19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
နေ့စဉ် အဓိပါယ် ပြည့်ဝစွာ နေပါ

လူတိုင်း နေရာတိုင်းမှာ သူတို့ရဲ့ မိသားစုတွေ၊ စီးပွားရေး လုပ်ငန်းတွေ၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းတွေ၊ မြို့ရွာတွေ၊ တိုင်းပြည်တွေကို ပြောင်းလဲ ပေးဖို့ အခွင့်အရေးတွေကို ရယူဆုပ် ကိုင်နိုင်အောင် အစဉ်ရည်ရွယ်ချက် အရင်းခံထားရှိနိုင်ကြရပါမယ်။ သူ များထက် ထူးခြားအရေးပါအောင် ဆောင်ရွက်ချင်စိတ်ကို အမြဲမွေးမြူ ထားမယ်ဆိုရင် မိမိတို့ ကမ္ဘာကို ပြောင်းလဲနိုင်ပြီး နေပျော်သာယာတဲ့ နေရာတစ်ခုဖြစ်လာနိုင်ပါလိမ့်မယ်။

ကျွန်မတို့ တိုင်းပြည်မှာ ပြည်သူတွေ ဘေးအန္တရာယ်တွေ၊ ကြုံလာတဲ့ အခါတိုင်း အစိုးရဌာနတွေ၊ ပရဟိတအဖွဲ့အစည်းတွေ၊ နိုင်ငံခြားက ကူညီသူတွေ လှုပ်လှုပ်ရှားရှားပေါ်ထွက်လာပြီး ငွေအား၊ လူအား၊ ပစ္စည်းအားတွေနဲ့ ကူညီထောက်ပံ့ပေးကြပါတယ်။ တချို့ကျတော့လည်း သူများလုပ်လို့သာ လိုက်လုပ်ပြီး တစ်ခါနဲ့ ပြီးသွားကြတယ်။ အခွင့်ရေးသမားတွေကလည်း ရောယောင်ပြီး အလှူခံကြပြီး နောက် ကိုယ်ကျိုးအတွက် သုံးစွဲသွားကြတာလည်း ကြားဖူးပါတယ်။ ပရဟိ တလုပ်သူတွေထဲမှာ မင်းသား ဝေဠု ကျော်ကို သတိထားမိပါတယ်။

အရေးကြုံပြီဆိုရင် ရှေ့ဆုံးကထွက်လာပြီး ပစ္စည်းအင်အားနဲ့မကဘဲ စွန့်စွန့်စား စားအားကြိုးမာန်တက် ဒုက္ခသည်တွေကို ကူညီကယ်တင်တာတွေကို တွေ့ရပါတယ်။ ပစ္စည်းတွေကို ကိုယ်တိုင်ဝင်ပြီး ထမ်းပိုးပေးတတ်ပါတယ်။ အခု ရခိုင်အရေးအခင်းမှာလည်း ရခိုင် ပြည်အထိ လိုက်သွားပြီး ကူညီနေပြန်ပါပြီ။ ဆန်အိတ်တွေ ထမ်းပိုးနေတာ တွေ့လိုက်ရပါတယ်။ သူ့နှလုံးသားနဲ့ ဦးနှောက်ထဲမှာ လူတွေ ဒုက္ခရောက်တဲ့အခါ ကူညီကယ်တင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်ကို မြှုပ်နှံထားတယ်လို့ ကျွန်မယူဆပါတယ်။ ဒါကြောင့်လည်း သူကအမြဲ alert အဆင်သင့်ဖြစ်နေပြီး မဆိုင်းမတွသွားရောက် ကူညီနေတာ ထင်ရှားပါတယ်။ အများစုအဖို့ကတော့ ငွေနဲ့ပဲ ကူညီနိုင်ပါတယ်။ ဝေဠုကျော်ကို ကျွန်မမမြင်ဖူးပါဘူး။ ပရဟိတစိတ်ဓာတ် အပြည့်နဲ့ ကိုယ်ရောစိတ်ပါနှစ်ပြီး ကူညီလုပ် ဆောင်နေသူကို သာဓုခေါ်ပါတယ်။

လောကကို တစ်မူထူးခြားအောင် ပြောင်းလဲပေးနေတဲ့ လူတစ်ယောက်သူ့ကြောင်းကို ကျွန်မဖတ်ရတော့ စိတ်လှုပ်ရှားအားကျမိပါတယ်။ စာဖတ်သူတို့လည်း သူ့အကြောင်းကို သိပြီးရင် စိတ်ဝင်စားပြီး ချီးကျူးမိမယ် ထင်ပါတယ်။ သူ့နာမည်က ဂျက်(ဖ) (Jefflviliam) ပါ။ သူက ကိုယ်ပိုင်လုပ်ငန်းတစ်ခုရဲ့ ပိုင်ရှင်ဖြစ်ပြီး ထူးခြား အရေးပါမှုတစ်ခုခုအတွက် ရည်ရွယ်ချက်ထားပြီး လှုပ်ရှားရှင်သန်နေသူ ဖြစ်ပါတယ်။ အဲဒီ အသိတရားကို သူ အသက် ရှစ်နှစ်အရွယ်ကတည်းက စတင်စွဲမြဲခဲ့တယ်။ ခြိုးခြံချွေတာမှု များနှင့် နေခဲ့ရတဲ့ မိသားစုထဲမှာ ကြီးပြင်းလာခဲ့ရပါတယ်။ သူတို့က မရှိမရှားထဲကပါပဲ။ လူတန်းစေ့နေနိုင်ပေမယ့် ပိုပိုလျှံလျှံမရှိကြပါ။ Mc Donald ကို သွားကြရင် မိဘများက သူ့အတွက် ဘာဂါတစ်ခုပဲဝယ်ကျွေး နိုင်ပါတယ်။ အာလူးကြော်နဲ့ အအေးကိုတော့ သူမရခဲ့ပါဘူး။ တစ်နေ့မှာတော့ အရောင်းကိုယ်စားလှယ်တစ်ယောက် ဂျက်(ဖ) တို့အိမ်ကို ရောက်လာပါတယ်။ “Uncle Arthur’s bedtime Stories” စီးရီးလိုက်ထုတ်ဝေ ထားတဲ့ ပုံပြင်စာအုပ်တွေလာပြီး ရောင်းပါတယ်။ ဂျက်(ဖ)က ထမင်း စားခန်းထောင့်ကချောင်းပြီး မိဘတွေကို ရွှန်းရွှန်းဝေအောင် ကြော်ငြာနေတာကို နားထောင်နေခဲ့တယ်။

သူ့မိဘတွေက ငွေကို မနှမြောဘဲ စာအုပ်တွေကို အစုံလိုက် ဝယ်ယူလိုက်တာကို သူအံ့သြတကြီး ဖြစ်ခဲ့တယ်။ သူ့ဘဝကို ပြောင်းလဲစေမယ့် အခွင့်အရေးရတာပါပဲ။ ညစဉ် အဖေတစ်လှည့်၊ အမေ့တစ်လှည့် သူ့ကို ပုံပြင်တွေ ဖတ်ပြကြတယ်။ တစ်ညမှာတော့ သူဘဝကို ပြောင်းလဲ စေမယ့် ပုံပြင်တစ်ပုဒ်ကို ကြားခဲ့ရတယ်။ ဒီနေ့အထိ သူမမေ့ပါဘူး။ “Wilfres’d Secrete ဝင်းဖရက်၏ လျှို့ဝှက်ချက်''ဆိုတဲ့ ပုံပြင်ပါ။ မောင်နှမနှစ်ယောက် “The Surprise Package Company ဖန်တီးတီထွင်ဖို့ ဆုံးဖြတ်ကြတဲ့ ပုံပြင်ဖြစ်တယ်။ သူတို့က နာမကျန်းဖြစ်ပြီး အိပ်ရာပေါ်မှာလဲနေတဲ့ ကလေးတွေအတွက် လက် ဆောင်တွေကို လျှို့ဝှက်စွာသွားထားခြင်းနဲ့ အိမ်ထဲကမထွက်နိုင်တဲ့ အဘွားအိုတွေ အတွက် စားစရာတွေကို နာမည်မဖော်ဘဲ ပေးပို့ခြင်းတွေ ပြု လုပ်ကြတယ်။

ဒီပုံပြင်လေးက ဂျက်(ဖ)ရဲ့ ရင်ထဲကို စွဲမြဲဝင်ရောက်သွားစေပါတယ်။ ''ကျွန်တော့်ရဲ့ အတွင်းစိတ်ကို  နှိုးဆော်ပေးလိုက်တာပါပဲ။ ဒီလို အံ့သြဝမ်းသာအောင် လုပ်လိုက်ရတာ ဘယ်လောက်ကြည်နူးစရာကောင်း လိုက်မလဲနော်။ သူတို့မသိဘဲ အဝေး ကကြည့်နေပြီး သူတို့အံ့သြ ဝမ်းသာသွားတဲ့ မျက်နှာတွေကို မြင်ရတာ ကျွန်တော်စိတ်အလှုပ်ရှားဆုံးပါပဲ''လို့ ပြောပါတယ်။

သူ့ညီမကို စည်းရုံးပြီး ပုံပြင်ထဲကလို လုပ်ဆောင် ကြပါတော့တယ်။ သူတို့ရဲ့ အရုပ်တွေ၊ ကိုယ်တိုင်ပြုလုပ်တဲ့ ပစ္စည်းလေးတွေကို လူတွေမသိအောင် သွားထားကြတယ်။ မိသားစု ကတော့ သူဒီလို ပြောင်းလဲသွားတာကို အရူးထတာလို့ပဲ သတ်မှတ်ကြတယ်။ ဆယ်နှစ်မကကြာတဲ့အခါ ငယ်ငယ်နဲ့ အိမ်ထောင်ကျပြီး သား သမီးသုံးယောက်ရှိလာတယ်။ ဂျက်(ဖ) က စားသောက်ဆိုင် လုပ်ငန်းလုပ်တယ်။ နောက်တော့ အရောင်းအဝယ်လုပ်ပါတယ်၊ သူတို့ သိပ်ပြီး မအောင်မြင်လှပါဘူး။ ဒါပေမယ့် သူတို့က အပေးအကမ်းရက်ရောသူတွေ ဖြစ်ပါတယ်။ သူနဲ့အတူ  အရောင်းအဝယ် လုပ်ကြတဲ့ ဇနီးမောင်နှံက အဆင်မပြေကြလို့ ခွဲခွာသွားကြပြီး ရုန်းကန်နေ ကြရတယ်၊ ဂျက်(ဖ)တို့ မိသားစုက သူတို့အတွက် စားစရာတွေဝယ်ပြီး အိမ်ရှေ့တံခါးဝမှာ သွားချထားကြတယ်။ သူတို့က အနီးအနားက ပန်းခြံတွေနောက်က ပုန်းပြီး ကြည့်နေကြတယ်။ သူစိမ်းတစ်ယောက်ကို လူခေါ်ခေါင်းလောင်းနှိပ်ဖို့ စည်းရုံးထားတယ်။ အိမ်ရှင်တွေ ဝမ်းသာအံ့သြသွားတာကိုကြည့်ပြီး သူတို့အားလုံး ပျော်သွားကြတယ်လို့ ပြောပြပါတယ်။

သူ့ရဲ့ အရောင်းအဝယ်လုပ်ငန်းက သိပ်မဖြစ်ထွန်းပါဘူး။ သူ့ရည်ရွယ်ချက်ကတော့ ငွေတွေအများကြီးရှာနိုင်ရင် များများပေးနိုင်မယ်ဆိုတာပါပဲ။ ဒါဟာ သူရဲ့ စိတ်ကူးအိပ်မက် ဖြစ်တယ်။ ကိုယ်ပိုင်ကုမ္ပဏီတည် ထောင်လိုက်တယ်။ နှစ်အတော်ကြာ တော့ သူ့ရဲ့ ကြိုးပမ်းအားထုတ်မှု ကြောင့် သူ့ကုမ္ပဏီက အောင်မြင်လာ ပါတယ်။

၂ဝ၁၃ ခုနှစ်မှာ ဂျက်(ဖ) က Guatemala ဂွါတီမာလာကို  ခရီးထွက်ရာမှာ Carlos ကားလို့(စ်) ဆိုတဲ့လူနဲ့ တွေ့ဆုံခဲ့တယ်။ သူက မိဘမဲ့ကလေးတွေကို စောင့်ရှောက်နေပြီး အာဟာရချို့တဲ့နေတဲ့ ကလေးတွေကို အငတ်ဘေးမှ ကယ်တင်ခဲ့တယ်။ ဂျက်(ဖ)က ကားလို့(စ်)ကို လူ့အဖိုးတန်မှန်းသိလာပြီး သူ့လုပ်ငန်းမှာ ထည့်ဝင်လုပ်ဆောင်ပါ တော့တယ်။ ဂွါတီမာလာမှာ မိဘမဲ့ကလေးတွေအတွက် ရွာလေးတစ်ရွာကားလို့(စ်) နဲ့အတူ ထည့်ဝင်ထူထောင်ခဲ့တယ်။ အခုအခါ ဂျက်(ဖ)က လစဉ်သူရဲ့ ဝန်ထမ်းမိသားစုတွေကို ဂွါတီမာလာကို အလှည့်ကျလွှတ်ပြီး မိဘမဲ့ ကလေးတွေကို ကြည့်ရှုစောင့်ရှောက်စေတယ်။ သူကပဲ စရိတ်အားလုံး အ ကုန်အကျခံပါတယ်။

ဒါတင်မကပါဘူး John Maxwell နဲ့ ပူးပေါင်းပြီး John Maxwell Leadership Foundation ထူထောင်တယ်။ သူတို့ ကူညီထောက်ပံ့ပြောင်း လဲပေးနေတဲ့ နယ်ပယ်တွေကတော့ အနုပညာလုပ်ငန်း၊ ဖြေဖျော်မှုလုပ်ငန်း၊ အားကစားလုပ်ငန်း၊ ယဉ်ကျေးမှု၊ ပညာရေး၊ စီးပွားရေးလုပ်ငန်း၊ မီဒီယာလုပ်ငန်း စသည်တို့ ဖြစ်ပါတယ်။ သူ့ရဲ့ နေ့စဉ်ထူးခြားအရာရောက်ရမယ်ဆိုတဲ့ ရည်မှန်းချက်ကြောင့် သူ့လုပ်ငန်းတွေ က တိုးတက်လာပြီး အများကောင်း ကျိုးဆပွားလုပ်ဆောင်နိုင်ခဲ့ပါပြီ။

ဂျက်(ဖ) က သူ့ရဲ့ စိတ်ဓာတ်  အရည်အသွေးကို သူ့သားသမီးတွေဆီကို လက်ဆင့်ကမ်းနိုင်ခဲ့ပါတယ်။ သူသမီး Deanna က အသက် ၁၂ အရွယ်ကတည်းက ဘယ်သူမှမသိစေဘဲ သူ့မုန့်ဖိုးတွေကို လျှို့ဝှက်စွာ စုဆောင်းခဲ့တယ်။ သူ့ဖခင်ဖွင့်လှစ်ထား တဲ့ မြင်းစီးသင်တန်းကျောင်းမှာ ချို့တဲ့တဲ့ ကလေး ခုနစ်ယောက်ကို ထောက်ပံ့ခဲ့တယ်။ တစ်ယောက်ကို ၂၂၅ ဒေါ်လာနှုန်းနဲ့ဖြစ်တဲ့အတွက် သူက ဒေါ်လာ ၁၅ဝဝ မက ထောက်ပံ့လှူဒါန်း ခဲ့တယ်ဆိုတာ ဂျက်(ဖ) သိခဲ့ရပါတယ်။

ဂျက်(ဖ) က အမြဲတမ်းတက်ကြွစွာ ထူးထူးခြားခြားဘယ်လို ဆောင်ရွက်ပေးရမလဲ၊ ဘယ်လို နည်းလမ်း တွေရှိနိုင်သလဲလို့ ရှာဖွေစိတ်ကူးနေတဲ့ သူဖြစ်ပါတယ်။ လူတိုင်း သူ့လိုပဲ စဉ်းစားတွေးခေါ်မယ်ဆိုရင်၊ အရေးတကြီး လိုအပ်တဲ့ နေရာတွေကို ရှာ ဖွေနိုင်မယ်ဆိုရင် ကမ္ဘာကြီးလည်း ပြောင်းလဲလာမှာဖြစ်ပါတယ်။ ဂျက်(ဖ) လုပ်နိုင်တယ်ဆိုရင် ကျွန်မလည်း လုပ်နိုင်ပါမယ်။ စာဖတ်သူတို့ လည်း လုပ်နိုင်ရမှာပါပဲ။ ပြုလုပ်ဖို့ကတော့ လိုအပ်တဲ့ အခြေအနေကို ရှာပြီး အမိအရ ဆုပ်ကိုင်ဆောင်ရွက် ဖို့ပါပဲ။ သိပ်ကြီးကြီးမားမားရှာစရာ မလိုပါဘူး။ ကမ္ဘာကြီးတုန်ခါသွားတဲ့ အထိလည်း လုပ်ဖို့မလိုပါဘူး။ အများ အကျိုးအတွက် လိုအပ်တာကိုပဲ လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ ကျွန်မတို့ လုပ်နိုင်ရင် စာဖတ်သူတို့လည်း လုပ်နိုင်ရမှာပေါ့။ ဟုတ်တယ် မဟုတ် လားရှင်။              

ခင်စောတင့်

ခင်စောတင့်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.