16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ဒီနေ့ရန်ကုန်

ဒီနေ့ ကိုဘသစ်အိမ်ရောက်လာကာ အိမ်ရှေ့ဝရန်တာမှာပဲ လက်ဖက်ရည်သောက် ဖြစ်ကြသည်။

''ဆရာညို ယနေ့ရန်ကုန်ကို ဘယ်လိုမြင်လဲ''

သူပြောသည့် လေသံအရ အကောင်းကိုမေးတာလားအဆိုးကို မေးတာလားဟူသော စကားရိပ်ခြည်ကို ကျွန်တော် မဖမ်းတတ်၊ အကဲမဖြတ်နိုင်ပါ။

ထို့ကြောင့် မယုတ်မလွန် ပြောလိုက်ရသည်။

''ရန်ကုန်ကို ကုန်သွယ်မှုပြုတဲ့အရပ်၊ စီးပွားရေးမြို့တော်လို့ သတ်မှတ်ထားတယ်''

''ဘာလို့လဲ''

''ရှေးအခါက ရေကြောင်းကုန်သွယ်မှုကို အဓိကထားတယ်။ ရန်ကုန်မှာ စိတ်ချရတဲ့ ဆိပ်ကမ်းတွေရှိတယ်။

အဲဒီစနစ်ကို အင်္ဂလိပ်ကချထားပေးတယ်လေ။ သူတို့က ရန်ကုန်၊ မော်လမြိုင်၊ ပုသိမ်မြို့တွေကနေ ကျွန်းသစ်တွေ ဆန်တွေ သယ်ထုတ်တယ်။

မြန်မာပြည်အတွက် လိုတဲ့ကုန်တွေကိုလည်း ဒီကနေဝင်တာကိုး''

''မော်လမြိုင်တို့၊ ပုသိမ်တို့မှာ ဆိပ်ကမ်းကောင်းကောင်းတွေ မရှိတော့ဘူး။ သင်္ဘောကြီးတွေလည်း မဆိုက်တော့ဘူး''

''ဒီခေတ်မှာ ကုန်းလမ်းနဲ့ လေကြောင်းသယ်ယူပို့ဆောင်ရေးတွေပဲ ခေတ်စားလာတယ်။ ဒါကြောင့်လေကြောင်းနဲ့ ကုန်းလမ်းအချက်အချာကျပြီး အခြေခံအဆောက်အုံ Infrastructure ကောင်းတဲ့ ရန်ကုန်တစ်ခုတည်းမှာ စီးပွားရေး အလုပ်အကိုင်တွေ ပေါများလာတော့ ကျန်တဲ့မြို့တွေ မှေးမှိန်သွားတာပေါ့''

''အင်း-ရန်ကုန်က လူဦးရေခြောက်သန်းကျော်ရှိလေတော့ စီးပွားရှာလို့ ကောင်းပါတယ်''

''ရန်ကုန်မြို့သူမြို့သားတွေလည်း စီးပွားရှာဖွေတာကို ဝါသနာပါကြပါတယ်''

''ဝါသနာမပါလည်း လုပ်ရမှာပဲလေ။ ရန်ကုန်မှာ တစ်နေ့တခြား လူနေမှုစရိတ်က မြင့်လေတော့ ရပ်တည်ဖို့ ခက်ခဲလာတယ်။ လူတိုင်းလို အလုပ်လုပ်လာကြရတယ်''

''အလုပ်လုပ်တဲ့ သူတွေဟာ မြို့ပြင်တွေကနေ ကားတွေနဲ့လာကြတယ်။ ဒီတော့ လမ်းတွေကျပ်တဲ့ Traffic Jam ဒုက္ခကလည်း မသေးဘူး''

''ကျွန်တော်တို့ လူနေမှုပုံစံကိုကြည့်ရင် ဆင်းရဲတဲ့ လူတွေဟာ စည်ကားတဲ့ နေရာကောင်းတွေ၊ အချက်ချာကျတဲ့ နေရာတွေကနေ တဖြည်းဖြည်း ထွက်သွားကြတယ်။  ချမ်းသာတဲ့သူတွေက အဲဒီနေရာတွေကို ဝင်လာကြတယ်။ အဓိကကတော့ စည်ကားတဲ့နေရာတွေမှာ စီးပွားရေးကောင်းလာတဲ့အတွက် ဈေးတက်လာလို့ပါပဲ''

''ကမ္ဘာတစ်ဝန်းလုံး ဒီပုံစံပါပဲ။ ဆင်းရဲတဲ့ သူတွေဟာ ဈေးကောင်းရတယ်ဆိုပြီး ရောင်းကြတယ်။ ဒီဈေးကောင်းဆိုတဲ့နေရာတွေဟာ ဆက်ကာဆက်ကာ တက်လာလိုက်တာ မူလပိုင်ရှင်တွေဟာ ဒီလိုနေရာတွေကို ဘယ်တော့မှ ပြန်ဝင်လာလို့မရတော့ပါဘူး''

''ခြွင်းချက်အနေနဲ့ကတော့ ချမ်းသာတဲ့ သူတွေနေတဲ့ ဆိတ်ငြိမ်ရပ် ကွက်တွေဆိုတာလည်းရှိပါတယ်။ မူလကတောလို့ပဲဆိုရမှာပေါ့။ ခုတော့ အဲဒီအရပ်တွေက လူဆင်းရဲတွေဟာ ဈေးကောင်းရလို့ ရောင်းပြီးထွက်သွားတာပဲ''

''ဘယ်နည်းနဲ့ဖြစ်ဖြစ် မြို့တွေဟာ တဖြည်းဖြည်းအပြင်ကို ပြန့်ကားထွက်လာပါတယ်။ ဒီလိုပြန့်ကားထွက်လာတဲ့အခါ မြေတွေ၊ ခြံတွေရဲ့ ဈေးတွေဟာလည်း တဖြည်းဖြည်းလိုက် တက်လာတယ်''

ဒီလို တက်လာတာဟာ ဆတိုးကိန်းနဲ့ လိုက်တက်လာတယ်။

''ဒါကြောင့် စီးပွားရေးမှာ အင်မတန်ကျွမ်းကျင်တဲ့ ဂျူးလူမျိုးတွေဟာ သူတို့သားသမီးတွေ မွေးလာတဲ့အခါ  အဲဒီမွေးတဲ့နေ့မှာပဲ မြို့ပြင်က မြေကွက်တစ်ကွက်ကိုဝယ်ပြီး လက် ဆောင်ပေးလေ့ရှိတယ်။ ဒီကလေးအရွယ်ရောက်တဲ့အခါ  အဲဒီမြေကွက်ဟာ နှစ်ဆသုံးဆလောက် ဈေးတက်လာတတ်ပါတယ်''

''အင်မတန်ဥာဏ်ပြေးတာပဲ''

''ဥာဏ်ပြေးတိုင်းလည်း မရဘူး။  ပိုက်ဆံရှိရပါတယ်။ သူတို့ဝယ်ထားတဲ့ မြေတွေဟာ ကံကောင်းရင်တော့ အဆတစ်ရာလောက်အထိတက်တာကို တွေ့ရတယ်''

ကျွန်တော်တို့ လမ်းဘက်ကို လှမ်းကြည့်နေပါသည်။

ဒီနေ့လမ်းပေါ်တွင် လူသိပ်မရှိ၊ ကားတွေမရှိပါ။

''ဘာပြုလို့လဲ''

''မီးသတ်တပ်ဖွဲ့ ပြပွဲရှိလို့၊ ဒီဘက်ကလမ်းတွေ ပိတ်ထားတယ်''

ကျွန်တော် သတင်းစာထဲတွေ့ပါသည်။ ဒီနေရာသည် အချက်အချာ ကျသောနေရာဖြစ်သည်။ ပြီးတော့ စနေနေ့၊ စီးပွားရေးမြို့တော် ရန်ကုန်သည် စနေမပြောနဲ့ တစ်ခါတစ်ခါ တနင်္ဂနွေနေ့များတွင်ပင် လှုပ်ရှားသွားလာသူများသည်။

''သူတို့ဘာလို့ လမ်းပိတ်တာလဲ''

သူ့အကြောင်းနဲ့သူဖြစ်လာပါလိမ့်မည်။

သို့သော် ဒီလို လမ်းလျှောက်ပြီး ပြသည့်ပွဲမျိုးကို မိုင်ဒါကွင်းတို့၊ ကျိုက္ကစံကွင်းတို့တွင်လုပ်လျှင် ပိုကောင်းမည်ဟု ယူဆပါသည်။

အရင်က မတ်လ ၂၇  ရက်နေ့ ဆိုလျှင် တပ်မတော်စစ်ကြောင်းချီတက်သောကြောင့် လမ်းအချို့ပိတ် ထားသည်။

ထို့အတူ အာဇာနည်နေ့ လွမ်းသူ့ပန်းခွေချအလေးပြုလျှင်လည်း လမ်းတွေပိတ်တတ်သည်။

ထိုနေ့အတွက် အစီအစဉ်လုပ်လိုပါက ရွှေတိဂုံဘုရားနှင့် ဦးဝိစာရ လမ်းကို ရှောင်လိုက်ရုံနှင့် အဆင်ပြေသည်။ အာဇာနည်နေ့တွင်တော့  ထိုထက်ပိုပြီး လမ်းအချို့ပိတ်ပါသည်။ ပြည်သူများကလည်း ဦးဝိစာရလမ်းတို့ ရွှေတိဂုံဘုရားလမ်းတို့ကို အသုံးနည်းသည်။ အဆင်မပြေ သိပ်မဖြစ်တတ်ပါ။ ယနေ့ဆိုလျှင် တပ်မတော်နေ့ကို နေပြည်တော်တွင်သာ ကျင်းပသည့်အတွက် ရန်ကုန်တွင် ပြဿနာမဖြစ်ပါ။

ရန်ကုန်မြို့လယ်တွင် လမ်းပိတ်ပြုလုပ်သော အခြားပွဲတစ်ခုကတော့ မျက်မမြင်လမ်းလျှောက်ပွဲဖြစ်သည်။ 

ဒါလည်း နံနက်ခင်းတွင်ပြီးသွား သည်။

''ကိုဘသစ် ဒီလိုအာဏာပိုင်တွေက လမ်းတွေကို ပိတ်တာမျိုးဟာ မသင့်တော်ဘူးလားလို့''

''ခင်ဗျား အယူအဆကို တင်ပြပေါ့ဗျာ။ ဒီမိုကရေစီလမ်းကြောင်းမှာ  တင်ပြခွင့်ရှိတာပဲ''

''အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေကို သတိတော့ထားသင့်တယ်''

''အများပြည်သူကြောင့် လမ်းပိတ်တာလည်း ရှိတာပဲဗျ''

''ဘယ်လိုမျိုးလဲ''

''သီတင်းကျွတ်ဆို ခုနစ်ရက် ခုနစ်လီရေကျော်တစ်ဝိုက်လမ်းတွေ ပိတ်တယ်။ သိမ်ဖြူလမ်း၊ ဗိုလ်မြတ် ထွန်းလမ်းတစ်လျှောက် ဗိုလ်ချုပ်လမ်းသွားလို့မရဘူး။ ဒီတော့ မဟာဗန္ဓုလလမ်းပါ ကားတွေပိတ်ဆို့ကျပ်တောင့်သွားတယ်''

''အဲဒါကတော့ အတော်ဆိုးပါတယ်''

''နောက်ရှိသေးတယ် တန်ဆောင်တိုင်လေ''

''ဒါလည်း ဘာသာရေးပွဲပါပဲ''

''ရန်ကုန် အနောက်ပိုင်းမှာ လမ်းမတော်မြို့နယ်တစ်ခုလုံးမှာ အနော်ရထားလမ်း ပိတ်တာပေါ့''

''အင်း- ဒီပွဲကြောင့် ဘုန်းကြီးလမ်းလည်း လမ်းတွေပိတ်တယ်။ ဒီတော့ ကျွန်တော်တို့ အဲဒီလမ်းကို ရှောင်ရတာပေါ့''

''နောက်တစ်ခုရှိသေးတယ်''

''ဟုတ်လား၊ ဘာပွဲလဲ''

''တရုတ်နှစ်ကူးလေ၊ နှစ်ကူး  မတိုင်မီနှစ်ပတ်လောက်ကတည်းက မဟာဗန္ဓုလလမ်းမှာ ပိတ်ဆို့ဈေး ရောင်းကြတယ်''

''လသာတစ်မြို့နယ်လုံးပေါ့ ဟုတ်လား''

''ဟုတ်ပါတယ်။ တစ်ခုတော့ လုပ်လို့ရတယ်။ အဲဒါက ညနေဘက်လမ်းတွေပေါ် ကားမမောင်းရတဲ့ လမ်းတွေလုပ်ထားလို့ရတယ်''

''ခင်ဗျားပြောတော့မှ ပိုဆိုးမယ်ထင်တယ်''

''မဟုတ်ဘူးလေ၊ ကျွန်တော်တို့ဟာ လမ်းတွေပိတ်လည်း အဆင်ပြေနေသားပဲ၊ ဒီလိုလမ်းတွေပိတ်တဲ့ အပေါ်က အကျိုးအမြတ်ရအောင် လုပ်လို့ရတယ်။

လူတွေလမ်းလျှောက်ရင်း ကျန်းမာရေးနဲ့ ညီညွတ်တယ်။ ဈေးရောင်း တဲ့သူတွေအလုပ်ရတယ်။ အားလုံးနည်းနည်းတော့ Active ဖြစ်တယ်ဆိုတာ သေချာတာပေါ့''

''ကျွန်တော်တို့ အရင်တစ်ခေတ်လုံး ပလက်ဖောင်းဈေးရောင်းတာရှိတယ်။ ဈေးရောင်းသူတွေက လူတွေများတဲ့ ပလက်ဖောင်းမှာပဲ ရောင်းချင်တယ်။ အာဏာပိုင်တွေနဲ့ လူအချို့ကလည်း ဒီနေရာမှာ မရောင်းစေချင်ဘူး''

''အဲဒီကိစ္စကို ကျွန်တော်တို့က အကောင်းဘက်မြင်စဉ်းစားပြီးတစ်ခုခု လုပ်လို့ရမယ်ဆိုရင် အကျိုးကျေးဇူး တွေရလာမယ်ထင်တယ်''

''မြို့ပြရေးရာက ခက်ပါတယ်''

''အခြေခံက ရေနဲ့မီးပဲ၊ ပြီးတော့ အမှိုက်စွန့်တဲ့ကိစ္စပေါ့''

''မှန်ပါတယ်။ ရေရဖို့ မီးရဖို့အရေးကြီးတယ်။ ကျွန်တော် မကြာသေးမီက တရုတ်ပြည် ရှန်ဟိုင်းကို ရောက်သွားသေးတယ်။ အဲဒီမှာ လူဦးရေ ၂၅ သန်းရှိတယ်။  ဒီအတွက်ရေနဲ့ မီးကိုလုံလောက်အောင်ပေးဖို့ ခေါင်းခဲရမှာ အသေချာပဲပေါ့''

''လူတွေက တွေးတောကြံဆ လုပ်ကြရတာမလွယ်ဘူး။ လူဦးရေ နည်းတုန်းကတော့ ရေကြည်ရာ မြက်နုရာဆိုပြီး ပြောင်းကြ ရွှေ့ကြတယ်။ ယနေ့မှာတော့  လူတွေဟာ ပြောင်းရခက်ကုန်တယ်။ တစ်ယောက်ပြောင်းသွားရင် အဲဒီနေရာကို နောက်တစ်ယောက် ဝင်လာတော့တာပဲ''

''မြန်မာနိုင်ငံဟာ လူဦးရေနဲ့ မြေကြီးနဲ့မျှပါတယ်။ ဒီတော့ ကျွန်တော်တို့ စဉ်းစားစရာတွေ အများကြီးရှိတယ်။ မြို့သစ်စီမံကိန်းတွေ လုပ်ရင် လူတွေကို လုပ်ကိုင်စားသောက် လို့ရအောင် မြေလေးငါးဧကလောက် ပိုင်ဆိုင်ခွင့်တွေပေးပြီး နေရာချထား ပေးရင်ကောင်းမယ်ထင်တာပဲ''

''လူတွေလုပ်ချင်ကိုင်ချင်စိတ်လည်း ရှိဖို့လိုတယ်။ ပြီးတော့ အစိုးရကလည်း သူတို့ကို ကူညီဖို့လိုတယ်။ ဥပမာ စိုက်ပျိုးရေးလုပ်ရင် ဘာစိုက်ရင်ကောင်းမလဲ။ အဲဒီက ထွက်ကုန် တွေကို ဘယ်လိုရောင်းမလဲတာတွေကအစ ပြည်သူတွေ လက်လှမ်းမမီတာတွေရှိတယ်''

''ကျွန်တော်တို့ နိုင်ငံကတော့  လူတိုင်းအတွက် ရေမီးရဖို့လည်း အတော်လုပ်ယူရဦးမယ်''

''ဒီနေ့ ရန်ကုန်ကတော့ မြို့ပြအင်္ဂါမညီဘူးလို့ ဆိုနိုင်တယ်။ ဒုတိယကမ္ဘာစစ်မဖြစ်မီက ရန်ကုန်ဟာ အာရှထိပ်တန်းမြို့ပဲ၊ ရန်ကုန်တက္ကသိုလ်ဆိုလည်း တန်းဝင်တဲ့ တက္ကသိုလ်ဖြစ်တယ်။ ကျွန်တော်တို့တစ်တွေ ညီညွတ်မယ်၊ ကြိုးစားမယ်၊ စွန့်လွှတ်အနစ်နာခံမယ်ဆိုရင် ရန်ကုန်ဟာ အချိန်မရွေး ရှေ့တန်းကို ရောက်လာမှာပဲ''

''ဒီလိုဖြစ်လာဖို့ ကျွန်တော်တို့ မီပါ့မလား''

ထင်တော့မထင်ဘူး။ ဒါပေမယ့် If There is a will, there is a way တဲ့။ ဆန္ဒရှိရင် နည်းလမ်းသိပြီး နည်းလမ်းတွေ့လာမှာပါပဲ။

 

ဒေါက်တာခင်မောင်ညို

ဒေါက်တာခင်မောင်ညို
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.