16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
နိုဝင်ဘာအတွေး  

နိုဝင်ဘာဆိုတာ သီတင်းကျွတ်ပြီးနောက် တန်ဆောင် မုန်းနဲ့ တိုက်ဆိုင်တဲ့ လပါပဲ။

ဒီလဟာ  ပွင့်လင်းရာသီဖြစ်လာတော့ ပွဲလမ်းတွေလည်း အတော်များတဲ့ လပါပဲ။

တန်ဆောင်မုန်းလပြည့်နေ့ဟာ နိုဝင်ဘာ ၃ ရက်နဲ့ တိုက်ဆိုင်တယ်။

အဲဒီရက်က ကျွန်တော် မန္တလေးမှာရောက်နေတယ်။ ကျုံးအနီးကမန္တလေး ဆွမ်းဟိုတယ်မှာတည်းတယ်။

မနက်ငါးနာရီခွဲမှာထွက်ပြီး ကျုံးပတ်လည် လမ်းလျှောက်တော့ လမင်းကြီး မဝင်သေးပါဘူး။

ကျွန်တော်လည်း ကျုံးရေထဲ ဆင်းပျော်နေတဲ့လကို အမိအရ ဓာတ်ပုံရိုက်နိုင်ခဲ့ပါတယ်။

နံနက်မိုးမလင်းသေးပေမယ့် လမ်းပေါ်မှာ ကျန်းမာရေးလေ့ကျင့်သူတွေ အများကြီးပဲ။

မန္တလေးမှာ  တရုတ်တွေအများကြီး ရောက်နေတယ်ဆိုပြီး အများက ပြောသံတွေကြားရပါတယ်။

ဒါကတော့ ကမ္ဘာ့ထုံးစံပါပဲ။

လူတွေဟာ မိမိတို့နေရာမှာ အဆင်မပြေရင် အဆင်ပြေတဲ့ နေရာကို ပြောင်းရွှေ့တာပဲ။ ပိုက်ဆံပိုရတဲ့နေရာမှာ အလုပ်လုပ်တာပဲ။

အဓိကကတော့  အမုန်းမပွားဖို့ လိုတယ်လို့ ယူဆတယ်။

ရန်ကုန်မှာလည်း ဒီလိုတရုတ်တွေ အုပ်စုလေးတွေနဲ့ နန်းသီတာ ကမ်းနားဘက်မှာ လေ့ကျင့်ခန်းလုပ်တာတွေ၊ မဟာဗန္ဓုလပန်းခြံမှာ ကျန်းမာရေး လေ့ကျင့်ခန်းလုပ်နေတာ တွေကို တွေ့ရပါတယ်။

မန္တလေး ကျုံးထောင့်မှာ ကျန်းမာရေးလေ့ကျင့်စရာ ကိရိယာတွေ အများကြီးကို တွေ့နိုင်တယ်။

ကျွန်တော် အမေရိကန်ပြည်ထောင်စု ရောက်သွားတော့ Silicon Valley  မှာ တည်းပါတယ်။ အဲဒီက ပန်းခြံတစ်ခုမှာ အဲဒီလို ကျန်းမာရေး လေ့ကျင့်နိုင်တဲ့ အထောက်အကူ ကိရိယာတွေကိုစပြီး မြင်ဖူးခဲ့တယ်။

ခုတော့ နေရာတော်တော်များများမှာ ဒီလို ကိရိယာတွေလေးတွေ ထားရှိလာတာကိုတွေ့ရတာပါပဲ။

၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှာ တန်ဆောင်မုန်း လပြည်ကျော် ၁ဝ ရက်နဲ့ တိုက်ဆိုင်နေတာကိုတွေ့ရတယ်။ ဘာလို့လဲဆိုတော့ ဒီနေ့ဟာ အမျိုးသားနေ့ပါပဲ။

အမျိုးသားနေ့ဖြစ်လာတာကတော့ ၁၉၂ဝ ခုနှစ် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို လက်မခံလို့ ကျောင်းသားတွေဟာ ဦးအရိယကျောင်းမှာ သပိတ်စခန်းဖွင့်ပြီး သပိတ်မှောက်တဲ့ နေ့ပဲဖြစ်တယ်။ အဲဒီနေ့ဟာ မြန်မာ့ပညာရေးနဲ့ ဆိုင်တဲ့နေ့ပါပဲ။

ကျွန်တော်တို့ ငယ်ငယ် (ရှစ်တန်းထင်တယ်) ဘီလူးကျွန်းချောင်းဆုံ အထကမှာတက်ရောက်စဉ်က ကားတစ်စီးနဲ့ 'အမျိုးသားနေ့ တို့နေ့ တို့နေ' ဆိုပြီး ကားတစ်စီးနဲ့ လှည့်ဖူးပါ တယ်။

ကျွန်တော်က နိုင်ငံရေးမှာ ခပ်ညံ့ညံ့ဆိုတော့ ဘယ်အတွက်လုပ်တယ်၊ ဘာရည်ရွယ်ချက်လဲဆိုတာ မသိကြဘူး။ ခုလည်း လူငယ်အများစုဟာ သိကြမယ်လို့ မထင်ပါဘူး။

တကယ်တော့ တက္ကသိုလ်ကျောင်းသားတွေဟာ သူတို့ လက်မခံတဲ့ တက္ကသိုလ်အက်ဥပဒေကို ပြင်ပေးဖို့ သပိတ်မှောက်တာပါပဲ။

ဒါပေမယ့် ဘုရင်ခံဖြစ်သူ ဆာဒေါက်ကလပ်စ်က ''မြန်မာတွေနိုင်ငံ ရေးနားမလည်ဘူး''ဆိုကာ ဒီဥပဒေကို မပြင်ပေးခဲ့ဘူး။  

ကျောင်းသားတွေက ဥပဒေမပြင်ပေးရင် ကျောင်းမတက်ဘူးလို့ ဆုံးဖြတ်တယ်။ (ဒီဥပဒေကို လေးနှစ်ကြာမှ ပြင်ပေးခဲ့တယ်) ဒီလိုကျောင်းမတက်ရင် ပညာရေးမှာ နစ်နာမှာပေါ့။

ဒီအတွက် စဉ်းစားရင်းနဲ့ မြန်မာနိုင်ငံအနှံ့ အမျိုးသားကျောင်းတွေ ပေါ်လာတာပါပဲ။

ဒီကျောင်းတွေဟာ အောင်မြင်တယ်။

အောင်မြင်ရတာကတော့ မျိုးချစ်စိတ်ရှိပြီးနိုင်ငံရေး၊ ပညာရေး၊ လူမှုရေးတွေကို နားလည်တဲ့ သခင်ကိုယ်တော်မှိုင်း၊ ဒီးဒုတ်ဦးဘချို၊ ဦးရာဇာတ်တို့က ဆရာလုပ်ကြတယ်။

ကျောင်းသားတွေထဲက ဗိုလ်ချုပ်အောင်ဆန်း၊ ဦးသန့်၊ ဦးနုတို့ကို မွေးထုတ်ပေးတယ်။    

ကျွန်တော်မှတ်မိတဲ့ ဆရာတွေ နဲ့ ကျောင်းသားတွေကို ဥပမာအနေနဲ့ ပြောတာပါ။

အခြေခံကောင်းတဲ့ ဒီကျောင်းသားတွေက မြန်မာတွင်သာမက ကမ္ဘာမှာပါ ကျော်ကြားခဲ့တယ်။

ရန်ကုန်တက္ကသိုလ်ဟာလည်း ကျော်ကြားခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်အလာကို ကမ္ဘာက လေးစားခဲ့ပါတယ်။ ၂ဝ၁၄ က မြန်မာနိုင်ငံကို လာရောက်တဲ့ အမေရိကန်သမ္မတ အိုဘားမားဟာ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ စကားပြောစဉ်က ရန်ကုန်တက္ကသိုလ်ဟာ အစဉ်အလာရှိတဲ့ တက္ကသိုလ်လို့ ပြောဆိုခဲ့ပါတယ်။

နိုဝင်ဘာလဆိုတော့ ၂ဝ၁၅ ခုနှစ်က NLD ပါတီမဲနိုင်တဲ့ လပဲလို့ မှတ်မိနေတယ်။

မဲနိုင်ပေမယ့် အစိုးရမဖွဲ့ရသေးဘူး။ NLD အမတ်တွေ ဘာလုပ်ကြလဲ။

ကျွန်တော် သတိရတာကတော့  ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး အမှိုက်ကောက်တဲ့ ကင်ပိန်းကိုစခဲ့တာပါပဲ။

ပြည်သူတစ်ရပ်လုံးက အားပေးကြတယ်။

ဒီလိုအမှိုက်ကောက်တော့ ၁၉၅၈ ခုနှစ် ဦးနေဝင်းရဲ့ အိမ်စောင့် အစိုးရတက်လာတော့ မြူမင်းကြီး တာဝန်ယူထားတဲ့ ဦးထွန်းစိန်ကို သတိရတယ်။  ဗိုလ်မှူးကြီးထွန်းစိန်ဟာ ယခုခေတ်မြို့တော်ဝန် တာဝန်မျိုးကို ယူပါတယ်။ လမ်းပေါ်ထွက်ပြီး တံမြက်လှဲတယ်။

''ကိုယ်တိုင် သန့်ရှင်းရမည်၊ လူကိုယ်တိုင် သန့်ရှင်းရမည်၊ တစ်ဦးချင်းသန့်ပါမှ အိမ်တိုင်းသန့်ရှင်းမည်၊ အိမ်တိုင်းလည်း သန့်ပါမှ''ဆိုပြီး ကျန်းမာရေး အသိတွေနဲ့ တက်လာတယ်။

လူတွေ သဘောကျကြတယ်။

၁၉၄၈ ခုနှစ်ကနေ တောက်လျှောက်အာဏာရလာတဲ့ ဖဆပလအစိုးရဟာ အကျင့်ပျက်ခြစားမှုတွေ ရှိလာတယ်လို့အများက လက်ခံထားတယ်။ မသန့်ရှင်းဘူး။ သန့်ရှင်းအောင်လုပ်ဖို့ လိုတယ်ဆိုတဲ့  ပုံရိပ်ကို လူတွေနားလည်ကြတယ်။

ဒါပေမယ့်  ဒေါ်အောင်ဆန်းစုကြည် အမှိုက်ကောက် ကင်ပိန်းလုပ်တာကိုတော့ ဒီလိုမြင်ချင်မှမြင်မယ်။

ဘာကြောင့်လဲဆိုတော့  ဒါဟာ နိမိတ်ပုံမဟုတ်တော့ဘူး။ ရန်ကုန်တစ်မြို့လုံးဟာ အမှိုက်တွေပြည့်နှက်နေတဲ့ မြို့တော်ကြီးဖြစ်နေတယ်။  စည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်နေတာကို တားဆီးမယ့် အစိုးရလို့ပဲယူဆကြတယ်။

NLD အမတ်တွေဟာ မဲနိုင်ပေမယ့်လည်း အောင်ပွဲခံတဲ့ပွဲတွေ မလုပ်ကြပါဘူး။ တိတ်တိတ်လေးပဲ နေကြတယ်။

လူတွေကလည်း သဘောကျတာပေါ့။ တို့အစိုးရတက်လာရင် အားလုံး ပြေလည်သွားမယ်လို့ ယူဆတယ်။

တကယ်တော့ လူတွေထင်သလို မပြေလည်ပါဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတစ်ခုတိုးတက်ဖို့ဆိုတာ အစိုးရတွေ၊ အမတ်တွေ၊ ဝန်ထမ်းတွေကပဲ လုပ်လို့မရပါဘူး။

ပြည်သူတွေ ပါဝင်လာမှာဖြစ် တယ်။

နှစ် ၅ဝ ကျော် ခေါက်ရိုးကျိုးနေတဲ့ ပြည်သူတွေဟာ ဒီအတိုင်း ထိုင် ကြည့်နေကြတယ်။

သူတို့နဲ့ မဆိုင်သလို ဘာမှပါဝင်ခြင်း မရှိဘူး။

ဒီအတိုင်းပဲ ဝန်ထမ်းတွေကလည်း သူတို့ဟာ လစာအတွက် အလုပ်လုပ်တယ်ဆိုတဲ့ ခံယူချက်နဲ့ပဲ တာဝန်ကျေရုံလေးလုပ်တယ်။ အရင်ခေတ်ကလိုပဲ မလုပ်မရှုပ်မပြုတ်ဆိုတဲ့ သဘောတရားကို လက်ကိုင်ထားကြတယ်။

ဒါလေးတော့ ငါတို့လုပ်လိုက်မှ ဖြစ်မယ်ဆိုတဲ့ သဘောတရားကို နားမလည်ဘူး။ နားလည်လည်း ဝင်မပါကြဘူး။

အစိုးရအဖွဲ့ဝင်တွေကရော။

သူတို့ဟာ မူလကကျွမ်းကျင်သူများ မဟုတ်ကြပါဘူး။

သူတို့ဟာ ဝန်ကြီးဌာနတွေကို ရုံးအလုပ်လို့ပဲ သဘောထားတယ်။

အစည်းအဝေးထိုင်မယ်။ လက်မှတ်ထိုးမယ်ဆိုတဲ့ သံသရာထဲမှာ ကျင်လည်နေတယ်။

ဒါတွေအားလုံးက သာမန်လုပ်နေကျပုံစံနဲ့ သွားနေကြတယ်ဆိုရင်  ဘယ်လိုမှ ရှေ့ခရီးမှာတိုးတက်မယ် မဟုတ်ပါဘူး။ လတ်တလော  စီးပွား ရေးအခြေအနေကိုကြည့်ရင် ရပ်နေတယ်လို့ ပြောကြတယ်။

အေးနေတာပေါ့။

တကယ်တော့ ကမ္ဘာကြီးဟာ အမြဲတစေ ရှေ့ကို တိုးတက်နေတယ်။

ကျွန်တော်တို့ ပြန်ကြည့်ရင် ၁၉၄၈ အခြေအနေနဲ့ ယခုအခြေအနေဆိုရင် အများကြီးတိုးတက်တယ်လို့ ပြောနိုင်တာပေါ့။

အနှစ် ၇ဝ မှာ အင်မတန် တိုးတက်လာတာပဲ။

၁၉၇ဝ ပြည့်နှစ်တွေကဆိုရင် ကျွန်တော်တို့ ခရီးသွားတဲ့အခါ လော်လီကားကြီးတွေ၊ TE 11 ကားတွေနဲ့ မသက်မသာသွားခဲ့တာပဲ။

ယနေ့ မှန်လုံကားတွေ၊ အဝေးပြေး Express ကားတွေ ဘယ်လောက်ကောင်းထားလဲ။

ရန်ကုန် မန္တလေးအဝေးပြေး လမ်းတွေလည်းကောင်းတာပဲပေါ့။

တောင်ကြီးမီးပုံးပျံပွဲ ကားနဲ့ အေးအေးဆေးဆေးသွားလို့ရတယ်။ ရန်ကုန်က မြဝတီအလွန့်အလွန် ၉ နာရီ အဝေးပြေးကားစီးသွားရင် ရောက်တာပါပဲ။

ကင်တာကီ၊ လော်တီယာ၊ ပက်စီ၊ ကိုကာကိုလာ စားစရာသောက် စရာတွေအများကြီး။ ကုန်တိုက်တွေမှာ တန်းစီစရာမလိုဘူး။

Shopping Malls တွေလည်း အများကြီးပါပဲ။

ဒါပေမယ့် နိုင်ငံတကာနဲ့စာရင် တကယ်တမ်းမမီသေးဘူး။

စီးပွားရေးတန့်နေရင် အခြေအနေမကောင်းဘူးပေါ့။

နိုဝင်ဘာဆိုတာ နှစ်မကုန်မီတစ်လပါပဲ။

နောက်နှစ်မှာ ဘာလုပ်မလဲ။

ဒီတစ်လမှာ ထိုင်စဉ်းစားကြဖို့ပါ။

ကျွန်တော်တို့ဟာ အရှေ့နဲ့ အနောက်တွေမှာ လူဦးရေများတဲ့ နိုင်ငံကြီးတွေရှိနေတယ်။ သူတို့ကို ကျွန်တော်တို့ ဈေးကွက်အနေနဲ့ကြည့်ရင် အင်မတန်ကောင်းတယ်။

သူတို့ မြန်မာပြည်က ကုန်တွေကိုဝယ်မယ်။ မြန်မာပြည်ကို ခရီးလှည့်မယ်ဆိုရင် အင်မတန်ကောင်းတာပေါ့။

ဒါပေမယ့် သူတို့ကျူးကျော်ဝင်ရောက်မယ်။ အနိုင်ကျင့်မယ်ဆိုရင်တော့  ခက်ခဲတာပဲပေါ့။

ကျွန်တော်တို့ဟာ ဒီလိုအခြေအနေတွေကို သဘောပေါက်ပြီး မိမိကိုယ်ကိုယ် အားကောင်းအောင် ပျိုးထောင်လေ့ကျင့်ထားရမယ်။

ကိုယ်ခံအင်အားဟာ အရေးပါတယ်။

ကျွန်တော်တို့မှာ အားအကောင်းဆုံးက ယဉ်ကျေးမှုပါပဲ။ ဒီယဉ်ကျေးမှုတွေက သူတို့ မထိုးဖောက်နိုင်အောင် အများကြီး ထိန်းထားပေးမှာတော့ မဟုတ်ဘူး။

စီးပွားရေးနဲ့ ကာကွယ်ရေးအား ကောင်းဖို့လည်းလိုတယ်။ အရေးကြီးတာက ပညာရေးပေါ့။ ပညာရေးကို ဦးမော့လာအောင်ကြိုးစားဖို့လိုတယ်။ နိုင်ငံရေး သဘောတရားဟာ ပညာရေးနဲ့ ဆိုင်တယ်။

ဒီလိုပဲ စီးပွားရေးဟာ ပညာရေးနဲ့ ဆိုင်ပါသေးတယ်။

နိုဝင်ဘာအတွေးပါ။ ထူးခြားတာက နိုဝင်ဘာအထိ မိုးတော့ရွာနေဆဲပဲ။

သဘာဝပတ်ဝန်းကျင်က ကျွန်တော်တို့ကို ဒဏ်ခတ်တော့မလားလို့ ပူပန်မိပါတယ်။

 

 ဒေါက်တာခင်မောင်ညို

ဒေါက်တာခင်မောင်ညို
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.