25-1-2018
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1047
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
မိန်းကလေးများ၏ ဘ၀အထွေထွေ

ယခုခေတ်မှာ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ အမျိုးသမီးများကို အကြမ်းဖက်မှု ဆန့်ကျင်ရေးစသော အဖွဲ့များ  ပေါ်ပေါက် လာပြီး ဆွေးနွေးပွဲများ Workshop များ လုပ်ဆောင်လာကြသည်မှာ အားရကျေနပ်ဖွယ်ကောင်းပါသည်။ လူမဆန်သော လုပ်ရပ်များကြောင့် အမျိုးသမီးများ အရှက်တကွဲ ဖြစ်ကြရသည်။

မြန်မာရုပ်ရှင်များတွင် ပြသလေ့ရှိသော အိမ်ရှင်အမျိုးသား သို့မဟုတ် တူသားများက အိမ်ဖော်ကိုဖျက်ဆီးကြသဖြင့် ဘဝပျက်ကြရသည်။ တချို့အိမ်ရှင်များက မဖုံးနိုင်မဖိနိုင်ဖြစ်လာကြသော အိမ်ဖော်များကို ငွေပေးပြီးနှင်လွှတ်ခြင်း၊ ဒရိုင်ဘာစသူတို့နှင့် ပေးစားခြင်းများ ပြုလုပ်ကြသည်။ နောင်မှ သူတို့သွေးသားကလေးကို ပြန်လည်ခေါ်ယူကြည့်ရှုသည့် ဇာတ်လမ်းများပြသကြသည်။

အပြင်လောကမှာလည်း ထိုအဖြစ်မျိုး အများကြီးရှိကြသည်။ ထို့ကြောင့် မွေးကင်းစကလေးများကို စွန့်ပစ်ထားမှုများ ရှိလာကြပါသည်။ အိမ်ဖော်နှင့်အိမ်ရှင်တို့အဖြစ်များကို အကြမ်းဖက်ခြင်း မတရားကျင့်ခြင်းဟု အမှုလုပ်ဖို့ မလွယ်ကူပါ။ အိမ်ဖော်လေးကိုချစ်ကြိုက်၍ အတည်ယူပါမည်ဟု မက်လုံးပေးခြင်း၊ မြှူဆွယ်ခြင်းတွေကြောင့် ယုံကြည်ပြီး အလိုတူအလိုပါ ဖြစ်သွားကြရသည်။ ကိုယ်ဝန်ရှိလာသောအခါမှာ ပြဿနာဖြစ်ကြတော့သည်။  အမျိုးသားက မယူနိုင်ဘူးဆိုလျှင် ဘဝပျက်ကြတော့သည်။ ရွာကိုလည်း မပြန်ရဲကြ၊ တချို့ကဖျက်ချကြသည်။ တချို့ကမွေးပြီးမှ ကလေးကိုစွန့်ပစ်ကြသည်။ မိခင်စိတ်ရှိသူများကမူ ဖြစ်သည့်နည်းဖြင့်မွေးပြီး ပြုစုပျိုးထောင်ပေးကြသည်။

ကျွန်မတို့ပတ်ဝန်းကျင်မှာပင် ထိုသို့သော အိမ်ဖော်များ၏အဖြစ်ကို  ကြုံတွေ့ကြရပါသည်။ ကျွန်မပင်လျှင် ဖျက်ချမည့် ဆဲဆဲ အသက်တစ်ချောင်းကိုကယ်တင်ပြီး အမေရောသမီးပါ စောင့်ရှောက်ခဲ့ဖူးပါသည်။ ထိုကလေးမက လူ့ပြည်မှာကြာကြာနေရဖို့ ကံမပါ၍ ဘွဲ့ရအလုပ်ရပြီး အသက် ၃ဝ ကျော်မှာ သွေးကင်ဆာရောဂါနှင့် ကွယ်လွန်သွားခဲ့သည်။

ဘုရားဖူးသွားကြပြီး ယောက်ျားနောက်လိုက်ပြေးကြသော ဇာတ်လမ်းတွေရှိကြသည်။ ညီအစ်မနှစ်ယောက် သွားကြရာ အစ်မဘုရားရှိခိုးနေစဉ် ညီမကရည်းစားနှင့် လိုက်ပြေးသွားသည်။ ငိုပြီးပြန်လာသဖြင့် ကားနှင့် ပတ်ပြီးရှာပေးကြရသည်။ ည ၁ဝ နာရီမှ ပြန်ရောက်လာကြသည်။ ကျွန်မချွေးမက လက်မခံရဲတော့ဘဲ ပြန်လွှတ်လိုက်သည်။ ကောင်လေးက တစ်နေ့မှ ကျပ်သုံးထောင်ရသော အသေးစားလုပ်ငန်းမှ နေ့စားအလုပ် သမား။ ထမင်းကို ပိုင်ရှင်ကကျွေးသည်။ ကောင်မလေး၏ လက်ကျန် လခလေးသောင်းခန့်ရှင်းပေးလိုက်သည်။ လှိုင်သာ ယာမှာ အဖီလေးတစ်ခုငှားနေရသည်။ သူ့ကို တစ်နေ့ ငွေတစ်ထောင်ပဲပေးသည်။ နောက်ဆုံး အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ရသည်။ ကိုယ်ဝန်ရှိလာသောအခါ ရွာပြန်ကလေးမွေးရသည်။ ကလေးကိုအမေနှင့်ထားခဲ့ပြီး အလုပ်ပြန်ဝင်ရသည်။ မလှမပနှင့် အဆုံးသတ်သွားသည်။

တစ်ခါက အုပ်စုလိုက် ဘုရားသွားကြပြီး အမေက ယောက်ျားနောက်လိုက်သွားသဖြင့် သမီးအပျို လေးက ငိုပြန်လာသည်။ သူ့ထက် အသက်ငယ်သော ကောင်လေးနှင့်  လိုက်သွားသည်။ သမီးကို အဘွားက ပြန်ခေါ်သွားပြီး မကြာခင်မှာ ကောင်မလေးလည်း ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျသွားတော့သည်။  အမေဖြစ်သူမှာ နယ်စပ်မှာ ပင်ပင် ပန်းပန်းအလုပ်သွားလုပ်သည်။ ကျွန်မသမီးဆီမှာ အကြွေးတွေပြန်ဆပ်ရန် တစ်ခေါက်ပြန်လာရာ မမှတ်မိနိုင်လောက်အောင် ပိန်ချုံးသွားသည်။ ဘုရားသွားကြမည်ဆို လျှင် ခပ်လန့်လန့်ဖြစ်ရပြီး ''လင်နောက်လိုက်ရင် လိုက်မရှာဘူးနော်။ ငါတို့မှာ တာဝန်ရှိလို့ ရဲကိုပဲတိုင်မှာ'' ဟု ပြောထားရသည်။

ကလေးမလေးတစ်ယောက်က အလုပ်လည်းကျွမ်းကျင်သည်။ လူကြီးတွေကိုလည်း ပြုစုတတ်သည်။ အိမ်တစ်အိမ်မှာ ငါးနှစ်ခန့်နေပြီး အနီးအနားစက်ရုံမှ လူတစ်ယောက် နှင့် ချစ်ကြိုက်ကြသည်။ ကိုယ်ဝန်ရှိ လာသောအခါ လူပျိုမဟုတ်ဘဲ သား ကြီးမယားကြီးရှိသူဖြစ်နေသည်။ ကောင်မလေးကို မယူနိုင်ဘဲ ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။ သူ့မှာ ရွာကိုလည်း မပြန်ရဲဘဲ ယောင်လည်လည်နှင့် ကျွန်မချွေးမအငယ်အိမ်သို့ ရောက်လာသည်။ ကိုယ်ဝန်ရှိမှန်းမသိကြပါ။ မွေးချိန်တန်၍ဗိုက်နာမှ ဆေးရုံအမြန်ပို့ပြီး ရွာမှသူ့အမေကို ခေါ်ယူရသည်။ အမေလုပ်သူ ရင်ကျိုးရှာပေမည်။ နောက်ဆုံးတော့ ကလေးကို အမေနှင့်ထားခဲ့ပြီး စားဝတ်နေရေးအတွက် အလုပ်ထွက်လုပ်ရရှာသည်။

နောက်တစ်ယောက်က အလုပ်သိပ်တော်သည်။ မာနလည်းကြီး သည်။ တော်ရုံလူကို မကြိုက်၊ ရွာကတစ်ယောက်က နှစ်ရှည်လများ သူ့ကို ကြိုက်သော်လည်း သူက ပြန်မကြိုက်ပါ။ တစ်ခါမှာ ရွာကို ပြန်သွားရာ မည်ကဲ့သို့ ဖြစ်သွားသည် မသိ။ ထိုသူနှင့် ကိုယ်ဝန်ပါလာသည်။ ကျွန်မသမီးကြီးမှာ နှမြောစွာဖြင့် သူ့ကို ရွာပြန်လွှတ်လိုက်ရသည်။

ထိုသူက သူ့ကိုမယူသဖြင့် တရားတပေါင် ဖြစ်ကြသည်။ လုံးဝမယူ၊ ကလေးစရိတ်သာပေးသည်။ ကလေး တစ်ယောက်နှင့် ဘဝပျက်ရသည်။ တစ်နေ့ဆီက လေးနှစ်သားလေးကိုလက်ဆွဲပြီး သူတို့ရွာက ငါးခြောက် တွေလာရောင်းသည်။ ကလေးကိုရွာမှာ အဘွားနှင်ထားပြီး အလုပ်ပြန်လုပ်နေပြီဟုပြောသည်။

အိမ်က လက်ရှိတစ်ယောက်က Online  မှ ရည်းစားရနေပြီဖြစ်သဖြင့် ရှေ့ကသွားနှင့်သူများကိုပြပြီး သင် ခန်းစာရစေရန် ပြောပြရသည်။ သူတို့ လောကမှာ Online မှာ ရည်းစားဖြစ်ကြပြီး မမြင်ဖူးဘဲနှင့် ယုံကြည်ပြီး အိမ်ထောင်ကျသွားကြသူများရှိကြောင်း ကြားဖူးပါသည်။  ဘဝတစ်ခုလုံး ပုံအပ်လိုက်ရန် လွယ်ကူလှချည်လားဟု တွေးမိသည်။

လောလောဆယ်မှာ သမီးအိမ်မှာ အသက် ၂ဝ ပင် မပြည့်တတ်သေးသော ကလေးမလေးက အဖေ ဆေးရုံတက်ရ၍ အိမ်မှာကူပေးရန် ခဏပြန်သွားသည်။ ရွာမှာက ရည်း စားရှိပြီး ဖုန်းတွေ နေ့ရောညပါ ပြောနေကျဖြစ်သည်။ ပြန်လာ၍ သိပ်မကြာခင်မှာ လေအောင့်သလိုလို၊ အစာအိမ်ရောဂါဖြစ်သလိုလိုနှင့် တရှောင်ရှောင်ဖြစ်လာသည်။ ဆေး ခန်းပြကြည့်မှ ကိုယ်ဝန်ရှိမှန်းသိရသည်။ အမေနှင့်အဖေကို မပြောရဲသဖြင့် သူ့အစ်မကို ပြန်လာခေါ်ခိုင်းရသည်။ သူကံကောင်းသွားသည်မှာ ကောင်လေးက ကလေးကိုဖျက်မချပါနှင့် သူတာဝန်ယူပါမည်ဟု ကတိပေးသည်။ ရွာမှာ မင်္ဂလာဆောင်ပြီးသွားပါပြီ။

ထိုသို့သော ကိစ္စမျိုးများမှာ နောင်လည်း ကြုံနေကြရမှာဖြစ်သည်။ ဘဝတွေပျက်၊ အညွန့်တွေ ကျိုးသွားကြသော်လည်း အကြမ်းဖက် သည်မဟုတ်၍ မည်သူကမှ အရေးမယူနိုင်။ အရွယ်မရောက်သေးဘဲ မတရားကျင့်ခံရ၍ ဘဝပျက်သူတွေ ကမှ ကျူးလွန်သူကို အရေးယူနိုင်သေးသည်။ သို့သော်  ထိုအမျိုးသမီးလေးများမှာ ကိုယ်ဝန်ကျန်ခဲ့သော် ဖခင်မဲ့သော ကလေးများမွေးဖွားလာကြဦးမည်။ မည်သို့စောင့်ရှောက်၍ မည်သို့မွေးမြူကြမည်ဆိုသည်က ရင်လေးစရာဖြစ်ပါသည်။

နိုင်ငံခြားတိုင်းပြည်တွေမှာ ဖခင်မရှိသော ကလေးများ၏မိခင်များကို Single Mothers ဟုခေါ်ကြသည်။ စောင့်ရှောက်ပေးမည့်  အဖွဲ့အစည်းများရှိကြသည်။ အလုပ်လုပ်ကြသည့် မိခင်များက ကလေးများကို ကလေး ပြုစု စောင့်ရှောက်ရေးဌာနများတွင် အပ်နှံနိုင်ကြသည်။

မြန်မာပြည်မှာ ထိုသို့သော အခွင့်အရေးများရရှိပါက  ဖခင်မပေါ်နိုင်သော ကလေးများကိုစွန့်ပစ်သူ မရှိသလောက်နည်းပါးသွားမည်ထင်ပါသည်။ မြို့တစ်မြို့မှာ ထိုသို့သော မိခင်များနှင့်ကလေးများကို စောင့် ရှောက်သော နေရာရှိသည်ဟု ကြားမိပါသည်။ သေသေချာချာ မသိရှိသေးပါ။ ဝမ်းသာစရာသတင်းဖြစ်ပါသည်။

ဝေလ၏ ''လူဖြစ်ခွင့်ပေးပါအမေ'' သီချင်းထဲကအတိုင်း မတော်တဆပဲဖြစ်ဖြစ်၊ တမင်ခေါ်ယူ၍ပဲဖြစ်ဖြစ် ရောက်လာကြမည့် ကလေးများကို မိခင်မေတ္တာဖြင့်လူဖြစ်ခွင့်ပေးပြီး မွေးမြူနိုင်ကြပါစေဟု တိုက်တွန်းလိုက်ပါတယ်ရှင်။

ခင်စောတင့်

ခင်စောတင့်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.