25-1-2018
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1047
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ပြန်ပြောပြဖို့ တော်တော်ခက်လိမ့်မယ်

အခုတလော Live ဆိုတာတွေ တော်တော်ခေတ်စားနေတယ်။ အထူးသဖြင့် Facebook မှာ Live ဆိုပြီး update လုပ်နေကြတာတွေ၊ တင်နေကြတာတွေ တွေ့တွေ့နေရတယ်။ ဒီနေရာမှာ ပြောချင်တဲ့ Live ရဲ့ အဓိပ္ပာယ်က အချိန်နဲ့တစ်ပြေးညီ ကြည့်နိုင်၊ မြင်နိုင်၊ သိနိုင်အောင် တိုက်ရိုက်ထုတ်လွှင့်တာလို့ ဆိုလိုပါတယ်။ ဒါကို လူတိုင်းလည်း အထူး ရှင်းပြစရာမလိုအောင် သိကြပါတယ်။

ဒီနေရာမှာ ခေါင်းထဲဝင်လာပြီး ပြောချင်တဲ့အချက်က အမှန်တော့ ချက်ချင်းအချိန်မဆိုင်းသိနိုင်တဲ့ Live ဆိုတဲ့ အရာဟာ ဘဝမှာ တကယ်ရှိနိုင်ရဲလားဆိုတာပါပဲ။

တစ်ခါတလေ လောကအကြောင်း၊ ဓမ္မအကြောင်းပြောတဲ့အခါ လူအများနားလည်အောင်ပြောပြဖို့  ခက်ခဲတာမျိုးတွေ ရှိတတ်တယ်။ အဓိကအကြောင်းကတော့ ကျွန်တော်တို့ နေ့စဉ်သုံးနှုန်းနေတဲ့ (အခု ကျွန်တော်ရေးနေတဲ့ စာအပါအဝင်) အသုံးအနှုန်းဟာ (တစ်နည်းအားဖြင့်) သုံးတဲ့ Language ဟာ ပုထုဇဉ်ဘာသာစကား (သို့မဟုတ်) ပုထုဇဉ် Language ဖြစ်နေလို့ပါပဲ။ ပြောတဲ့သူကလည်း ပုထုဇဉ် Language နဲ့ပြောသလို နားထောင်တဲ့သူကလည်း ပုထုဇဉ် Language နဲ့ နားထောင်လေ့၊ နားလည်လေ့ရှိတာမို့ပါ။

ဥပမာ-နိဗ္ဗာန်ရှိသလား မေးတယ်ဆိုကြပါစို့။ နိဗ္ဗာန်ကို အသာထားဦး။ စားပွဲပေါ်မှာ ရေဘူးရှိသလား မေးတယ်ဆိုပါစို့။ ပုထုဇဉ်အ မြင်၊ ပုထုဇဉ် Language အရတော့ ရေဘူးရှိကြောင်း သိရအောင် စားပွဲပေါ်မှာ ရေဘူးကိုမြင်မှ(ဒါမှမဟုတ်) အခြားအာရုံတစ်ခုခုနဲ့ ရေဘူးစားပွဲပေါ်မှာ  ရှိနေကြောင်းသိမှ၊ ဒါတောင်မှ ရေဘူးဆိုတာ ဘယ်လိုပုံစံ၊ စားပွဲဆိုတာ ဘယ်လိုနေရာဆိုပြီးလဲ စိတ်ထဲ မှာ (သညာမှာ) နဂိုထဲက သိပြီးသားဖြစ်နေဦးမှ ဖြေနိုင်မှာပါ။ ဆိုလိုတာက ကျွန်တော်တို့ ပုထုဇဉ်တွေရဲ့ 'ရှိတယ်' ဆိုတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်မှာ အာရုံငါးပါးတစ်ပါးပါးနဲ့ သိမှရှိတယ်လို့ မှတ်ယူကြလေ့ရှိကြတော့ နိဗ္ဗာန်ရှိသလားဆိုတဲ့ မေးခွန်းရဲ့အဖြေမှာ ကျွန် တော်တို့ မျှော်လင့်ထားတဲ့ နေရာတွေ၊ ပုံစံတွေမပါတာကြောင့် နားလည်ဖို့ခက်ပြန်ရော။ နိဗ္ဗာန်ကောင်းသလားဆိုရင်လည်း ဒီလိုပါပဲ။ ကျွန်တော်တို့က 'ကောင်းတယ်'ဆိုတာကို ပုထုဇဉ် Language  ပုထုဇဉ်အသိ၊ ပုထုဇဉ်အကြိုက်နဲ့ မှတ်ယူနေသမျှ အမှန်ကို နားလည်နိုင်ဖို့ ခက်နေဦးမှာ ဖြစ်ပါ တယ်။

ဒီနေရာမှာ နိဗ္ဗာန်အကြောင်းကို ဆွေးနွေးဖို့မဟုတ်ပါဘူး။ တစ်ခါတလေ ကျွန်တော်တို့သိနေပြောဆိုနေ နားလည်နေတဲ့ အသုံးအနှုန်းတွေဟာ ပုထုဇဉ် အတွေးအမြင်နယ်ပယ်ထဲက မထွက်နိုင်ပဲရှိတာမို့ အချို့အချို့သော သစ္စာနယ်က လောကဓမ္မ အကြောင်းအရာတွေကို ပြောတဲ့အခါမှာ နားလည်ဖို့ ပုထုဇဉ် Language နဲ့ ရှင်းပြဖို့ တော်တော်ခက်လိမ့်မယ်လို့ ဆိုလိုချင်တာပါ။

အထက်က Live အကြောင်းကိုပဲ ပြန်ဆွေးနွေးကြရအောင်ပါ။ တစ်နည်းပြောရရင် ချက်ချင်းသိတာ တကယ်ရှိသလားဆိုတဲ့ ကိစ္စပါ။ ကျွန်တော်တို့ရဲ့ ပုထုဇဉ် Language နဲ့တော့ တစ်စုံတစ်ခုကိုမြင်တယ်။ ဘာနဲ့မြင်လဲဆိုတော့ မျက်စိနဲ့မြင် တယ်။ ထိုနည်း၎င်းပဲ နားကကြားတယ်။ နှာခေါင်းကအနံ့ရတယ် စသည်ဖြင့် သုံးနှုန်းကြပါတယ်။ ဒီစကားရဲ့အဓိပ္ပာယ် တကယ်မှန်ရဲ့ လားလို့ ပြန်ဆန်းစစ်သင့်ပါတယ်။ နောက်ပြီးဒီလိုသုံးနှုန်းလိုက်လို့ မျက်စိဆိုတဲ့ရုပ်ကြီးကပဲ မြင်နိုင်စွမ်းရှိသလိုလို၊ နားဆိုတဲ့ ရုပ်ကြီးကပဲ ကြားနိုင်စွမ်းရှိသလိုလို၊ အဲဒီကနေတစ် ဆင့် ငါ့မျက်စိကမြင်ပြီး ငါ့နားကကြားတယ်လို့ အမှန်တရားနဲ့ လွဲမှားစွာ အဓိပ္ပာယ်ကောက်မိတတ်ပါတယ်။

အမှန်တော့ မြင်စိတ်ဖြစ်ပေါ်တာကို မြင်တယ်ဆိုပြီး ကျွန်တော်တို့က ပုထုဇဉ် Language နဲ့ သုံးလိုက်လို့ပါ။ နောက်ထပ် ပုထုဇဉ် Language နဲ့ မျက်စိကမြင်တယ်။ နား က ကြားတယ်ဆိုပြီး ဖြစ်ကုန်ပြန် ရော။ အဲဒီကနေမှ တစ်ဆင့် ပုထုဇဉ်ူညေါကေါန နဲ့ပဲ 'ငါမြင်တယ်'၊ 'ငါ့မျက်စိနဲ့ တပ်အပ်မြင်လိုက်တာ' စတာတွေဖြစ်ကုန်ပြန်ပါတော့တယ်။ အမှန်တော့ မျက်စိဆိုတဲ့ရုပ်က မြင်နိုင်စွမ်းမရှိပါဘူး။ မျက်စိဆိုတဲ့အရာဟာ မြင်စိတ်ပေါ်အောင် အထောက်အပံ့ပေးတဲ့ အဓိက အ ကြောင်းတရားတစ်ခုသာဖြစ်ပါတယ်။ အဘိဓမ္မာ ရှုထောင့်ကကြည့်ကြည့်၊ သိပံ္ပပညာအမြင်နဲ့ ကြည့်ကြည့် မြင် စိတ်တစ်ခုဖြစ်ပေါ်ဖို့ မျက်စိရယ်၊ ရူပါရုံဆိုတဲ့ အဆင်းရယ် ဒီနှစ်ခုထဲ ရှိရုံနဲ့ မလုံလောက်ပါဘူး။ အလင်း ရောင်၊ ပဉ္စဒွါရ ဝဇ္ဇန်းစတဲ့ နှလုံးသွင်းဆင်ခြင်စိတ်စတာတွေလည်း လိုပါသေးတယ်။ နောက်ဆုံးဘဝင်စိတ်နဲ့တွဲမိမှ မြင်သိစိတ်ဆိုတာဖြစ်တာပါ။  တစ်နည်းပြောရရင် စက္ခုဝိဥာဏ် စိတ်အပြင် မနောဝိဥာဏစိတ်ဖြစ်မှ မြင်ရတယ်လို့ဆိုရမှာ ဖြစ်ပါတယ်။

သိပံ္ပပညာ ရှုထောင့်ကနေကြည့်မယ်ဆိုရင်လည်း မျက်စိနဲ့ပုံရိပ် (အလင်းတန်း) ဆုံရုံနဲ့ မမြင်နိုင်သေးပါဘူး။ အဲဒီအာရုံ Signal လေးဟာ ဦးနှောက်နောက်ပိုင်းက Occilital Lobe  မှာရှိတဲ့ မြင်ခြင်းဆိုင်ရာ Cell တွေဆီရောက်မှ  အဲဒီပုံရိပ်ဆိုတာကို မြင်ရတာပါ။ အဲဒီ Cell တွေ သေနေရင်ဖြစ်ဖြစ်၊ တစ်ခုခု ချို့ယွင်းနေရင်ဖြစ်ဖြစ်၊ အဲဒီ Cell တွေဆီ သွားရာလမ်းကြောင်း ပိတ်နေရင်ဖြစ်ဖြစ် မျက်စိရှေ့မှာရှိနေတဲ့အရာကို မျက်စိဘယ်လောက်ကောင်းကောင်း မမြင်ရပါဘူး။ ဒီအကြောင်းကိုသိတဲ့ ပါမောက္ခချုပ် ဆရာတော်ကြီးက သူ့ရဲ့တရားတစ်ပုဒ်ထဲမှာ မြင်စိတ်နဲ့ပတ်သက်ပြီး ဘဝင်ဂမနဆိုတာ နောက်စေ့နားများ Occipital lobe  ရောက်နေလားဆိုပြီး စဉ်းစားကြည့်မိတယ်လို့ မိန့်ဖူးပါတယ်။

ဆိုလိုချင်တာက ကျွန်တော်တို့ မျက်စိပိတ်ထားတာကနေ ဖွင့်လိုက်ရင် ချက်ချင်းမြင်လိုက်ရတဲ့ အရာတွေက အပြင်မှာ တကယ်ရှိနေတာကို အချိန်မဆိုင်းဘဲ ချက်ချင်းမြင်ရတာမဟုတ်ပါဘူး။ တစ်နည်းအားဖြင့်ပြောရရင် တကယ့် Live မဟုတ်ပါဘူး။ ဖော်ပြခဲ့သလို အဘိဓမ္မာအရကြည့်ကြည့်၊ သိပံ္ပပညာအရ ကြည့်ကြည့် မျက်စိဖွင့်တာနဲ့ မြင်စိတ်ပေါ်တာရဲ့ ကြားမှာ Process တစ်ခု၊ အချိန်တစ်ခု  delay ရှိပါတယ်။အချိန်တစ်ခု နောက်ကျပြီးမှ မြင်စိတ်ပေါ်တာကို ကျွန်တော်တို့က  မျက်စိဖွင့်လိုက်တာနဲ့ ငါမြင်တယ်။ ငါ့မျက်စိက မြင်ရတယ်ဆိုပြီး ပုထုဇဉ်အတွေးနဲ့ အဓိပ္ပာယ်ကောက်ကြခြင်းသာဖြစ်ပါတယ်။

အဲဒီ မြင်စိတ်ကလည်း ပေါ်ပြီးတာနဲ့ ပျက်ပြီးနောက် စိတ်တစ်ခု အစားထိုးဝင်ရောက်လာတာပါပဲ။ အရာတစ်ခုကို ငါမြင်တယ်လို့ ထင်တာနဲ့၊ မြင်စိတ်ဖြစ်ပေါ်တယ်လို့ သိခြင်းရဲ့ကြားမှာ ခြားနားမှုတွေရှိပါတယ်။ ထို့အတူ Live ဆိုပြီး အချိန်နဲ့တစ် ပြေးညီမြင်တယ်ကြားတယ်လို့ထင်တာနဲ့၊ အမှန်တကယ်တော့ Live ဆိုတာမရှိဘဲ အချိန်တစ်ခုနှောင်းပြီးမှ အဟောင်းကို မြင်ရကြားရခြင်းသာ ဖြစ်တယ်ဆိုပြီးသိတာရဲ့ ခြားနားမှုကိုသိရင်လည်း ငါစွဲအတ္တစွဲနဲ့ လောဘစွဲ၊ ဒေါသစွဲတွေကို လျှော့ချ နိုင်လို့ ယူတတ်ရင် အကျိုးများပါတယ်။

စိတ်တစ်ခုရဲ့ ဖြစ်ပေါ်ပုံကို မှန်မှန်ကန်ကန်နားလည်ခြင်းဟာ ဘဝတစ်ခုကို အကျိုးရှိရှိကျော်ဖြတ်တဲ့နေရာမှာ အရေးပါ လှပါတယ်။ အာရုံတွေ၊ စိတ်တွေပေါ်မူတည်ပြီး ဖြစ်တတ်တဲ့ အကုသိုလ်ကိုလည်းနည်းအောင် စွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။

အထင်မှားတွေကို သတိထားမိပြီး အမြင်မှန်ဘက်ကို ဦးတည်နိုင်မှာလည်း ဖြစ်ပါတယ်။

သဘာဝတရားတွေရဲ့ ဖြစ်ပေါ်ပြောင်းလဲမှု အမှန်ကို ဖော်ပြရာမှာ သာမန်ပုထုဇဉ်တို့ နိစ္စဒူဝတွေးလေ့၊ သိလေ့၊ နားလည်လေ့ရှိတဲ့ ပုထုဇဉ် Language နဲ့ပြောရတာ နည်းနည်းတော့ ခက်ပါတယ်။

ဒါကြောင့်လည်း တရားသိနိုင်ဖို့အတွက် သာမန်လူအများစုအဖို့ တရားစာအုပ်ဖတ်ရုံ၊ တရားနာရုံ၊ ကိုယ့်အသိဥာဏ်နဲ့ တွေး ကြည့်ရုံတို့နဲ့  မလုံလောက်နိုင်ဘဲ ကိုယ်တိုင်ကျင့်ကြံအားထုတ်ဖို့လိုလိမ့်မယ်လို့ မြင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ အချို့ အရာတွေဟာ ပုထုဇဉ် Language နဲ့ ပြန်ပြောပြဖို့ တော်တော်ခက်လို့ပါပဲ။

ဇင်မြင့်

(ပါမောက္ခချုပ် ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ 'အာယတနကို လေ့လာသုံးသပ်ခြင်း' တရားတော်နှင့် 'ဓာတ် ၁၈ ပါးကို လေ့လာသုံးသပ်ခြင်း'တရားတော်တို့ကို မှီငြမ်းပါသည်။

ဇင်မြင့်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.