16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
အတွေးသမားရဲ့ အရေးအသား-2  

လူဆိုတာ နှစ်ဖက်လွှနဲ့တူတယ်။

ဘာကြောင့် ဒီလိုတုံးတိတိနှိုင်းရသလဲဆိုတော့  လူတစ်ယောက်မှာ စိတ်ကောင်းနဲ့စိတ်ယုတ် ဒွန်တွဲတည်ရှိနေလို့ပဲ။

တရားဓမ္မလေသံနဲ့ ပြောရရင်တော့ ကုသိုလ်စိတ်နဲ့ အကုသိုလ်စိတ်ပါ။

ကဗျာဆန်ရရင်တော့ လူ့နှလုံးသားဟာ တစ်ခြမ်းကဖြူပြီး နောက်တစ်ခြမ်းက မည်းနေလို့ပါပဲ။                လူ့အဖွဲ့အစည်းကြီးတည်မှီရာ ကမ္ဘာနဲ့ချီပြီး ပြောရမယ်ဆိုရင်တော့ (အားတော့နာပါရဲ့)ဟောသည့် ကမ္ဘာကြီးဟာ အကုသိုလ်ကြီးစိုးတဲ့ နိုင်ရာစား လောကကြီးတစ်ခုပါပဲ။

ရှင်းရှင်းကလေးပဲကြည့်။

အင်အားအကြီးဆုံးဆိုတဲ့နိုင်ငံဟာ လူသတ်လက်နက်အများဆုံးနဲ့ အဲသည် လက်နက်တွေကို ကျွမ်းကျွမ်းကျင်ကျင် သုံးစွဲနိုင်တဲ့ ကြေးစားစစ်သားအများဆုံး ပိုင်ဆိုင်ထားတဲ့နိုင်ငံပဲ။        စိတ်ကောင်းစေတနာကောင်းရှိကြပြီး လူတိုင်းလူတိုင်း ဗြဟ္မာစိုရ် တရားလက်ကိုင်ထားပါတယ်ဆိုတဲ့ နိုင်ငံမျိုးရှာကြည့်ပါ။

မရှိပါဘူး။

မြို့တစ်မြို့ လောက်ရှာပြစမ်းပါ။ မရှိပါဘူး။

ရွာတစ်ရွာလောက်ရှာပေးပါ။ မရှိပါဘူး။

အသေးငယ်ဆုံးလို့ခေါ်ရမယ့် ဇနပုဒ်ရွာငယ်ကလေးတစ်ရွာမှာတောင် အနည်းဆုံး ယစ်ထုပ်တစ်ယောက် (ဒါမှမဟုတ်) သူခိုးတစ်ယောက်တော့ရှိနေမှာပဲ။

တိုင်းကြီးပြည်ကြီး၊ မြို့ကြီးပြကြီးတွေမှာလည်း 'မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူး' တွေက ခြေချင်းလိမ်နေကြတာ။ ရှာကြည့်လိုက်ပါ။ တွေ့ရပါလိမ့်မယ်။

တချို့ဆရာများက လျှော့လျှော့ ပေါ့ပေါ့သုံးသပ်ကြပါတယ်။

''အကောက်အကွေးတွေများတဲ့ ဝါးတောကြီးထဲမှာ ယောင်ယောင် ကလေးကောက်တဲ့ဝါးကိုပဲ ဝါးဖြောင့်လို့ သတ်မှတ်ရမှာပေါ့''တဲ့။

''လောကမှာ ခြောက်ပြစ်ကင်း သဲလဲစင်ဆိုတာ မရှိဘူး''တဲ့။

ဟိုတစ်ခေတ်တုန်းက လစ်ရင်လစ်သလို ခိုးတတ်တဲ့ (သမ)လူကြီး တစ်ယောက်ကပြောတယ်။ 'ရေကူးတဲ့သူဟာ ပါးစပ်ထဲတော့ ရေဝင်မှာ ပဲ'တဲ့။

ဟိုတုန်းက တချို့အစိုးရဌာန ဆိုင်ရာတွေမှာ 'ဝိုင်းကြီးချုပ်' စနစ်ဆိုတာ ရှိခဲ့ဖူးတယ်။ အမှန်က ဝိုင်းကြီးချုပ်ဆိုတာ စုပေါင်းဝေမျှပြီး တာဝန်ယူကြ၊ တာဝန်ခံကြရတာ။

ခုတော့  အဲသလိုမဟုတ်ဘူး။ တက်ညီလက်ညီနဲ့ ပြည်သူ့ဘဏ္ဍာကို ဝိုင်းခိုးကြတာ။ ''ကျွန်တော် မခိုးချင်ပါဘူး'' ပြောလို့မရဘူး။ အဲသည်တော့ မခိုးချင်တဲ့သူခမျာမှာ ခံစရာရှိသူပါ  ရောခံရမှာမို့ 'ခိုးသားလေးဆယ်' ပါတီဝင်ဖြစ်ရတော့တာပဲ။

''မိုးခါးရေ မသောက်တဲ့သူဟာ အရူး''လို့ မိုးခါးရေသောက်ပြီး ရူးနေတဲ့ အရူးတွေက မိုးခါးရေမသောက်တဲ့ လူကောင်းကိုဝိုင်းပြီး လက်ညှိုးထိုးကြတယ်ဆိုတဲ့ ပညာပေးပုံပြင်ဟာ ရှေး နှစ်ပေါင်းများစွာကတည်းက ပေါ်ထွက်ခဲ့တဲ့ ပုံပြင်ပဲ။

အဲသဟာကြောင့် သည်ကနေ့ကမ္ဘာကြီးမှာ မိုးခါးရေသောက်ပြီး ဖြစ်ချင်တိုင်းဖြစ်နေ ကြတာ။

''သဟာ ငါ့ပိုင်နက် ငါပဲကြီးစိုးမယ်''ဆိုပြီး ဓားပြဂိုဏ်းတွေ စားကျက်အလုခံရတဲ့ ရွာတစ်ရွာနဲ့ သည်ကနေ့ ကမ္ဘာကြီးဟာ အတူတူပဲ။ ရှေးကလည်း သည်အတိုင်းပဲ။ နောင်လည်းသည်အတိုင်း သွားနေဦးမှာလို့ ထင်ပါရဲ့။

ရှေးရှေးပဒေသရာဇ်ခေတ်ကဆို ရွာတစ်ရွာမှာ အာဏာရသူကြီးနဲ့ သူ့ဆွေမျိုး၊  တပည့်တပန်း အသိုင်းအဝိုင်းက အဲသည်ရွာကို မလျော်သြဇာသုံးပြီး လွှမ်းမိုးထားခဲ့သလို ပဒေသရာဇ်ဘုရင်နဲ့ သူရဲ့မှူးကြီး မတ်ရာ သေနာပတိ၊ နောက်လိုက် နောက်ပါ အသိုင်းအဝိုင်းက သူတို့ရဲ့ အာဏာစက်ကျရာ နယ်မြေမှန်သမျှအပေါ် လွှမ်းမိုးအုပ်စီးထားခဲ့ကြတာပါပဲ။  ဖိနှိပ် စော်ကားလွန်းလို့ အုံကြွတော်လှန်ရင် 'သူပုန်' ဆိုပြီး တရားလက်လွတ်ရက်ရက်စက်စက် နှိပ်ကွပ်တော့တာပါပဲ။

ဒါမျိုးက ကိုယ့်နိုင်ငံ အပါအဝင် နိုင်ငံတကာမှာ ဖြစ်ခဲ့ပျက်ခဲ့၊ သမိုင်းကို အကျည်းတန်စေခဲ့တာပါ။     ဥရောပသားနယ်ချဲ့တွေ လွှမ်းမိုးတဲ့ ကာလလည်းရောက် ရော၊ လူစင်စစ်ဘဝကနေ ထားရာနေ၊ စေရာသွားရတဲ့ ကျွန်ဘဝရောက်ကုန် ကြတော့ တာပ။

ကိုယ့်နိုင်ငံ သမိုင်းအပါအဝင် နိုင်ငံတကာ သမိုင်းတွေမှာ အလှ အပတစ်ကွက်တလေမျှတောင် မပါရှိခဲ့တာကို တွေ့နိုင်မှာပါ။ Might is Right ဆိုတဲ့ အင်အားနဲ့ လွှမ်းမိုးအနိုင်ယူ၊ အသာစီးကနေ လူဝါးဝတဲ့ဝါဒတွေ ထွန်းကားတွင်ကျယ်ခဲ့တာ အရှိန်မတန့်သေးပါဘူး။ ဒါကို တချို့က 'ကိုလိုနီနယ်ချဲ့လက်သစ်' လို့ သမုတ်ကြပါတယ်။ အဲသည်လက် သစ်ဝါဒအရ ရှေးကလို စစ်အင်အား သုံးပြီး နယ်မြေသိမ်းပိုက်တာမျိုး မလုပ်တော့ပါဘူး။ နိမ့်ပါးဆင်းရဲတဲ့ နိုင်ငံကို စီးပွားရေးအင်အားနဲ့ လွှမ်းမိုးချုပ်ကိုင်ပြီး တပည့်မွေးလိုက်တာပါပဲ။ အဲသည်နည်းကလည်း ကိုလိုနီပြုတာလိုပဲ နာကြည်းစိတ်ပျက်စရာပါ။

ပကတိအခြေအနေအတိုင်း ပြောရရင် ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုတာ ကမ္ဘာပေါ်မှာ အ ဆင်းရဲဆုံးနိုင်ငံတွေထဲမှာ အထင်အ ရှား ပါဝင်နေတာပါ။

ရန်ကုန်၊ မန္တလေးနဲ့ နေပြည် တော်က အဆောက်အအုံတွေကြည့် ပြီး 'ငရို့နိုင်ငံဟာ ခံ့ညားလှပကျက်သ ရေရှိပေစွ' လို့ အတွေးမမှားလိုက်ပါနဲ့။ အဲသဟာတွေက ပင်လယ်ရေမျက် နှာပြင်ပေါ်မှာ ပေါ်လောပေါ်နေတဲ့ ရေခဲတုံးကြီးရဲ့ ထိပ်ဖျားပိုင်းလိုပါပဲ။ ရေအောက်မှာ မြုပ်နေတဲ့ ရေခဲတုံးကြီးရဲ့ အစိတ်အပိုင်းက ဧရာမကြီးပါ။ ရှင်းရှင်းပြောရရင် 'ရွှေကျောင်း ပြောင်ပြောင်ဝမ်းခေါင်ခေါင်ဘဝ'ဆိုတာ မြန်မာနိုင်ငံရဲ့ ဘဝပါပဲ။

ဘာကြောင့် သည်လိုဖြစ်ရသလဲဆိုရင် ပညာတတ်လေပေါက်နဲ့ မိန့်ရရင် Mismanagement ပေါ့။ စီမံခန့်ခွဲမှု အမှားအလွဲတွေကြောင့်ပေါ့။ ဒါက လူလိမ္မာစကား။ တဲ့တိုးပြောတဲ့ လူမိုက်စကားနဲ့ ပြောရရင်တော့ 'မျိုးချစ်စိတ်နည်းပါးတဲ့ လူတွေ ပေါများလို့၊ စည်းမဲ့ကမ်းမဲ့ ပရမ်းပတာသမားတွေများလို့၊ ငြိမ်းချမ်းရေးကို တန်ဖိုးမထားတတ်တဲ့ (ငို့ဘ) သတ္တဝါတွေများလို့၊ အတွေးအခေါ်မှာ (၁၈) ရာစုလောက်မှာပဲ ကျန်ခဲ့တဲ့သူတွေများလို့' စသည်ဖြင့် ခပ်ရှင်းရှင်းပြော ရတော့မှာပဲ။

ပြည်သူလူထုရဲ့ စစ်မှန်တဲ့ ဆန္ဒမဲတွေနဲ့ အစိုးရဖြစ်လာခဲ့တဲ့ ပြည်သူ့ ဒီမိုကရေစီအစိုးရဟာ သက်တမ်းနှစ်နှစ်လောက်မှာ ပြဿနာတွေ ဝိုင်း ဝိုင်းလည်နေပါတယ်။ အစိုးရကိုကူညီပါ။ မကူညီချင်ရင်လည်း ဘေးထွက်ထိုင်နေ။ မနှောင့်ယှက်ပါနဲ့ ဒါပါပဲ။

 

ကြူးနှစ်

ကြူးနှစ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.