16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
အတုကမ္ဘာထဲမှာ

၂ဝ၁၇ ဇူလိုင် ၁၇ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့မှာ ရွှေတောင်ဦး မြတ်စွာဘုရား ဓမ္မာရုံကြီးမှာ စံထားကိုးကွယ်ထားတဲ့ ကြေး ဆင်းတုတော်တစ်ဆူခိုးယူခံရတဲ့ အမှုနဲ့ပတ်သက်ပြီး နေရာအနှံ့ပိတ်ဆို့ ရှာဖွေရာက မသင်္ကာဖွယ် လူတစ်ဦးကို ငွေစက္ကူအတုတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလူကို စစ်ဆေးစဉ်မှာ မြန်မာငွေစက္ကူအတုလို့ ယူဆရတဲ့ ငွေကျပ်ငါးထောင်တန် ရှစ်ရွက်နဲ့ တစ်သောင်းကျပ်တန် ခြောက်ရွက်ကို တွေ့ရှိခဲ့ပါတယ်။

သည်နောက်မှာတော့ သူနေထိုင်ရာအိမ်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့ရယ်၊ အသိသက်သေတွေရယ်နဲ့ သွားရောက်ရှာဖွေခဲ့တဲ့အခါ သူ့ နေအိမ်အိပ်ခန်းအတွင်းကနေ မြန်မာငွေစက္ကူအတု ကျပ်တစ်သောင်းတန် ၄၃ ရွက်ကို ဆက်လက်ရှာဖွေသိမ်း ဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ငွေစက္ကူအတုသတင်းလေးတွေတော့ မကြာခဏဆိုသလို ဖတ်ရှုနေရပါတယ်။ များသောအားဖြင့်တော့ ကွန်ပျူတာနဲ့ တစ်နိုင်တစ်ပိုင်လုပ်ပြီး သုံးစွဲကြတာတွေ့ရတာပါပဲ။ တစ်ခါ တလေတော့လည်း ထိုင်းဘက်က  ဝင်လာတယ်လို့ ပြောကြတာရှိပါတယ်။ သည်ငွေတွေဟာ ပြည်သူတချို့ရဲ့ လက်ထဲကို ရောက်သွားခဲ့ပါပြီ။ အတုမှန်း အစစ်မှန်းမသိတဲ့ ပြည်သူတွေကတော့ မသိလို့ သုံးစွဲမိကြရုံ တင်မကဘဲ ဘဏ်မှာ ငွေသွင်းတဲ့အခါလည်း ထည့်ပြီးသွင်းမိကြပြန်ရော။ သည်အခါ ဘဏ်ဝန်ထမ်းက အတုအစစ်ခွဲခြားတတ်တဲ့အတွက် အစစ်တွေနဲ့ ရောပြီးပါလာတဲ့ အတုတွေကို ရွေးထုတ်ပြီး ပယ်စာရင်းသွင်း လိုက်တဲ့အခါကျမှ ဘုမသိ၊ ဘမသိနဲ့ ဆုံးရှုံးသွားကြရရှာတာပါပဲ။

သည်အတွက် စောဒကတက်လို့ မရပါဘူး။ ကံကောင်းလို့ အဖမ်းမခံရတာလို့ပဲ စိတ်ဖြေပြီး အဆုံးရှုံးခံလိုက် ကြရရှာသူတွေရှိသလို သည်အပေါ်မှာ မကျေမနပ်တဲ့ သူတွေလည်း ရှိလာတော့တာပေါ့။ ခေတ်ကြီးက ဖေ့စ်ဘွတ်ခေတ်ဆိုတော့လည်း ဖေ့စ် ဘွတ်ပေါ်ကနေ မကျေနပ်ချက်တွေကို တင်ကြရင်းက ငွေကြေးအာမခံ ချက်အပေါ် ပြည်သူတွေ စိုးရိမ်သံသ ယ ဝင်လာကြပါတယ်။

သည်ကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ လွှတ်တော် အမတ်တစ်ဦးက မေးမြန်းမှုကို ''ငွေစက္ကူအတုအဖြစ် အပ်နှံထားတဲ့ ပမာဏဟာ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်မှာ ငါးထောင်တန် ၁၃၄၃ ရွက်၊ တစ်သောင်းတန် ၉၅၇ ရွက်ကို အတုလို့ အတည်ပြုစစ်ဆေးပြီး လက်ခံထားရှိတာတွေ့ရှိရတဲ့အတွက် လှည့်လည်သုံးစွဲလျက်ရှိတဲ့ ရွက်ရေစုစုပေါင်း ၁၃၅၃ သန်းနဲ့ နှိုင်း ယှဉ်ရင် ဝ.ဝဝဝ၅၄ ရာခိုင်နှုန်းသာရှိကြောင်း တင်ပြလိုပါတယ်''လို့ မဟို ဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက ဖြေ ကြားခဲ့ပါတယ်။

ဇူလိုင် ၁၁ ရက်ကပဲ တောင်ကြီးမြို့ ကမ္ဘောဇဘဏ်ကို လာအပ်တဲ့ ငွေကျပ်သိန်း ၁ဝဝ ထဲမှာ ၅ဝဝဝ ကျပ်တန် ငွေစက္ကူအတု ၂၅ သိန်းဖိုး ပါရှိလာလို့ ပတ်သက်ဆက်စပ်သူနှစ် ဦးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ အဲဒီငွေတွေဟာ ကားဝယ်ရောင်းကနေ ရရှိလာခဲ့တာလို့လည်း သိရပါတယ်။ ပြောချင်တာက သိန်း ၁ဝဝ မှာ ၂၅ သိန်းပါတယ်ဆိုတာက ရာခိုင်နှုန်းအားဖြင့်ကို ၂၅ ရာခိုင်နှုန်း ဖြစ်နေပြီလို့ ဆိုလိုတာပါ။

အဲသည် သိန်းတစ်ရာကိစ္စလေးနဲ့ ရာခိုင်နှုန်းတွက်လို့ မမှန်နိုင်ဘူးလို့ဆိုရင် ဖမ်းမိပြီး အတုလို့ အတည်ပြုထားတဲ့ ငွေတုရွက်ရေကိုပဲကြည့်ပြီး ရာခိုင်နှုန်းတွက်လို့မရဘူး။ ဖမ်းမမိဘဲ  လည်ပတ်နေမယ့် ငွေတုတွေရဲ့ အရေအတွက်ကိုပါ အတိအကျသိရမှ ရာခိုင်နှုန်းကိုလည်း အတိအကျ တွက်နိုင်မယ်လို့ ဆိုချင်တာပါ။ ရာခိုင်နှုန်းနည်း သည်ဖြစ်စေများသည်ဖြစ်စေ ပြည်သူတွေရဲ့ လက်ထဲရောက်ရှိနေတာတော့ အသေအချာ ပါပဲ။

၂ဝ၁၆ နိုင်ဝင်ဘာထုတ် News Watch ဂျာနယ်မှာ ပါခဲ့တာလေးပဲ ဖတ်ကြည့်ပါဦး။ ''မိတ္ထီလာမှာ အဝေးသင်သင်တန်းတက်နေတဲ့ ကျွန်တော့်ညီမလေးဆီ ပိုက်ဆံတစ်သိန်းသွားလွှဲတယ်။ တစ်သောင်းတန် ဆယ်ရွက်မှာ ငါးရွက်က အတုဖြစ်နေတယ်ဆိုပြီး ကျွန်တော့်ရှေ့မှာတင် ကျွန်တော့် ပိုက်ဆံတွေကို အပေါက်ဖောက်လိုက်တယ်။ ကျွန်တော့်ကို အတုကိုင်မှုနဲ့ မဖမ်းတာ ကျေးဇူးတင်ရမလိုဖြစ်နေတယ်။ တာဝန်ယူမယ့်သူ ပျောက်နေ သလို ခံစားရတယ်''လို့ ရန်ကုန်မြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောခဲ့တယ်တဲ့။ အဲလိုပဲ ကုမ္ပဏီဝန်ထမ်း တစ်ဦးကလည်း ''လစာထုတ်လို့ တစ်သောင်းတန်တွေ၊ ငါးထောင်တန်တွေရရင် ကြာကြာမထားရဲဘူး။ အကြွေ မြန်မြန်ဖျက်လိုက်တယ်။ တချို့ အရွက်တွေကလည်း အရမ်းထူတယ်။ အတုတွေ ဖြစ်နေမလားဆိုတဲ့ စိုးရိမ် စိတ်ကတော့ လစာထုတ်ပြီးတိုင်း ပေါ်ပေါ်လာတယ်''လို့ ဆိုပါတယ်။ ဒါက သံသယပါ။

အဲဒီဆောင်းပါးမှာပဲ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ စက်တင် ဘာလအတွင်းက တစ်သောင်းတန် ငွေစက္ကူအတု ၂၆၈ ရွက်တွေ့ရှိပြီး ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့ နယ်မှာ အောက်တိုဘာလအတွင်းက တစ်သောင်းတန်ငွေစက္ကူအတု ၆ဝ ရွက်တွေ့ရှိရမိတယ်လို့ပါရှိပါတယ်။

ပုဂ္ဂလိကဘဏ်တစ်ခုက လက်ထောက်မန်နေဂျာတစ်ဦးကတော့ ''တစ်သောင်းလည်း မရှိတဲ့သူအတွက်တော့ နည်းတယ်လို့ ပြောလို့ရတဲ့ ပမာဏမဟုတ်ဘူးဗျ။ ကိုယ်ရစရာရှိ ရင်လည်း သေသေချာချာစစ်ယူ။ အတုလို့ထင်ရင် တစ်ခါတည်းလဲခိုင်းပေါ့။ ဘဏ်ရောက်မှ အတုမှန်းသိလို့ ကတော့ အပေါက်တွေနဲ့ ပိုက်ဆံပဲ ပြန်ရလိမ့်မယ်''လို့ ဆိုပါတယ်။ ဒါပေမယ့် တစ်သောင်းတန်ကို အုပ်လိုက်ကိုင်ပြီး သုံးစွဲနိုင်ကြတဲ့ သူ တွေတောင် အတုအစစ်ကို မခွဲခြားနိုင်မှတော့ တစ်ခါတစ်ရံမှသာ တစ်သောင်းတန်၊ ငါးထောင်တန်ကိုင်ရတဲ့ ဝင်ငွေနည်းပြည်သူတွေက အတုအစစ်ကို အလွယ်တကူ ဘယ်လိုခွဲခြား သိနိုင်မလဲဆိုတာ စဉ်းစားစရာပါ။

''ငွေကြေးဖောင်းပွမှုကို ဖြစ်စေတဲ့ အကြောင်းတရားတွေထဲမှာ ငွေစက္ကူအတုတွေ ပေါများလာတာကလည်း ပြဿနာတစ်ရပ်အဖြစ် ရှိနေပါတယ်။ ငွေစက္ကူအတု ပြဿနာကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့တွေအနေနဲ့ ထိထိရောက်ရောက်ကိုင် တွယ်ဖြေရှင်းဖို့ လိုပါတယ်''လို့ စီးပွားရေး ပညာရှင်ဦးဇော်ဖေဝင်းက ဆိုပါတယ်။

အခု လွှတ်တော်က ပြောသလို ရာခိုင်နှုန်း မပြောပလောက်တဲ့ အရေအတွက်သာရှိလို့ ငွေကြေးဖောင်းပွမှု ဖြစ်စေနိုင်လောက်တဲ့အထိတော့ ပြဿနာမရှိနိုင်ဘူးလို့ပဲ ယူဆပါ တယ်။ ဘဏ်တွေကိုလည်း ငွေစက္ကူ အတုတွေကို မဖျက်ဆီးပစ်ဖို့ အမိန့် ထုတ်ထားတယ်လို့ သိရပါတယ်။ သို့သော် အဲဒီငွေစက္ကူအတုတွေအတွက် အစားထိုးပြန်ပေးဖို့တော့ အစီအစဉ် မရှိဘူးလို့ဆိုပါတယ်။ ဒါဆိုရင် ငွေ စက္ကူအတုကိုယ့်ဆီမှာ မတော်တဆပါလာရင် ဘယ်လိုလုပ်ရမလဲ။ သည်အတွက် အဖြေကိုရော ဘယ်သူတွေက ဖြေကြားပေးမလဲ။ နောက်ဆုံးတော့ ကိုယ်ဖြစ်ကိုယ်ခံပဲဆိုတာ သတိချပ်ကြရပါတော့မယ်။ ကဲ-ကျွန်တော်တို့ အတုတွေကြားမှာ ဘယ်လို ဂရုတစိုက်နေထိုင်ကြမလဲ။

 

ဝါဆိုကိုဦး (တောင်ကြီး)

ဝါဆိုကိုဦး (တောင်ကြီး)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.