16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ခပ်လျှိုလျှိုသာနေလိုသူများ  

လူအများတို့သည် အများအားဖြင့် ထင်ပေါ်လိုကြသည်။ လူအများ၏ အာရုံစိုက်မှုကို ခံယူလိုကြသည်။ လူအများ၏ အထင်ကြီးမှုကို ခံယူလိုကြသည်။ ထို့ကြောင့် မိမိတို့မှာရှိ သော  ဝတ်စားအဆင်တန်ဆာ အဆောင်အယောင် စသည်တို့ဖြင့်ထုတ်ပြကာ မိမိတို့၏ အဆင့်အတန်းကို အများမြင်အောင် ပြတတ်ကြသည်။

အချို့သော သူများသည် မိမိတို့မှာရှိသော ဂုဏ်အဆင့်အတန်းထက်ပင်လွန်၍  မရှိတာကို အရှိလုပ်၍တောင် ကြွားဝါပလွှားလိုတတ်ကြ သေးသည်။

သို့ရာတွင် အချို့သော သူများမှာမူ ထင်ပေါ်မှု၊ လူအများအာရုံစိုက်မှု၊ အလွန်အကဲ အရိုအသေပေးမှုမျိုးတို့ကို သာယာလိုစိတ်နည်းလှပြီး ဖြစ်နိုင်လျှင် လူမသိသူမသိ ခပ်လျှိုလျှို (low profile) ဖြင့်တောင်နေချင်တတ်ကြသည်။ ထိုသို့သော ပုဂ္ဂိုလ်မျိုးများ ကား ထောင်လွှားလိုသောမာနကို ချိုးနှိမ်ထားနိုင်သည့် နိဝါတနှင့် ပြည့်စုံသော သူများဟု ဆိုနိုင်သည်။

ထိုသို့သော ပုဂ္ဂိုလ်များကို ကိုယ်တွေ့အားဖြင့် ကြုံဖူးသည်များလည်း ရှိခဲ့ဖူးပါသည်။ စာပေမှတ်တမ်းများတွင်လည်း တွေ့ရဖူးပါသည်။

ကျွန်တော်ငယ်စဉ်က ပျဉ်းမနားသကြားစက်တွင် အလုပ်လုပ်ချိန် ကျွန်တော်နှင့် လွန်စွာရင်းနှီးသော သူငယ်ချင်းတစ်ဦးက သူရှက်၍  မျက်နှာအထားရခက်သော ဖြစ်ရပ် တစ်ခုကို ပြောပြဖူးသဖြင့် လူမသိသူမသိ ခပ်လျှိုလျှိုနေတတ်သောအရာ ရှိကြီးတစ်ဦး၏အကြောင်းကို သိခဲ့ရဖူးသည်။

၁၉၅၇-၅၈ ခုနှစ်လောက်က ကျွန်တော့်သူငယ်ချင်းသည် ကိစ္စတစ်ခုနှင့် ရန်ကုန်သို့ ခရီးသွားရာမှ ပျဉ်းမနားသို့ မီးရထားဖြင့် ပြန်လာသည်။ ရိုးရိုးတန်း (တတိယတန်း)မှ လိုက်ပါလာရာ မျက်နှာချင်းဆိုင်ခုံတွင် လိုက်ပါလာသော အသက် ၅ဝ ကျော်ခန့်ရှိမည့် လူကြီးတစ်ဦးနှင့်  စကားတွေဖောင်ဖွဲ့၍ (လူကြီးက တစ်ခွန်းနှစ်ခွန်းသူက တရစပ်) ပြောလာခဲ့သည်။

ခရီးဖော်လူကြီးက ဘယ်သွားမှာလဲဟုမေးတော့ ပျဉ်းမနားသွားမည်ဖြစ်ကြောင်း၊ ဘာလုပ်သလဲဟုမေးတော့ ပျဉ်းမနားသကြားစက်တွင် လုပ်ကြောင်းပြောကာ ခရီးဖော်လူ ကြီးမေးတာရော မမေးတာကိုပါ ပျဉ်းမနားသကြားစက်ကြီးသည် ဘယ်မျှကြီး၍ ဟိတချိဂျပန်ကုမ္ပဏီက ဘယ်နှခုနှစ်တွင် တည်ဆောက်ကြောင်း၊ ကျပ်သိန်းပေါင်း ဘယ်မျှကုန်ကြောင်း၊ အလုပ်သမားတွေ ဘယ်မျှရှိကြောင်း စသည်တို့ဖြင့် ဟုတ်တာမှန်တာရော၊ ဖြီးလုံးဖြန်းလုံးများဖြင့်ပါ ခရီးဖော်ကြီးအား ခပ်ကြွားကြွား ပြောလာခဲ့လေသည်။

ရထားသည် ပျဉ်းမနားဘူတာသို့  ဆိုက်သောအခါ ဘူတာတွင် ပျဉ်းမနားသကြားစက်မှ စက်ရုံမန်နေဂျာ (စက်ရုံမှူး)နှင့်တကွ စာရင်းကိုင်အရာရှိချုပ်၊ အင်ဂျင်နီယာချုပ်အစ ရှိသော အရာရှိကြီးများကို မြင်ရသည်။ စက်ရုံမှ အရာရှိများသည် မိမိတို့ ကြိုဆိုနေသော ပုဂ္ဂိုလ်ကို အထက်တန်းတွဲများတွင် မတွေ့ရသောအခါ ရိုးရိုးတန်းတွဲများဘက်သို့ပါ အမြန်လျှောက်လာပြီး ရှာဖွေကြလေသည်။ သူငယ်ချင်းနှင့်အတူ စီးလာသည် တောသားကြီးပုံပေါက်နေသော ခရီးဖော်ကြီးသည် ''ကဲ-တူမောင်၊ ဦးအရင်ဆင်းတော့မယ်နော်''ဟု နှုတ်ဆက်၍ ဆင်းသွားရာသကြားစက်မှ အရာရှိကြီးများသည် ယခုမှပင် မိမိတို့ ကြိုသည့်ခရီးသည်ကို တွေ့ဟန်ဖြင့် ထိုလူကြီး၏ ခရီးဆောင်အိတ်ကို ဆီးကြိုဆွဲယူ၍ တလေးတစား ကြိုဆိုနှုတ်ဆက်ကြလေသည်။

ဤတွင် ကျွန်တော့်သူငယ်ချင်းသည် သူဖြီးဖြန်းပြောဆိုလာသော လယ်သမားကြီးပုံပေါက်နေသည့် ထိုလူကြီးကို မိမိတို့၏ စက်ရုံမန်နေဂျာ ကိုယ်တိုင် ရိုသေလေးစားစွာဖြင့် သူ့အိတ်ကို ဆွဲယူကြိုဆိုနေရပါကလားဟု သဘောပေါက်သွား၍ ထိုပုဂ္ဂိုလ် ကြီးဆင်းသော တံခါးပေါက်မှ မဆင်းဝံ့တော့သဖြင့် အခြားအပေါက်မှ ဆင်း၍ ပြေးခဲ့ရလေသည်။

နောက်ရက်တွင် သူငယ်ချင်းရုံးသို့ သွားသောအခါ  စက်ရုံမန်နေဂျာက ရုံးဝန်ထမ်းများအားလုံးကိုရုံးရှေ့ အလံတိုင်အနီးမှ မြေကွက်လပ်၌ စုဝေးစေသည်။ အရင်နေ့က  ရထားပေါ်တွင် အတူတူစီးလာပြီး သူဖြီးဖြန်း ကြွားဝါခဲ့သော ပုဂ္ဂိုလ်ကြီး၏ သြဝါဒကို ခံယူကြရန် ဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်ကြီးက သူငယ်ချင်းကို မြင်သဖြင့်  ''သြော်-မနေ့တုန်းက တူမောင်ကိုး''ဟု နှုတ်ဆက်ပါသတဲ့။ ''ငါ့မျက်နှာ ဘယ်နားသွားထားရမှန်းမသိ တောင်ဖြစ်သွားတယ်ကွာ''ဟု သူငယ်ချင်းက ပြန်ပြောပြဖူးလေသည်။

အဘယ်ကြောင့်ဆိုသော်  ထိုပုဂ္ဂိုလ်ကြီးမှာ မြန်မာနိုင်ငံရှိ သကြားစက်အားလုံးကို အုပ်ချုပ်ရသော သကြားစက်များ၏ အမှုဆောင်အရာရှိချုပ် CEO ဦးကျော်ဒင်ဖြစ်နေသောကြောင့်ပင်။ ကျွန်တော်တို့ အောက် တန်းစာရေးများ လခ ၁၂ဝ ကျပ် ကျော်ရချိန်က သကြားစက်၏ စက်ရုံမန်နေဂျာသည် လခ ၁၂ဝဝ ကျပ်ရပါသည်။ ကျွန်တော့် သူငယ်ချင်းရထားပေါ်တွင် တောသားလူရိုးကြီး အထင်ဖြင့် ဖြီးဖြန်းကြွားဝါပြောဆိုခဲ့သူမှာ ထိုသို့လစာ ၁၂ဝဝ ကျပ်ရသော စက်ရုံမှူးလို အထက်တန်း အရာရှိကြီးများထက် ပို၍  အဆင့်မြင့်သော ရာထူးရှိသည့် ပုဂ္ဂိုလ်ဖြစ်ပါသည်။ သို့ရာတွင် CEO ဦးကျော်ဒင်သည် သာမန်ဝန်ထမ်းတစ်ဦးလိုပင် ရိုးရိုးတန်းမှပင် ရထားစီးလာသဖြင့် ကျွန်တော့်သူငယ်ချင်းနှင့် တစ်တွဲတည်းစီး ခရီးဖော်အဖြစ် ကြုံလိုက်ရခြင်းဖြစ်သည်။

မန္တလေးတွင် တာဝန်ကျစဉ်က လုပ်ငန်းရှင်တစ်ဦးသည် ရန်ကုန်သို့သွား၍ သူ၏ သံရည်ကြိုလုပ်ငန်းအတွက် လိုအပ်သော ပစ္စည်းတစ်မျိုး လျှောက်လိုသဖြင့် ကျွန်တော်တို့ ရုံးသို့လာ၍ ထောက်ခံချက်တောင်းဖူးသည်။  ကျွန်တော်သည်  သူ့လိုအပ် ချက်ကို  မဆိုင်းမတွပင် ဆောင်ရွက်ပေးလိုက်ရာ သူသည် ကျွန်တော့်ကို လေးစားကျေးဇူးတင်သွားဟန်တူသည်။ သူလျှောက်သော ပစ္စည်း တချို့တစ်ဝက်ရ လာသည့်အခါ ကျွန်တော့်အိမ်ကို စုံစမ်း၍ရောက်လာကာ ဇွတ်အတင်း ငွေကြေးအတန် အသင့်ပေးသည့်အပြင် ဈေးချိုထဲမှ သူ့ဆိုင်လိပ်စာကိုပြောပြပြီး သူ့ဆိုင်မှာရှိသမျှ ပစ္စည်းထဲက လိုချင်သည့်ပစ္စည်းကို   ပြောပါဟုလည်း ပြောပါသည်။ ဘာကိစ္စရှိရှိ လိုအပ်သော အကူအညီပြောပါ၊ သူပေးနိုင်သမျှပေးပါမည်ဟု ပြောပါသည်။

ထိုပုဂ္ဂိုလ်သည် ကျွန်တော်နှင့်သိတာ အတန်ကြာသောအခါတွင်မှ သူသည် တိုင်းကောင်စီဝင်မည်သူ၏ ယောက္ခမဖြစ်ကြောင်း ပြောပါ၏။ (သူ့သမက်မှာ ကျွန်တော်တို့ တိုင်းဦးစီးကို ညွှန်ကြားနိုင်သော အာဏာအပြည့်ရှိသူဖြစ်ပါသည်။)

တစ်ခါတွင် ကျွန်တော်တို့ညွှန်ချုပ်က မန္တလေးမှ သံရည်ကြိုလုပ်ငန်းတွေကို ကြည့်လိုကြောင်းပြော၍ တိုင်းဦးစီးက ကျွန်တော့်အား စီစဉ်ခိုင်းသည်။ ထိုသူ၏ လုပ်ငန်းကိုလိုက်ပြရန်စီစဉ်ပြီး သူ့လုပ်ငန်းသို့ တိုင်းဦးစီးနှင့် ညွှန်-ချုပ်တို့နှင့်အတူ သွားသည်။ ကြည့်စရာကြည့်ပြီး နောက်သူက ဧည့်ခန်းကျဉ်းကျဉ်းတစ်ခုတွင် လက်ဖက်ရည်၊ ကော်ဖီတို့ဖြင့်ဧည့်ခံသည်။ အခန်းထဲ၌ ဓာတ်ပုံအချို့ ချိတ်ထားရာ ညွှန်-ချုပ်က ထိုဓာတ်ပုံများကို မျက်လုံးဝေ့ကြည့်နေကြောင်း မြင်တွေ့ရသောအခါ ထိုညွှန် -ချုပ်ကြည့်နေသော ဓာတ်ပုံကားကို နံရံမှဖြုတ်ယူလိုက်သည်။

ထို့နောက် ဓာတ်ပုံကို လက်နှင့်ထောက်ကာ ''ဒါက ကျွန်တော်ပါ၊ ကျွန်တော့် ဘေးကလူကတော့ ဗိုလ်မှူးတင့်ဆွေပါ။ ကျွန်တော်တို့ စီးပွားရေးမစ်ရှင်တစ်ခုနဲ့ တရုတ်ပြည်ကိုသွားစဉ်က ရိုက်ထားတဲ့ ဓာတ်ပုံပါ''ဟု ပြောပါသည်။ ဖဆပလခေတ် ၁၉၅ဝ ကျော်နှစ်များအတွင်းက တရုတ်နှင့် မြန်မာနှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ရေးအစီအစဉ်အရ အပြန်အလှန်လေ့လာရေးအဖွဲ့တွေ စေလွှတ်ခဲ့ကြရသည်များ ရှိခဲ့ရာ သူပြောသည့်အဖွဲ့မှာ ထိုသို့သော အဖွဲ့တွေထဲမှ တစ်ဖွဲ့ဖြစ်ပါမည်။

ထိုသံရည်ကြို လုပ်ငန်းရှင်မှာ ထိုခေတ်က နာမည်ကြီးစီးကရက် ကုမ္ပဏီတစ်ခုဖြစ်သော လူထုစီးကရက် ကုမ္ပဏီပိုင်ရှင် လူထုဦးချို၏ညီဖြစ်ပါသည်။

သူပြောသည့် ဗိုလ်မှူးတင့်ဆွေမှာ ထိုအချိန်၌ ကျွန်တော်တို့၏ စက်မှု(၁) ဝန်ကြီးဗိုလ်ချုပ်တင့်ဆွေပင် ဖြစ်ပါသည်။ သူသည် ကျွန်တော်တို့ရုံးသို့ စတင်လာရောက်ချိန်က ရှပ်အင်္ကျီလက်တို ခပ်နွမ်းနွမ်း၊ ဂျန်းဂဲလ် ဟက်ဟုခေါ်ကြသော  ဦးထုပ်မျိုး ခပ်ဟောင်းဟောင်းတို့ဖြင့်သာ ရောက်လာခဲ့သူဖြစ်၏။ တစ်ချိန်တုန်းက ကျွန်တော်တို့ဝန်ကြီးနှင့် ရင်းနှီးခဲ့သူဖြစ်ကြောင်း စသည်တို့ကိုလည်း ဘာတစ်ခွန်းမှ မပြောခဲ့ပါ။ ယခု သူ့အိမ်သို့ ရောက်သောအခါတွင်မှသာ ဓာတ်ပုံတစ်ခုကို အကြောင်းပြု၍ ထိုအကြောင်းများကို သိရပေသည်။

အချို့သော စီးပွားရေးလုပ်ငန်းရှင်များသည် အစိုးရရုံးဌာနများသို့ လာသောအခါ ၄င်းတို့သည် မည်သို့ သော သြဇာအာဏာရှိသူများနှင့် မည်သို့ ရင်းနှီးကြောင်း ပြောဆိုပြသ၍ ရုံးဝန်ထမ်းများအပေါ် အလိမ္မာ နှင့် ခြိမ်းခြောက်သလိုနည်းကို သုံး လေ့ရှိကြသည်။ ယခု ကျွန်တော်နှင့်ဆက်ဆံရသော ပုဂ္ဂိုလ်မှာမူ ထိုသို့ သောအကြောင်းတွေကို ဘာမျှမပြောဘဲ အကြောင်းသင့်ချိန်မှသာလျှင် သူ့ အကြောင်းကို သိစေသူဖြစ်လေသည်။

ဤသည်မှာလည်း နိဝါတလက္ခ ဏာတစ်မျိုးပေပင်။

စာတွေထဲမှာလည်း ထိုသို့သော ပုဂ္ဂိုလ်တွေကို တွေ့ရဖူးသည်။

၁၉၃၈ ခုနှစ်တုန်းက နောင်အခါ အိုးဝေဦးညိုမြဟု ထင်ရှားမည့် ဦးသိန်းတင်သည် ဘိလပ်သို့ ပညာသင်သွားမည့်သူများတွင်ပါဝင်ပြီး သူတို့လိုက်ပါစီးနင်းရမည့် သင်္ဘောသည် ပန်းဆိုးတန်း ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည်။ သူတို့ သင်္ဘောပေါ်သို့ ရောက်နေချိန်တွင် သူတို့ထံလာ နှုတ်ဆက်မည့် နန်းရင်းဝန် ဒေါက်ဘမော်သည်လည်း ပန်းဆိုးတန်း ဆိပ်ကမ်းသို့ ရောက်လာ၏။

သို့ရာတွင် နန်းရင်းဝန်ကြီးသည် ဂေါ်ရာတံခါးစောင့်က ဝင်ခွင့်မပေး၍ ဂိတ်ဝမှာ စောင့်နေရသည်။ ဒေါက်တာ ဘမော်သည် ''ငါနန်းရင်းဝန်ပါကွ''ဟုလည်းမပြော။ တံခါးစောင့်က ခွင့်မပြုတော့လည်း အနီးအနားမှ မိတ်ဆွေများနှင့် ဣနြေ္ဒမပျက်စကား ပြောနေလေသည်။ လူအုပ်ကများလာ၍ တံခါးစောင့်မစစ်ဆေးနိုင် တော့သော အခြေအနေမျိုးရောက်လာမှသာ လူအုပ်နှင့်ရော၍ သင်္ဘောပေါ်သို့ ရောက်လာပါသတဲ့။

ဦးညိုမြက သူ့ဆောင်းပါးတစ်ပုဒ်တွင် ''သို့လျှင် သူသည် အာဏာကို သုံးနိုင်ပါလျက် မသုံးဘဲ  မည်သူမျှသိက္ခာမပျက်စေဘဲ အနုနည်းဖြင့် လိုရာရောက်စေ၏''ဟု ဒေါက်တာ ဘမော်အကြောင်းကို ရေးဖူးလေသည်။

'ရွှေမြတောင်သာတဲ့ တိုက်ဆီက နေလနှစ်ဆောင်ပါတော်မူတဲ့ အခိုက်ကိုဖြင့်ကတိုက်ကရိုက် အမြန်မြင်လိုက်ရတော့ မခံချင်မာန်ဝင်တဲ့ အစွမ်းရယ်နှင့်' ဟူသော ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ လေးချိုးတစ် ပုဒ်ထဲမှာပါသည့် မြတောင်တိုက်မှာ အနောက်ပြင် (၃၅ လမ်းပေါ်တွင်) ရှိသော တိုက်ဖြစ်သည်။ အခြားမြ တောင်တိုက်တစ်တိုက်ရှိသေး၏။ ထိုအခြားမြတောင်တိုက်မှာ မန္တလေး တောင်မြောက် ဘက်ရှိ ရွှေကျင်တိုက်ကြီး၏ ရွှေကျင်ငါးတိုက်ထဲမှာ အဝင်အပါဖြစ်သည့် မြတောင်တိုက်ဖြစ်သည်။ (ရွှေကျင်ငါးတိုက်မှာ ရွှေကျင်တိုက်၊ မင်းကင်းတိုက်၊ မြတောင်တိုက်၊ ထရံကာ (မှိုင်းလုံး)တိုက်နှင့် ရမည်းသင်း (မိတ္ထိလာ) တိုက်တို့ဖြစ်သည်။

ရွှေကျင်ငါးတိုက်ထဲမှ မြတောင်တိုက်ကို မင်းတုန်းမင်းကြီးက ၁၂၂၉ ခုနှစ်တွင် ဆောက်လုပ်ပြီး သမီးတော်မြတောင်မင်းသမီး စုဖုရားလတ်အား  သမီးတော်၏ ဆရာ ဦးအာလောကကို ကျောင်းတင်စေသည်။ ထို့ကြောင့် မဏိသေလာရာမဟု ကမ္ပည်းတင်  သော ထိုကျောင်းတိုက်လည်း မြတောင်တိုက်ဟုတွင်သည်။ ထိုရွှေ ကျင်ငါးတိုက်ထဲမှ မြတောင်တိုက်၏ တိုက်အုပ်မှာ အရှင်အာလောက (နောင်အခါ အာလောကာဘိဓဇ အတုလဓိပတိသိရီပဝရ မဟာဓမ္မ ရာဇာဓိရာဇာဂုရုဘွဲ့တံဆိပ်ရ) ဖြစ်သည်။

မြတောင်မင်းသမီး မိဖုရားခေါင် ကြီးဖြစ်လာသောအခါ ၁၂၄၃ ခုနှစ်တွင် အနောက်ပြင် မြတောင်ကျောင်း တိုက်ကို ဆောက်သည်။ ၁၂၄၄ ခုနှစ် တပေါင်းလဆန်းတွင် အရံလေး ကျောင်းပြီးစီးသောအခါ မဏိရတနာရာမဟု ကမ္ပည်းတင်လျက် ထို ကျောင်းတိုက်ကြီးတွင် ပြောင်းရွှေ့သတင်းသုံးရန် ရွှေကျင်ငါးတိုက်တွင် အပါအဝင် မြတောင်တိုက် ဆရာတော် အရှင်အာလောကကိုပင့် ဆောင်ရန် စီစဉ်သည်။ နေ့ကောင်း ရက်သာရွေးပြီးနောက် ဆရာတော်ကြီးအား ရှေ့ဝင်းနောက်ဝင်းခင်း၍ မင်းခမ်းမင်းနားဖြင့်ပင့်ဆောင်မည်ဖြစ်လေသည်။

မိဖုရားကြီးက ထိုသို့စီမံထားကြောင်း မြတောင်ဆရာတော်ဘုရားကြီး သိတော်မူသောအခါ ဆရာတော်ကြီးသည် တစ်ရက်ကြိုပြီး ညအချိန်တွင် ဦးပဉ္စင်းတစ်ပါး၊ ကပ္ပိယတစ်ဦးတို့ကိုခေါ်၍ တိတ်တဆိတ်အနောက်မြတောင် တိုက်သစ်သို့ ကြွသွားခဲ့လေသည်။ နောက်ရက်အချိန်ကျ၍ ဆရာတော်ကြီးထံ အပင့်ရောက်သောအခါ ယမန်နေ့ညက ကြွသွားပြီဖြစ်၍ အခမ်းအနားကို ဖျက်သိမ်း လိုက်ရလေသည်။

ထိုမြတောင် ဆရာတော်ဘုရားကြီးသည် ခင်မကန်တိုက်သို့ ပေစာသွားရောက် ထုတ်ယူရာတွင်လည်း ဦးပဉ္စင်းငယ်များက စာရင်းမှတ်ရန် မေးသည့်အခါ မိဖုရားခေါင်ကြီးကိုးကွယ်သော မြတောင်တိုက်ဆရာ တော်ကြီးဟူ၍ အသိမခံ သာမန် ဦးပဉ္စင်းတစ်ပါးအနေမျိုးသာ ဘွဲ့အမည်ကို မိန့်ကြားသည်။

လူတို့တွင်ဖြစ်စေ၊ ရဟန်းတို့တွင်ဖြစ်စေ ကျော်စောထင်ရှား လူသိများမှု၊ ရိုသေလေးစားခံရမှုတို့ကို သာယာမက်မောသူများရှိကြသလို မိမိတို့ဂုဏ်ဒြပ်ကို ထင်ရှားပြလိုစိတ်မရှိ။ နိဝါတနှလုံးထားဖြင့် လူမသိသူမသိ ခပ်လျှိုလျှိုနေလို သူများလည်း ရှိကြပေသည်။ ဖော်ခဲ့သော ပုဂ္ဂိုလ်များမှာမူ  ဒုတိယအမျိုးအစားထဲက လေးစားဖွယ်ပုဂ္ဂိုလ်များဟု ဆိုရမည်ဖြစ်ပါသတည်း။

ဦးတင်ဦး (ကျူရှင်)

ဦးတင်ဦး (ကျူရှင်)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.