14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ပညာစကားဝိုင်း

ကျွန်တော်တို့ ကျောင်းဆရာ လူထွက်တွေရဲ့ စကားဝိုင်းပါ။ ဒီစကားဝိုင်းမှာ ဆရာညို၊ ဆရာကောင်း၊ ဆရာမြင့်နှင့် ဆရာဒီပါတို့ ပါဝင်ပါသည်။

အဆိုပါ ကျောင်းဆရာ လူထွက်များသည် ဆရာလုပ်သက် ၁ဝ နှစ် အနှစ် ၂ဝ ကျော်ရှိသည့် သူများဖြစ်ကြသည်။

ပညာရေးနှင့် ပတ်သက်ပြီး ပညာပေးသောအနေဖြင့် စဉ်းစားပြီးပြောသည့် စကားဝိုင်းကို ပရိသတ်များကို တင်ပြထား ခြင်းဖြစ်သည်။

ဝေဖန်အကြံပြုနိုင်ပါသည်။ (ဆဲလိုကလည်း ဆဲနိုင်ပါသည်) လွတ်လပ်စွာ သဘောထားကွဲခွင့်ရှိပါသည်။

ကျွန်တော်တို့ ကျောင်းဆရာဟောင်းလေးယောက်သော်မှ သဘောထား မတိုက်ဆိုင်ကြပါဘူး။

ဒါကြောင့်လည်း စကားဝိုင်းဖြစ်နေတာပါ။

 

အပိုင်း(၁)

ပထမအနေဖြင့် ကျွန်တော်တို့သည် ကျောင်းသားများ၏ မတူကွဲပြားတာတွေကို လေ့လာမိကြသည်။     အပိုင်း (၁) တွင် ကျွန်တော်နှင့် ဆရာကောင်းတို့နှစ်ယောက် ဆွေးနွေးထားကြသည်။

ဆရာညို - ကျောင်းသားတွေထဲမှာ လူညံ့တွေပါဝင်တာ တော့ သေချာတယ်။ ရာခိုင်နှုန်းဘယ်လောက်ရှိမှာလဲ။

ဆရာကောင်း - ၁ဝ ရာခိုင်နှုန်းလောက်ထိ ရှိပါတယ်။

ဆရာညို - ဘယ်လိုလူတွေကို လူညံ့လို့ ခေါ်တာလဲ။

ဆရာကောင်း - ကျွန်တော်တော့ ကျောင်းသားတွေထဲမှာ လူညံ့လို့ပြောတာ စာသင်လို့မရတဲ့သူတွေ၊ အမှတ်နည်းသူတွေလည်း ပါတာပေါ့။ အဓိကတော့ အတန်းထဲမှာ စာညံ့သူတွေကို လူညံ့လို့ သတ်မှတ်တာပါပဲ။

ဆရာညို - စာညံ့တာနဲ့ လူညံ့ဖြစ်တာပဲလား။

ဆရာကောင်း - အင်း၊ ဒါက ကျောင်းက ဆရာတွေ သတ်မှတ်တာပဲ။

 

အပိုင်း (၂)

ဤတွင် ဆရာမြင့် ဝင်ရောက်ဆွေးနွေးလာပါသည်။

ဆရာမြင့် - စာညံ့တာနဲ့ လူညံ့ဖြစ်တာကို ကျောင်းဆရာတိုင်း လက်ခံထားကြတယ်။ ဒါဟာ မမှန်ပေမယ့် ကျောင်းဆရာ တွေရဲ့ mindset ကိုက ဒီလိုဖြစ်နေတာပဲ။

ကျွန်တော် - ဘယ်လိုကြောင့်လဲ။

ဆရာမြင့် - အဓိကကတော့ စာမေးပွဲအမှတ်နဲ့ စိစစ်တာပဲ၊ ဒီစာညံ့တဲ့ ကျောင်းသားတွေကို ဆရာတွေက အတန်းမတင် ပေးချင်ကြဘူး။ ခုအချိန်မှာ ရှစ်တန်းနဲ့ လေးတန်း စာမေးပွဲတွေ နဲ့ ပတ်သက်ပြီး အငြင်းပွားနေကြတာ အများကြီးပဲ။

ဆရာညို - ကျွန်တော်လည်း ကြားတယ်။ ယမန်နှစ်က စာမေးပွဲကျတဲ့အခါ ကုစားရေး စာမေးပွဲလုပ်ပေးပြီး အအောင်ပေးတာများတယ်။ ဒီနှစ် ကုစားရေးစာမေးပွဲတွေ မလုပ်တော့ဘူးလို့ ကြားနေရတယ်။

ဆရာမြင့် - ခုတော့ လုပ်မယ်လို့ ပြော ပါတယ်။ ဒါပေမယ့် ဆရာ၊ ဆရာမ တွေက ဒါကို လက်မခံချင်ကြဘူး။

 

အပိုင်း (၃)

ဤတွင် ဆရာကောင်းက ဝင် ရောက်ဆွေးနွေးသည်။

ဆရာကောင်း - ကျွန်တော် အလယ်တန်းကျောင်းအုပ် လုပ်လာသူပါ။ စာသင်နေတဲ့ ဆရာ၊ ဆရာမတွေရဲ့ သဘောကို ကျွန်တော်သိပါတယ်။ သူတို့က ညံ့တဲ့ကလေးကို ပြဿနာ ကလေးလို့ ယူဆတယ်။ အတန်းတင် ပေးလိုက်ရင် နောင် ၁ဝ တန်းမှာ အောင်ချက်ကျသွားနိုင်သလို အခြား ပြဿနာတွေဖြစ်လာမှာကို ကြောက်တယ်။

ဆရာညို - ဆရာ၊ ဆရာမတွေက ပြဿနာကို ကြောက်တာပေါ့ ဟုတ်လား''

ဆရာကောင်း - ပြဿနာဆိုတာ  လူတိုင်းကြောက်ပါတယ်။ ဒါကြောင့် ကြိုပြီးကာချင်ကြတယ်။

ဆရာညို - ဒီလိုကာတာကိုက ပြဿနာတွေဖြစ်လာတာပဲ မဟုတ် လား။

ဆရာကောင်း - သူတို့ဘက်ကတော့ ပြဿနာ ဘာမှမရှိတော့ဘူးပေါ့။

အဲဒီကလေးတွေရဲ့ မိဘတွေ ကလေးတွေအတွက် ပြဿနာပါ။

ဆရာညို - အဓိက အနေနဲ့ ဘယ်လို ပြဿနာလဲ။

ဆရာကောင်း - အဓိကကတော့ ကျွန်တော် ကျောင်းအုပ်လုပ်ခဲ့တဲ့ အ လယ်တန်းကျောင်းမှာတော့ ကလေးတွေ စာမေးပွဲကျရင် ကျောင်းထုတ်တော့တာပဲ။ မိဘတွေက ကျောင်းမှာ ပြဿနာရှင်းသွားပေမယ့် မိသားစုတွေနဲ့ လူမှုသိုင်းအဝိုင်းတွေမှာ ထိခိုက်တာပေါ့။ ကြီးကြီးကျယ်ကျယ် ပြောရရင်တော့ နိုင်ငံ့အနေနဲ့ ဆုံးရှုံးမှုတွေ ရှိနိုင်တာပေါ့။

ဆရာညို - နိုင်ငံနဲ့ ချီပြီးပြောရအောင် ဘယ်လိုထိခိုက်မှုမျိုးကို ဆရာ ကောင်းမြင်တွေ့လို့လဲ။

ဆရာကောင်း - ဆရာညို စဉ်းစားကြည့်လေ။ ကျောင်းမှာ စာမတော်ဘူး။ လူညံ့တွေလို့ သတ်မှတ်ထားတဲ့ သူတွေဟာ စီးပွားရေးနယ်ပယ်မှာ အောင်မြင်ကြတယ်။

ကျွန်တော် - အင်း၊ ကျွန်တော်လည်း သတိထားမိတယ်။

ဆရာကောင်း - စာမတော်တဲ့ သူတွေဟာ ဘောလုံးမှာ ထူးချွန်ချင် ထူးချွန်မယ်။ အားကစားတို့ ဂီတတို့ မှာလည်း ချွန်တာတွေအများကြီးပဲ။

ဆရာညို - ဒါဆိုရင် သူတို့ဟာ သူတို့ အဆင်ပြေတာပဲလေ။ ကျောင်းထွက်ပြီး ဝါသနာပါတာ လုပ်ကြပါစေပေါ့။

ဆရာကောင်း - ဒါက ဆရာညိုတို့ အမြင်ကိုး။ ကျောင်းမှာ ပညာသင်ရင်း မိမိဝါသနာပါတဲ့ ဂီတတို့  အားကစားတို့လုပ်တယ်ဆိုရင် ကျောင်းလည်း ဂုဏ်ရရှိတယ်။ သူတို့လည်း ဂုဏ်ရှိတာပဲ။

နောက် ကျွန်တော်ပြောသင့် မပြောသင့် စဉ်းစားနေတာ။

ဆရာညို - ပြောပါ။

ဆရာကောင်း - ချမ်းသာတဲ့ စီးပွားရေးသမားတွေထဲမှာ ကျောင်းက ညံ့တဲ့ သူတွေပါတယ်။ ဘာကြောင့် သူတို့အောင်မြင်လဲဆိုတာကို ကျွန်တော်တို့ လေ့လာကြည့်တော့ သူတို့ဟာ စိတ်ရှည်သည်းခံသူတွေ ဖြစ်လို့ပါပဲ။ ပညာမာနနဲ့ မောက်မာမှု မရှိ ကြဘူး။

ဆရာညို - ဆရာကောင်းပြောသလိုဆိုရင် ကျွန်တော်တို့ ညံ့ရမလို ဖြစ်နေပြီ။

ဆရာကောင်း - တချို့က ညံ့မှ ကြိုက်တယ်။

 

အပိုင်း (၄)

ဆရာဒီပါ ပါ ပါဝင်ဝင်ရောက်  ဆွေးနွေးသည်။

ဆရာဒီပါ - ဆရာတို့ ပြောသလိုဆိုရင် ကျောင်းမှာ ညံ့တဲ့သူတွေကို စာမေးပွဲ မချရဘူး။ မနှိပ်ကွပ်ရဘူး ဆိုရင် သူတို့ကို ဘယ်လိုလုပ်ရမလဲ။

ဆရာမြင့် - ဒါက နိုင်ငံတစ်ခုလုံးနဲ့ဆိုင်တဲ့ ကိစ္စပါ။

ကျွန်တော်တို့ ဘာလုပ်ရမယ်ဆိုတာကို ဆုံးဖြတ်ရတာ ခက်ပါတယ်။ နိုင်ငံတော်က ဆုံးဖြတ်ရမှာ ဖြစ် တယ်။

ဆရာညို - ဘာမဆိုနိုင်ငံကို ပုံမချနဲ့လေ။ ခုအစိုးရလည်း စာမေးပွဲချတာကို မလိုလားဘူး။

ဆရာကောင်း - ဟုတ်ပါတယ်။ ကျွန်တော် သင်ခဲ့တဲ့နယ်စပ်က ကျောင်းကတော့ သုံးတန်းကျလည်းထွက်၊ လေးတန်းကျလည်း ထွက်တယ်။ သူတို့မိဘတွေက နဂိုကမှ ပညာမလို လားကြဘူး။

ဆရာမြင့် - မိဘတွေဟာ ကလေးတွေကို ခိုင်းစားဖို့ ကျောင်းထုတ်တာများပါတယ်။ ကောက်စိုက်ပျိုး နုတ်ချိန်မှာ ထုတ်ကြတယ်။

ဆရာညို - အဲဒီအရွယ်မှာ ကောက်စိုက်ပျိုးနုတ်လုပ်လို့မှ မရသေးတာပဲ။ ဘာကြောင့် ကျောင်းကနေ နုတ် တာလဲ။

ဆရာမြင့် - အိမ်က အငယ်လေးတွေကို ကြည့်လို့ရတယ်။ ထမင်းပို့တာ မျိုးလုပ်လို့ရတယ်။ နည်းနည်းကြီး တော့ နွားကျောင်းတာပဲ။

 

နိဂုံး

ကျွန်တော်တို့ ဆွေးနွေးပွဲကို လူညံ့လေးများဟု အမည်တပ်ထားပါ သည်။

အတန်းထဲက လူညံ့လေးများသည် အမှန်တော့ လူညံ့များ မဟုတ်ကြပါ။ သူတို့သည် ချမ်းသာသူများ ဖြစ်လာကြသည်။

တိုင်းပြည်၏ စီးပွားရေး တည်ဆောက်ရာတွင် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင်လာကြသည်။

သူတို့သည် တစ်ချိန်တစ်ခါ ညံ့သော်လည်း တစ်သက်လုံး မညံ့ကြပါ။

သူတို့အတွက် အံဝင်ခွင်ကျနေ ရာများကို မတွေ့သေးသည့်အခါ ညံ့သည်ဟု ယူဆကြတာပါ။ အက်ဒီ ဆင်သည် လူညံ့တစ်ယောက်ဟု အထင်ခံရသူပါ။

ကျောင်းကပင် လက်မခံသူပါ။ သူသည် လျှပ်စစ်မီး၏ ဖခင်ကြီးဖြစ်သည်။

သူသာမရှိခဲ့လျှင် ကျွန်တော်တို့ ဖယောင်းတိုင်ကြီးတွေကိုပဲ ထွန်းနေရမည်ဟု ဆရာကောင်းက ပြောပါသည်။

လူညံ့လေးများကို အလေးထားကြပါ။

ဒေါက်တာခင်မောင်ညို

ဒေါက်တာခင်မောင်ညို
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.