ၊ ပြာကျသွားတဲ့အထိ နိုင်ငံ့ကောင်းကျိုး ဘာများလုပ်ခဲ့ကြလို့တုံး။

ကျုပ်မိတ်ဆွေတစ်ယောက်ဆိုရင် ကွန်မြူနစ်မှ ကွန်မြူနစ်၊ တစ်နစ်တည်းနစ်နေခဲ့ရာက အရင်းရှင် နိုင်ငံကြီးတစ်နိုင်ငံကိုထွက်ပြေး၊ အဲသည်နိုင်ငံမှာ ပြည်ပြေးဘဝရောက်။ ခုတော့ အဲသည် နိုင်ငံသားဘဝနဲ့ အမိ မြန်မာပြည်ကို 'ဂွတ်ဘိုင်' လုပ်ခဲ့တာကြာပြီ။

တွေ့ရင်တော့ ''ဟေ့ကောင်-ပြည်ပအားကိုး ပုဆိန်ရိုး၊ ကွန်မြူနစ်ဝါဒ နွံဗွက်ကြီးထဲမှာ တစ်နစ်တည်း နစ်ချင်သေးသလားကွ'' လို့ မေးလိုက် ချင်ပါသေးရဲ့။

တချို့တချို့သော ကျုပ်တို့လူထုရဲ့ အစိတ်အပိုင်းတွေဟာ 'တစ်တုံးစားလည်းမသိ၊ နှစ်တုံးစားလည်း မသိသေး'တဲ့ နလပိန်းတုံးတွေပဲဗျ။    အာဏာရှင်စနစ်အောက်မှာ သေးထွက်အောင် နှစ်ပေါင်းများစွာ ဖိအနင်းခံခဲ့ရတာတွေကို အမေ့မေ့ အလျော့လျော့ဖြစ်ပြီး ဒီမိုကရေစီ ကုလားထိုင်ပေါ်ဖင်နွေးအောင် မထိုင်ရသေးတဲ့ အစိုးရကို မမီမကမ်းနဲ့ ဆွဲချဖို့ ကြံစည်နေကြတယ်။

ခေတ်စကားနဲ့ သုံးရရင်တော့ တော်တော့ ကို 'ပိန်း' တဲ့ ငပိန်း၊ ငတုံးတွေပဲ။

'ခုစာကလေးကြော်၊ ခုထမင်း ကြော်'ဆိုတဲ့ ဗလောင်းဗလဲသမား တွေပဲ။                            

စစ်အာဏာရှင်တွေရဲ့ ခြေဖဝါးအောက်ကနေ ပြည်သူလူထုကို ဘယ် သူက ဦးဆောင်ပြီး ဆွဲထုတ်ပေးခဲ့သလဲ။

အဲသလို ဦးဆောင်ပေးခဲ့တဲ့ အမျိုးသမီးကြီးဟာ ဘယ်သူ့သမီးလဲ။                  အဲဒီအမျိုးသမီးကြီးဟာ ဘယ် လောက်ဒုက္ခသုက္ခတွေ ရောက်ခဲ့ရှာ သလဲ။

အဲဒီ အမျိုးသမီးကြီးဟာ ဘယ်လောက်ကိုယ်ကျိုးစွန့်လွှတ်ခဲ့သလဲ။ ဒီမေးခွန်းတွေကို ငပိန်း၊ ငတုံးတွေ ဖြေနိုင်ကြပါတယ်။

မဖြေနိုင်တဲ့သူ၊ မဖြေချင်ကြတဲ့ သူတွေကတော့ 'အဘ' တို့ရဲ့ နောက်မြီးဆွဲ၊ 'အဘ' တို့ရဲ့ နို့သက်ခံစို့တဲ့ ကိုယ်ကျိုးရှာ အချောင်သမားတွေပဲ ဖြစ်မယ်။

အခုတော့ တစ်တိုင်းတစ်ပြည် လုံး  သောင်းသောင်းဖျဖျ ညီညီညာညာ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဆန္ဒထုတ်ဖော်တယ်ဆိုတာ ကိုယ်ထွေးတဲ့ တံတွေးကိုယ်ပြန်မျိုသလို မိုက်လုံးကြီးတဲ့ အရူးကွက်နင်း တာ။ ဒါမှမဟုတ် မသမာသူတချို့က လာဘ်ထိုးပြီး မြှောက်ပင့်ပေးလို့ မြှောက်ပေးတိုင်း သေးထွက်အောင် ကတဲ့ အရူးယိမ်းကတာ။

ကျုပ်တို့နိုင်ငံသား အတော်များများ နိုင်ငံရေး အပါးမဝကြသေးဘူး။ ဒီမိုကရေစီ အာဟာရကို လက်နဲ့စားရမလား၊ တူနဲ့စားရမလား၊ ဇွန်းခက်ရင်းနဲ့ စားရမလား မသိကြသေးဘူးလို့ထင်တယ်။ တစ်ရေးနိုးတဲ့ ကလေးဆိုးကြီးလို ကကျီကကျောင်နိုင်လွန်းလှသဗျာ။ တော်ကြာ...နှာခေါင်းကျည် ပွေ့တွေ့ကြမှာ မြင်ယောင်သေးတော့။

 

 ကြူးနှစ်

ကြူးနှစ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.