14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ပျော်ရွှင်ခြင်းနိုင်ငံ

တစ်ခါက စာနယ်ဇင်းသမားတစ်ယောက်ဟာ သူရောက်နေတဲ့ နိုင်ငံက ပြည်သူ့ကစားကွင်းတစ်ခုမှာ ကလေးတစ်သိုက်နဲ့အတူ ပျော်ပျော်ပါးပါး ဘက်စကတ်ဘော ကစားနေတဲ့ လူငယ်တစ်ဦးကို မသိမသာ စောင့်ကြည့်နေခဲ့တယ်။ ခဏကြာတော့ အဲဒီလူငယ်နဲ့ ဝင်ရောလိုက်ပြီး ကစားပွဲထဲ သူကိုယ်တိုင်ဝင်နွှဲလိုက် တယ်။ တကယ်တော့ သူအကဲခတ်ကြည့်နေခဲ့တဲ့ လူငယ်ဟာ ဘူတန် မင်းသားတစ်ပါးပါပဲ။ တခြားနိုင်ငံတွေမှာဆိုရင် နိုင်ငံအကြီးအကဲတွေရဲ့ တော်ဝင်စာရင်းမှာ အောက်ဆုံး နေ ရာကပါရတဲ့ သူကတောင် အခုလို နယ်ခံကလေးတွေနဲ့  ဘက်စကတ်ဘော ထွက်ကစားဖို့ဆိုတာ ယုံတမ်း စကားအဖြစ်တောင် ပြောစရာရှိမှာ မဟုတ်ပါဘူး။

ဒါဟာ ကမ္ဘာပေါ်မှာ ရှားရှားပါးပါး ပျော်ရွှင်ဖွယ် အကောင်းဆုံးနိုင်ငံထဲက တစ်ခုဖြစ်တဲ့ ဘူတန်ရဲ့ ချစ်စရာကောင်းတဲ့ အချက်တွေထဲက တစ်ခုပါ။ ဘူတန်မှာ တော်ဝင်မိသားစုနဲ့ အရပ်သားအကြား အဆင့်အတန်း မခွဲခြားတဲ့ ရင်းနှီးကျွမ်းဝင်ကြပုံကမြင်ရ၊ ကြားရသူအဖို့ အံ့သြမကုန်နိုင်လောက်အောင် စိတ်ချမ်းမြေ့ဖွယ်ဖြစ်နေမှာ အမှန်ပါပဲ။ ဒါကြောင့်လည်း မိုက်ကယ်အဲရစ် (ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်း)က ဘူတန်ရာဇဝင်ကို ရေးသားရာမှာ ပျော်ရွှင်ခြင်းနိုင်ငံ-ဘူတန်ရယ်လို့ ကင်ပွန်းတပ်ခဲ့ပါတယ်။

ဘူတန်ဟာ ကုန်းတွင်းပိတ်နိုင်ငံ ၄၃ နိုင်ငံထဲကတစ်ခု။ ဟိမဝန္တာတောင်တန်း အရှေ့ဖျားမှာရှိတဲ့ နိုင်ငံငယ်လေးတစ်ခုပါ။ အရှေ့တောင်အာရှ ဒေသအတွင်းမှာရှိပြီး  တရုတ်နိုင်ငံရဲ့ တောင်ဘက်မှာ တည်ရှိပါတယ်။  နီပေါ၊ တိဘက်၊ အာသံတို့ဟာ ဘူတန်ရဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ လွန်ခဲ့တဲ့ရာစုနှစ်တုန်းက  စိတ်ချမ်းသာစရာ ထူးခြားတဲ့အချက်တွေနဲ့ ပြည့်နေတဲ့ ဘူတန်ကို ကမ္ဘာ့နိုင်ငံကြီးတွေက အထီးကျန်နိုင်ငံလို့ ဆိုခဲ့ ကြသေးတယ်။

ဒါပေမယ့် ဘူတန်နိုင်ငံသားတွေအတွက်တော့ အထီးကျန် ပူဆွေးနေရတဲ့ အဖြစ်မျိုး မဟုတ်ခဲ့ပါဘူး။ နိုင်ငံတကာ အသိုင်းအဝန်းထဲ မဝင်ဆံ့ရုံမျှ နဲ့ နိုင်ငံ့စည်းရိုး ပိတ်ကာပြီး မျက်နှာမပြဝံ့စရာ အဖြစ်မျိုးလည်း မရှိခဲ့ပါဘူး။ နောက်ကွယ်မှာ အမှုပွေပြီး မျက်နှာချင်းဆိုင်လိုက်ရင် ဟန်ဆောင်ချစ်ကြည်ရေးတွေ ပန်းစည်း ချင်းဖလှယ်နေကြတဲ့ အရှုပ်ထုပ်တွေထဲ ဝင်မပါခဲ့ရလို့ တစ်နိုင်ငံတည်း ဧကစာကျင့်ပြီး ငြိမ်းချမ်းနေတဲ့ နိုင်ငံငယ် လေးတစ်ခုပါ။

ဗုဒ္ဓရဲ့ အဆုံးအမ တရားတော်အောက်မှာ လားမားဘုန်းတော်ကြီးတွေရဲ့ သြဝါဒကို ရိုရိုသေသေ ခံယူတတ်တဲ့ ဘူတန်ဘုရင်နဲ့ သူ့နိုင်ငံ သားတွေဟာ အလိုရမ္မက်လည်း နည်း လှပါတယ်။ နိုင်ငံအကျယ်အဝန်းက တနင်္သာရီတိုင်းဒေသကြီး တစ်ဝက်လောက်သာရှိပြီး မြို့တော်သင်းမ်ဖူးဟာ ပဲခူးမြို့လောက်တောင်မှ မစည်ကားလှပါဘူး။

ဒါပေမယ့် ဘူတန်ကို လေယာဉ်နဲ့ ခရီးနှင်ရတာကအစ စိတ်လှုပ်ရှားစရာအတိပါ။ သင်မ်ဖူးမြို့ရဲ့ ပါရိုလေယာဉ်ကွင်းကို ရောက်ဖို့ မြင့်မားတဲ့ တောင်တန်းတွေကို ကွေ့ ပတ်ပြီး ဆင်းသက်ရတာကြောင့် ကမ္ဘာ့အခက်ခဲဆုံး လေယာဉ်ကွင်းအဖြစ် လေယာဉ်မှူးလောကမှာ ပြောစမှတ်တွင်လှပါတယ်။  အထီးကျန် နိုင်ငံလို့ အစွပ်စွဲခံရတဲ့ ၁၉၆ဝ ပြည့် နှစ်အထိ တိဘက်၊ အိန္ဒိယတို့နဲ့ ကူး သန်းရောင်းဝယ်ရေး ရှိခဲ့ပါသေးတယ်။ ဒါပေမယ့် တိဘက်မှာ ဘာသာရေး နှိပ်ကွပ်မှုတွေကြောင့် ဒုက္ခသည်တွေ ထွက်ပြေးခိုလှုံကြလွန်းတဲ့ အတွက် နယ်စပ်တံခါးပိတ်ခဲ့ရတာ ပါ။

ဒုက္ခသည်တွေ မဝင်နိုင်အောင် ပိတ်ပင်ခဲ့တဲ့အဖြစ်က ဘူတန်အဖို့ အတ္တကြီးတယ်လို့ ဘေးကနေ အလွယ်အပြစ်ပြောနိုင်ပေမယ့် တိုင်းတစ်ပါးက ဒုက္ခသည်တွေကို လက်ခံ ကူညီမိလို့ နောင်အခါမှာ အကျပ်အတည်းသစ်တွေ ရင်ဆိုင်နေရတဲ့ လက်ရှိ ကရုဏာရှင်နိုင်ငံတွေရဲ့ ဖြစ်ရပ်ဆိုးတွေနဲ့ ယှဉ်ကြည့်ရင် ဘူတန်ရဲ့ တစ်ချိန်က ဆုံးဖြတ်ချက်ဟာ သူ့ နိုင်ငံသားတွေအတွက်တော့ အမြော်အမြင်ရှိတယ်လို့ ပြောရမယ် ထင်ပါတယ်။ ဒီအတွက် ဘူတန်မှာ အနောက်တံခါး မလုံတော့တာတို့၊ အရှေ့စည်းရိုး ယိုပေါက်စိမ့်ဝင်တာတို့ ဆိုတဲ့ ဒုက္ခတွေ အတော်အသင့် ငြိမ်း နေခဲ့တာတော့ အမှန်ပါပဲ။

ဒါပေမယ့် သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောက်တဲ့နေရာမှာတော့ မှန်လုံအိမ်အာနိသင်အကြောင်း စီမံကိန်းတွေ တခမ်းတနားရေးဆွဲပြီး ကမ္ဘာသိအောင် လှုံ့ဆော် နေတဲ့နိုင်ငံကြီးတွေထက် သဘာဝနဲ့ သစ်တောကို ချစ်တဲ့နေရာမှာ အစစ အရာရာ သာလွန်လှပါတယ်။ အခြေခံဥပဒေမှာ သဘာဝပတ်ဝန်းကျင်အရေးကို ထည့်သွင်းပြဌာန်းထားပြီး နိုင်ငံရဲ့  ၅ဝရာခိုင်နှုန်းဟာ အမျိုး သားဥယျာဉ်တွေအဖြစ်နဲ့ အစဉ်စိမ်း လန်းစေခဲ့တယ်။ ပလပ်စတစ် ဆန့် ကျင်ရေးမှာလည်း အခြားနိုင်ငံတွေထက် အစပျိုးစောခဲ့ပါသေးတယ်။ မူးယစ်စေတတ်တဲ့ ဆေးလိပ်၊ ဆေးရွက်ကြီး၊ ဆေးတံတို့အပြင် ပလပ်စတစ်ထုတ်ကုန်တွေကို ထုတ်လုပ်တင်သွင်းခွင့်ပါ ပိတ်ပင်ထားတာက သဘာဝကို တစ်ကယ်ချစ်ကြောင်း အထင်အရှား သက်သေပြနေပါ တယ်။ တစ်နိုင်ငံလုံးကို ဆေးလိပ်မသောက်ရ နယ်မြေအဖြစ် သတ်မှတ် ထားတာကြောင့်  သောက်သုံးသူ ဦးရေဟာ လူဦးရေ (၇) သန်းလောက်မှာ ၁ ရာခိုင်နှုန်းပဲ ရှိပါတယ်။ တစ် နိုင်ငံလုံး တစ်နေ့ကို ဆီပေပါတစ်ထောင်နှုန်းပဲ နိုင်ငံခြားက တင်သွင်းတယ်။ ဒါကလည်း ကားအတွက် သီးသန့်ပါ။ ကျန်တဲ့ ချက်ရေးပြုတ်ရေးအတွက် လျှပ်စစ်မီးကိုပဲ သုံးစွဲပြီး ရေနံလောင်စာ၊ ထင်းလောင်စာ မသုံးပါဘူး။ နိုင်ငံခြားခရီးသွား အရေအတွက်ကို ကန့်သန့်သလို ကားအစီးရေ တင်သွင်းသုံးစွဲမှုကိုလည်း ကန့်သတ်ထားပါတယ်။ ဘူတန်ရဲ့ အလှတရားတွေ မပျက်အောင် ထိန်းသိမ်းခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ရေနံစိမ်းနဲ့ သဘာဝဓာတ်ငွေ့ လုံးဝမရှိတဲ့ ဘူတန်မှာ ရေအားလျှပ်စစ် တစ်ခုတည်းကိုပဲ အားကိုးရပေ မယ့် လုံလောက်ပါတယ်။ 

မိမိနိုင်ငံရဲ့ တန်ဖိုးကို ဥစ္စာဓနထက် ကောင်းမြတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုတွေနဲ့ အဓိကတိုင်းတာ လေ့ရှိတဲ့ ဘူတန်မှာ  ရုပ်မြင်သံကြားဟာ ၁၉၉၉ ခုနှစ်မှသာ ရုပ်လုံးပြ ခွင့်ရခဲ့ပါတယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ဝတ္ထုတိုးတက်မှု ဟန်ချက်ညီအောင် အစဉ်ထိန်းမတ်ခဲ့တာကြောင့် နောက်ဆုံးပေါ် iPhone မကိုင်ရလို့ စိတ်ဓာတ်ကျနေတဲ့ ဘူတန်သားဆိုတာ မရှိသလောက်ရှားလှပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကမှ ဂလို ဘယ်ဝင်ဆံ့မှုအပေါ် ချိန်ချိန်ဆဆ လက်သင့်ခံခဲ့စေတယ်။

ဇွန်းကား သာသာစကားကို ရုံးသုံးအဖြစ်ပြဋ္ဌာန်ထားပြီး စည်းမျဉ်းခံ ဘုရင်စနစ်ကို ကျင့်သုံးတဲ့ ဘူတန်ဟာ ၂ဝဝ၈ခုနှစ်မှာ ပထမဆုံးအကြိမ် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့တဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာတယ်။ စတုတ္ထမြောက်ဘုရင် ကင်းန် ဂျစ်မီဆင်ဂျီးဝမ်ချောင်က ၂ဝဝ၆ ဒီဇင်ဘာ ၁၄ မှာ ထီးနန်းစွန့်ပြီး လက် ရှိဘုရင်ဖြစ်လာမယ့် အိမ်ရှေ့စံသားတော်ကြီး ဂျင်မီဂီဆာနမ်ဂျီကယ်လ် ဝမ်ချောက်ကို လွှဲအပ်ခဲ့တယ်။ သူ့ရဲ့ နန်းတက်ပွဲကို ၂ဝဝ၈ ခုနှစ် နိုဝင် ဘာ ၆ ရက်မှာ ကျင်းပတဲ့အခါ ဖခင်ဘုရင်ဟောင်းက ရုပ်မြင်သံကြားနဲ့ အင်တာနက်ကို ခွင့်ပြုပေးတဲ့အပေါ်မှာ တစ်လွဲမသုံးဖို့၊ အမျိုးဂုဏ်ကို ထိန်းသိမ်းဖို့နဲ့ ဖျော်ဖြေရေးနွံထဲမှာ မျောပါမသွားဖို့ပါ သေသေချာချာ ထည့်ပြောခဲ့ပါသေးတယ်။ ဒါဟာ ဘူတန်နိုင်ငံရဲ့ ရုပ်ဝတ္ထုဆိုင်ရာ ပျော် ရွှင်မှုတွေအပေါ်မှာ ထိန်းထိန်းသိမ်း သိမ်းလုပ်တဲ့ သာဓက တစ်ခုပါပဲ။

ပျော်ရွှင်မှုတွေကို ရိုးရာယဉ်ကျေးမှု ပွဲတော်တွေမှာသာ ခုံမင်စီးမျောလေ့ရှိတာကြောင့် အစဉ်အလာမပျက် ရိုးရှင်းစွာ ပျော်ရွှင်တတ်သော နိုင်ငံတစ်ခုလို့ ဆိုနိုင်ပါလိမ့်မယ်။ လက်ရှိဘုရင်ဟာ ဒီမိုကရေစီကိုကျင့်သုံးတဲ့ အသက်အငယ်ဆုံး ဘုရင်ဖြစ်ပြီး နန်းတတ်စဉ်က အသက် ၃ဝ သာရှိပါသေးတယ်။ အုပ်ချုပ်ရေးအာဏာကို ဝန်ကြီးအဖွဲ့ လက်ထဲထည့်ပြီး သူ့အတွက် ဘုရင်ရဲ့ တရားစွဲချက်ကိုခွင့်ပြုတဲ့ ဥပဒေနဲ့ နိုင်ငံကို ထိန်းကွပ်ပေးထားပါတယ်။

အခု ဆယ်စုနှစ်တွေမှာ နိုင်ငံရဲ့ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု တဖြည်းဖြည်း တိုးတက်နေလို့ သာယာနေချိန်မှာ GDP သာမက GNH ကိုပါ အမြဲတိုင်းတာလို့ ထူးဆန်းတဲ့ တိုင်းပြည်လို့ ဆိုကြပါတယ်။ ၂ဝ၁ဝ ပြည့်နှစ်က စတင်ကျင့်သုံးခဲ့တဲ့ GNH ဆိုတာ Gross National Happiness ပါ။ နိုင်ငံသားတွေရဲ့ စိတ်ချမ်းသာပျော်ရွှင်မှုကို တိုင်းတာခြင်းပါပဲ။ နိုင်ငံသားတစ်ဦးချင်း အပန်းဖြေချိန် ဘယ်လောက်ရတယ်။ ပြည်သူတွေရဲ့ ဒေါသစိတ်၊ မနာလိုစိတ်တွေ ဘယ်လောက်ရှိတယ် ဆိုတာတွေကနေ သစ်တောတွေ တိုးလျှော့မှုက နိုင်ငံသားတွေရဲ့ စိတ်အပေါ် ဘယ်လောက်အထိ  သက်ရောက်လေ့ ရှိသလဲ ဆိုတာတွေကအစ ဆန်းစစ်တဲ့ GNH ပါ။

နိုင်ငံသားတွေရဲ့ စိတ်ချမ်းမြေ့ မှုအပေါ် အခြားနိုင်ငံက အစိုးရအဖွဲ့တွေထက် သူတို့က ဘယ် လောက်အထိ ဖော်ဆောင်ပေးနိုင် တယ်ဆိုတာကို အစိုးရကိုယ်တိုင် ဆန်းစစ်တဲ့ဓလေ့ ထွန်းကားနေတဲ့နိုင်ငံမှာ ဘယ်လောက် ကျေနပ်စရာ ကောင်းမယ်ဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ၂ဝ၁ဝ ပြည့်နှစ် GNH ညွှန်းကိန်းက (ဝ .၇၄၃) ကနေ ၂ဝ၁၅ ခုနှစ်မှာ (ဝ.၇၅၆) အထိ ရှိလာတယ်။ မိမိနိုင်ငံအတွက် နှစ်နှစ် ကာကာ ပျော်ရွှင်ကျေနပ်သည်ဟု ဆိုသူပေါင်းမှာ ၄၃.၄ ရာခိုင်နှုန်း အထိရှိပါတယ်။ ဒါကြောင့်လည်း ၁၉၆ဝ ပြည့်မတိုင်မီက ငွေကြေးစနစ်မရှိ၊ ဆက်သွယ်ရေးမရှိ၊ ဆေးရုံမရှိ၊ ပြည်သူ့ ဝန်ဆောင်မှုမရှိတဲ့ ဘူတန်ဟာ ကမ္ဘာ့ဘဏ်ရဲ့ ၂ဝဝ၆-၂ဝ၁၄ စာရင်းမှာ တောင်အာရှက အပျော်ရွှင်ဆုံး နိုင်ငံအဖြစ် သတ်မှတ်ခံခဲ့ရ တာပဲ ဖြစ်ပါတယ်။

ဘူတန်ဟာ အခြားနိုင်ငံများနဲ့ အလွယ်တကူ ဆင်တူသွားမှာစိုးလို့ နိုင်ငံတည်နေရာနဲ့ သဘာဝတရားတွေက တမင်ခွဲခြားပေးသလိုပါပဲ။ နိုင်ငံရဲ့ အထိမ်းအမှတ်ပန်း Blue Poppy ဆိုတာကလည်း ရှားဆိုမှ ရှားထဲကပဲလေ။ အမြင့်ပေ မီတာ ၃ ထောင်ကနေ ၅ ထောင်ကြားမှာပွင့်တဲ့ ဟိမဝန္တာပန်းဟာ တစ်သက်မှာတစ်ခါပဲ ပွင့်သတဲ့။ အပင်ပေါက်ပြီး နှစ်ပေါင်းများစွာ အပွင့်မပွင့်ဘဲ နေမယ်။ ပွင့်လာခဲ့ရင်လည်း ရက်ပိုင်းအတွင်း အပင်က သေသွားတတ်ပါတယ်။

အေးချမ်းတဲ့ တိုင်းပြည်ဖြစ်တဲ့အတွက် အမှုအခင်းနည်းတယ်ဆို ပေမယ့် ဘာသာရေးနဲ့ ပတ်သတ်ရင် အတိမ်းအစောင်း သိပ်မခံပါဘူး။ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်း စောင့် ရှောက်တဲ့ နေရာမှာလည်း စံပြလို့ပြောရမလားပဲ၊ တစ်ခါက မျိုးသုဉ်း ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ရှားပါး လည်ပင်းနက်ကြိုးကြာကို သတ်တဲ့သူကို ထောင်ဒဏ်တစ်ကျွန်း သတ်မှတ်ခဲ့ဖူးပါတယ်။

နိုင်ငံသေးငယ်ပေမယ့် ဆင်းရဲချမ်းသာ လူတန်းစားကွာဟမှု နည်းပါးတယ်။ အထက်တန်းပညာရေးနဲ့ ကျန်းမာရေးကတော့ နိုင်ငံသားတိုင်း အခမဲ့ ခံစားခွင့်ပေးထားပါတယ်။ ၁၉၇၄ ခုနှစ်က စပြီး ကမ္ဘာ့လှည့် ခရီးသွားတွေကို စတင်ဝင်ခွင့်ပေးခဲ့ပေမယ့် အပျော်မယ်တွေ ဇိမ်ခန်းတွေနဲ့ မဆွဲဆောင်ပါဘူး။ လမ်းမှာ တောင်းစားသူတွေမရှိသလို ကလေးငယ်တွေကို စွန့်ပစ်တာမျိုးလည်း မရှိဘူးလို့ ကောင်းသတင်း မွှေးလှပါတယ်။

ယခုနှစ်အတွင်း မြန်မာနဲ့ ပျော်ရွှင်ခြင်းနိုင်ငံ ဘူတန်တို့ရဲ့ ဆက်ဆံရေးထဲမှာ စိတ်ချမ်းမြေ့ဖွယ် ဖြစ်ရပ်တစ်ခုကတော့ ဇန်နဝါရီလအတွင်းက မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်လည်ပတ်တဲ့ ယခင် ဘူတန်ဘုရင်မင်းမြတ်ရဲ့ ပထမမြောက် မိဖုရား  ပုဂံဘုရားဖူးထွက်စဉ်က ဖြစ်ရပ်တစ်ခုပါ။ အဲဒီမိဖုရားက လက်ရှိဘူတန်ဘုရင် မင်းမြတ်ရဲ့ ဒွေးတော်ဖြစ်ပြီး သူရဲ့ ခင်ပွန်း ယခင်ဘူတန်ဘုရင်မင်းမြတ်ဟာ  မိုက် ကယ်အဲရစ်ရဲ့ တပည့်တစ်ဦးလည်း ဖြစ်ပါတယ်။

အဲဒီအချိန်က ပုဂံငလျင်ဒဏ် သင့်ပြီးစအချိန်။ ပုထိုးတော် ပြန်လည်ပြင်ဆင်နေတာကို ဒေါ်အောင်ဆန်းစုကြည့်နဲ့ အစိုးရအဖွဲ့ဝင်တွေ လိုက်လံဖူးမြော်ပြီး လိုအပ်တာတွေ မှာကြားခဲ့တဲ့ခရီးစဉ်မှာ အဲဒီမိဖုရားလည်း ပါဝင်ခဲ့တယ်။ ပုဂံလက်မှုပညာ ဆေးရေးပန်းချီဆိုင်ထဲ အရောက်မှာ ဒေါ်အောင်ဆန်းစုကြည်က ဘူတန်ဘုရင့် ဒွေးတော်ကို လက်ဆောင်ပေးဖို့အတွက် ခရီးစဉ်မှာ အတူလိုက်ပါလာတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်ကို ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် ဧည့်သည်တော်တွေရော အစိုးရအဖွဲ့ဝင်တွေပါ အလွန်သဘောကျပြီး ရယ်မောစရာ ဖြစ်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က

''ဆရာ ပိုက်ဆံပါလား။ ပါလာရင် ဧည့်သည်တွေကို လက်ဆောင်ဝယ်ပေးလိုက်ပါ'' တဲ့။  ။

 

သုနန္ဒခေတ်

သုနန္ဒခေတ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.