19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ရေထဲက ဓားမများ ပြန်ပေါ်လာသောအခါ

ပြည်သူအများ နားဝင်စိမ့်စေသော သတင်းနှစ်ပုဒ်ကို တင်ပြချင်သည်။ ပထမ သတင်းတစ်ပုဒ်က မကွေးတိုင်းဒေသကြီးဘက်က ပေါ်ထွက်သည်။ ဒုတိယ သတင်းကတော့ ပဲခူးတိုင်းဒေသကြီးဘက်က ဖြစ်သည်။ ပြည်သူ့ဘဝင်ချမ်းမြေ့စေ သော ပထမသတင်းကို တင်ပြပါမည်။ ယခင် အစိုးရလက်ထက်က စာရင်းပျောက်နေခဲ့သော မကွေးတိုင်း ဒေသကြီးအတွင်းရှိ ရေနံလက်ယက်တွင်းများက ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ အဖြစ် ကောက်ခံရရှိငွေ ကျပ်သန်း ၇ဝဝဝ ကျော်အနက် ကျပ်သန်း ၄ဝဝဝ ကျော်အား မည်သို့  အသုံးပြုခဲ့သနည်းကို စိစစ်လျက်ရှိပြီး ပြန် လည်ရရှိခဲ့သည့် ကျပ်သန်း ၃ဝဝဝ ကျော်ကို ပြည်သူ့အကျိုးပြုလုပ်ငန်း သုံးပစ္စည်းများဝယ်ယူရာတွင် အသုံး ချသွားမည်ဟူသော သတင်းဖြစ် သည်။ ယင်းသတင်းသည် စက်တင်ဘာ ၁၈ ရက် ဝန်းကျင်လောက်က ပေါ်ထွက်ခဲ့ခြင်းလည်းဖြစ်ပြီး မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်တိုင် ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။ ဝန်ကြီးချုပ်က ယင်းကျပ်သန်း ၃ဝဝဝ ကျော်အား တိုင်းအတွင်းအသုံးပြုရန် အမှိုက်သိမ်းကား၊ မီးသတ်ကားများ ဝယ်ယူရာတွင် အသုံးပြုမည်။ ထို့ပြင် တိုက်နယ်ဆေးရုံများတွင် လျှပ်စစ်မီး ပြတ်တောက်ချိန် အရေးပေါ်ခွဲစိတ်မှုများ ဆောင်ရွက်နိုင်ရန် မီးစက်ကြီးများအတွက် ဒီဇယ်ဖိုးအဖြစ် ကျပ် ၁ဝ သိန်းစီကို ထောက်ပံ့သွားမည်ဟု လည်း ပြောကြားခဲ့သည်။

မကွေးတိုင်းဒေသကြီး၏ ရေနံလက်ယက်တွင်း ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သန်း ၇ဝဝဝ ကိစ္စသည် ယခင်အစိုးရလက်ထက်က ယင်းတိုင်းဒေသကြီးအတွက် နာမည်ပျက်ခဲ့ ရသော ဇာတ်ရှုပ်ကြီးတစ်ခုဖြစ်ခဲ့သည်။ ယင်းကျပ်သန်း ၇ဝဝဝ ကျော်အနက် ကျပ်သန်း ၃ဝဝဝ ကျော်နှင့် ပြည်ခိုင်ဖြိုးပါတီအတွက် အသုံးပြုခဲ့သည့် ယာဉ်ယန္တရားများကို ပြည် ထောင်စုအစိုးရအဖွဲ့ ညွှန်ကြားချက်နှင့်အညီ မကွေးတိုင်းဒေသကြီး အစိုး ရအဖွဲ့ထံ အရစ်ကျ ပြန်လည်ပေးသွင်းစေခဲ့ကြောင်းသိရသည်။ ပြန်လည်ရရှိထားသည့် ကျပ်သန်း ၃ဝဝဝ ကျော်အား အသုံးပြုရန် လျာထားမှုများကို ပြည်ထောင်စုအစိုးရထံ တင်ပြထားကြောင်း၊ ကျန်ရှိနေသေးသော ကျပ်သန်း ၄ဝဝဝ ကျော်ကို စာရင်းဇယားများဖြင့် အတိအကျ အသုံးပြုခဲ့ခြင်းရှိ၊ မရှိ တိုင်းဒေသကြီး စာရင်းစစ်ရုံးက စိစစ်လျက်ရှိပြီး တွေ့ရှိချက်များကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးသို့ ပြန်လည်တင်ပြသွားမည်ဟု မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင် မိုးညိုက မင်းဘူးခရိုင်အတွင်းလာမည့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ဘတ် ဂျက်နှင့် အဆိုပြုလုပ်ငန်း စီမံကိန်းများ ရေးဆွဲတင်ပြခြင်းလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြား ထားခဲ့ခြင်းဖြစ်သည်။

''ကျွန်တော်တို့ ပြန်လည်ရရှိထားတဲ့ ငွေကျပ်သန်း ၃ဝဝ ကျော်ကို ဘာတွေ ဘယ်လို သုံးစွဲမယ်ဆိုတာ ပြည်ထောင်စု အစိုးရအဖွဲ့ဆီ တင်ပြထားပါတယ်။ အဲဒီထဲမှာ ဆိပ်ဖြူမြို့ နယ်မှာဆိုရင် ရပ်ရွာအတွက် ဘုန်းတော်ကြီးက တွဲဖက်အထက်တန်း ကျောင်းဆောက်တာ ဆောက်လက်စ ပိုက်ဆံမလောက်အတွက် ကျပ်သိန်း  ၂၇ဝ လှူမယ်။ မကွေးတိုင်းထဲမှာ တိုက်နယ်ဆေးရုံ ၂၉ ရုံရှိပါတယ်။ အဲဒီ ဆေးရုံတွေက မဟာဓာတ်အား လိုင်းနဲ့ ဝေးလို့  သေရေးရှင်ရေး ခွဲ စိတ်ရတဲ့အခါ မီးစက်အတွက် ဒီဇယ် ဖိုးအဖြစ် တိုက်နယ်ဆေးရုံတစ်ရုံကို ကျပ် ၁ဝ သိန်းစီပေးပါမယ်''ဟု ဝန်ကြီးချုပ်က ပြောကြားသည်။ ဆက်လက်ပြီး ဝန်ကြီးချုပ်က ''မကွေးတိုင်း တစ်တိုင်းလုံးမှာ ထော်လာဂျီဂွန် ဒေါင်းနဲ့ အမှိုက်ကျုံးနေရတာ လူမြင် မကောင်းဘူး။ ဟိုက်ဒရောလစ်နဲ့ အ မှိုက်သိမ်းကားက အသစ်ဆိုရင် ကျပ် သိန်း ၆၅ဝ လောက်ရှိတော့ ဝယ်မပေးနိုင်ဘူး။  ဒါကြောင့် တစ်ပတ်ရစ် အမှိုက်သိမ်းကားတွေဝယ်ပေးဖို့ စီစဉ်ထားပါတယ်။ တစ်တိုင်းလုံးမှ မီးသတ်ကား၊ ရေသယ်ကားတွေ ဖြည့်ဆည်းဖို့အတွက် ဦးဘုန်းမော်ရွှေဆီ ကရတဲ့ ပိုက်ဆံထဲကသုံးမယ်။ နောက်တစ်ချက်က တစ်တိုင်းလုံးကို ပတ်သွားနေရပြီး ကားက စုတ်ပြတ်နေတဲ့ စိမ်းစိုရုံးအတွက် (အပူပိုင်း ဒေသစိမ်းလမ်းစိုပြေရေး ဦးစီးဌာန ရုံး) ကားဝယ်ပေးမယ်။ စိုက်ပျိုးရေး ဦးစီးဌာနကိုလည်း ဝယ်ပေးမယ်။ နောက်ကျေးလက် ဖွံ့ဖြိုးရေးလမ်း၊ တံတားအတွက်ဝယ်ပေးမယ်။ နောက်ပညာရေးဌာန အတွက်လည်း ဝယ်ပေးမယ်။ နောက်တစ်ခါ အစားအသောက်နဲ့ ဆေးဝါးစစ်ဆေးရေးမှာ ဓာတုပစ္စည်းအမျိုး ၄ဝ စစ်ဆေးနိုင်တဲ့ပုံးရှိတယ်။ သို့သော် မြို့နယ် ၂၅ မြို့နယ်လှည့်စစ်ဖို့ ကားမရှိလို့ ကားတစ်စီး ဝယ်ပေးမယ်''ဟုလည်း ပြောကြားခဲ့သည်။

ယခင်အစိုးရ လက်ထက်က မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေနံလက်ယက်တွင်း လုပ်ငန်းရှင်များထံက တိုင်းဒေသကြီး ဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေများထောက်ခံခဲ့သည်။ ယင်း ငွေများ စာရင်းပျောက်နေခဲ့သည်။ ယင်းစာရင်းပျောက်ငွေများ ကိစ္စကို ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းက ဒုတိယအကြိမ် ပြည်ထောင်စု လွှတ် တော် အစည်းအဝေးရက်တစ်ရက်တွင် မေးခွန်းတင်သွင်းခဲ့သည်။ ယင်းမေးခွန်းအရ ပြည်ထောင်စုအစိုးရအဖွဲ့၏  ညွှန်ကြားချက်ဖြင့် အထူးစုံ စမ်းစစ်ဆေးရေး ဦးစီးဌာနနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးတိုက စိစစ် ဖော်ထုတ်သောအခါ စာရင်းပျောက်  ရန်ပုံငွေသည် ကျပ်သန်းပေါင်း ၇ဝဝဝ ကျော်အထိ ရှိနေသည်ဟု ပေါ်ထွက်လာသည်။ ယင်းကိစ္စသည် တစ်နိုင်ငံလုံးသို့လည်း ဟိုးဟိုးကျော် သွားခဲ့သည်။ ယခင်အစိုးရလက်ထက် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အပေါင်းအပါတို့ ငွေကြေးအလွဲသုံးစားမှု ဘူးပေါ်သလိုပေါ်သွား၍ ပြည်သူများ သြချယူသွား ကြသည်။ သို့သော် သက်ဆိုင်ရာ ဝန်ကြီးချုပ်က ဘူးမကွယ်ခဲ့ပါ။ ရဲရဲဝံ့ဝံ့ ပင် မည်သည့်နေရာများတွင် သုံးစွဲခဲ့သည်ကို ထုတ်ဖော်ပြောကြားခဲ့သည်။ ယင်းသို့ ရဲရဲဝံ့ဝံ့ဝန်ခံပြော ကြားခြင်းကို ချီးကျူးသည့် ပြည်သူများလည်း ရှိခဲ့သည်။ ယင်းသန်း ၇ဝဝဝ ကျော်ထဲက ကျပ်သန်း ၃ဝဝဝ ကျော်အား မကွေးတိုင်း ပြည်ခိုင်ဖြိုး ပါတီနှင့် အသင်းအဖွဲ့နှစ်ခုအတွက်  အသုံးပြုခဲ့သည်ကို စစ်ဆေးပေါ် ပေါက်သည့်အတွက် လက်ရှိတိုင်း ဒေသကြီးအစိုးရထံ ပြန်လည်ပေး အပ်ရန် ပြည်ထောင်စုအစိုးရက ညွှန် ကြားသည်။ ယခုပြန်လည်ရရှိသော ရန်ပုံငွေများကို မူလအစီအစဉ်အ တိုင်း တိုင်းဒေသကြီး အစိုးရက ဒေသဖွံ့ဖြိုးရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်း များအတွက် အသုံးပြုတော့မည်။

ယင်းဖြစ်စဉ်သည် ရေထဲက ဓားမကြီးပြန်ပေါ်လာခြင်းဟု ပြည်သူတို့က သုံးသပ်သည်။ အခြားတိုင်းဒေသ ကြီးနှင့် ပြည်နယ်အချို့တွင်လည်း ရေထဲကဓားမများ ပြန်ပေါ်စေချင် နေကြသည်။ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ ရှာဖွေဖော် ထုတ်ကြစေချင်သည်ဟုလည်း ပြောနေကြသည်။ နောက်ထပ် ပြည်သူအများ နားဝင်စိမ့်စေသည့် သတင်းတစ်ပုဒ် ဆက်လက်တင်ပြပါမည်။ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဝေရေလဲဒေသမြေများကို လက်ရှိအစိုးရ သက်ဆိုင်သူများက ပြန်လည်သိမ်းယူလိုက်သည်ဆိုသော သတင်းဖြစ်သည်။ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တွင် ကန်တော်ကြီး ရေလှောင်ကန် ကြီးတစ်ခု တည်ရှိသည်။

ယင်းကန်တော်ကြီး ရေလှောင်ကန်ကြီးသည် ပဲခူးမြို့၏ အနောက်မြောက်ဘက် ခြောက်မိုင်ခန့်အကွာတွင် တည်ရှိပြီး မြို့နေပြည်သူ လူထုအတွက် နေ့စဉ် ရေဂါလန်ပေါင်း တစ်သန်းကျော်ကို ဖြန့်ဖြူးပေးနေသော ရေလှောင်ကန်ကြီးဖြစ်သည်။ ယင်း ရေ လှောင်ကန်ကြီးကို လွန်ခဲ့သော နှစ်ပေါင်း ၉ဝ ကျော် ၁၉၂၄ ခုနစ်ကတည်း က တူးဖော် တည်ထောင်လာခဲ့ခြင်းလည်း ဖြစ်သည်ဟု သိရသည်။  ထိုစဉ် ကတည်းက ကန်တော်ကြီး ရေလှောင်ကန်ကြီးအပါအဝင် ယင်း၏ရေဝေရေလဲဒေသသည် ပြည်သူပိုင်မြေ ဧရိယာအဖြစ် တည်ရှိခဲ့ပြီးဖြစ်သည်။

ကန်တော်ကြီး ရေဝေရေလဲ ဒေသဧရိယာအဖြစ်ကို တရားဝင်သတ်မှတ်သည်ကတော့ ယခင်စစ် အစိုးရလက်ထက် ၁၉၉၇ ခုနှစ်က ဖြစ်သည်။ ထိုစဉ်က သစ်တောရေး ရာ ဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာအမှတ် ၆၃/၁၉၉၇ ဖြင့် ၁၈-၈-၁၉၉၇ ရက်တွင် ဧကပေါင်း ၁၄၅ဝ  ရှိသော (အကျယ်အဝန်းအား ဖြင့် ၂ ဒသမ ၂၇ စတုရန်းမိုင်ရှိ သော) ကန်တော်ကြီး ရေဝေရေလဲဒေသအား ကြိုးပြင်ကာကွယ်တောအဖြစ် တရားဝင် သတ်မှတ်ခဲ့သည်။သို့ရာတွင် နိုင်ငံတော်လေကြောင်းရန် ကာကွယ်ရေး တပ်ရင်းအတွက် ကာကွယ်ရေး ဝန်ကြီးဌာနပိုင်မြေအ ဖြစ် ဧက ၁၄ဝ ကို ရေဝေရေလဲ ဒေသဧရိယာထဲက သတ်မှတ်ပေးလိုက်ရသည်။ ယင်းသည် ၂ဝ၁ဝ ပြည့်နှစ် ဧပြီတစ်ရက်တွင် ပေးလိုက်ရခြင်းဖြစ်ပြီး ရေဝေရေလဲဒေသ ဧရိယာ ဧက ၁၃၁ဝ သာ ကျန်ရှိခဲ့သည်။ ယင်း ကန်တော်ကြီး ရေဝေရေလဲဒေသ ဧရိယာထဲက ဧက ၇၃ဝ ကို ယခင် အစိုးရလက်ထက်က ပဲခူးတိုင်းဒေသ ကြီး ဝန်ကြီးချုပ်ဟောင်း အပါအဝင် လုပ်ငန်းရှင် ငါးဦးက နှစ်ရှည်ရော်ဘာပင် စိုက်ပျိုးရန်ဆိုပြီး ခွဲဝေယူထားလိုက်ကြသည်ဟု သိရသည်။

ယင်းသို့ ခွဲဝေသိမ်းယူလိုက်သော အခြေအနေမှာ နေပြည်တော်ရှိ သစ်တောဦးစီးဌာန၏ ၂၁-၅-၂ဝ၁၂ ရက်စွဲဖြင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဥာဏ်ဝင်းအား ဧက ၁၅ဝ၊ တိုင်းစည်ပင်သာယာရေး ဝန်ကြီးဟောင်း ဦးရဲမြင့်ထွန်းအား ဧက  ၁၅ဝ၊ အခြားလုပ်ငန်းရှင်များဖြစ်ကြသော ဦးကျော်ဌေးအား ဧက ၁၅ဝ၊ ဦးလှမင်းအား ဧက ၁၅ဝ၊ စိုးရတနာလင်း ကုမ္ပဏီအား ဧက ၁၃ဝ၊ စုစု ပေါင်း ဧက ၇၃ဝ ကို ပုဂ္ဂလိက ရော် ဘာစိုက်ခင်းနှစ်ရှည်တည်ထောင်ခွင့် ပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကန် တော်ကြီး ရေဝေရေလဲဒေသ ဧရိယာ သည် ဧက ၅၈ဝသာ ကျန်ရှိတော့ ပြီး သဘာဝတောကျန်နှင့် ရေလွှမ်းဧရိယာသည် ကျဉ်းမြောင်းသွားရတော့သည်။ ယခုအခါ ပဲခူးတိုင်း ဒေသကြီး အစိုးရက လုပ်ငန်းရှင် ငါး ဦးထံက မြေများကို ပြန်လည်သိမ်းယူ ပြီး ပြည်သူပိုင်မြေအဖြစ် မကျူးကျော် ရေး ပုဒ်မ ၁၄၄ ထုတ်ပြန်ရန် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ အ ကြောင်းကြားထားသည်ဟု သတင်းက  ဖော်ပြထားသည်။ ယင်းသို့ ပြန် လည်သိမ်းယူရခြင်းသည် ပြည်သူပိုင် မြေဖြစ်၍ ပြန်လည်သိမ်းယူရခြင်း ဖြစ်ကြောင်း ဥပဒေနှင့် ညီညွတ်ခြင်းမရှိ၍လည်း သိမ်းယူရခြင်းဖြစ်ကြောင်းနှင့် ပုဂ္ဂိုလ်ရေးများ ပါဝင်ခြင်း မရှိကြောင်းများကိုလည်း တိုင်းဒေသကြီး အစိုးရသစ်တောနှင့် သယံဇာတ ဝန်ကြီး ဦးကျော်မင်းစံက ပြောကြားထားသည်။

ယင်းသတင်းကို ကြားရသောအခါ ပြည်သူအများ အားရကျေနပ်သွားကြပြီး ပီတိဖြစ်နေကြသည်။ ယင်းသည်လည်း မမျှော်လင့်ဘဲ ရေထဲက ဓားမတစ်ချောင်းပြန်ပေါ်လာခြင်းဖြစ်သည်။ ထို့ပြင် ပြည်သူပိုင်မြေများ မသိသားဆိုးရွားစွာဖြင့် သိမ်းယူထားသော ကိစ္စများအတွက် သက် ဆိုင်ရာက ပြန်လည်စိစစ်သိမ်းယူကြခြင်းများ ဆက်လက်ပြုလုပ်ကြစေချင်နေကြသည်။ သိမ်းယူကြစဉ်တုန်းကတော့ ဥပဒေဘောင်အတွင်းက အကြောင်းပြချက် ခိုင်ခိုင်မာမာဖြင့် သိမ်းယူခဲ့ကြသော်လည်း အမှန်တော့ ပြည်သူပိုင်မြေများ ဆိုသည်မှာ သြဇာ အာဏာရှိခဲ့သူများက ကိုယ်ကျိုးစီးပွား အတွက် စိတ်ပိုင်းခွဲဝေသိမ်းယူခွင့် လုံးဝမရှိချေ။ နိုင်ငံတော်၏ မြေယာမှန်သမျှသည် နိုင်ငံတော်ကသာ ပိုင်ဆိုင်သည်။ နိုင်ငံတော်က ပိုင်ဆိုင်သော မြေယာများသည် ပြည်သူပိုင် ဖြစ်ရမည်ဖြစ်ပြီး ပြည်သူလူထု၏ အကျိုးစီးပွားကိုသာ ဖော်ဆောင် အသုံးချရမည်ကို သူတို့သိသိချည်းဖြင့် တမင်သိမ်းယူခဲ့ကြခြင်းဖြစ်သည်။ ယခုတော့ တာဝန်သိအစိုးရ သက်ဆိုင်သူများက ပြန်လည်သိမ်းယူ လိုက်ကြပေသည်။ ပြည်သူအများ ထောက်ခံနေကြသည်။ နောက်ထပ် လည်း နားဝင်စိမ့်စေသော သတင်းများ ဆက်လက်ပေါ်ထွက်လာဖို့ ပြည်သူတို့ စောင့်မျှော်နားစွင့်နေကြပါကြောင်း ကြားသိနေရသည်။

မောင်လွင်ပြင်

မောင်လွင်ပြင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.