16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ဘေးထွက်ဆိုးကျိုးပြသနာနဲ့ ဘောဂဗေဒအမြင်

ဘောဂဗေဒ သဘောတရား နယ်ပယ်မှာ ဘေးထွက်ဆိုးကျိုးများကို 'ပြင်ပသက်ရောက်မှုများ' (externalities) လို့ခေါ်တယ်။ ဥပမာ-ရထား လူစီးတွဲတစ်တွဲထဲမှာ အချို့လူတွေက ကျယ်ကျယ်လောင်လောင် စကား ပြောဆိုနေကြတော့ အခြားခရီးသည်တွေအတွက် အနှောင့်အယှက်ဖြစ်တယ်။ လယ်သမားတစ်ဦးက ပေါင်းသတ်ဆေးဖျန်းတော့ သူနဲ့ ဘေးချင်းကပ် အခြားလယ်သမားတစ်ယောက်ရဲ့ သီးနှံတွေ ပျက်စီးကုန်တယ်။ ကားဆရာတွေက ကားကို စက်နှိုးထားတော့ အခိုးအငွေ့တွေ ထွက်ပြီး လေထုကို ညစ်ညမ်းစေတယ်။ ဒီလို အပြုအမူတွေကို လူမှုရေးခေါင်းပါးတဲ့ အလုပ်တွေလို့ အများက သတ်မှတ်ကြတယ်။  ဘောဂဗေဒပညာရှင်များကတော့ ဒီလို ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ရှာဖွေကြံဆခဲ့ကြပါ တယ်။

ဈေးကွက်များရဲ့ စုစည်းစီစဉ် လုပ်ဆောင်မှုတွေဟာ လူတိုင်းအတွက် ကောင်းမွန်တယ်လို့ ယူဆကြတယ်။ ဒါပေမယ့် တိုက်ရိုက်ပါဝင်ပတ်သက်သူများရဲ့ အကျိုးအမြတ်နဲ့ ကျယ်ပြန့်တဲ့ လူ့အဖွဲ့အစည်းရဲ့ အကျိုးဟာ အမြဲတမ်းတော့ တစ်ထပ်တည်းကျမှာ မဟုတ်ပါဘူး။ သူတို့ကို လွတ်လွတ်လပ်လပ် လုပ်ချင်သလို လုပ်ခွင့်ပေးလိုက်ရင် ကိုအာကျယ် မအာကျယ်တို့ရဲ့ ဆူညံတဲ့ အသံဗလံက အခြားသော ရထားစီး ခရီးသည် များကို စိတ်အေးချမ်းသာနေခွင့် ပေးမှာမဟုတ်ဘူး။ ပေါင်းသတ်ဆေးဖျန်းတဲ့ လယ်သမားကလည်း အခြားသူများရဲ့ သီးနှံပျက်ပျက် မပျက်ပျက် ဂရုစိုက်မှာ မဟုတ်ဘူး။ ကားဆရာ တွေကလည်း သူတို့ကားများက ထုတ်လွှတ်လိုက်တဲ့ အခိုးအငွေ့တွေနဲ့ ပတ် သက်ပြီး မသိကျိုးကျွန် လုပ်နေကြမှာပါပဲ။

ဒါပေမယ့် ဒီကိစ္စတွေမှာ တိုက်ရိုက်ပါဝင် ပတ်သက်သူများဟာ သူတို့လုပ်နေကျ အလုပ်ကို သူတို့ဘာသာ ကောင်းကောင်းမွန်မွန်လုပ်ကိုင် နေကြတာပဲ ဖြစ်ပါတယ်။ ပြဿနာ တက်နေကြသူတွေကတော့ ဘေးကလူတွေ။ သူတို့အလုပ်မှာ ပါဝင်ပတ် သက်ခြင်း မရှိသူတွေကသာ ထိခိုက်နစ်နာနေကြတာပါ။ ဒီတော့ ဘောဂ ဗေဒပညာရှင်တွေရဲ့ အမြင်က ဘာလဲဆိုတော့ ရထားလက်မှတ်၊ ပေါင်းသတ်ဆေး ဒါမှမဟုတ် ဓာတ်ဆီဈေးနှုန်းများ (Market Prices)က ဒီဘေးက လူတွေကို ထိခိုက်နစ်နာစေတဲ့ ဒါမှမဟုတ် ပြင်ပသက်ရောက်မှုများ (externalities) ဒါမှမဟုတ် ကျယ်ပြန့်တဲ့ ကုန်ကျစရိတ်များ (widercosts) ကို၊ ထည့်သွင်းတွက်ချက်ကြခြင်း မရှိတာဘဲဖြစ်တယ်။

ပြင်ပသက်ရောက်မှုများကို ဘောဂဗေဒအမြင်နဲ့ ကနဦး ဖော်ထုတ်တင်ပြခဲ့တဲ့ ပုဂ္ဂိုလ်က အင်္ဂလိပ်ဘောဂဗေဒပညာရှင် Alfred Mars hall (၁၈၄၂-၁၉၂၄) ဖြစ်ပါတယ်။ ဒါပေမယ့် ဒီပြဿနာကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာတင်ပြခဲ့သူက Arthur Pigou (၁၈၇၇-၁၉၅၉) ဖြစ်တယ်။ တက္ကသိုလ်တုန်းက Marshall က သူ့ဆရာ။ ၁၉ဝ၈ ခုနှစ်မှာ Marshall ဟာ ကိန်းဗရစ်တက္ကသိုလ်၊ နိုင်ငံရေးဘောဂဗေဒဌာနမှာ ပါမောက္ခလုပ်နေရာက အငြိမ်းစားယူ သွားတော့ Pigou က အဲဒီရာထူးကို ဆက်ခံလိုက်ရတယ်။ သူ့အသက်ဟာ အဲဒီတုန်းက ၃ဝ ပဲရှိသေးတယ်။ ကျောင်းသားဘဝနဲ့ တက္ကသိုလ်ပရိဝုဏ်မှာ နေစဉ်တုန်းကတော့ ကပျစ်ကညစ်နေတတ်တယ်။  စာတော်တယ်။ ဥာဏ်ကောင်းတယ်။ လက်ဖျား ခါလောက်တယ်။ ဒါကြောင့် Marshall က သူ့ကို မြှောက်စားတယ်။

Pigou ဟာ Weath and Welfare (1912), Unemployment (1914), Economics of Welfare (1920), Essays in Applied Economics (1923) အစရှိတဲ့ ကျမ်းတွေအပြင် အခြားသော ကျမ်းများစွာကိုလည်း ရေးသားပြုစုခဲ့ပါတယ်။ အဲဒီခေတ်က ဘောဂဗေဒပညာရှင်များကို ကျမ်းရိုးဘောဂဗေဒ ပညာရှင်များ (Classical Economists) လို့ ခေါ်ကြတယ်။ ကျမ်းရိုးဘောဂဗေဒဟာ ဒီကနေ့ခေတ် စီးပွားရေးစနစ်ရဲ့ အခြေခံလို့တောင် ခေါ်ကြတယ်။ ဒါပေမယ့် ဘောဂဗေဒဟာ သူ့ခေတ်အမြင်နဲ့သူ၊ အမြဲပြောင်းလဲနေတယ်။ တစ်ယူသန် တရားသေစွဲဝါဒ (dogmatic) မဟုတ်ဘူး။ ဒါတော့ သိထားဖို့ လိုတယ်။

သူ့ရဲ့ Weath and Welfare ကျမ်းဟာ ဆင်းရဲသားတွေရဲ့ဘဝကို ဘယ်လိုတိုးတက်ကောင်းမွန်အောင် လုပ်သင့်သလဲဆိုတဲ့ သူ့ရဲ့ ဘောဂဗေဒ အတွေးအမြင်တွေကို ကောက်ကြောင်းဆွဲ၊ ပုံကြမ်းလောင်းထားတဲ့ ကျမ်းတစ်စောင်ဖြစ်ပါတယ်။ သူ့ကျမ်းရဲ့ အာဘော်ကတော့ ''ပြင်ပ သက်ရောက်မှုရှိတဲ့ ကိုယ်ကျိုးစီးပွားရှာမှုဟာ အမျိုးသား အကျိုးအမြတ်ကို အထွတ်အထိပ်ရောက်အောင် မြှင့်တင်ပေးနိုင်မှာမဟုတ်ဘူး''လို့ ဖော်ညွှန်းချင်တာဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ ကျမ်းကို ဥပမာဥပမေယျများစွာနဲ့ တန်ဆာဆင်ထားတယ်။ လန်ဒန်မြို့မှာ မီးခိုးခေါင်းတိုင်က ထွက်တဲ့ မီးခိုးတွေကြောင့် နေရဲ့အလင်းရောင်ကို ရသင့်သလောက်မရကြဘူး။ လေထုညစ်ညမ်းမှုလည်းဖြစ်တယ်။ ဒါတွေနဲ့ ဆက်စပ်ပြီး မြို့သူမြို့သားတွေရဲ့ အင်္ကျီတွေညစ်ပတ်ရတယ်။ သဘာဝမဟုတ်တဲ့ အလင်းရောင်ကို ဈေးကြီးကြီးနဲ့ ဝယ်ယူအသုံးပြုရတယ်။ တစ်နည်းပြောရင်တော့ ကျခံစရာမလိုတဲ့ စရိတ်များကို ကျခံ နေကြရတယ်။ တကယ်လို့ ဈေးကွက်များဟာ သူ့ဘာသာသူ ပုံမှန်အလုပ် ဖြစ်နေတယ်ဆိုရင် လူအတော်များများက မီးခိုးကာကွယ်တဲ့ ကိရိယာတွေမှာ ပိုပြီး ရင်းနှီးမြှုပ်နှံကြမှာ ဖြစ်တယ်လို့ Pigou က ဆိုတယ်။

Pigou ဟာ ပြင်ပသက်ရောက်မှုများနဲ့ စပ်လျဉ်းပြီး ကိုင်တွယ်ဖြေရှင်းနိုင်မယ့် မတူကွဲပြားတဲ့ နည်းလမ်းအတော်များများကို တူးဆွဖော်ထုတ်ပေးခဲ့တယ်။ ဘောဂဗေဒပညာရှင် Adam Smith (၁၇၂၃-၁၇၉ဝ) က မိမိကိုယ်ကျိုးအတွက် လုပ်ကိုင် ဆောင်ရွက်နေကြတဲ့ ဈေးကွက်စီးပွားရေးဟာ ပြဿနာတက်လာခဲ့ရင် 'မမြင်ရတဲ့လက်' (invisible hand) က သူ့ဘာသာသူ အလိုအလျောက် ဖြေရှင်ပေးနိုင်တယ်လို့ ပြောဆိုခဲ့တာကို Pigou က လက်မခံဘူး။ အိမ်ရာမြေဈေးကစားသူများက စနစ်ကျနတဲ့ မြို့ပြစီမံကိန်းကို ဖော်ဆောင်ရေးအတွက် မမြင်ရတဲ့လက်က လမ်းညွှန်မှုပေးနိုင်တယ် ဆိုတဲ့ အတွေး အခေါ်ကို Pigou က သရော်ခဲ့တယ်။

ဒါပေမယ့် Pigou က ဒါတွေကို ဝင်ရောက်စွက်ဖက်မှု ပြုလုပ်နိုင်တဲ့ ပုံစံများကို 'ဆုလာဘ်နဲ့အခွန်'များ အဖြစ် တွေးခေါ်ရှုမြင်တယ်။ ဒီလိုဈေးနှုန်းများကို အသုံးပြု အရေးယူ ဆောင်ရွက်ခြင်းများက ကောင်းမွန်တဲ့ ဈေးကွက်ဖြစ်လာအောင် ပြန်လည် တည့်မတ်ပေးနိုင်တဲ့အပြင် လူအများကို ကြိုးနီစနစ်နဲ့ လည်ပင်းညစ်တာ ကိုလည်း ရှောင်ရှားနိုင်တယ်လို့ သူကထောက်ပြတယ်။ ဆိုကြပါစို့။ အရက် ထုတ်လုပ်သူများနဲ့ အရက်ရောင်းချသူများက သူတို့ကြောင့် ဖြစ်ပေါ်လာတဲ့ ဗရုတ်ဗရက် ပြဿနာတွေနဲ့ ပတ်သက်ပြီး စည်းကမ်းထိန်းသိမ်းအရေး ယူပေးကြတဲ့ ရဲများနဲ့ အကျဉ်းထောင်များရဲ့ ကုန်ကျစရိတ်များကို မပေးကြ ဘူးဆိုရင် သူတို့ထုတ်လုပ်ရောင်းချတဲ့ အရက်အပေါ်မှာ အခွန်များများ ကောက်ခံသင့်တယ်လို့ Pigou က ဆိုတယ်။ အခုတော့ ဒီလိုပုံစံ ဝင်ရောက် စွက်ဖက်မှုကို Pigou အခွန်လို့ သတ်မှတ်ပြောဆိုကြတယ်။

ဒီလို Pigou အခွန် အတွေးအခေါ်မျိုးကို ဘောဂဗေဒ နယ်ပယ်အတွင်း နေရာတကာမှာ တွေ့မြင်နိုင်တယ်။ မူဝါဒရေးဆွဲကြသူများကလည်း ဒီလိုအခွန်စည်းကြပ်တာမျိုးကို သိပ်ကြိုက်တယ်။ ကမ္ဘာတစ်ဝန်းလုံးမှာ အခုလို ပြင်ပသက်ရောက်မှု ကို တိုက်ဖျက်တဲ့ အခွန်အတုတ်တွေ နဲ့ ပြည့်နှက်နေတယ်။ ပြင်သစ်အစိုးရက လေယာဉ်တွေကို အသံဗလံ ဆူညံခွန် (noise tax) ကောက်တယ်။ မြို့တွင်းမှာ ကားတွေ ပြည့်ကျပ်ပိတ် ဆို့မှုအတွက် ကားမောင်းသူတွေကို ပြင်ပသက်ရောက်မှု ခွန်စည်းကြပ်တယ်။ လာမည့်နှစ် ၂ဝ၁၈ ခုနှစ်ကစတင်ပြီး ဗြိတိန်မှာ ကျန်းမာရေးနှင့် မညီညွတ်တဲ့ သကြားပါတဲ့အချိုရည် တွေအပေါ် အခွန်စည်းကြပ်တော့မယ်။

ကမ္ဘာကြီး ပူနွေးလာမှုနဲ့ ပတ်သက်ပြီး မူဝါဒဆိုင်ရာ အငြင်းပွားမှုများထဲမှာ ဒီ Pigou အခွန်က အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ပါဝင်တယ်။ ဖင်လန်နဲ့ ဒိန်းမိတ်နိုင်ငံ တွေမှာ ၁၉၉ဝ နှစ်များရဲ့ အစောပိုင်းကာလမှာ စတင်တင်ပြီး ကာဘွန်ခွန် (Carbon Tax) ကောက်ခံခဲ့တယ်။ ကနေဒါနိုင်ငံရဲ့ British Columbia စီရင်စုမှာ ၂ဝဝ၈ ခုနှစ်က စပြီး ကာ ဘွန်ခွန် စည်းကြပ်တယ်။ အလားတူပဲ ချီလီနဲ့ မက္ကဆီကို နိုင်ငံတွေမှာ ၂ဝ၁၄ ကစပြီး ကာဘွန်ခွန်ကောက်ခံတယ်။ အခုလို ကာဘွန်ခွန်ကို ဈေးနှုန်းသတ်မှတ်ချက်အဖြစ် အသုံးပြုခြင်းကြောင့် လူတွေရော ကုမ္ပဏီများပါ ၄င်းတို့ရဲ့ ကာဘွန်ထုတ်လွှတ်မှုကို အတိုင်း အတာတစ်ခုအထိ လျှော့ချနိုင်တယ်။

ဒီလို လုပ်ဆောင်မှုတွေက လူတွေရဲ့ အပြုအမူကို ပြောင်းလဲစေနိုင်တယ်။ အိုင်ယာလန်နိုင်ငံမှာ ပလတ် စတစ်အိတ်အပေါ် အခွန်စည်းကြပ်လိုက်တော့ ပလတ်စတစ်အိတ် အသုံးပြုမှု ၉ဝ ရာခိုင်နှုန်းကျော် ကျဆင်းသွားတယ်။ လန်ဒန်မြို့လယ်က ကားတွေပြည့်ကျပ်နေတဲ့ ဇုန်အတွင်း ဝင်ရောက်လာတဲ့ ယာဉ်မောင်းသမား များအပေါ် အခွန်ကောက်ခံလိုက်တော့ သုံးနှစ်ကျော်ကာလအတွင်း ကားပိတ်ဆို့မှု လေးပုံတစ်ပုံလောက် ကျဆင်းသွားတယ်။ British Columbia မှာ ကာဘွန်ခွန် စည်းကြပ်လိုက်တဲ့အတွက် လောင်စာဆီ စားသုံးမှုနဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုဟာ ခန့်မှန်းငါးရာခိုင်နှုန်းကနေ  ၁၅ ရာခိုင်နှုန်းအထိ လျော့ကျသွားတယ်။ ဆေးရွက်ကြီးနဲ့ ဆေးလိပ်ခွန်ကောက်ခံမှုက ဆေးလိပ်သောက်မှုကို ကျ ဆင်းစေတယ်။

Pigou အခွန်ကို ထောက်ခံအား ပေးကြသူတွေက၊ ထိခိုက်နစ်နာ အန္တရာယ်ပေးနိုင်တဲ့ ဟာတွေအပေါ် ဈေးနှုန်းသတ်မှတ်ပေးခြင်းဟာ လူမှုရေး အကျိုးအမြတ်များကို ဖြစ်ပေါ် စေတဲ့အပြင် အခြားအခွန်အခများကို လျှော့ချနိုင်ပြီး ဘဏ္ဍာငွေများကလည်း တိုးတက်ရရှိနိုင်တယ်လို့ ထောက်ပြကြတယ်။ ဖင်လန်နိုင်ငံမှာ ကာဘွန်ခွန်ကောက်ခံပြီး လုပ်သား တွေအပေါ် အခွန်ကောက်ခံမှုကို ဖယ်ရှားပစ်လိုက်တယ်။ ဒိန်းမတ်နိုင်ငံရဲ့ ကာဘွန်ခွန်ဟာ ပင်စင်ထောက်ပံ့ငွေရဲ့ တစ်စိတ်တစ်ဒေသကို ရန်ပုံငွေ ဖြည့်တင်းပေးနိုင်ခဲ့ပါတယ်။

ဒီလိုဆိုပေမယ့် Pigou ရဲ့ သီအို ရီအပေါ် ဝေဖန်ကြတဲ့ ဘောဂဗေဒပညာရှင်တွေလည်း ရှိပါတယ်။ Pigou ရဲ့ အတွေးအမြင်ကို အခွန်အတုတ်များများ ကောက်ခံလိုကြတဲ့ မူဝါဒ ရေးဆွဲသူများက သဘောကျ ကြပေမယ့် သူ့ရဲ့ အတွေးအခေါ်တွေထဲမှာ သီအိုရီအရရော လက်တွေ့မှာပါ အားနည်းချက်တွေ၊ အပြစ်အနာ အဆာတွေ အတော်များများရှိတယ်လို့ ထောက်ပြကြတယ်။ ပြောဆိုဝေဖန်ကြတဲ့ အဓိကအချက်တော့ သူ့ရဲ့သီအိုရီ မူဘောင်ဟာ ပြည့်စုံမှုမရှိဘူးလို့ ဆိုကြတယ်။

Pigou အခွန်ရဲ့ ထိရောက်မှုဟာ ဈေးကွက်အတွင်း ယှဉ်ပြိုင်မှုအဆင့်အပေါ်မှာ မူတည်တယ်။ တကယ်လို့ လက်ဝါးကြီးအုပ်ချုပ်ကိုင်ထားတဲ့ လုပ်ငန်းတစ်ခုဟာ သူ့ရဲ့ ရောင်းလိုနိုင်စွမ်းကို သူကိုယ်တိုင် လျှော့ချနေတဲ့အချိန်မှာ အဲဒီလုပ်ငန်းကို အခွန် ကောက်တာဟာ အကျိုးရှိလာမှာ မဟုတ်ဘူးလို့ ထောက်ပြကြတယ်။ ဈေးကွက်အတွင်း အရက်ကို အဓိကထုတ်လုပ်ရောင်းချနေတဲ့ ကုမ္ပဏီကြီးတစ်ခုဟာ သူ့အပေါ် ကောက်ခံတဲ့ မူးယစ်ခွန်ကို အရက်သောက်သုံးသူများဆီ လွှဲပြောင်းမပေးဘဲ ကုမ္ပဏီကပဲ အကုန်အကျခံလိုက်မယ်ဆိုရင် အရက်ဈေးနှုန်းက မြင့်တက်မလာတဲ့အတွက် အရက်သောက်သုံးသူများ လျော့နည်းကျဆင်းသွားမဟုတ်ဘူးလို့ ညွှန်ပြကြတယ်။

Pigou ရဲ့ အတွေးအမြင်အပေါ် အဓိက ထိုးနှက်ခဲ့သူတစ်ဦးကတော့  ချီကာဂို တက္ကသိုလ်က ဘောဂဗေဒပညာရှင် Ronald Coase ဖြစ်ပါတယ်။ ပြင်ပ သက်ရောက်မှုပြဿနာ များကို ဖြေရှင်းဖို့အတွက် အခွန်အကောက်ကို အသုံးပြုတာဟာ အဓိပ္ပာယ်မရှိဘူးလို့ သူကဆိုတယ်။ သူက ဥပမာတစ်ခုတင်ပြတယ်။ ကိတ်မုန့်လုပ်ပြီး ရောင်းချတဲ့ ဆိုင်တစ်ဆိုင်ဘေးမှာ ဆရာဝန်တစ်ယောက်က နေတယ်။ မုန့်လုပ်စက်က ဆူညံတဲ့အတွက် ဆရာဝန်ခမျာ အေးဆေးမနေရဘူး။ ဒါပေမယ့် သူတို့နှစ်ဦးရဲ့ ပြဿနာကို အခွန်ကောက်ပြီး ဖြေရှင်းတာဟာ အဓိပ္ပာယ်မရှိဘူး။ ဒီတော့ မုန့်လုပ်သူကို ဆူညံခွန် ကောက်မနေဘဲ ဥပဒေအရ မုန့်လုပ်ခွင့်သာပေးလိုက်ပါတဲ့။ တကယ်လို့ ဆရာဝန်အနေနဲ့ လုပ်သင့်တယ်ထင်ရင် ဒါမှမဟုတ် သူ့အတွက် အကျိုးရှိ နိုင်တယ်လို့မြင်ရင် မုန့်လုပ်သူ တိတ်ဆိတ်ငြိမ်သက်သွားအောင် ဆရာဝန်က မုန့်လုပ်သူကို ပိုက်ဆံပေးပြီး ဖြေရှင်းနိုင်တယ်လို့ Pigou က ထောက်ပြတယ်။

ဒါပေမယ့် ပြဿနာတိုင်းကို ဒီလိုနည်းနဲ့ ဖြေရှင်းလို့မရနိုင်တာကိုတော့ Coase က ဝန်ခံတယ်။ သူပြောချင်တဲ့ လိုရင်းအချက်က ဘာလဲဆိုတော့ အခွန်မစည်းကြပ်မီ၊ လက်ရှိ ရှိနေတဲ့ ဘယ်အင်စတိကျူ ဘယ်ဥပဒေတွေနဲ့ ပြဿနာကို ဖြေရှင်းနိုင်မလဲ ကနဦး စဉ်းစားပါလို့ ဆိုလိုတာပါ။ ပြဿနာပေါ်တိုင်း ဥပဒေတွေ ပြဋ္ဌာန်းပြီး ဖြေရှင်းနေမယ်ဆိုရင် ပြဿနာပေါ် ပြဿနာတွေ ထပ်ဆင့် ပေါ်ထွက်လာပြီး အလုပ်လုပ်လို့ကိုင်လို့မရဘဲ ဖြစ်သွားနိုင်တယ်။ ပြီးတော့ မူဝါဒရေးဆွဲသူများဟာ အခွန်ကောက်ဖို့အတွက်ဆိုရင် လက်ကယားနေတယ်။ ဘာဥပဒေတွေ ပြဋ္ဌာန်းရပြဋ္ဌာန်းရ အခွန်ရရင်ပြီးရော လုပ်လာနိုင်တယ်။ ပြင်ပသက်ရောက်မှုများ (Externalities) ဟုတ်မဟုတ် သိပ်ပြီး ဂရုစိုက်ကြမှာ မဟုတ်ဘူး။

မင်းရွှေမောင်

Ref;"Externalities: The lives of others" The Econormist, Aug. 19, 2017.

မင်းရွှေမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.