25-1-2018
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1047
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
မြင်မြင်သမျှ သံဝေဂ

သံဝေဂဆိုတာ ဒုက္ခကိုမြင်လို့ ဒုက္ခကိုကြောက်တဲ့စိတ်ပါ။ ဒုက္ခပေးတဲ့ခန္ဓာ၊ အိုတဲ့ခန္ဓာ၊ နာတဲ့ခန္ဓာကို မြင်ရမှ သံဝေဂဖြစ်ပြီး တရားရပါမယ်။ ဓမ္မဒူတဆရာတော် အရှင်ပညိဿရက ''ဒုက္ခဆင်းရဲတွေကို ဥာဏ်နဲ့ယှဉ်ပြီးတော့ ကြောက်လန့်တာမျိုးကို သံဝေဂဥာဏ်လို့ ခေါ်ပါတယ်။ သံဝေဂဥာဏ်မပါဘဲနဲ့ တရားအား ထုတ်ရင် တရားနဲ့ဝေးနေပါလိမ့်မယ်'' လို့ မိန့်တော်မူပါတယ်။

သံဝေဂယူတတ်ရင် မြင်မြင်သမျှ ကြုံကြုံသမျှတွေက သံဝေဂတွေပါပဲ။ ကျွန်မကတော့ အိုနာတွေ ဖိစီး နေတဲ့ ဒုက္ခတုံးခန္ဓာကြီးကို နေ့စဉ်သုံးသပ်ပြီး သံဝေဂယူပါတယ်။ ခြေတွေ လက်တွေတောင့်တင်းနေတယ်။ ဇက်ကြောတွေနာကျင်နေတယ်။ ဖြည်း ဖြည်းထရတယ်။ ဒူးနှစ်ဖက်အစားထိုးခွဲစိတ်ထားတာဖြစ်လို့ လဲမကျအောင် သတိထားပြီးကိုင်စရာတွေကို လှမ်းကိုင်ရင်း ရေချိုးခန်းထဲကို သွားရပါတယ်။ အညစ်အကြေးတွေကို သုတ်သင်၊ မျက်နှာသစ်ရင်းလည်းမှန်ထဲကို ကြည့်ပြီး ခန္ဓာကိုယ်ကြီးကို စက်ဆုပ်မိပါရဲ့ရှင်။ အမြင်တင့်အောင် သနပ်ခါးလိမ်းရ၊ ခေါင်းဖြီးရပါသေးတယ်။ ပြီးရင် အစာကျွေးပေါ့ရှင်။ သူ့ကို အလိုလိုက်ပြုစုပေမယ့် သူကတော့ မညှာတာပါဘူး။ ''နင် အိုတော့၊ နင်နာတော့၊ ပြီးတော့ သေဖို့သာပြင်ပေတော့''တဲ့။ သူ့အမိန့်အတိုင်းပါပဲလေ။

ကျွန်မက စာရေးတဲ့သူဆိုတော့ လက်ကလေးကိုတော့ ကောင်းနေစေချင်သေးပါတယ်။ ဒါပေမယ့် လည် ပင်းအရိုးကျီးပေါင်းကြောင့် လက်မောင်းကိုက်ခဲနာကျင်လာရင် နားထားရပြန်ပါတယ်။ အခုလက်ကောက်ဝတ်မှာ အကြောတင်နေလို့ ဖုတက်ပြီးနာနေပါတယ်။ လက်ချောင်းတွေက မိုးလင်းရင်ထုံပြီး တောင့်တင်းနေတတ်ပါတယ်။ လှုပ် ရှားလိုက်မှသွေးပူပြီး စာရေးလို့ရပါတယ်။ ခန္ဓာကိုယ်ကြီး အလိုအတိုင်းပါပဲ။

ဓမ္မဒူတအရှင်ပညာဝရ ကားမှောက်ပြီးခါစက ဟောထားတဲ့ 'ခန္ဓာရှိလို့ပါ'ဆိုတဲ့ တရားက ဆင်ခြင်စရာတွေ၊ သံဝေဂယူစရာတွေပါလို့ မကြာခဏ နာဖြစ်ပါတယ်။ သူငယ်ချင်းတွေကိုလည်း လက်ဆင့်ကမ်းပေးပါတယ်။ ခန္ဓာရှိမှတော့ နာတာကို ရှောင်လွှဲလို့မရနိုင်ပါ။

ကျွန်မရဲ့ သူငယ်ချင်းက လမ်းသွားရင်းပေါင်ရင်းက  အရိုးကျိုးသွား လို့ ခွဲစိတ်ပြီး စတီး(လ်)ချောင်းထည့် ရပါတယ်။ ကြောက်တတ်သူမို့ အိပ်ရာထဲမှာပဲနေနေလို့ လမ်းလျှောက်ဖို့ တိုက်တွန်းရပါတယ်။ လေးချောင်းထောက်နဲ့ပဲသွားနေလို့ တုတ်ကလေး နဲ့ သွားဖို့ပြောလို့ လမ်းလျှောက်နိုင်နေ တုန်းမှာ အခုခွေးကို ခလုတ်တိုက်ပြီး လဲကျလို့ ပေါင်ရိုးကျိုးပြီး ဆေးရုံတက် ရပြန်ပါတယ်။ POP ကိုင်ပြီး ခဲဆွဲထားရပါတယ်။ သူ့ကို ကရုဏာသက် မိသလို သံဝေဂလည်း ရမိပါတယ်။ သူ့ခန္ဓာကိုယ်ကြီးက သူ့ကိုနှိပ်စက်နေပြီပဲ။ လမ်းပြန်လျှောက်နိုင်ပါတော့ မလားစိုးရိမ်မိပါတယ်။ ဒုက္ခကြီးရှာပါတယ်။ တရားသဘောနဲ့ ဆင်ခြင်ပြီး နေနိုင်ပါစေလို့ ဆုတောင်းရတယ်။

ကျွန်မရဲ့ ခမည်းခမက်သုံးစုံတွဲအကြောင်း နည်းနည်းပြောပြချင်ပါတယ်။ ပထမစုံတွဲမှာ အမျိုးသမီးက စင်ကာပူရှိ သားထံသွားလည်ရင်း လေဖြတ်သွားပါတယ်။ ညာဘက်တစ်ခြမ်း မသန်မစွမ်းဖြစ်သွားပေမယ့် ကြိုးစားရှာပါတယ်။ လူတွဲပြီးလမ်း လျှောက်နိုင်တယ်။ ဘယ်လက်နဲ့ သူဘာသာသူ စားသောက်ပါတယ်။ အမျိုးသားကတော့ ခါးအရိုးကျီးပေါင်းကြောင့် နှစ်ကြာလာတော့ အာရုံကြောတွေ၊ ကြွက်သားတွေ ချို့ယွင်းလာပြီး လမ်းမလျှောက်နိုင်တော့ပါဘူး။ Wheel Chair နဲ့ နေရပါတယ်။ သူနာပြုနဲ့ နေကြရပါတယ်။

နောက်စုံတွဲမှာ အမျိုးသမီးက  ဝလွန်းတာကြောင့် လမ်းလျှောက်ဖို့ခဲယဉ်းလို့ Wheel Chair နဲ့နေရာက အခုတော့ ကြွက်သားတွေ အလုပ်မလုပ်တော့ဘဲ လမ်းလုံးဝမလျှောက်နိုင်တော့ပါ။ အိပ်ရာပေါ်လဲသွားပါပြီ။ သူ့ဘာသာသူ ဘာမှမလုပ်နိုင်တော့ပါဘူး။ သူနာပြုငှားထားရပါတယ်။  အရင်လွတ်လပ်ရေး နေ့တိုင်း မုန့်ဟင်းခါးချက်ကျွေးလေ့ရှိတယ်။ ကျွေးချင်မွေးချင်စိတ်သိပ်ထက်သန် သူပါ။ အမျိုးသားကတော့ ခါးဝေဒနာကို အချိန်မီခွဲစိတ်ကုသလိုက်လို့ လှုပ်ရှားသွားလာနိုင်ပါတယ်။ သားရဲ့အလုပ်ရုံကို နေ့တစ်ဝက်သွားပြီး ကြီးကြပ်နိုင်ပါတယ်။

နောက်စုံတွဲက အမျိုးသမီးရဲ့ မျက်စိကမွေးရာပါရောဂါဖြစ်လို့ တဖြည်းဖြည်းမှုန်လာပြီး မမြင်ရတော့ပါဘူး။ ဆရာမ အလုပ်ကလည်း အငြိမ်းစားယူလိုက်ရပါတယ်။ ဒူးတစ်ဖက်လည်း အစားထိုးကုသထားပါတယ်။ ဇွဲကတော့ မလျှော့ပါ။ အိမ် သန့်ရှင်းရေးအလုပ်ကိုလုပ်ဆဲပါပဲ။ အမျိုးသားက နှလုံးအားနည်းလို့ စက်ထည့်ထားရပါတယ်။ သိပ်ပြီးသွား သွားလာလာမလုပ်တော့ပါဘူး။

ခမည်းခမက်အမျိုးသား သုံးဦးလုံး အစိုးရအရာရှိကြီးတွေပါပဲ။ နိုင်ငံအတွက် တာဝန်ကျေခဲ့ကြသူတွေဖြစ်ပါတယ်။ အခုအခါမှာတော့ အိုလာနာလာကြပြီး မစွမ်းဆောင်နိုင်တော့ပါဘူး။ သားသမီးတွေရဲ့ ပြုစုစောင့်ရှောက်မှုကို ခံယူပြီးနေကြရပါတယ်။ သံဝေဂရစရာချည်းပါပဲရှင်။

အားပေးစကားပြောချင်ပါတယ်။ လူအိုတွေအားလုံးအတွက် ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကြီးကတော့ ဘယ်နေရာမှ မကောင်းတော့ပါဘူး။ ဒါပေမယ့် စိတ်ကတော့ ကောင်းပါတယ်။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ယုံကြည်မှု သဒ္ဓါစိတ်နဲ့ မပြတ်နေမယ်ဆိုရင် အားငယ် စရာမရှိပါဘူး။  ကိုယ်တွေက နာနေပေမယ့် စိတ်ကတော့ ကြည်လင်နေပါလိမ့်မယ်။ သံဝေဂလည်း ဥာဏ်နဲ့ ကူပြီးယူပါ။ ဓမ္မနဲ့လည်းနေပါ။ ကုသိုလ်ကောင်းမှုတွေလည်း မပြတ်ပြုလုပ်နေကြမယ်ဆိုရင် အိုမှာလည်း မကြောက်တော့ပါ၊ နာမှာလည်း မကြောက်တော့ပါ။ သေမှာလည်း မကြောက်တော့ပါဘူး။ စာမဖတ်နိုင် ရင်တောင် နေ့စဉ်တရားနာပြီး ငြိမ်း အေးအောင်နေကြဖို့ တိုက်တွန်းလိုက် ပါရစေ။

ဒီဆောင်းပါးကို ရေးပြီးရင်တော့ ကျွန်မရဲ့ ၂ဝ၁၈ ခုနှစ် အဓိဋ္ဌာန်အဖြစ် 'မြင်မြင်သမျှ သံဝေဂယူရန်' လို့ရေးပြီး ကပ်ထားလိုက်ပါမယ်ရှင်။

နှစ်သစ်မှာ လူကမသစ်ပေမယ့် စိတ်သစ်နှင့် ဖြတ်သန်းနိုင်ကြပါစေ။

 

ခင်စောတင့်

ခင်စောတင့်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.