16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
အနာဂတ်ပညာရေးအတွက် ရင်လေးကြပါကုန်

လွန်ခဲ့သော ရက်ပိုင်းအတွင်းက Facebook တွင် အကောင့်ရှင်တစ်ဦးက တင်ထားသော စာအုပ်တစ်အုပ် မျက်နှာဖုံးကို တွေ့လိုက်ရသည်။ ထိုမျက်နှာဖုံးတွင် ထိပ်နား၌ စာလုံးသေးဖြင့် 'အခြေခံ'  ဟူသော စာတစ်ကြောင်းလည်းပါ၍ စာရေးသူ၏ အမည်ကိုလည်း ဖော်ပြထားသည်ကို တွေ့ရသည်။

သို့ရာတွင် ဆောင်းပါး၏ လိုရင်းရည်ရွယ်ချက်နှင့် သက်ဆိုင်လှသည် မထင်၍  စာရေးသူ၏ အမည်ကို မဖော်ပြတော့ပါ။ ထိုဖေ့စ်ဘွတ်ပို့စ်တွင်ဖော်ပြထားသော စာအုပ်၏ အမည်ကိုသာ ဖော်ပြပါမည်။

စာအုပ်အမည်ကား-ပါဋိစာပေ သမိုင်းဟူ၍ ဖြစ်ပါသည်။ စာအုပ် ခေါင်းစဉ်မှာကိုပင် စာလုံးပေါင်း မှား ယွင်းဖော်ပြထားခြင်းဖြစ်ပါပေ၏။ ဠကြီးနှင့် စလုံးပေါင်းရမည်ကို ဋသံလျင်းချိတ်နှင့် စာလုံးပေါင်းထားခြင်း ဖြစ်ပါပေသည်။

ထိုစာအုပ်သည် ကျောင်းသုံး စာအုပ်လား ဘာလားလည်း ကျွန်တော် ကွဲပြားစွာမသိပါ။ ကျောင်းသုံး စာအုပ်ဆိုလျှင်တော့ ဤမျှပစ်စလက်ခတ် မှားဝံ့သော တိုင်းပြည်တွင် အနာဂတ်စာပေယဉ်ကျေးမှု၏ အခြေအနေကို မတွေးဝံ့စရာပဲဟု ဆိုရန်သာရှိပေလိမ့်မည်။

ထိုစာအုပ်မျက်နှာဖုံးမှ စာအုပ်ခေါင်းစဉ်ကို တွေ့လိုက်သည့်အခါ ကျွန်တော်သည် ကျွန်တော်တို့ ငယ် စဉ်က ပွဲလမ်းသဘင်များသို့သွားသည့်အခါ အငြိမ့်စင်ပေါ်မှ လူပြက်များ (လူရွှင်တော်များ) ပြက်လုံးထုတ်ကြပုံကို သတိရမိ၏။

ပထမလူရွှင်တော်။ ''ကျောင်းဆရာ အလုပ်ကလေးရမယ်မှ မကြံသေးဘူး။ တစ်လမရှိခင် အလုပ်ပြုတ် လာတယ်''

ဒုတိယ လူရွှင်တော်။ ''ဟ... ဘာကြောင့်လဲကွ''

ပထမ လူရွှင်တော်။ ''ဋသံလျင်း ချိတ်နဲ့ ဌဝမ်းဘဲကို မှန်အောင်မရေး တတ်လို့တဲ့ကွာ''

ထိုအခါ ပရိသတ်များက ရယ်ကြသည်။       

ထိုပြက်လုံးမှာလည်း သဘာဝကျသော ပြက်လုံးတစ်ခုဖြစ်ပါ၏။ လွတ်လပ်ရေးရစ ၁၉၅ဝ ကျော် စောစောပိုင်းနှစ်များတွင် ဖဆပလ အစိုးရသည် ပြည်တော်သာ စီမံကိန်းကို ရေးဆွဲကာ မူလတန်းကျောင်းတွေ ဖွင့်ခြင်း၊ စာပေဗိမာန်တည်ထောင်၍ မြန်မာ့စွယ်စုံကျမ်းတွေ ရိုက်နှိပ်ကာ ကျေးလက်ဘုန်းကြီးကျောင်းတွေအထိ ပို့ပေးခြင်းစသည်တို့ဖြင့် လူထု၏ ပညာရေးအဆင့်ကို  မြှင့်တင်ပေးရန် ကြိုးစားခဲ့ရှာပါ၏။ သို့ရာတွင် အရည်ချင်းပြည့် ကျောင်းဆရာမျိုးလုပ်နိုင် လောက်သည့် ပညာတတ်များက နည်းလှသေးသည်။ ကျောင်းစစ်၊ ဘုတ်စစ်၊ စာမေးပွဲလောက်နှင့် ခုနစ်တန်း အောင်လာသူတို့လောက်နှင့်သာ မူလတန်းကျောင်းများကို ဖွင့်လှစ်ခဲ့ကြရသည်။ ကျွန်တော်တို့ သာဝတ္ထိဒေသမှ ဆရာအချို့ဆိုလျှင် ခုနစ်တန်းတောင် အမှန်အောင်ကြ သည်မဟုတ်။ ကျောင်းအုပ်ဆရာကြီးက ခုနစ်တန်းအောင်ကြောင်း ထောက်ခံချက်ဖြင့် ဆရာဝင်လုပ်နေ သူများရှိသည်။ တစ်နိုင်ငံလုံး၌ ထိုသို့ သော ဆရာများက အများစုဖြစ်နေ သဖြင့် ဋသံလျင်းချိတ်နှင့် ဌဝမ်းဘဲကို ကွဲအောင်ရေးချင်မှ ရေးတတ်တော့ သည်။ ထို့ကြောင့် အငြိမ့်စင်ပေါ်မှ လူပြက်များ၏ ပြက်လုံးမှာ သဘာဝ ကျလှသဖြင့် ပရိသတ်က ရယ်ကြ ခြင်းဖြစ်သည်။

မြန်မာဗျည်းစာလုံးများတွင် ဋသံလျင်းချိတ်နှင့် ဌဝမ်းဘဲမျှသာ ကွဲကွဲပြားပြားသိဖို့ ခက်သည်မဟုတ်။  ဍရင်ကောက်နှင့် ဋသံလျင်းချိတ်မှာလည်း လွဲနိုင်သော ဗျည်းစာလုံးများ ဖြစ်ကြသည်။ ထို့အတူ အဆင့်နှင့်ရေးသော ဌဝမ်းဘဲ (ဋ္ဌ) နှင့် ဠကြီးတို့ ကလည်း လွဲမှားနိုင်ပြန်သေးသည်။ ဘုန်းကြီးကျောင်းများမှာလို ဗျည်း ၃၃ လုံးကို စနစ်တကျ သင်ယူနိုင်ခဲ့ခြင်း မရှိပါက ကြီးလာသည့်တိုင် (၁ဝ တန်းကျောင်းသား အရွယ်လောက်တိုင်) ထိုသို့သော အက္ခရာများကို မှန်အောင် မရေးတတ်ဘဲဖြစ်တတ် သည်။

အငြိမ့်ပြက်လုံးမဟုတ်၊ တကယ်ဖြစ်ခဲ့ပုံကို ပြောပြပါဦးမည်။ ကျွန်တော့် မိတ်ဆွေတစ်ဦးက ပြောပြဖူး သော စကားဖြစ်ပါ၏။ တက္ကသိုလ်တွင် လက်ထောက်ကထိက အဆင့်ဖြင့် လုပ်နေသော သူ့သမီးက မေးပါသတဲ့။

''အဖေ အဖေ၊ စလုံးယပင့်ကို ဘယ်လိုဖတ်သလဲဟင်''တဲ့။ (ယခု ထိုသမီး တွဲဖက်ပါမောက္ခဖြစ်နေပြီ ထင်သည်။) တက္ကသိုလ်ဆရာမသည် ဈမျဉ်းဆွဲကို မသိ၊ မတတ်လို့တော့ကားမဟုတ်။ ကိုယ်သင်ပေးရသော  တပည့်တွေက မူကြို၊ သူငယ်တန်းကြီး တပည့်မျိုးတွေ မဟုတ်ဘဲ  တက္ကသိုလ်ကျောင်းသားတွေသာဖြစ် ရာဗျည်း ၃၃ လုံးနှင့် အထိအတွေ့ နည်းသွားသောအခါ ဈမျဉ်းဆွဲကို မေ့သွားခြင်းဖြစ်သည်။

ယခု ဖေ့စ်ဘွတ်တွင်ဖတ်ရသော  'ပါဋိစာပေသမိုင်း'မှာ တက္ကသိုလ်မှာ သင်ပေးမည့် ပြဋ္ဌာန်းစာလား၊ ဘာလားကား ကျွန်တော်မသိ။ ထိုစာအုပ်ကို ရေးသားပြုစုသည့်  ပညာရှင်လည်း  ဗျည်း ၃၃ လုံးလောက်တော့  တတ်မှာ ဧကန်မုချပါပဲဟု ယုံလောက်စရာရှိပါသည်။

ကြည့်ရသည်မှာ ( ထို့ပို့စ်ကိုတင်သည့် အကောင့်ရှင်က တမင်လီဆယ်ဖန်တီးလိုက်ခြင်းမျိုး မဟုတ်ပါ က) မျက်နှာဖုံး ဒီဇိုင်းရေးဆွဲသူ၏ လက်ချက်ဖြစ်ပုံရပေသည်။

မျက်နှာဖုံး ဒီဇိုင်းရေးဆွဲသူသည် ဘွဲ့ရသူတစ်ယောက်လည်း ဖြစ်ချင်ဖြစ်မည်။ ဘွဲ့ရချင်မှလည်းရမည်။ ဘွဲ့ ရသူတစ်ဦးဟု ဆိုစေဦး၊ တက္ကသိုလ် ဆရာမတစ်ဦးတောင်  စလုံးယပင့်ကို  ဈမျဉ်းဆွဲဟူ၍ ရုတ်တရက်ခေါင်းထဲ ပေါ်မလာနိုင်ဖြစ်တတ်သေးရာ ထိုဒီဇိုင်းပညာရှင်လည်း ကျောင်းမှာသင် ခံသော ပညာတွေက ဠကြီးအထိ မမှတ်မိတော့ဘဲ ဋသံလျင်းချိတ် လောက်သာပဲ မှတ်မိတော့သဖြင့် 'ပါဋိ'ဟူသော ဝေါဟာဝါရကို သူတတ်သလောက် ဋသံလျင်းချိတ်နှင့်ပဲ စာလုံးပေါင်းပစ်လိုက်ဟန်တူပေ သည်။

ထိုသို့သော အမှားမျိုး (စာအုပ်အချောအဆင့်အထိ ရောက်လာသော အမှားမျိုး) ဖြစ်လာရခြင်းမှာ အမှန်ကတော့  စာအုပ်ဖြစ်လာအောင်  စီမံပေးရသော ထုတ်ဝေသူများ၏ တာဝန်လစ်ဟင်းမှုကြောင့် ဖြစ်ပေသည်။

ကျွန်တော်သည် မိမိရေးလိုက် သော စာများ စာဖတ်သူများ၏ လက်ဝယ်သို့ အမှားစင်နိုင်သမျှ စင်စွာဖြင့်ရောက်စေလိုသော ဆန္ဒကြောင့် ထုတ်ဝေသူများအား ၄င်းတို့ နောက်ဆုံးအဆင့်အထိ ပရုဖတ်ထားပြီးသော စာမူများကို ကျွန်တော့်ထံပို့ပေးရန် မေတ္တာရပ်ခံထားလေ့ရှိပါသည်။ ထုတ်ဝေသူဘက်မှ ပရုဖတ်စစ်ဆေးပြီးသော စာမူကို ကျွန်တော်က နောက်ဆုံးအနေဖြင့် ပရုပြန်ဖတ်ပေး သောအားဖြင့် (အမှားတစ်လုံးမှ မပါစေရဟု တာဝန်မခံနိုင်သော်ငြားလည်း)  တတ်နိုင်သမျှ အမှားအယွင်း နည်းသွားစေရန်ဖြစ်ပါသည်။

ထိုသို့ မေတ္တာရပ်ခံထားသည့် တိုင်အောင် အချို့ထုတ်ဝေသူများက   ကျွန်တော့်ထံ နောက်ဆုံးအဆင့် စာမူချောပို့ပေးနိုင်ချင်မှ ပို့ပေးနိုင်သည်။ ပို့ပေးလျှင်လည်း ထိုစာမူကိုသာ ကျွန်တော်က ပြန်စစ်ပေးနိုင်သည်။ စာအုပ်အဖုံးကို အများအားဖြင့် ကျွန်တော့်အား ပြလေ့မရှိကြသဖြင့် မျက်နှာဖုံးမှာ မှားနေလျှင် ကျွန်တော်လည်း ဋကြီးအစားဋသံလျင်းချိတ်ဖြင့် မှားပစ်သလို  ရှက်စရာမျိုးဖြင့် ကြုံ နိုင်ပေသည်။

ကျွန်တော့် စာအုပ်တစ်အုပ်တွင် မူလပေးထားသော နာမည်ကို ထုတ်ဝေသူက ပြင်လိုသည်ဆိုပြီး ကျွန်တော့်သဘောတူညီချက်ဖြင့် ပြင်၏။ မူလအမည်ဖြင့် မျက်နှာဖုံး ဒီဇိုင်းလည်း ဆွဲပြီးဖြစ်ရာ ခေါင်းစဉ်ပြင်တော့ ထိုဒီဇိုင်းပါပြင်ရသည်။ သို့ရာတွင် စာအုပ်တကယ်ထွက်လာသောအခါ စာအုပ်ခေါင်းစဉ်သစ် (အမည် သစ်) သည်သာ မျက်နှာဖုံး၌ ပြောင်းထားနိုင်ပြီး စာအုပ်အနှောင့်တွင် ဖော် ပြထားသော အမည်ကမူ ယခင်မူလ အတိုင်း ဖြစ်နေလေတော့သည်။

ပရုစင်ကြယ်ရေးနှင့် ပတ်သက် ၍ ပြောလိုသည်။ စိတ်ကူးချိုချို စာအုပ်တိုက်သည် ကျွန်တော့် စာအုပ်တွေ (ယခုနောက်ဆုံး ထုတ်မည့်စာအုပ်မှအပ)ကို ထုတ်ဖူးသော ထုတ်ဝေသူမဟုတ်သော်လည်း

ကျွန်တော်တို့ စာအုပ်တိုက်ပိုင်ရှင် ကိုစန်းဦးကို လွန်စွာလေးစား ချီးကျူးမိသည်။ ကိုစန်းဦးသည်ဂန္ထဝင် စာပေထဲမှ စာအုပ်မျိုးတွေသာမက မြန်မာစာပေသမိုင်းတွင် ထင်ရှားခဲ့သော စာရေးဆရာ ဆရာမကြီး၏ စာပေလက်ရာဟောင်းများကိုပါ ဖော်ထုတ်၍ ပုံနှိပ်ထုတ်ဝေကာ မျက်မှောက်ခေတ်  ငယ်ရွယ်သောမျိုးဆက်များကို ခေတ်ဟောင်းစာပေနှင့် မိတ်ဆက်အပေးနိုင်ဆုံး ထုတ်ဝေသူ တစ်ဦးဖြစ်သည်။ ကျွန်တော်သည် ငယ်စဉ်မှစ၍ စာအုပ်အစုံကို ဖက် လာသူဖြစ်သော်လည်း အချို့သော ခေတ်ဟောင်းစာများကို ကိုစန်းဦး၏ စိတ်ကူးချိုချိုတိုက်က ပြန်ထုတ်သော အခါမှသာ ဖတ်ခွင့်ရပေသည်။

သို့ရာတွင် စိတ်ကူးချိုချို၏ အားနည်းချက်မှာ(အခြားတိုက်တွေတွင်လည်း ထိုအားနည်းချက်မျိုးမရှိဟု မဆိုလို) ပရုမစင်ခြင်းဖြစ်၏။ ပရုမစင်သဖြင့် ဋသံလျင်းချိတ်နှင့် ဠကြီးလွဲတာမျိုးအထိပင် မဖြစ်သော်လည်း ရှေးကစာပေများ၏ အမှန်မူကို စာဖတ်ပရိသတ်က လေ့လာခွင့် မရတော့ပေ။ စာဖတ်အားနည်းသူဆို လျှင် မှားမှန်ဆုံးဖြတ်နိုင်စွမ်းမရှိသဖြင့် ပရုမစင်၍ မှားနေသောမူကိုပင် အမှန်ဟု ယူဆသွားစရာရှိပေသည်။

မှားကြရာ၌ အမျိုးမျိုးရှိနိုင်ရာ မည်သူသည် ၁၉၁၅ တွင် မွေးသည် ဟု ဖြစ်ရမည်ကို ၁၉၅၁ ဟု မှားထားပါက မည်မျှမှားယွင်းသွားမည်ကို တွေးကြည့်နိုင်၏။ စာများကို အမှား စင်နိုင်သမျှ စင်အောင် ကြိုးစားအား ထုတ်ရာ၌ ဟံသာဝတီတိုက်ကို ထူထောင်သွားသည့် မစ္စတာရစ်ပလီ သည် လွန်စွာချီးကျူးဖွယ်ကောင်းသည်။ စာတစ်လုံး ဘုရားတစ်ဆူဟု သဘောထားကာ ပိဋကတ်တော်များ ကို ပုံနှိပ်ထုတ်ဝေရာ၌ စာတစ်လုံးမှ မလွဲအောင် အားထုတ်သည်။

ရစ်ပလီသည် ဟံသာဝတီ ပုံနှိပ်တိုက်ကို ရန်ကုန်မြို့၊  ၃၄ လမ်း၌ ၁၈၈၆ ခုနှစ်တွင် စတင်တည်ထောင် သည်။ ပိဋကတ်တော်များကို ပဉ္စမ သင်္ဂါယနာတင် ပိဋကတ်သုံးပုံ ကျောက်စာ ၇၂၉ ချပ်မှ ကူးယူကာ စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေသည်။

စာပြင်ဆရာ အယ်ဒီတာများ အဖြစ် သံတော်ဆင့်မင်း ဦးရွှေ တောင်၊ ပါဠိဆရာကြီး ဆရာဖြေ၊ ပါဠိ ဆရာ ဦးပန်းလှိုင်ကြီး၊ ဝတ္ထုဘက်တွင် ဦးပန်းလှိုင်ကလေး၊ ဆရာတိုင်း၊ ဦးကြီး၊ ဆရာခန့်၊ ဆရာလင်း၊ ဆရာညွန့်၊  မှော်ဘီဆရာသိန်းကြီး၊ မူလတိုးမေတ္တာအမည်ခံ ဦးတင့်နှင့် ပီမိုးနင်းစသော စာပေပညာရှင်ကြီးများကို ခန့်ထား၍ ဂယ်လီပရုမှ နောက်ဆုံးဖိုင်နယ်ပရုအထိ တကယ့်ပါဠိ ဆရာကြီး ခြောက်ဦးခန့်လောက်က အဆင့်ဆင့် သေချာစွာ စစ်ဆေးပြီးမှ ပုံနှိပ်ထုတ်စေကြောင်း ဆရာကြီး ဟံသာဝတီ ဦးဘရင်၏ ဟံသာဝတီ အတ္ထုပ္ပတ္တိကျဉ်းတွင် ဖတ်ဖူးသည်။

ဟံသာဝတီတိုက်ထွက် ပိဋကတ်တော်များတွင် ကျောက်စာမူတော်နှင့် မတူ တိမ်းပါးသော အက္ခရာတစ်လုံး ကို ပြနိုင်ပါက ဆုငွေ ၅ဝ ပေးမည်ဟုတောင် ကြေညာပါသတဲ့။  ထိုငွေ ကျပ် ၅ဝ ဆိုသည်မှာ ရွှေဒင်္ဂါးပြား တစ်ပြား ၁၃ ကျပ်လောက်သာရှိနေ သေးသောကာလက ငွေပမာဏမျိုး ဖြစ်မည်။ ထိုသို့ ကြေညာခဲ့သော် လည်း ဆုငွေရဖူးသူ မပေါ်ခဲ့ဟု ဆို သည်။

ယနေ့ခေတ်ထုတ်ဝေသူများ သည် မစ္စတာ ရစ်ပလီလောက် စာ တစ်လုံး ဘုရားတစ်ဆူစိတ်မျိုး မထား နိုင်ကြဟုဆိုစေဦး စာအုပ်အမည်ကို ဋသံလျင်းချိတ်နှင့် ဠကြီးလွဲမှားရိုက် နှိပ်မိသည်အထိတော့ မမှားသင့်ကြကောင်းဟု ပြောလိုက်ချင်ပါသတည်း။

 

မှတ်ချက်။    ။ အထက်ပါဆောင်းပါးကို ရေးသားပြီးနောက်မှ ဖေ့စ်ဘွတ်တွင် တင်ထားသော အခြင်းအကြောင်းအရာများကို ပွတ်ကြည့်မိရာ ဖော်ပြပါ'ပါဠိ'ဟူသော စာလုံးပေါင်းကို 'ပါဋိ'ဟူ၍ပြထားသော စာအုပ်၏ ပို့စ်နှင့်အတူ လက်ယာဘက်၌ ယှဉ်တွဲဖော်ပြထားသော သင်ပုန်းကြီးစာအုပ်မှ ဗျည်း ၃၃ လုံး ကို ဖော်ပြထားဟန်တူသော စာမျက်နှာတစ်ခု၏ ပုံကိုလည်း တွေ့ရသည်။  ထိုသင်ပုန်းကြီး စာမျက်နှာ၌ ဠကြီးကို ဌဝမ်းဘဲအဖြစ်ပြထားပါသည်။ အမျိုးသားတို့၏ အနာဂတ် ပညာရေးအတွက် ရင်လေးကြပါကုန်။

 

ဦးတင်ဦး (ကျူရှင်)

ဦးတင်ဦး (ကျူရှင်)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.