14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
အနိစ္စတရား မည်သည့်အရာမှ မမြဲခြင်း

ကျွန်မတို့အားလုံး မွေးကတည်းက အိုနာသေဆိုသော လက်မှတ်က ပါလာပါသည်။ လူတွေက မေ့ထားကြသည်။ မမြဲသော သဘောကို မစဉ်းစားချင်ကြ၍ ဖြစ်ပါသည်။ ကျွန်မတို့ကဲ့သို့ အသက် ၈ဝ အရွယ်တွေက အိုမင်းမစွမ်းဖြစ်ပြီး နာလာကြသောအခါမှာ အနိစ္စသဘောကို ဆင်ခြင်တတ်လာကြသည်။ ကျွန်မက ရိပ်သာတွေဝင်၊ တရားအားထုတ်၊ တရားတွေနာ၊ တရားစာတွေ ဖတ်ရသောအခါ လက္ခဏာရေး သုံးပါးဖြစ်သော အနိစ္စ၊ ဒုက္ခ၊ အနတ္တတရားတို့ကို သဘော ပေါက်လာသည်။ ယခင်က ပါးစပ်ကရွတ်၊ စိတ်ထဲကမှတ်သော်လည်း ထဲထဲဝင်ဝင် မဆင်ခြင်တတ်သေးပါ။

ယခုအရွယ် ခန္ဓာကိုယ်ကြီးက နာလာမှ အနိစ္စ-မမြဲခြင်း၊ ဒုက္ခ-ဆင်းရဲခြင်း၊ အနတ္တ-အစိုးမရခြင်းတို့ကို ကိုယ်တွေ့ခံစားပြီး နှလုံးသွင်းဆင်ခြင်တတ်လာ ပါသည်။ တကယ်ကြည့်တတ်သွားပြီဆိုလျှင် ဘယ်အရာမျှမမြဲဘဲ ဖြစ်ပျက်ပြောင်းလဲနေပုံ ခန္ဓာကိုယ်ကြီးက ဒုက္ခတုံးကြီးဖြစ်၍ ဆင်းရဲလှပုံ၊ မည်သည့် အရာမျှ အစိုးမရ၊ မိမိဖြစ်ချင်တိုင်း မဖြစ်ရ၊ ကင်ဆာမဖြစ်ပါနှင့်ဟု  တား၍မရ၊ သူဖြစ်ချင်သကဲ့သို့ဖြစ်နေပုံတွေကို ကွက်ကွက်ကွင်းကွင်း ရှုမြင်သဘောပေါက်လာပါသည်။ သံဝေဂ များပွားနိုင်လာပါသည်။

ခန္ဓာကိုယ်ကြီးကို ကျွန်မတို့က အလိုလိုက်ပြီး ပြုစုသော်လည်း သူကတော့ ကျွန်မတို့ အလိုကိုမလိုက်ပါဘူး။ သူ့အလိုအတိုင်းပဲဖြစ်နေသည်။ ယောဆရာတော်ဘုရားထံ ကထိန်နှင့် စာအောင်သံဃာများ ဂုဏ်ပြုချီးမြှင့်ပွဲအတွက် သွားရောက်လှူသည့်နေ့က အောက်မှာမထိုင်နိုင်သည့် လူအိုတွေအတွက်  ကုလားထိုင်ထားပေးထား သည်။ ယူပြီးထိုင်ပါဟု မိန့်သည်။

''ဆရာမ  ဒေါ်ခင်စောတင့် ခန္ဓာကိုယ်ကြီးကို သုံးလို့ဖြစ်သေးရဲ့လား'' ဟု မေးပါသည်။ ''တပည့်တော် ဒူးနှစ်ဖက် အစားထိုးကုသထားလို့သုံးလို့ ဖြစ်နေပါပြီ။ ဒီလိုသာမလုပ်ရင် ဒူးတွေနာလွန်းလို့ လမ်းမလျှောက်နိုင်ဘဲ အိပ်ရာပေါ်လဲနေမှာ ဘုရား''ဟု လျှောက်လိုက်ပါသည်။

''နာတာတွေကို ကျေးဇူးတင်ဝမ်းမြောက်ရမယ်၊ ဂုဏ်ယူရမှာဗျ၊ ကိုယ်တွေ့ကြုံမှ အနိစ္စသဘောကို ဆင်ခြင်တတ်သွားတယ် မဟုတ် လား''ဟု မိန့်ပါသည်။

ကျွန်မစိတ်ကို သိနေသကဲ့သို့ ထပ်လောင်း သတိပေးလိုက်သဖြင့်မမြဲသော အနိစ္စတရားကို ပိုပြီးလေးလေးနက်နက်ဆင်ခြင် နှလုံးသွင်းနိုင်တော့မည်ဟု ကြည်နူးစိတ်ဖြင့် ဆရာတော်ကို ကျေးဇူးတင်စိတ်နှင့် ရှိခိုးဦး တင်ခဲ့ပါသည်။

ကျွန်မ Fb မှာ ရင်ထဲကို ရောက်သွားရသောအဖြစ်အပျက် အမှန်တစ်ခုကို ဖတ်လိုက်ရပါသည်။ ထိုင်ဝမ်က ဆရာမတစ်ယောက်၏ ကိုယ်တွေ့အဖြစ်ကလေးပါ။ သူ့ဓာတ်ပုံလည်း တင်ထားသည်။ အသက် ၆ဝ ကျော်အရွယ် အမေတစ်ယောက်ပါ။ အကျဉ်းချုံးပြီး မျှဝေပါရစေ။

သူက ဆရာမတစ်ယောက်ဖြစ်သည်။ သားတစ်ယောက်ရှိသည်။ အရွယ်ကောင်းချိန်မှာ ခင်ပွန်းက ကွယ်လွန်သွားသည်။ နောက်အိမ် ထောင်မပြုဘဲသားလေးကို ဆရာမလစာနှင့် ပညာသင်ပေးခဲ့သည်။ နောက်ဆုံး အမေရိကန်အထိ ပို့ပေး နိုင်ခဲ့သည်။ ပညာစုံသောအခါ အလုပ်အကိုင်ရပြီး အိမ်ထောင်လည်း ကျသွားပါသည်။ သားလေးတစ် ယောက်လည်းရှိလာသည်။

မိခင်က ပင်စင်ယူခါနီးသောအခါ နောင်ရေးကို စဉ်းစားပြီး သားထံသို့ စာရေးလိုက်သည်။ သူပင်စင် ယူပြီးသည့်အခါ သားနှင့် မြေးကိုလွမ်းလှပြီဖြစ်သဖြင့် အတူလာနေလို ကြောင်းဖြစ်သည်။

သားထံမှ အတော်ကြာသည်အထိ စာပြန်မလာပါ။ ပင်စင်ယူရန်လည်း အချိန်နီးနေပြီ။ သားထံမှ စာရောက်လာသည်။ ဝမ်းသာအားရဖွင့် ဖတ်လိုက်သည်။

သားက အမေလိုက်မလာပါနှင့်။အမေသားကို ပညာသင်ပေးခဲ့၍ ကုန်ခဲ့သောငွေကို သူ့ဇနီးနှင့် တွက်ကြည့်သောအခါ ဒေါ်လာနှစ်သောင်းဖြစ်ကြောင်း၊ သူတို့က တစ်သောင်း ထပ်ထည့်ပြီး ဒေါ်လာသုံးသောင်းပို့လိုက်သည်။ သူ့ဇနီးက မကြိုက်၍  နောက်ထပ်စာမရေးပါနှင့်ဟု ပါရှိသည်။

မိခင်ဖြစ်သူ ချုံးပွဲချပြီးငိုရပါ တော့သည်။ သူအတန်ကြာ စဉ်းစားပြီး ထိုငွေသုံးသောင်းနှင့် ကမ္ဘာလှည့် ပြီး ခရီးထွက်ပစ်လိုက်သည်။ ပြီးလျှင် တရားရိပ်သာတွေမှာဝင်ပြီး တရားအားထုတ်သည်။ သူစိတ်တွေ အေးချမ်းသွားသည်။ သားထံ စာတစ် စောင်ရေးလိုက်သည်။

သား...

သားက စာမရေးနဲ့ဆိုပေမယ့် ပြောစရာတွေကျန်သေးလို့ ရေးလိုက်တယ်။ သားပို့လိုက်တဲ့ငွေနဲ့ အမေကမ္ဘာလှည့်ပြီး ခရီးထွက်လိုက်တယ်။ အသိတစ်ခုရခဲ့တယ်။ သားကို ကျေးဇူးတင်ရမယ်။  အမေတရားတွေ အားထုတ်တယ်။ သံဝေဂတွေလည်းရတယ်။ သားကသာ စိမ်းစိမ်းကားကား မရေးလိုက်ဘဲ အမေ့ကို အားနာနာနဲ့ လက်ခံလိုက်ရင် ခုလောက်ဆို အားလုံးစိတ်ဆင်းရဲနေလောက်ပြီ။ အမေလည်း အသက်တိုမယ်။

အခု သိသွားပြီ။ လောကကြီးမှာ အသေချာဆုံး အရေရာဆုံးအရာဟာ မသေမချာမရေရာဖြစ်တယ်ဆိုတာသိသွားပြီ။ မေတ္တာလည်း အနိစ္စ တရားကို ရှောင်ကွင်းလို့မရဘူးဆိုတာကို သိပြီ။ သားဆိုတဲ့ အစွဲလည်း မရှိတော့ပါဘူး။ အားလုံးကို လွှတ်ချ နိုင်ခဲ့ပြီ။ ကျေကျေနပ်နပ် လက်ခံလိုက်ပြီ။ ကျေးဇူးတင်ပါတယ်သား။

စာကတော့ ဤမျှလောက်ပဲဖြစ်ပါသည်။ လူအိုတွေ စဉ်းစားစရာ ရမည်ထင်ပါသည်။ ကျွန်မက ချစ်တာတွေ၊ မေတ္တာတွေက အနိစ္စဖြစ် သည်ဆိုသည်ကို လက်ခံပါသည်။ ဘယ်အရာကများ မြဲလို့ပါလဲရှင်။ မိဘနှင့် သားသမီးကြားက မေတ္တာတောင်မှ မမြဲနိုင်သည့်အခါ တခြားအရာတွေကို ထည့်ပြောစရာပင် မလိုတော့ဘူး ထင်ပါသည်။

တစ်ခါက တစ်ယောက်သောသူ တစ်ယောက်အကြောင်း ပြောကြသည်ကို ကြားဖူးပါသည်။ သူက သူ့ အပေါ်ကောင်းသည့် သူတွေကို အသစ်တွေ့တာနှင့် ပစ်ပယ်တတ်ကြောင်း၊ သူချစ်၍ အနားမှာထားသူ တွေကိုလည်း အသစ်တွေ့ပြီဆိုလျှင် အပြစ်ရှာပြီး ဖယ်ပစ်တတ်ကြောင်း ဖြစ်သည်။ ''ဘယ်လိုပါလိမ့်၊ ကိုယ့် အပေါ်အနစ်နာခံပြီး စောင့်ရှောက် သူတွေနဲ့ ချစ်လှချည်ရဲ့ ဆိုသူတွေရဲ့ ကျေးဇူးတွေကို မထောက်ထားတတ် တာရက်စက်ပါလား''ဟု ကောက် ချက်ချမိဖူးပါသည်။ ယခုအခါမှာ တော့ လူ့သဘာဝကိုက ဘယ်လောက်ပင် မေတ္တာကို ခံယူပါသည်ဆိုသော်လည်း အနိစ္စသဘောအရ ပျက်ပြယ်တတ်ကြောင်းကို နားလည် သဘောပေါက်ပါသည်။

မမြဲသည့်သဘောကို နှလုံးသွင်းနိုင်လျှင် ထိုင်ဝမ်မိခင်ကဲ့သို့ လွှတ်ချပြီး အေးချမ်းသွားမည်ဖြစ်ပါသည်။

အနိစ္စအမြဲမရှိပါ။

 

ခင်စောတင့်

ခင်စောတင့်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.