14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
အေးခဲမသွားဘဲ နွေးထွေးစေချင်

လူ့လောကမှာ အချင်းချင်း (မိဘနှင့် သားသမီး၊ မောင်နှမများ၊ သူငယ် ချင်းများ၊ ဆရာနှင့်တပည့်၊ မိတ်ဆွေ များ၊ လုပ်ဖော်ကိုင်ဖက်များ၊ ချစ်သူများ) ချစ်ခင်ရင်းနှီးသော ဆက်ဆံမှု ဆိုတာရှိကြသည်။ Relationship ဖြစ်ပါသည်။ အဆက်အသွယ် Connetction မရှိလျှင်မူဝေးကွာနေကြ မှာဖြစ်သည်။ တစ်မြို့စီတစ်မြေစီနေ ထိုင်နေကြသောကြောင့် ဝေးကွာသည်လည်း ရှိသကဲ့သို့ အနေနီးသော်လည်း  ဝေးနေကြသည်လည်း ရှိပါသည်။ တစ်အိမ်တည်းနေပြီး အရင်း နှီးဆုံးသူများ အဆက်အဆံမရှိ။ အခေါ်အပြောမလုပ်ဘဲ ဝေးနေကြ သူများလည်း ရှိနေကြသည်။    အနေဝေး၍ သွေးအေးသည်ဆိုသော စကားက တချို့ဆက်ဆံရေးတွေမှာ မမှန်မကန်အံမဝင်ပြန်ပါဘူး။ လူအ မျိုးမျိုးစိတ်အထွေထွေပဲဖြစ်သည်။

ပညာသင်စဉ်အရွယ်မှာ အပေါင်းအဖော်တွေ အများကြီးဆုံကြရသည်။ သို့သော် စိတ်တူကိုယ်တူ ချစ်ခင်ပြီး ကြာရှည် ပေါင်းသင်းဆက်ဆံ နိုင်မည့်သူ ဆယ်ယောက်ရှိလျှင် ကံကောင်းသည်ဟု ဆိုရပါမည်။  ကျွန်မတို့ ဂါဝန်ဝတ်ကျောင်းသူဘဝမှ ယခုအသက် ၈ဝ အထိ အခင်မင်မပျက် ပေါင်းသင်းလာကြသည်မှာ လက ဆယ်ချောင်းအထိ ရေတွက်နိုင်ခဲ့သည်။ ယခုအခါမှာ သေမင်းက  အချိန်ကျ၍ ခေါ်သွားသဖြင့် ခြောက် ယောက်သာကျန်ပါသည်။ ခင်မင်မှုများက ခိုင်မြဲလျက်ရှိကြသည်။ စက်မှု တက္ကသိုလ်၊ အင်္ဂလိပ်စာဌာနမှာ အမှုထမ်းခဲ့စဉ်က ပြောမနာဆိုမနာညီ အစ်မတွေကဲ့သို့ ချစ်ခဲ့ကြသော လုပ်ဖော်ကိုင်ဖက်ဆရာမတွေဖြစ်ပါသည်။  ကာလကြာသောအခါ တစ်ယောက်က အင်္ဂလန်မှာနေသည်။ ခင်ပွန်းဆုံးမှ မြန်မာပြည်ကို ပြန်လာသည်။ တစ်ယောက်က ဖိလစ်ပိုင်၊ ချင်းမိုင်၊ အမေရိကန် စသည်တို့တွင်နေပြီး ယခုမိသားစုနှင့် ပြန်ရောက်ပါပြီ။ တစ်ယောက်က သံအမတ်ကြီးကတော်ဖြစ်၍ တိုင်းပြည်အမျိုးမျိုးတွင် နေခဲ့ပြီး သူ့ခင်ပွန်းဆုံးသွားပြီး ရန်ကုန်မှာနေနေသည်။ အပျိုကြီးတစ်ယောက်နှင့် ကျွန်မသာ ရန်ကုန်မှာ ရှိနေကြသည်။

နှစ်ပေါင်း ၅ဝ လောက်ရှိမှ ကျွန်မတို့ငါးယောက် ပြန်ဆုံကြပြီး တစ်နေ့က စိမ်းလန်းစိုပြည် စားသောက်ဆိုင်မှာ စားသောက်ကြသည်။ ကျွန်မတို့ အိုတာတွေ မေ့သွားပြီး အသက် ၃ဝ မပြည့်တပြည့် အရွယ်တွေတုန်းကကဲ့သို့ ပျော်ရွှင် နွေးထွေးစွာစားကြ၊ စကားတွေပြော ကြ၊ အင်းလျားကန်ဘေးမှာ ဓာတ်ပုံ ရိုက်ကြသည်။ အာစရိယပူဇော်ပွဲတွေမှာ ပြန်ပြီးဆုံကြရဦးမည်ဖြစ် သည်။ ရိုးသားစွာချစ်ခင်ခဲ့ကြသဖြင့် အဆက် အသွယ်အကြာကြီးပြတ် နေကြသော်လည်း ဆက်ဆံရေးက မပြောင်းလဲဘဲ နွေးထွေးဆဲပဲဆိုသည်ကို ခံစားရပြီး ကျေနပ်ဝမ်းမြောက်မိပါသည်။

ကျွန်မတို့ စာပေမိတ်ဆွေများ တွေ့ဆုံနေကျ ကြာသပတေးစကားဝိုင်းမှာ နှစ် ၂ဝ တိုင်ခဲ့ပါပြီ။ Unity စာအုပ်ဆိုင်ရှိရာ နောင်သောအခါ  မုံရွေး စာအုပ်ဆိုင်ရှိရာ မြေနီကုန်းက 'စိန်ရွှေထွန်း လက်ဖက်ရည်ဆိုင်ကစ ခဲ့ကြသည်။ စမ်းချောင်း၊ အလုံစသောဆိုင်တွေ ပြောင်းခဲ့ပြီး ယခုအခါ ရန် ကုန်တက္ကသိုလ်ထဲက ဦးချစ်ဆိုင်မှာ စတည်းချနေကြသည်။ အမာခံ မိတ် ဆွေတချို့ မလာတော့သော်လည်း ကျွန်မတို့ရှစ်ယောက်၊ ကိုးယောက်ခန့် ရှိပါသေးသည်။ မိတ်ဆွေများ တိုးလာရာ ယခုနှစ်ဆယ်ကျော်နေပါပြီ။ လွန်ခဲ့သော နှစ်နှစ်က ကျွန်မတို့ စာပေဝိုင်းမှ ဆရာဦးခင်မောင်ဇော် နှင့် စပယ်ဖြူနုတို့ အမျိုးသားစာပေ ဆုရခဲ့ကြပါသည်။ ယခုအခါ ဦးခင်မောင်ဇော် ကွယ်လွန်သွားပါပြီ။

ယခုနှစ်မှာ အမျိုးသားစာပေ ကဗျာဆုကို ကိုရွေး (ကိုစိုးဝင်း) ရသည်။ ခေတ်ပေါ်ကဗျာဆုကို ပထမဦးဆုံးရသဖြင့် ဝမ်းသာဂုဏ်ယူကြသူများပါသည်။ ကျွန်မတို့ ကြာသပတေးဝိုင်းမှကိုရွေးကို ဂုဏ်ပြုနေ့လယ်စာ ကျွေးသည်။ အဖွဲ့သားများ ပျော်ပျော် ရွှင်ရွှင် ဝိုင်းဖွဲ့စကားပြောစားသောက် နေကြသည်ကို ကြည့်ပြီး နှစ် ၂ဝ တိုင်တိုင် ရင်းနှီးခင်မင်မှု ခိုင်မြဲပြီး နွေးထွေးကြဆဲပါလားဟု စဉ်းစားပြီး ပီတိဖြစ်မိပါသည်။ မိသားစုများကဲ့သို့ ဖြစ်နေပါပြီ။

အိမ်သားတွေနှင့် ဆက်ဆံရေး ပုံစံကလည်း ယခုခေတ်ပုံစံအတိုင်းပါပဲ။ သားက စင်ကာပူမှာ အလုပ်လုပ်သည်။ ချွေးမက သံရုံးမှာ အရာရှိ၊ မြေးယောက်ျားလေးတစ်ယောက်ရှိသည်။ မနက်တိုင် သူတို့ သားအမိ လောလောလောလောနှင့် ထွက်သွားကြသည်။ ကျွန်မက ခြံထဲမှာ မြေး ပြန်လာလျှင် သူစားရန်ပြင်ထားသည်ကို သတိပေးရသည်။ သူက သူ့ အခန်းထဲမှာနေသည်ကများသည်။ အပြင်သွားလျှင် အမေက သင်ထား  သဖြင့်  အဘွားကို ပြောပြီးမှသွားသည်။ ကျွန်မက အလွန်အကျွံ စိတ်ပူတတ်သော အဘွားမဟုတ်ပါ။ ချွေးမက ညနေ ၆ နာရီကျော်မှ အလုပ်ပင်ပန်းပြီး ပြန်ရောက်သည်။ ညထမင်းဝိုင်းမှာ ဆုံကြမှပြောစရာရှိသည်ကို ပြောရသည်။ ပြီးလျှင် ကိုယ့်အခန်းထဲကိုယ်နေကြ၊ သူတို့ဖုန်းပြောစရာရှိသည်ကို ပြောကြသည်။ ကျွန်မကတော့ တရားနာပြီး ၁၁ နာရီမှ အိပ်ပါပြီ။ တခြားမြေးတွေနှင့် ဆက်ဆံရေးကို တွေးကြည့်သည်။ နိုင်ငံခြားမှ မြေး ငါးယောက်နှင့်က သူတို့ပြန်လာမှတွေ့ရသည်။ အဘွားက ညစာကျွေးပြီး အမှတ်တရ ဓာတ်ပုံရိုက်သည်။ အားလုံးဆုံနိုင်ရန်မှာ မလွယ်ကူပါ။ ကပ်ရက်အိမ်မှ မြေးငယ်က  အမေရိကန်မှ ခဏပြန်ရောက်နေသည်မှာ နှစ်ပတ်ခန့်ရှိပြီး အဘွားနှင့် တစ်ခါမှမတွေ့ရသေး။ မိဘများကလည်း သွားတွေ့ရန်ပြောဖို့ အချိန်ရှိဟန်မတူ။ ဆက်ဆံရေး အေးခဲလေစွ။ ရန်ကုန်မှာ အလုပ်လုပ်နေသော မြေးနှင့်လည်းအကြောင်းဆုံမှ တွေ့ရသည်။  အဘွားကတခြား သူတို့ကတခြား။

ဆရာကြီး ဦးမောင်မောင်စိုးတင့်၏ Talk ကို TV မှာ ကြားလိုက်ရသည်။ သူနိုင်ငံခြားရောက်လျှင် နှစ်ပတ်လောက်နေလျှင် အိမ်ကိုလွမ်းပြီဟု ပြောသည်။ နိုင်ငံခြားသားမိတ်ဆွေက နားမလည်နိုင်။ သူတို့မှာ လွမ်းတာဆွေးတာတွေမရှိ။ မိဘတွေအိုလာလျှင် Nursing House ကို ပို့လိုက်ကြောင်းပြောသည်။ ဆရာ ကြီးတို့ မိသားစုက နှစ်သစ်ကူးနေ့မှာ သားသမီးမြေးမြစ်အားလုံး ဆုံကြသည့် ဓလေ့ရှိသည်။ ကွယ်လွန်သူ ဘိုးဘွားတွေအတွက် နှစ်စဉ်ဝဲပျံကျောင်းမှာ စုပေါင်းပြီး အလှူလုပ်သည်။ ကောင်းလိုက်သည့် ဓလေ့ထုံးစံများဖြစ်ပါသည်။

ကျွန်မက ခင်ပွန်းအတွက် နှစ်စဉ်အလှူလုပ်သည်။ သားသမီးအား  လုံးပါဝင်စေသည်။ ကျွန်မမွေးနေ့မှာ သူတို့အမေကို ငွေနှင့်ကန်တော့လျှင် မွေးနေ့အလှူထဲမှာ ထည့်ပြီးလှူပေးသည်။ ဝါဆိုကထိန်ချိန်များတွင် သူ တို့ကိုပါ ကုသိုလ်ရစေချင်၍ လှူရန်တိုက်တွန်းသည်။ မိဘတို့၏ မျှော် လင့်ချက်များကို ကျွန်မ မရှိသည့်နောက် ဆောင်ရွက်နိုင်ကြမည်လား မသိနိုင်ပါ။ ကျွန်မအစွဲအလမ်းမထားတော့ပါ။

တစ်နေ့က အမေရိကန်မှ မြေးမွေးနေ့မှာ Day Care Center  (အဘိုး အဘွားများ)  မှာ တစ်နေ့စာ အာဟာရသွားလှူကြသည်။ မြေး၏ ဆန္ဒ အရဖြစ်ပါသည်။ အဘိုး၊ အဘွား ၈ဝ ကျော်ရှိသည်။ အုပ်ချုပ်ရေးမှူး ဒေါက်တာကေသီကျော်က ပြောပြသည်မှာ ''အဘိုး၊ အဘွားတို့က အိမ်မှာ အထီးကျန်ဖြစ်နေကြတဲ့အတွက် ဒီမှာလာရတာကို ပျော်ကြတယ်။ စကားပြောဖော်ရတယ်။ ဝါသနာပါရာကို လုပ်နိုင်တယ်။ Depression ဖြစ်နေတဲ့ အဘိုးကတဖြည်းဖြည်း ကောင်းလာပြီ'' သူတို့ကို အပို့အကြို လုပ်သော ဖယ်ရီရှိပါသည်။ တချို့ကို သားသမီးတွေက လိုက်ပို့သည်။ တချို့ သူတို့ဘာသာသူတို့လာကြသည်။ မနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖြစ်ပါသည်။ ဘဝနေဝင်ချိန်မှာ အဖော်တွေနှင့် ရင်းနှီးဆက်ဆံ ခွင့်ရနေကြသည့် အဘိုး၊ အဘွားတွေကို ကြည့်ပြီးကြည်နူးရပါသည်။ ဆရာ ဝန်တစ်ဦးက ကျန်းမာရေး ကြည်ရှုပေးပါသည်။

ကျွန်မသားရဟန်းက ယခုအခါ တိုင်းသိပြည်သိ မထေရ်ဖြစ်နေပြီး လှူမည့်ဝေနေယျများပေါများလှသည်။ လွန်ခဲ့သော နှစ် ၂ဝ ကတည်းက သားအရင်းကဲ့သို့ စောင့်ရှောက်ခဲ့ပြီး အမွေပေးစရာရှိလျှင် သားသမီးများနှင့် အညီအမျှပေးခဲ့သည်။ တစ်နေ့လူထွက်ခဲ့သော်ဟုတွေးပြီး မျက်နှာမငယ်ရ လေရန် ရွှေဒင်္ဂါးတစ်ပြား တစ်ပြား မွေးနေ့တိုင်းစုပေးခဲ့သည်။

အသက် ၄ဝ ကျော်မှာ မေးကြည့်သောအခါ လူမထွက်ပါဘူးဟု မိန့်သည်။

နှစ်ပေါင်းများစွာတိုင် ရန်ကုန်မှာရှိပါက ဆွမ်းကပ်မပျက်ခဲ့ပါ။ စားပွဲမှာ ဆွမ်းဟင်းတွေလျှံနေသော်လည်း ကျွန်မဆွမ်းဟင်းနှစ်ခွက်ကတော့ ပါမြဲဖြစ် သည်။ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ဆွမ်းလာမကပ်နှင့်တော့ ကျောင်းဒကာအိမ်ကဆွမ်းပဲ ဘုန်းပေးတော့မည်ဟု အမိန့်ထုတ်သည်။ ယခင်က နေ့စဉ်ဧည့်အဖူးခံသော်လည်း တစ်ပတ်တစ်ခါသာ အဖူးခံသည်။ လူအများကြားမှာ သားအမိချင်း နွေးနွေးထွေးထွေးမပြောနိုင်တော့၍ မသွားပါ။ အကြောင်းကိစ္စ ရှိ၍လျှောက်ချင်လျှင် ဖုန်းက ပိတ်ထားသည်။ ဦးဇင်းပြောချင်သူတွေထဲမှာ ကျွန်မနှင့် သူ့မယ်တော်မပါလောက်ပါ။ အဆက်အသွယ် မရှိတော့သည့်အတွက် ဆက်ဆံရေးလည်း အေးခဲသွားပါသည်။                   ကျွန်မနှင့် သားသမီးမြေးမြစ် တွေကြားမှာ ဆက်ဆံရေးသံယောဇဉ်က ဝေးဝေးသွားပြီး အေးခဲသွားသကဲ့သို့ တခြားသူများလည်း ခံစားဖူးကြမည် ထင်ပါသည်။ ကျွန်မက တစ် ယောက်တည်းနေတတ်သွားသဖြင့် နှလုံးသွင်းဆင်ခြင်ပြီး နေပါသည်။ သို့ သော် စာဖတ်သူများကိုတော့ အချင်းချင်းဆက်ဆံရေးတွေ၊ သံယောဇဉ် လေးတွေ အေးခဲမသွားစေချင်ပါ။ နွေးနွေးထွေးထွေးရှိကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါ သည်ရှင်။

''ချစ်တာတွေ၊ မေတ္တာတွေက အနိစ္စတရားပါပဲ''

ခင်စောတင့်

ခင်စောတင့်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.