19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ဦးနှောက် နှလုံးသားနဲ့ နည်းပညာ

သုံးချောင်းထောက်စင်လေးပေါ်မှာ ကရွတ်ခွေ။  ကရွတ်ခွေလေးပေါ်မှာ မြေရေအိုးတစ်လုံး။ မြေရေအိုးလေးပေါ်မှာ ပန်းကန်လေးဖုံး။ ပန်းကန်လေးထက် သောက်ရေခွက်လေးတင်။ အဲသလို ရေအိုးစင်ဆိုတာလေးဟာ မြန်မာတွေရဲ့ ဧည့်ခန်း၊ ထမင်းစားခန်းတွေမှာ တင့်တင့်တယ် တယ် နေရာယူခဲ့ဖူးတာပေါ့။

အခုတော့ ပလတ်စတစ် ဘူးကြီးတွေနဲ့ ထည့်ထားတဲ့ ရေသန့်ဆိုတာတွေက ရေအိုးစင်အစား နေရာယူထားကြပါပြီ။ တစ်လီတာဝင် ရေသန့်ဘူးလေးတွေ စရောင်းစဉ် ကတော့ ရေကို ဘယ်သူဝယ်သောက် မှာလဲဆိုပြီး ရယ်ပွဲဖွဲ့ခဲ့ကြဖူးရဲ့။ ခုတော့လည်း ရေသန့်ဘူးမရှိရင်ဘဲ ရေငတ်သေရတော့မလို ဖြစ်နေကြတာ တွေ့ရတဲ့အခါ လူတွေကိုပဲ အံ့သြမိပါ တော့တယ်။

မီးသွေးမီးဖို၊ ထင်းမီးဖိုလေးတွေပေါ် ဒယ်အိုး၊ ဒန်အိုးတည်ရင်းချက် ပြုတ်စားသောက်ခဲ့ကြရာက လျှပ်စစ်မီးဖိုဆိုတာ ပေါ်လာတော့ မီးသွေး၊ ထင်းမီးဖိုလေးတွေ တစ်စတစ်စ ပျောက်ကွယ်သွားကြတယ်။ လျှပ်စစ် မီးမရတဲ့ ဒေသတွေကတော့ ခြွင်းချက်ပေါ့။ ခုတော့ လျှပ်စစ်မီးဖိုဆိုတာထက် လျှပ်စစ်ထမင်းအိုး၊ လျှပ်စစ်ဟင်းချက်အိုးတွေကို သုံးလာကြပြန်တဲ့အခါ လျှပ်စစ်မီးဖိုဆိုတာတောင် မသုံးကြတော့သလောက်ပါပဲ။ လျှပ်စစ်မီးမလာတဲ့အခါကျတော့ အားလုံးဖရိုဖရဲဖြစ်ပြီး ဒုက္ခတွေရောက်ကုန် ကြရတော့တာပါပဲ။ သည်တော့ ဂက်စ်မီးဖိုဆိုတာလေးတွေပေါ်လာ တော့တာပေါ့။ လျှပ်စစ်မီးလာလာ၊ မလာလာ အချိန်မရွေးသုံးစွဲနိုင်တာကိုး။

လျှပ်စစ်ကတော့ အရေးပါဆဲပါပဲ။ ရေတင်လည်း လျှပ်စစ်၊ အဲယားကွန်းလည်း လျှပ်စစ်၊ လျှပ်စစ်နဲ့ ချိတ်ဆက်သုံးစွဲရတဲ့ ပစ္စည်းတွေက အမယ်စုံလှတယ်လေ။ ကြိတ်စက်လေးတွေကအစ ပေါ်လာတော့ ငရုတ်ဆုံ၊ ငရုတ်ကျည်ပွေ့လည်း နေရာပျောက် ရရှာတော့တာပေါ့။

လျှပ်စစ်ကြောင့် လူနေမှုပုံစံတွေ အတော်ပြောင်းလဲသွားတာ ငြင်းမရဘူး။ သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြည်ရေးအထိ အကျိုးသက်ရောက်စေတာလည်း အမှန်တရားပါပဲ။ နည်းပညာတွေ ထွန်းကားလာခြင်းဟာ လူနဲ့ လူ့ပတ်ဝန်းကျင်ကို အများ ကြီး အကျိုးပြုပါတယ်။ သို့သော် နည်းပညာတွေအပေါ် အားကိုးမှုလွန် ကဲလာတဲ့အခါ လူတွေရဲ့ အားထုတ်လိုမှု စွမ်းအားဟာ လျော့ပါးပျောက်ကွယ်စပြုလာပါတယ်။ သည်အတွက် ဆိုးကျိုးတွေကိုလည်း တစ်ပြိုင်နက်တွေ့ကြုံရတော့တာပါပဲ။

ကြွပ်ကြွပ်အိတ်လို့ခေါ်တဲ့ အလွယ်တကူထည့်သွင်း သယ်ဆောင်နိုင်တဲ့ အိတ်လေးတွေ ပေါ်လာတဲ့ အခါ ခြင်းတို့၊ တောင်းတို့နဲ့ ဈေးသွား တဲ့စနစ် ပျောက်သွားပြီး ကြွပ်ကြွပ် အိတ်ကိုပဲ အလွယ်တကူ သုံးစွဲလာကြတာကြောင့် လူ့ပတ်ဝန်းကျင်တစ်ခုလုံးကို အဲဒီပလတ်စတစ် အိတ်လေးတွေက ဖုံးလွှမ်းသွားခဲ့တယ်။

အဲဒီအိတ်ကလေးတွေကို အလွယ်တကူပဲ စွန့်ပစ်လိုက်ကြတဲ့အတွက် ကြီးမားတဲ့ ပြဿနာတွေရှိလာ ရတယ်။

တိရစ္ဆာန်တွေရဲ့ ဝမ်းဗိုက်တွေ ထဲအထိရောက်ပြီး ဒုက္ခရောက်ကြရတယ်။

အိတ်တွေဟာ တော်တော်နဲ့ မပျက်စီးတော့ မြေဆီမြေသြဇာကိုလည်း ပျက်စီးထိခိုက်စေပြန်သတဲ့။

မီးရှို့ဖျက်ဆီးတော့လည်း အနံ့အသက်နဲ့ အခိုးအငွေ့တွေက ပတ်ဝန်းကျင်ကို ထိခိုက်စေပြန်တယ်။

အဲသလိုပဲ အဲယားကွန်းတို့၊ ရေခဲသေတ္တာတို့ကထွက်တဲ့ ဓာတ်ငွေ့တွေကြောင့်လည်း အိုဇုန်းလွှာကို ပျက်စီးစေတယ်။ ခုထက်ထိ အဲသလို မထိခိုက်မပျက်စီးစေရအောင် ဖန်တီး တာ မကြားရသေးဘူး။ ကားတွေ၊ ဆိုင်ကယ်တွေကထွက်တဲ့ မီးခိုးငွေ့ တွေဟာလည်း ပတ်ဝန်းကျင်ကို ထိခိုက်စေတာပါပဲ။ နည်းပညာ အသစ်တစ် ခုပေါ်လာတိုင်းဟာ ကောင်းကျိုး တစ်ခုတည်းရှိတာမဟုတ်ဘဲ ဆိုးကျိုးကလည်း အမြဲတမ်း ဒွန်တွဲပါလာ လေ့ရှိတာဟာ ရှောင်လွှဲလို့မရတဲ့ ကိစ္စပါပဲ။

ဂဏန်းပေါင်းစက်တွေပေါ်လာတဲ့အခါမှာ လူတွေဟာအတွက် အချက်ပညာမှာ တော်တော်ကို ညံ့ဖျင်းသွားကြတယ်လို့ ဆိုပါတယ်။ သာမန် ဂဏန်းလေးသေးသေးကိုတောင် ပေါင်းဖို့၊ နုတ်ဖို့၊ မြှောက်ဖို့၊ စားဖို့အတွက် စက်ရဲ့ အကူအညီမပါရင် မလုပ်တတ်ကြတော့ဘူးလို့ ဆိုပါတယ်။

တီဗီဂိမ်းဆိုတာလေးတွေပေါ်လာတော့ လသာသာမှာ ရိုးရာကစားနည်းဖြစ်တဲ့ ထုပ်ဆီးတိုးတမ်းကစားတာတို့၊ ညောင်ပင်တစ္ဆေကစားတာတို့ ပျောက်ကွယ်သွားပြီး ရင်းနှီးနွေးထွေးတဲ့ လူလူချင်းဆက်ဆံရေးဟာ ကျေးလက်လူငယ်တွေအတွင်း နှမြောစရာကောင်းလောက်အောင် ဆုံးရှုံးသွားခဲ့ကြပါတယ်။

ခုနောက်ဆုံး လက်ကိုင်မိုဘိုင်း ဖုန်းလေးတွေပေါ်လာတော့ လိင်ပိုင်းဆိုင်ရာမှာ စည်းမရှိ၊ ကမ်းမရှိတွေများ လာခဲ့ကြတယ်။ လူငယ်တွေချင်း သာမကဘဲ အိမ်ထောင်ရှိပြီးသား အရွယ်လတ်ပိုင်းတွေကြားထဲအထိ  လိင်ကိစ္စတွေဟာ ကြောက်စရာ ကောင်းလောက်အောင် ထိုးဖောက်ဝင်ရောက် ပျံ့နှံ့လာခဲ့ကြပါတယ်။ ဒါ့အပြင် ဖေ့စ်ဘွတ်ဆိုတာကနေ သတင်းဟန်ဆောင်ထားတဲ့ ကောလာဟလတွေ၊ အမုန်းတရား ဖြန့်ချိမှုတွေ စတဲ့ ဆိုးကျိုးတွေ ပေါ်ထွက်လာတာ တွေ့ရပါတယ်။

တစ်ခါ သည်မိုဘိုင်းဖုန်းတွေနဲ့ပဲ ဖောက်ခွဲရေး ပစ္စည်းဖြစ်တဲ့ဗုံးတွေ ဖန်တီးနိုင်ကြလို့ ဗုံးပေါက်ကွဲမှုတွေ မကြာခဏပေါ်ပေါက်လာပြီး သေသူတွေသေကြ၊ ဒုက္ခိတဘဝရောက်သူ တွေရောက်ကြနဲ့ ကမ္ဘာအနှံ့မှာ ပြဿနာပေါ်နေတာလည်း သတင်းတွေက တစ်ဆင့် ကြားသိနေရပါရဲ့။

စက်ရုပ်တွေကို တီထွင်လာကြတာလည်း အပြိုင်အဆိုင်ဆိုတော့ လူသားတွေမှာ အလုပ်လက်မဲ့ ပြဿနာတွေ များပြားလာတဲ့အပြင် စက်ရုပ်က လူကို ပြန်လွှမ်းမိုးသွားမယ့် ခေတ်ကို ရောက်လာနိုင်တယ်လို့ သိပံ္ပပညာရှင်တချို့က သုံးသပ်ထားတာကိုလည်း တွေ့ရပါတယ်။ နည်းပညာ တွေတိုးတက်မြင့်မားလာတဲ့အတွက်ကြောင့် လူသားဟာ ကာယအားကိုရော၊ ဥာဏအားကိုပါ စိုက်ထုတ်သုံး စွဲရမှုနည်းလာတာနဲ့အမျှ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာမှာပါ စွမ်းအင်တွေ တဖြည်းဖြည်း ယုတ်လျော့ သွားဖို့သာရှိတယ်လို့လည်း သုံးသပ်ပြ ကြပါတယ်။

အဏုမြူကိုပဲကြည့်ပါ။ ကောင်းသော စွမ်းအင်တွေအတွက် ဖန်တီးခဲ့ပေမယ့် ဟီရိုရှီးမားမှာ ဗုံးတစ်လုံးအဖြစ် ဖောက်ခွဲလိုက်တဲ့အခါ  အသက်ပေါင်းများစွာ မိနစ်ပိုင်းအတွင်း ဆုံးရှုံးကြရရှာသလို ရှင်သန်ကျန်ရစ်တဲ့ သူတွေမှာလည်း ဓာတုဓာတ်ငွေ့ အဆိပ်သင့်တဲ့ဒဏ်ကို ကာလရှည်ကြာ မချိမဆံ့ခံခဲ့ကြရှာတာပါ။ ခုလည်း အဏုမြူလက်နက်ကို ပိုင်ဆိုင်ထားပြီး ခြိမ်းခြောက်မှုတွေ မကြာခဏလုပ်နေတဲ့ မြောက်ကိုရီး ယားနိုင်ငံလို ဆင်ခြင်မှု ကင်းမဲ့တဲ့ နိုင်ငံကြောင့် တတိယကမ္ဘာစစ် ဘယ် တော့ထဖြစ်မလဲလို့ တစ်ကမ္ဘာလုံး စိုး ထိတ်နေကြရတာပဲ မဟုတ်လား။

သိပံ္ပပညာရှင်ကြီး တစ်ယောက်ကတော့ ပြောဖူးပါတယ်။ တတိယကမ္ဘာစစ်ဖြစ်ပြီးရင် စတုတ္ထကမ္ဘာစစ်ဆိုတာ မရှိတော့ဘူးတဲ့။ အဏုမြူစစ်ပွဲဟာ ကမ္ဘာကြီးကို အဆုံးသတ်ပေး လိုက်မှာကြောင့်ပါ။

ကောင်းကျိုးဆိုးပြစ်ဆိုတာ သုံးစွဲသူက အဓိကပဲမို့ နည်းပညာတွေကို အကျိုးရှိအောင် သုံးစွဲနိုင်ဖို့ လူ့ ဦးနှောက်နဲ့ နှလုံးသားတွေကိုလည်း အဆင့်မြင့်ပေးဖို့လိုနေကြောင်းပါဗျာ။

ဝါဆိုကိုဦး (တောင်ကြီး)

ဝါဆိုကိုဦး (တောင်ကြီး)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.