21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ရင်ထဲမှ အေးချမ်းခြင်းဆီသို့

ကျွန်မစာအုပ်တွေရှင်းရင်း လွန်ခဲ့သော ဆယ်နှစ်က 'အတွေးအမြင်' စာစောင်ကို  ပြန်ဖတ်ကြည့်တော့ ဆရာထက်ကျော်ရဲ့ 'မိကျောင်းကြည်း တင်အားအင်စိုက်ထုတ်' ဆောင်းပါးက အခုအချိန်နဲ့ ကိုက်ညီနေတာတွေ့ရပါတယ်။ 'မိကျောင်းကြည်းတင်' ဆိုတာ အလွန်ကျပ်တည်းခက်ခဲတဲ့ အခြေအနေလို့ အဓိပ္ပာယ်ရပါတယ်။ ငတ်မွတ်ခေါင်းပါးမှု၊ မိုးခေါင်ရေကြီး၊ ရောဂါဘယတွေ ကျရောက်တဲ့ကာလမျိုး ဖြစ်နေချိန် အပါအဝင် သဘာဝ ဘေးအန္တရာယ်ကျရောက်တဲ့ အချိန်မျိုးတွေကို ဆိုလိုပါတယ်။

ဆရာထက်ကျော်က အဲဒီလို အခြေအနေတွေမှာ ဆရာကြီးအလင်္ကာကျော်စွာ ဦးစိန်ခိုရေးသားခဲ့တဲ့  'ကပ်ကြီးသုံးပါး လင်္ကာ' စကား ပြေကို ဖော်ပြထားပါတယ်။ သီပေါ မင်းပါတော်မူပြီး တိုင်းပြည်မတည် ငြိမ်သေးတဲ့ကာလမှာ သူခိုးဓားပြတွေ သောင်းကျန်းကြလို့ လူတွေ ဒုက္ခတွေ့ရပါတယ်။

အညာဝေါဟာရဖြစ်တဲ့ 'သရော ခိုင်းတယ်'ဆိုတာ ငတ်မွတ်ခေါင်းပါးတာပါ။ မြန်မာပြည်မှာ ၁၉၃ဝ-၃၁ ခုနစ်တွေက မိုးခေါင်တော့ ငတ်မွတ် ကြပြီး ခိုးဝှက်၊ လုယက်၊ သတ်ဖြတ်ကြတယ်။ ရွှေတိဂုံဘုရားကြီး အနောက် ဘက်စောင်းတန်းကြီး ၁၉၃၁ ခုနှစ် မတ်လမှာ မီးလောင်ခံရတယ်။ စောင်းတန်းကြီးဖွင့်လှစ်တာ ၁၉၃ဝ ခုနှစ်ကပါ။ မေလမှာ ပဲခူးငလျင်ကြီး လှုပ်ခဲ့လို့ ရွှေမော်ဓောဘုရားရဲ့ ထီးတော်ကြီး မြေခခဲ့ရပါတယ်။ မကြာ ခင်မှာပဲ လူမျိုးရေးအဓိကရုဏ်းဖြစ်လို့ လူတွေ သေကျေကြရပြန်ပါတယ်။  ပလိပ်ရောဂါ၊ ကျောက် ရောဂါ၊ တုပ်ကွေးရောဂါတွေဖြစ်ကြ ပြန်ပါတယ်။ ဦးစိန်ခိုရဲ့ ရေးသားမှုထဲမှာ ငါးသိုင်းချောင်းတာကြီးကျိုးလို့ သေကျေကြပုံ၊ တော်ဝိနဲ့ ပိန်းဇလုပ်ကြားမှာ ရထားချင်းတိုက်မိလို့ ဒုက္ခရောက်ရပုံတွေပါရှိပါတယ်။ ဆရာထက်ကျော်က ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေဆိုတာ အချိန် ကာလရှည်ကြာစွာ ဖြစ်နေတတ်တာ မဟုတ်ပါဘူး။ ကြုံတွေ့နေကြတာကို ကြံ့ခိုင်စွာရပ်တည်ပြီး ကြိုးစားအား ထုတ်ကြရမှာဖြစ်တယ်။ သူရဲကောင်း တွေပေါ်လာတတ်ပါတယ်။ ဗိုလ်အောင်ကျော်၊ ဗိုလ်ဘဖိုး၊ ရဲဘော်သုံးကျိပ်လို ပုဂ္ဂိုလ်မျိုးတွေပေါ်ထွက်လာကြပြီး ပြည်သူတွေကို အခက်အခဲ တွေကြားက ကယ်တင်ခဲ့ပါတယ်။ ဒါမှသာ အောင်မြင်မှု ပန်းတိုင်ကို ရနိုင်ကြတာ မဟုတ်လားလို့ ရေးပြခဲ့ ပါတယ်။

အခုကာလမှာ အရင်က လောက်မဆိုးပေမယ့် လူတွေဆင်းရဲကြလို့ လုယက်သတ်ဖြတ်မှုတွေပေါ လာတယ်။ တချို့နေရာတွေမှာ ရေကြီးလို့ ဒုက္ခရောက်နေကြတယ်။ H1N1 တုပ်ကွေးရောဂါက ပျံ့နှံ့နေလို့ စိုးရိမ်နေကြရတယ်။ ဒီကြားထဲမှာ ထိတ်လန့်စရာ ရခိုင်အရေးအခင်းက ဖြစ်လိုက်တော့ အသက်လုပြီး အိုးပစ် အိမ်ပစ် ရွာလုံးကျွတ်ထွက်ပြေးလာကြရတဲ့ တိုင်းရင်းသားတွေကို ကြည့် ပြီး ကျွန်မတို့ အားလုံးစိတ်နှလုံး ညှိုးနွမ်းကြရပါတယ်။ မြေမြှုပ်ဗုံးတွေ ထောင်ထားပြီး တွေ့သမျှလိုက်သတ် နေကြလို့ မြို့ကို မရောက်နိုင်ကြပဲ တောထဲမှာ ပုန်းနေကြရတယ်။ တပ် မတော်က လာမကယ်မချင်း ထမင်းသုံးနပ်လောက်ငတ်ကြရတယ်။ ပြီးဆုံး သွားလို့ ရွာကိုပြန်သွားမယ်ဆိုရင် မီးရှို့ဖျက်ဆီးသွားကြလို့ မီးလောင်ပြင် ပဲ မြင်ကြရပါလိမ့်မယ်။ သူတို့ဘဝကို အစကပြန်ထူထောင်ကြရမှာပါ။

ဒါပေမယ့် အခက်အခဲဆိုတာ စုပေါင်းအင်အားနဲ့ မိကျောင်းကြည်း တင်အားအင်စိုက်ထုတ်ပြီး ကျော်ဖြတ်ကြရမှာပါ။ တစ်ခေတ်တုန်းကလို ပြည်သူ့စစ်ပြန်လည် ဖွဲ့စည်းပြီး အစိုးရ၊ တပ်မတော်နဲ့ ပြည်သူ့စစ် ပူးပေါင်းပြီး တိုက်ထုတ်လိုက်ရင် မကြာခင် အေးချမ်းသွားမယ်လို့ ယုံကြည်ပါတယ်။

ဒုတိယ ကမ္ဘာစစ်ကြီးတုန်းကလည်း ဂျပန်တွေ ဗုံးကြဲတိုက်ခိုက်လို့ ကျွန်မတို့ အိုးပစ်အိမ်ပစ်နယ်ဘက်တွေကို ထွက်ပြေးခဲ့ကြရလို့ စစ်ပြေး တွေဖြစ်ခဲ့ကြရပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းတို့ တိုက်ထုတ်ကြလို့ အေးချမ်းသွားမှပဲ ကိုယ်ရပ်ဌာနေကို ပြန်လာကြပြီး အစကနေပြန်ပြီး ထူထောင်ခဲ့ကြရပါတယ်။ အခုလည်း လူတိုင်းတတ်နိုင်တဲ့ဘက်ကနေပြီး ကူညီရိုင်းပင်းကြရမှာဖြစ်ပါတယ်။ အခုပဲ အလှူငွေတွေ ထည့်ဝင်ပြီး ကူညီနေကြပါပြီ။

ကျွန်မက ချစ်ခင်တဲ့ သူတွေကို လက်ဆောင်ပေးရတာကို ပျော်ပါတယ်။ စဉ်းစားစိတ်ကူးပြီး ကျွန်မကို ကျေးဇူးပြုခဲ့ကြတဲ့ ထုတ်ဝေသူတွေကို စာမူလက်ဆောင် တွေပေးပါတယ်။ စာမူခလုံးဝမယူဘဲ မူပိုင်ထုတ်ဝေခွင့် လက်ဆောင်ပေးတာပါ။ သူတို့ ပြန် ပေးတဲ့ စာအုပ်လက်ဆောင်ပဲယူပြီး မိတ်ဆွေတွေကို လက်ဆောင်ပေးပါတယ်။ Unity၊ အိပ်မက်ရိပ်၊ မျိုးဆက်သစ်၊ Friends ၊ စာပေခရီးသွားများတို့ကို ပေးခဲ့ပါတယ်။

အခု မျိုးဆက်သစ်စာပေက ကျွန်မရဲ့ လက်ဆောင်စာမူ မည်းမှောင်သော တိမ်တိုက်တိုင်းမှာ ငွေရောင်အနားကွပ်ရှိသည်ကို ထုတ်ဝေလိုက်ပါပြီ။ အဆိုအမိန့်တွေ ဖြစ်ပါတယ်။ ဖတ်ကြည့်ရင် ဘယ်လိုအဆိုး လောကဓံဖြစ်စေ ဖြေရာတစ်ခု၊ ပြေ လည်စရာတစ်ခု၊ အကောင်းတစ်ခုရှိကြောင်း အားတက်စရာတွေ့နိုင်ပါလိမ့်မယ်။ ဒီလို အချိန်မှာ ကျွန်မ စာအုပ်လေးထွက်လာတာကို ဝမ်းမြောက်ရပါတယ်။

"Every Cloud has Silver Lining"

အားမလျော့ကြပါနဲ့ရှင်။ စိတ်နှလုံး မသာမယာဖြစ်နေကြတဲ့ စာဖတ်သူတွေကို အေးငြိမ်းမှု Peace လက်ဆောင်ကလေး ပေးလိုက်ပါရစေ။ တူမလေး ထက်ထက်ထွန်း Fb မှာ တင်ထားတဲ့ စိတ်နှလုံးချမ်းမြေ့စရာ Deep Peace to You ကို မျှဝေပေးလိုက်ပါတယ်။

 

"Deep peace to you"

 

Deep peace of the running wave to you.

Deep peace of the flowing air to you.

Deep peace of the quiet earth to you.

Deep peace of the shining stars to you.

Deep peace of the gentle night to you.

Moon and Stars pour their healing light on you.

Deep peace to you.

''သင့်အတွက် နက်ရှိုင်းသော အေးချမ်းမှု''

သင့်အတွက် အဆက်မပြတ် စီးဆင်းနေသော လှိုင်းရေ၏ နက်ရှိုင်းသော အေးချမ်းမှု။

သင့်အတွက် လွင့်ပါးတိုက်ခတ်နေသော လေ၏ နက်ရှိုင်းသော အေးချမ်းမှု။

သင့်အတွက် တည်ငြိမ်သော မြေကြီး၏ နက်ရှိုင်းသော အေးချမ်းမှု။

သင့်အတွက် ဝင်းလက်တောက်ပနေသော ကြယ်များ၏ နက်ရှိုင်းသော အေးချမ်းမှု။

သင့်အတွက် ညင်သာ တိတ်ဆိတ်သော ည၏ နက်ရှိုင်းသော အေးချမ်းမှု။

သင့်အပေါ်သို့ လနှင့်ကြယ်များက သူတို့၏ သက်သက်သာ ကုစားပေးနိုင်သော စွမ်းအင်ဖြင့် သွန်းလောင်းပေးသည်။

သင့်အတွက် နက်ရှိုင်းသော အေးချမ်းမှု။

စိုးရိမ်သောကများ ပြေပျောက်နိုင်ကြပါစေ။

 

ခင်စောတင့်

သီဆိုသူ၏ အသံ၊ တေးသွားနှင့်  သာယာအေးမြသော သဘာဝအလှ အပများကို ရူမြင်နားဆင်လိုပါက Htet Htet Htun နှင့် Khin Saw Tint Fb မှ Video Clip လေးကို ဖွင့်ကြည့် စေလိုပါသည်။

ခင်စောတင့်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.