1051_Cov.jpg
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1051
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
မှန်ကြည့်ပြီးမှ ပြော

YBS စတင်ပြီးပေါ်ပေါက်လာကတည်းက အဆိုးမြင်ဝါဒီကလောင်ရှင် များက ဒီဘတ်စ်ကားလိုင်းသက်တမ်း တစ်နှစ်ခွဲကာလလောက်ရောက်လာတဲ့ ကနေ့အထိ ကလောင်နဲ့ ထိုးကြ၊ ဆွကြ၊ ခြစ်ကြ၊ တွန်းကြတာ နားကို မနားနိုင်ကြတော့ဘူး။

တော်တော် လက်ညောင်းခံနိုင်ကြတဲ့ ကလောင်ရှင်များပါပဲဗျာ။

တကယ်တော့ အဲဒီကလောင်ရှင်များဟာ ရန်ကုန်ဘတ်စ်ကားလိုင်းတွေက စပယ်ယာ၊ ဒရိုင်ဘာတွေ၊ ပြီးတော့ ဘတ်စ်ကားစီး ခရီးသည် ရန်ကုန်လူထုရဲ့ စိတ်သဘောထား အခြေအနေတွေကို  မသိသား၊ ဆိုးဝါးစွာ သတိလစ်မေ့လျော့နေကြရှာတဲ့ ပညာရှိယောင်ယောင် ဘာယောင်ယောင် ဒေါသရှေ့ဆောင် မောင်မောင်စွာစော်ကဲတွေလို့ပဲ ကျုပ်က ရှင်းရှင်းဘွင်းဘွင်း ပြောလိုလှသဗျာ။

ကျုပ်ဆိုတဲ့ကောင်က ရန်ကုန်မြို့လယ်ကောင်နားမှာ မွေးခဲ့ပြီး ဒီကနေ့ အသက် ၇ဝ အနားကပ်လာတဲ့အရွယ်ထိ ရန်ကုန်ဘတ်စ်ကားမျိုးစုံနဲ့ နှစ်ပါးသွားလာခဲ့ရတာ။ ရန်ကုန် ဘတ်စ်ကားတွေနဲ့ ရန်ကုန် ဘတ်စ်ကားသမားတွေရဲ့ အထာကို 'စောမေကနောကျေ' ပြီးသားပဲ။ 

နောကျေတယ်လို့ဆိုရာမှာ နားလည်သိတတ်မှုနဲ့ ခံစားစာနာတတ်မှု နှစ်ခုကိုတွဲပြီး ကျယ်ကျယ်ပြန့်ပြန့်၊ နှိုက်နှိုက်နှဲနှဲ သဘောပေါက်ထားတာမျိုး။ တစ်ချိန်တည်းမှာပဲ ဘတ်စ်ကားစီး ခရီးသည် ရွှေမြန်မာသာကီနွယ်တွေရဲ့ စရိုက်ကိုလည်း ထဲထဲဝင်ဝင် ဝေခွဲသုံးသပ်နိုင်တယ်ဗျ။ ပြီးတော့ ကိုယ့်နိုင်ငံရဲ့ ပကတိအခြေအနေကိုလည်း အမြဲစောင့်ကြည့်နေခဲ့တာ။

အရင်းအမြစ်ကို စစ်ကြည့်ကြရအောင်ဗျာ။

ရန်ကုန်ဘတ်စ်ကားဆိုတာ ဒုတိယကမ္ဘာစစ်လက်ကျန် 'ချက်ဗလက်' ခေါင်းတိုလော်ရီကားတွေကို ကုန်တင်ခန်းတွေဖြုတ်ပစ်၊ သစ်သားနဲ့ သံပြားဘော်ဒီတင်ပြီး ဗမာ့နည်းဗမာဟန်နဲ့ တီထွင်ထားခဲ့တဲ့ ပုံဆိုးပန်းဆိုး၊ ပုလုံးလုံး၊ လိမ်ဖည်လိမ်ဖည်ကားကြီးတွေဗျ။ ထိုင်ခုံတွေကလည်း ပုံပျက် ပန်းပျက်သစ်သားခုံတွေ။ ထိုင်လို့ပဲစီးစီး မတ်တတ်ရပ်လို့ပဲစီးစီး ဘယ်လိုနည်းနဲ့မှ သက်သောင့်သက်သာမရှိလှတဲ့ ခနော်နီခနော်နဲ့ခုံတွေ။

နိုင်ငံကလွတ်လပ်ရေးရခါစ ဆင်းရဲမွဲတေနေတော့ ဘတ်စ်ကားစုတ်တွေပဲ စီးနိုင်သပေါ့လို့ ဖြေသိမ့် တွေးတွေးချင်သပဆိုလည်း တွေးကြပေါ့ဗျာ။

ရန်ကုန်သူ ရန်ကုန်သားအများစုကလည်း ဆင်းရဲမွဲတေကြတော့ လူစုတ်တွေက ဘတ်စ်ကားစုတ်တွေ စီးကြရတာ မဆန်းလှပါဘူး။

အဲဒီတုန်းက ဒရိုင်ဘာ၊ စပယ်ယာဆိုတာကလည်း စားဝတ်နေရေးအတွက် ရရာအလုပ်ဝင်လုပ်ကြရတဲ့ စရိုက်ကြမ်းကြမ်း ပညာမဲ့တွေက အများစုဗျ။ သို့သော်  ရန်ကုန်လူဦးရေ ကနည်းသေးတော့ ဘတ်စ်ကားစီး ခရီးသည်သည်လည်းနည်းပြီး စောစောကပြောခဲ့တဲ့ (ချက်ကြီး၊ ဗိုက်ပူ)  ဘတ်စ်ကားတွေကို ချောင်ချောင်ချိချိပဲ စီးခဲ့ရပါတယ်။ 

ချောင်ချိသက်သာတော့ ဘတ်စ်ကားသမားနဲ့ ခရီးသည်တွေလည်း ပွတ်တိုက်မှုနည်းခဲ့တာပဗျာ။  စပယ်ယာတွေကလည်း 'အသပြာရှာပမာ သူဖုန်းစား'ဆိုတဲ့မူနဲ့ ခရီးသည်ကို ဆက်ဆံရာမှာ ယဉ်ကျေးမှု ပျူငှာလိုက်ကြတာမှ နန်းတွင်းသူနန်းတွင်း သားတွေတောင် ထိုင်ရှိခိုးရလောက်ပါရဲ့ဗျာ။

နောက်ပိုင်း ဂျပန်က စစ်လျော်ကြေးပေးတဲ့ ဟီးနိုးဘတ်စ်ကားကြီး တွေရောက်လာတော့ အမျိုးသမီး စပယ်ယာတွေနဲ့ဗျ။ သို့ပေမယ့် 'ခါးသေးရင်ချီပဒုမ္မနီ'ကလေးတွေတော့ မဟုတ်ဘူး။

ဒေါင်းတင်မောင်းတင် ရုပ်ရည် ကြမ်းကြမ်း အမျိုးသမီးကြီးတွေ။

သူတို့နဲ့မှပဲ မိမဆုံးမ၊ ဖမဆုံးမ၊ မအေချင်းမစာ၊ နှမချင်းမစာတဲ့ ပေါက်လွှတ်ပဲစား လူ့ငနွားယောက်ျား ခရီးသည်တချို့နဲ့ အံကိုက်မှာ။ ရန်ကုန်လောက် လက်သရမ်းနှုတ်သရမ်းတဲ့ လူ့ပေါက်ပန်းတွေပေါတာ ဘယ် အရပ်မှာမှ မရှိဘူးဆိုတာ သိကြမှာပေါ့နော။ 

ဒါပေမယ့် နောက်ဆုံးတော့ မိန်းမကြမ်းကြီးတွေ ခမျာလည်း  တပ်လန်နောက်ဆုတ်သွားကြတာပါပဲ။        

သူတို့နေရာကို အစားထိုးဝင် ရောက်လာကြတဲ့ 'မိုက်ခဲလူရမ်းကား' စပယ်ယာများကတော့YBS ပေါ် လာမှပဲ ကိုယ်ရှိန်သတ် နောက်ဆုတ် သွားကြပါတယ်။

ဒင်း(သင်း)တို့ဒဏ်ကို ခရီးသွားပြည်သူများဟာ ရာစုဝက်ကျော်ကြာအောင် လှိမ့်ပိန့်ခံခဲ့ကြရရှာတာပါ။ ဒင်း(သင်း) တို့နဲ့အတူ ဘတ်စ်ကားပေါ်မှာ ဒုက္ခပေးခဲ့ကြသူတွေကတော့ ခွေးလှေးကြမ်းပိုးလောက် တန်ဖိုးမရှိတဲ့ ခါးပိုက်နှိုက်တွေပဲဗျ။  အဲဒီ 'ခါး'ဆိုတဲ့ သတ္တဝါတွေကတော့  ဘတ်စ်ကားပေါ်မှာ မနှိုက်သာလည်း တခြားနေရာတွေမှာ အုပ်စုဖွဲ့ပြီး လစ်ရင်လစ်သလို နှိုက်နေကြတာ ကနေ့အထိပါပဲ။ ရန်ကုန်ရဲများဟာ ခါးပိုက်နှိုက်တွေကို အမြစ်ပြတ်အောင် မနှိမ်နင်းနိုင်သေးတာကတော့ ရဲအင်အားမလုံလောက်မှု ပြဿနာကြောင့်လို့ ထင်ပါရဲ့။

ဒီကနေ့ အဲကွန်းပါတဲ့ လေအိတ်တပ်အဆင့်မြင့် ဘတ်စ်ကားကြီးတွေ ပေါ်လာတဲ့အထိ ပြဿနာက ရှိနေတုန်းပါပဲ။

စပယ်ယာမပါတော့ ကားခမပေးဘဲ ခိုးစီးကြပါတယ်။ ပိုက်ဆံပုံးထဲကို သုံးမဖြစ်တဲ့ ငွေစက္ကူအစုတ် အပြတ်တွေ ထိုးထည့်ထားရစ်ခဲ့ကြပါတယ်။ ဘယ့်ကလောက်အောက်တန်းကျတဲ့ သတ္တဝါတွေများလဲဗျာ။

ရန်ကုန်မှာ စာရိတ္တအောက်တန်းကျတဲ့ 'ပေါက်လွှတ်' ဘတ်စ် ကားစီးခရီးသည်တွေ မနည်းမနောရှိ နေကြတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် မြို့တော်ရန်ကုန်က မြို့ကြီးသားလို့ ခံယူထားကြသူတွေ မရှက်ကြပါနဲ့။ တကယ်အရှိ တကယ့်အဖြစ်ပါခင်ဗျား။

ကျုပ်ကတော့  ကိုယ့်ပေါင်ကိုယ် လှန်ထောင်းရမှာ ဝန်မလေးဘူးဗျ။ ဆရာကြီးကာတွန်းဦးဗဂျမ်းရဲ့ ကာတွန်းတစ်ခုထဲကလိုပေါ့။ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းမှ သက်သာမှကိုးလဗျ။ သူတစ်ပါးကလာထောင်းရင် ပေါင်ကျိုးရချေရဲ့။

မယုံရင် တိုးတက်ဖွံ့ဖြိုးတဲ့ နိုင်ငံကလာတဲ့ ကမ္ဘာလှည့် ခရီးသွားတစ်ယောက်ကို ရန်ကုန်ဘတ်စ်ကားစီးခိုင်း ကြည့်ပါ့လား။ ငနဲသားခမျာ ''ကြောက်ပါပြီ''လို့ အော်ပြေးရင်း ဆယ်သက်ဆယ်ကမ္ဘာ ရန်ကုန်ဘတ်စ်ကား မစီးရပါစေနဲ့လို့ ဆုတောင်းသွားမှာ သေချာပါတယ်ဗျာ။

ကျုပ်တို့နိုင်ငံက ဓနငွေကြေးကလည်း ဆင်းရဲ၊ လူများစုကလည်း အသိအလိမ္မာနဲ့ စာရိတ္တဆင်းရဲနေ ကြတော့ ဘတ်စ်ကားတွေ အဆင့်မြှင့်၊ လမ်းတံတားတွေ အဆင့်မြှင့်ပေးပေမယ့် ဘတ်စ်ကားစီးပြီး ခရီးသွားခြင်းမှာ ပြဿနာတွေကတော့ ရှိနေကြဦးမှာပဲ။

ဒီလိုအခြေအနေမျိုးရောက်အောင် ဘယ်သူကောင့်သားတွေ ဖန်တီးခဲ့ကြသလဲဆိုတာကိုသိချင်ရင် တော့ ခေတ်ပြိုင်သမိုင်းကိုပဲ စေ့စေ့စပ်စပ် လေ့လာကြည့်ပါတော့ မိတ်ဆွေများခင်ဗျား။

 

ကြူးနှစ်

ကြူးနှစ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.