14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
အလှကျက်သရေ

အမျိုးသမီးတစ်ဦး၏ ရုပ်ရည် ရူပကာရကို မြင်လိုက်သည်နှင့် လှသည်၊ ချောသည်၊ ချစ်စရာကောင်းသည်၊ ယဉ်သည်၊ ကြော့ရှင်းသည်၊ ကျက်သရေရှိသည် စသဖြင့် အမျိုးမျိုးခွဲခြားပြီး အမည်တပ်ပြောဆိုနိုင်သည်။

အမျိုးသမီးတစ်ဦးစီမှာ အလှတစ်မျိုးတော့ရှိကြပါသည်။ မျက်လုံးလှခြင်း၊ နှာတံပေါ်ခြင်း၊ ပါးလေးမို့ခြင်း၊ မျက်နှာပေါက်လှခြင်း၊ အသားအရေ စိုပြည်ခြင်း၊ မဟာနဖူးရှိခြင်း၊ သွားများညီညာလှပခြင်း၊ နားရွက်များ အချိုးကျလှပခြင်း၊  လည်တိုင်ကြော့ရှင်းခြင်း၊ ဆံပင်၏အလှ၊ ကိုယ်လုံးအလှ စသည်ဖြင့် ပိုင်ဆိုင်ကြပါသည်။ အပြစ်ပြောစရာမရှိအောင် လှသူများရှိသကဲ့သို့ ကျက်သရေရှိသူ များလည်း တွေ့နိုင်ပါသည်။

ကျွန်မ လေ့လာထားသော မိန်းမလှများ အကြောင်းမရေးခင် ကမ္ဘာကျော် အီတာလျှံမင်းသမီး Sophia Loren ဆိုဖီရာ လောရင်းအကြောင်းပြောပါရစေ။ သူ့ကို တစ်ခုချင်းကြည့်လျှင် လုံးဝအလှကို ရှာမရပါ။ မျက်လုံးကပြူးပြူး၊ ပါးစပ်ကပြဲပြဲ၊ နှာခေါင်းက ချွန်လွန်းသည်၊ အသားအရေက ကြမ်းကြမ်း၊ ကိုယ်လုံးက ကလန်ကလား၊ သို့သော် ခြုံငုံကြည့်လိုက်လျှင် ဆွဲဆောင်မှုရှိသည်။ အမူအရာက အလွန်ကောင်းသည်။ ကျရာအခန်းက သဘာဝကျကျ သရုပ်ဆောင်နိုင်သဖြင့် ကမ္ဘာကျော် မင်းသမီး ဖြစ်လာခဲ့သည်။

ဟောလီးဝုဒ်မှအလှဆုံး မင်းသမီးများထဲတွင် Elizabeth Taylor အဲလစ်ဇဘက်တေလာကို ပြောမှဖြစ်ပေမည်။ မျက်နှာက အပြစ်ပြောစရာ မရှိအောင်ကို လှပသည်။ မျက်နှာပေါက်၊ အသားအရေ၊ နှာခေါင်း၊ မျက်လုံးစိမ်းစိမ်း၊ ဆံပင်အနက်ရောင်၊ ပြေပြစ်လှပသူဖြစ်သည်။ အသက်ကြီးသည်အထိ လှပနေဆဲဖြစ်သည်။ ချမ်းသာပြီး စိန်တွေဝတ်လေ့ရှိသည်။ သူ့ဘဝက အိမ်ထောင်ဆက်များပြီး ကျန်းမာရေးမကောင်းသဖြင့် အကြိမ်များစွာ ခွဲစိတ်ကုသခံရဖူးသည်။ တစ်ခါတွေ့လိုက်သည်နှင့် မေ့မရသော အလှပိုင်ရှင်ဖြစ်သည်။ Cleopatra ကားမှာ အလှဆုံး မြင်ကြရသည်။

နောက်တစ်ယောက်က ညှို့မင်းသမီး Marilymonroe မာရီလင်းမွန်ရိုး။ သူ့အလှက လုပ်ယူစရာမလို၊ သဘာဝကျကျဆွဲဆောင်မှုရှိသူ၊ အသားအရေသိပ်လှပြီး ရွှေရောင်ဆံပင်နှင့် လိုက်ဖက်သည်။ မျက်လုံးလေးမှေးပြီး နှုတ်ခမ်းလေးစူတူတူလုပ်လိုက်လျှင် အမျိုးသားများစွဲသွားကြသည်။ သူ့အလိုလို Sexy ဖြစ်နေတော့သည်။ River of No Returnမှာ သီချင်းဆို လိုက်သေးသည်။ ဘယ်သောအခါ ကြည့်ကြည့် သူကချစ်စရာကောင်းနေသည်။ ကျော်ကြားမှုဒဏ်ကို မခံနိုင်ရှာ၍ ငယ်ရွယ်စဉ်မှာပင် အိပ်ဆေးသောက်ပြီးဆုံးသွားသည်။ အခုထက်တိုင် မွန်ရိုးကို မမေ့နိုင်ကြသေးပါ။

နောက်ထပ် အလှဆုံးတစ်ဦးက  Grace Kelly ဂရေ့(စ်)ကယ်လီ၊ လှပရုံမက ကျက်သရေရှိပြီး နန်းဆန်သည်။ တည်တည်လေးနေသည်။ အပြုံးလေးက နှုတ်ခမ်းပေါ်မှာတင် ရုံတင်ထားလိုက်လျှင် ကျက်သရေရှိလှသည်။ Hitchcockနှင့် ရိုက်သမျှ ကားများအကုန် ကမ္ဘာကျော်ခဲ့သည်။ To Catch a Thief မှာ အလှဆုံး၊ အကောင်းဆုံး။ Monaca ကို သွားလည်ရာ Prince Ranier က ချစ်သွားပြီး တော်ကောက်ခံရ၍ ဘုရင်ကတော်ဖြစ်သွားတော့သည်။ မင်းပွဲစိုး ပွဲတို့တက်ရောက်ရာတွင် ကျော့ရှင်းပြီး ကျက်သရေရှိလှသည်။ အဝတ်အစား  ကျော့ရှင်းသပ်ရပ်လှပအောင် ဝတ်စားတတ်ပါသည်။ သို့သော် သက်ဆိုးမရှည်ပါ။ သားသမီးသုံးယောက် အရွယ်ရောက်ချိန်တွင် ကားမှောက်၍ သေဆုံးသွားခဲ့သည်။ ယခု ရှိနေသေးလျှင် အသက်ကြီးပိုင်းမှာလည်း ကျက်သရေရှိပြီး လှပနေဆဲ ဖြစ်ပါလိမ့်မည်။ ကျွန်မအချစ်ဆုံး မင်းသမီးဖြစ်ပါသည်။ မြန်မာပြည်မှာ ဂရေ(စ်)ကယ်လီကဲ့သို့ ယဉ်ပြီး ကျက်သရေရှိသော မင်းသမီးရှိပါသည်။ သူကတော့ မေရှင်ဖြစ်ပါသည်။ ရုပ်ရည်အလှကြီးမဟုတ်သော်လည်း အကြည့်ခံပြီး ချစ်စရာကောင်းပါသည်။ သူအပြုံးလေးက ဂရေ(စ်)ကဲ့သို့ နှုတ်ခမ်းပေါ်တင်ရုံလေးဖြစ်၍ ကျက်သရေရှိသည်။ စကားပြောညင်သာပါသည်။

မေရှင်သီချင်းများ ယခုတိုင် မရိုးနိုင်ကြသေးပါ။ 'ချစ်ရေစင်' နှင့် 'မြားနတ်မောင်' ဇာတ်ကားများတွင် မေရှင်၏ အကောင်းဆုံးသရုပ်ဆောင်မှုကို မြင်နိုင်ပါသည်။ အနေအထိုင် ဣနြေ္ဒရှိပြီး ရိုးသားသည်။ အပျိုကြီးဘဝနှင့် တစ်ယောက်တည်း အသက် ၈ဝ ကျော်အထိ နေသွားပါသည်။

နောက်တစ်ဦးက ပေါ်လွင်ထင် ရှားစွာလှပသူတင်တင်မူ။ မုဒုံမယ်ဖြစ်သဖြင့် အရပ်မြင့်မြင့် ကိုယ်လုံးလှလှ၊ မျက်နှာပေါက်လှသည်၊ ခပ်တည်တည်လေး သရုပ်ဆောင်သည်။ အထက်တန်းစားအဖြစ် သရုပ်ဆောင်မှု ပိုင်နိုင်သည်၊ တင်တင်မူ စီးကရက်သောက်သော အမူအရာမှာ နာမည်ကြီးသွားသည်၊ 'ငယ်ကျွမ်းဆွေ' ပြဇာတ်မှာ တင်တင်မူ၏ အမူအရာများကို အနီးကပ်ကြည့်ခဲ့ရသည်ကို ယခုတိုင် သတိရဆဲဖြစ်သည်။ တင်တင်မူ၏ 'ရွှေလည်တိုင်' သီချင်းကို မှတ်မိကြလိမ့်မည်ထင်ပါသည်။ အသက်ကြီးပိုင်းမှာ ရုပ်ရှင်မရိုက်တော့ပါ။ သူ့ခင်ပွန်းမှာ မင်းသားကျော်ဝင်း၊ သမီးမှာ ဒေစီကျော်ဝင်းဖြစ်ပါသည်။ 

နောက်တစ်ဦးမှာ တစ်ကားတည်းမှာ နာမည်ကျော်သွားခဲ့သူ ဝင်းမင်းသန်း၊ မင်းသား Cregory Peck နှင့် Purple Plain ရုပ်ရှင်ကို တွဲဖက်ရိုက်ကူးခဲ့သူဖြစ်သည်။ ဇာတ်လမ်းက ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်တစ်နေရာမှာဖြစ်သည်။ ဝင်းမင်းသန်းက အင်္ဂလိပ်လိုသာပြောခဲ့သည်။ စကားပြောအလွန်ကောင်းသည်။ ရုပ်ရည်က ကျက်သရေရှိရှိ လှသည်။ မဟာနဖူးနှင့် နှုတ်ခမ်းလေးက လှလှ။ မြန်မာအင်္ကျီ၊ မြန်မာထမီဝတ်ပြီး ဆံထုံးလေးမှာ ဆံမြိတ်ချ သည်။ ဣနြေ္ဒရစွာ သရုပ်ဆောင်သွားသည်။ နမ်းသည့်အခန်းမပါရဟု တားမြစ်ခဲ့သည်။ Skynet မှ မကြာ ခဏပြန်ပြနေ၍ ဝင်းမင်းသန်း အလှကို ကြည့်နိုင်ပါသည်။ အလှကြိုက်ပြီး လှလည်းလှသူကသီလရှင်အပြီး ဝတ်သွားခဲ့သည်။ ဦးဘခင်ရိပ်သာတွင် တရားအားထုတ်ခဲ့ပြီး သူ၏ ကိုယ်လုံးပေါ်မှန်ကြီးကိုလှူခဲ့သည်။

ရုပ်ရှင်မင်းသမီး မဟုတ်သော်လည်း ရုပ်ရည်လှပသူ ချစ်စရာ ကောင်းသော အရပ်သူတွေအများ ကြီးရှိပါသည်။ တစ်ခါက ဓာတ်ပုံထဲတွင် ချောမောလှပသူတစ်ဦးကို သတိထားမိသည်။ vivid ဖက်ရှင်ဆိုင်ပိုင်သူ အိန္ဒြာကျော်ဇင်၏အစ်မ အိကျော်ဇင်ဖြစ်ပါသည်။ အပြင်မှာ မတွေ့ဘူးပါ၊ အိန္ဒြာကျော်ဇင်ထက် ပိုပြီးလှပါသည်။ သူလိုလှပသူများ အများကြီးရှိကြပါသည်။

Bella အလှကုန်များကို လက်တွေ့လိမ်းခြယ်ပြသသူ ဝင်းမင်းသန်းက တော်တော်ချစ်စရာကောင်းသည်။ ရုပ်ရှင်မင်းသမီးနှင့် နာမည်တူသဖြင့် ပိုပြီးသတိထားမိသည်။ Skynet မှာ သူ့ကို တွေ့နိုင်သည်။ အလွန်လှပသူ မဟုတ်သော်လည်း ဆွဲဆောင်မှုရှိသည်။ မိတ်ကပ်လိမ်းနည်း၊ မျက်လုံး၊ မျက်ခုံးခြယ်နည်း၊ နှုတ်ခမ်းဆိုးနည်းတို့ ကို လက်တွေ့ပြသရင်း ပြောဆိုသွားပုံက ချစ်စရာကောင်းသည်။ ဟန်မလုပ်သဘာဝအတိုင်း 'ကျွန်တော် ကျွန်တော်'နှင့် ပြောတတ်သည်။ အရပ်သူများအနေနှင့် ရုပ်ရှင်မင်းသမီးများကဲ့သို့ ခြယ်သရန်မလို။ သွားမည့် နေရာအလိုက်ပြင်ဆင်ရန်' သာဖြစ်သည်။ ဝင်းမင်းသန်းက ဈေးဝယ်ထွက်သောအခါ၊ ညဘက်ဧည့်ခံ ပွဲသွားသည့်အခါ လိမ်းခြယ်နည်းကို လက်တွေ့ပြသသွားသည်။ အသက်ကြီးသူများ မည်ကဲ့သို့ ပြင်ဆင်ရမည်ကိုလည်း ပြသသွားသည်။ သူ့အမူအရာအပြုအမူတွေက ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိပါသည်။

ကျွန်မမှာ သူငယ်ချင်းတစ်ယောက်ရှိသည်။ တက္ကသိုလ်က ဆရာမပါပဲ။ ရုပ်ရည်လှပသည်။ မျက်နှာလေးက ချောမွတ်ပြီး အပြစ်ပြောစရာမရှိ။ ကိုယ်လုံးလေးကလည်း လှပကျော့ရှင်းသည်။ မျက်နှာမှာ ဘာမျှမလိမ်း။ အဝတ်အစားမြန်မာဆန်ဆန်။ ဆံပင်ကို ရိုးရိုးပဲထုံးဖွဲ့သည်။ လှပြီးသားဖြစ်၍ ကြည့်ကောင်းနေပါသည်။ နောင်ပြန်တွေ့သောအခါ အံ့သြမိသည်။ မျက်နှာမှာ ရောင်စုံခြယ်ထားသည်။ အဝတ်အစားကလည်း ခေတ်ဆန်သွားသည်။ ပင်ကိုအလှလေး ပျောက်ကွယ်သွားတော့သည်။ အိမ်ထောင်ရေး အဆင်မပြေ၊ ခင်ပွန်းသည်ကို အရွဲ့တိုက်သည် ထင်သည်။အတုအယောင်အလှနှင့် ဆွဲဆောင် ၍မရကြောင်း သူငယ်ချင်းကို သိစေချင်ခဲ့သည်။ ယခုအသက်ကြီးပိုင်းမှာ နှစ်ယောက်လုံးတရားဘက်လိုက်သွားကြသည်။ ရိပ်သာတွေဝင်၊ တရားအား ထုတ်သည်။ အလှူကြီးတွေပေးသည်၊ သူတို့ တိုက်အပေါ်ဆုံးထပ်ကိုပင် ရိပ်သာလုပ်ခွင့်ပေးသည်။ ရိုးသားသော အလှတွေကို ပြန်မြင်ရ၍ ကျွန်မတို့ ဝမ်းသာရပါည်။

အလှတရားဆိုသည်မှာ အရေပြားတစ်ထောက်သာရှိသည်ဟု ဆိုကြသော်လည်း သူများတွေထက် ထူးထူး ခြားခြားလှပသူများမှာ ရှေ့ဘဝကံ အကျိုးပေးကောင်းခြင်းကြောင့်သာဖြစ်ပါသည်။ အလှကြောင့် မာနတံခွန်မထူ မိဖို့၊ အလှကို တလွဲမသုံးမိဖို့ပင် မဟုတ်ပါလား။ ရုပ်လည်းလှ စိတ်လည်းလှပါက အတိုင်းထက်အလွန်ပင်ဖြစ်ပါသည်။ လှနိုင်ကြပါစေ။

ခင်စောတင့်

ခင်စောတင့်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.