21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
မှန်တယ်ထင်တာတွေ မှားတဲ့အခါ

အသက်တစ်ရာ မနေရ၊ အမှု တစ်ရာပွေရဆိုသည့် စကားအတိုင်း လောကလူ့ရွာတွင် လူဟူ၍ဖြစ်လာလျှင် သူမှန်သည်၊ ငါမှန်သည်ဆိုပြီး အမှားအမှန် ငြင်းခုံရမှုများ ဘဝတစ် လျှောက် ရှောင်လွှဲ၍မရနိုင်အောင် ရှိတတ်သည်မှာ သဘာဝဖြစ်သည်။ အငြင်းပွားခြင်းဆိုသည်မှာ ဖြစ်မလာလျှင်တော့ အကောင်းဆုံးဟု ဆိုနိုင်သော်လည်း တစ်ခါတစ်ရံ အလုပ်နှင့် ပတ်သက်၍ဖြစ်စေ၊ လူမှုရေး၊ စီးပွား ရေး၊ နိုင်ငံရေး စသည်တို့နှင့် ယှက်နွယ်၍ဖြစ်စေ မငြင်းမဖြစ် အခြေအတင် ပြောဆိုရမှုများ လူတိုင်းအဖို့ မဖြစ်မနေကြုံတွေ့ကြရတတ်သည်။

ထိုသို့ အမှားအမှန် ဆုံးဖြတ်ငြင်းခုံကြရာတွင် မိမိသင်ယူသိထား မှတ်ထားသော ဗဟုသုတရှိသလောက်၊ မိမိ၏ မှတ်ဥာဏ်က မှတ်မိသလောက် ကိုယ်မှန်သည်ထင်သည့် အရာများကို ငြင်းကြခုံကြ အမှားအမှန် ဝေဖန်ကြခြင်းဖြစ်သည်။ ငယ်ရွယ်စဉ်ကတော့ ကိုယ်မှန်သည်ဟုထင်လျှင် ဘာကိုမှ မှုစရာမလို၊ ရဲရဲရင့်ရင့် ပြောရဲဆိုရဲ ငြင်းခုံရဲရမည် ဆိုသည့်သတ္တိ၊ ကိုယ်ကိုယ်ကိုယ် ယုံကြည်မှု၊ ရဲရင့်စွန့်စားမှုတို့နှင့် ဘဝကို ဖြတ်သန်းကြရမည်ဆိုပြီး သင်ယူခဲ့ကြရဖူးသည်။ ထိုသို့ မိမိကိုယ်မိမိ ယုံကြည်မှု၊ ရဲရင့်မှုတို့ကလည်း ဘဝခရီးလျှောက်လှမ်းရာတွင် အထိုက်အလျောက် အကျိုးပြုသည်မှာ မှန်ပါသည်။

သို့သော် ဘဝခရီးတွင် အထိုက်အလျောက် ခရီးပေါက်ပြီး အတော်အတန် ခရီးရောက်သည့်အခါ ကိုယ်လျှောက်လှမ်းခဲ့သည့် ဘဝလမ်းတစ်လျှောက် ဖြစ်ပျက်တွေ့ကြုံခဲ့ရသည့် အငြင်းပွားမှုများကို သမင်လည်ပြန် သုံးသပ်ကြည့်ပါက  ကိုယ်မှန်သည် ထင်သည့်အရာများ တစ်ခါတလေ မှားတတ်သည်များလည်းရှိကြောင်း သတိထားကြည့်လျှင် တွေ့နိုင်မည်ဖြစ်သည်။ ထို့အပြင် ငါမှန်သည်ဟု တထစ်ချ ယူဆထားသောအရာများ မှားသောအခါ အကျိုးဆက်အနေနှင့် ဘာတွေဖြစ်လာတတ်သနည်းဆိုတာကို ထည့်သွင်းစဉ်းစားဖို့လည်း လိုလာမည်ဖြစ် သည်။ တစ်နည်းအားဖြင့် ဆိုသော် ဘဝတစ်ခုကို ထုဆစ်တည် ဆောက်ရာတွင် ထက်မြက်မှု၊ ကြိုးစားမှု၊ မိမိကိုယ်ကိုယ် ယုံကြည်မှုတို့ အပြင် ဘဝကို ဖြတ်သန်းရသည့် အချိန်ကြာလာသည်နှင့်အမျှ ဘဝအတွက် အရေးကြီးမှန်းမသိဘဲ အရေးကြီးလာသည့် အရာတစ်ခုမှာ 'ချင့်ချိန်ဆင်ခြင်တတ်မှု'ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ရင့်ကျက် လာသော ဘဝတစ်ခုတွင် “Working hard” တို့ “Living Smart” တို့ကဲ့သို့ အရေးကြီးသောအရာမှာ “being wise” ဖြစ်သည်ဟု ဆိုရမှာဖြစ်သည်။

'မှန်တယ်ထင်တာတွေ မှားသည့်အခါ' ဖြစ်ပေါ်လာသော အကျိုးဆက်နှင့် ပတ်သက်ပြီး False memory ဟု ခေါ်သော စိတ်ပညာဆိုင်ရာ လေ့လာသင့်သည့် အ ကြောင်းအရာနှင့်လည်း ဆက်နွယ်သက်ဆိုင်သော တကယ့်အဖြစ်အပျက်ကလေး တစ်ခုကို မျှဝေချင်ပါ သည်။

Steve Gary Titus ဆိုသည့် အသက်သုံးဆယ့်တစ်နှစ်အရွယ် အမေရိကန် လူရွယ်တစ်ယောက် သူ့ချစ်သူနှင့် ညစာစားပြီး ပြန်အလာလမ်းတွင် ရဲမှသူ့ကားကို တားပြီး ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။ အကြောင်းမှာ ထိုနေ့ အစောပိုင်းက ကားတားစီးသော အမျိုးသမီးတစ်ယောက် မုဒိန်းပြုကျင့်ခံရသော အမှုနှင့်ပတ်သက်၍ ဖြစ်သည်။ Titus အဖို့ ကံဆိုးချင်တော့ ကားမှာလည်း သူ့ကားနှင့် ဆင်ဆင်တူပြီး မုဒိန်းကျင့် သူမှာလည်း သူ့လို မုတ်ဆိတ် ပသိုင်းမွေးနှင့်ဖြစ်သည်။ ရဲစခန်းတွင် တရားခံအဖြစ် သံသယရှိသူများကို တန်းစီရပ်ခိုင်းပြီးကြည့်ရှုစေသောအခါ Titus မှာ မုဒိန်းကျင့်သူနှင့်  အနီးစပ်ဆုံးတူသူဖြစ်ပါသည်ဟု အဓမ္မပြုကျင့်ခံရသူ မိန်းကလေးက ထွက်ဆိုသည်။ သို့သော် တရားရုံးသို့ရောက်၍ အမှုစစ်သောအခါ တရားခံမှာ သူမှ သူပါပဲဟု တရားလိုမိန်းကလေးက ထွက်ဆိုပြီး Titus ကို အပြစ်ရှိကြောင်း တရားသူကြီးအဖွဲ့က ဆုံးဖြတ်ခဲ့ကြသည်။ Titus ၏ချစ်သူ မိန်းကလေးမှာ ထိုအမိန့်ကို ကြားပြီး တရားရုံးတွင်ပင် မူးမေ့လဲကျသွားခဲ့ရသည်။

နောက်ဆုံးတွင် Paul Herdenson ဟုခေါ်သော သတင်းစာ ဆရာတစ်ဦး၏ အကူအညီကြောင့် တရားခံအစစ်ကို ရှာဖွေဖမ်းမိပြီး Titus တစ်ယောက်အမှုမှ လွတ်ခဲ့ရသည်။ (ထိုသတင်းစာ ဆရာမှာလည်း သူ၏ ထိုပြောင်မြောက်သော စွမ်းဆောင် မှုကြောင် ပူလစ်ဇာဆုကို ရရှိခဲ့သည်။ ထို့နောက်တွင်လည်း အပြစ်မဲ့ သူတို့ကို မှားယွင်းစွာ ဖမ်းဆီးခံရသော အဖြစ်တို့ကို စုံစမ်းဖော်ထုတ်သူအဖြစ် ထင်ရှားခဲ့သည်။) သို့သော် ထို မှားယွင်းမှုကြောင့် Titus ခံစားတွေ့ကြုံခဲ့ရသည့် အဖြစ်ဆိုးများကား ဤတွင် အဆုံးမသတ်ခဲ့။ ထိုအမှုကြောင့် Titus တစ်ယောက် အလုပ်လက်မဲ့ဘဝသို့ ရောက်ခဲ့ရသည်။ ချစ်သူ၏ စွန့်ပစ်ခြင်းကိုလည်း ခံခဲ့ရသည်။ နောက်ဆုံး သူ၏ နစ်နာမှုများအတွက် ထိုဒေသရှိ တရားစီရင်ရေးနှင့် ရဲစခန်းကို တရားစွဲရန် ပြင်ဆင် နေခိုက်မှာပင် နှလုံးရောဂါရပြီး အသက်ဆုံးရှုံးခဲ့ရသည်။

တရားလို မိန်းကလေးမှာ Titus ကို နစ်နာစေလိုသောဆန္ဒ မည်သည့် အကြောင်းကြောင့်မှ ရှိမည်မထင်။ သို့သော် ရဲဝန်ထမ်း အချို့မှာ တရားရုံးတွင် နှပ်ကြောင်းပေး စစ်ဆေးမှုများကြောင့် သူမမှတ်မိသော (သို့မဟုတ်) မှတ်မိသည်ဟုထင်သော အရာများကို လွဲမှားစွာ ကောက်ချက်ချခြင်း (False memory) ဖြစ်သည်ဟု ထိုအမှုတွင် လိုက်ပါဆောင်ရွက်ရသည့် စိတ်ပညာရှင်ဒေါက်တာ Elizabeth Lotus က သုံးသပ်သည်။ ထို့ကြောင့် တစ်ခါတစ်ရံ မိမိ၏ မှတ်မိသည့် အရာများကို ပတ်ဝန်းကျင်၏ ရိုက်ခတ်မှုနှင့် ဖိအားပေးခံရမှုများ၊ မိမိ၏ ကနဦး ယုံကြည်ထင်မြင်ထား မှုများ၊ မိမိစံထားရာ အလေ့အထ အယူအဆအစွဲများတို့ကြောင့် လွဲမှားစွာ ထင်မှတ်ကောက်ချက်ချမှုများရှိ တတ်သည်ကို ကျွန်တော်တို့ သတိထားသင့်လှသည်။ ထို့အပြင် မှန်သည်ထင်သည့် အရာများ မှားခဲ့သောအခါ တစ်ပါးသူအဖို့ မည်မျှ နစ်နာနိုင်သည်ကိုလည်း ထည့်တွက်ချင့်ချိန် ဆင်ခြင်ကာ ဥာဏ်ကြီးကြီးနှင့် အရာရာကို ထောင့်စုံဘက်စုံမှ မျှတစွာစဉ်းစားဆုံးဖြတ်တတ်သော အလေ့အထရှိဖို့လည်း အရေးကြီးလှ သည်။

အထက်ပါ ကိစ္စကိုကြည့်၍ မှားယွင်းစွာ မှတ်မိသော တရားလိုမိန်းကလေးကို အပြစ်တင်၍မရ။ ထို False memory ဟုခေါ်သော မှားယွင်းစွာ မှတ်မိနေမိခြင်းသည် ကျွန်တော်တို့ အားလုံးတွင် သူသူကိုယ်ကိုယ် တစ်ခါတစ်ရံဖြစ်တတ်ကြလေ့ရှိသည်။ Lesson Learnt တစ်ခုအဖြစ် စာရေးသူ၏ ဘဝတွင်လည်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော 'မှန်တယ်ထင်တာ မှားတဲ့အခါ' ဟု အမည်တပ်နိုင်သော အဖြစ်အပျက် တစ်ခု ရှိခဲ့ဖူးသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်က ဖြစ်သည်။ စာရေးသူ၏ မိခင်အရေးပေါ် ခွဲစိတ်ကုသခံရမည့် ကိစ္စကြောင့် စာရေးသူနေထိုင်ရာ စင်ကာပူမှ မိခင်ရှိရာ မြန်မာပြည်သို့ ခဏပြန်စဉ်ကဖြစ်သည်။ အလွန်အလုပ်များနေသည့် အချိန်နှင့် တိုက် ဆိုင်နေသောကြောင့် ခွဲစိတ်စဉ်အတွင်း အမေ့အနားတွင်ရှိနေရင် တော်ပါပြီဆိုပြီး ဗမာပြည်တွင် နှစ်ရက်ခန့်သာနေပြီး အမေလည်း သက်သာသောကြောင့် ပြန်လာခဲ့သည်။ သောကြာနေ့လိုသွားပြီး  တနင်္ဂနွေနေ့လိုမျိုးမှာ ပြန်လာခဲ့ခြင်းဖြစ်သည်။  ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်က အပြန်ခရီးလေယာဉ်ပေါ်တွင် ဖြစ်သည်။

လေယာဉ်စထွက်ပြီး အစားအသောက်များ ကျွေးသောအခါ စာရေးသူအတွက် မချဘဲ ကျော်သွားခဲ့သည်။ စာရေးသူက လေယာဉ်မယ်ကိုခေါ်ပြီး အစားအသောက် မချရ သေးကြောင်းပြောရာ လေယာဉ်မယ်လေးမှာ ကျွန်တော့်လက်မှတ်တွင် အစားအသောက် ထည့်မဝယ်ထားကြောင်း ယဉ်ကျေးစွာ ပြန်ပြောသည်။ ကျွန်တော်က ထည့်ဝယ်ထား ကြောင်း ကျွန်တော် Print ထုတ်လာသည့် online လက်မှတ်ကိုပြသည်။ ဖြစ်ချင်တော့ ထို online လက်မှတ်တွင် အစားအသောက်ထည့်ဝယ် ထားမထားကို သေချာစွာ ရှင်းရှင်းလင်းလင်း မဖော်ပြထား။ သူတို့မှာလည်း online လက်မှတ်နှင့် တိတိကျကျ မရှင်းနိုင်သဖြင့် သူတို့ list ထဲတွင် မပါကြောင်းကိုသာ တွင်တွင်ပြောသည်။ ကျွန်တော်ကလည်း ကျွန်တော်မှန်သည်ဟု ထင်ကာ အလျှော့မပေး။ ပြီးခဲ့သည့် နှစ်ရက်၊ အလာတုန်းကလည်း သည်လေယာဉ်ပေါ်မှာပဲ အစားအသောက်တို့ကို စားခဲ့သည်။ အသွားမှာစားပြီး အပြန်မှာ မစားရဆိုတာ အဓိပ္ပာယ်မရှိဟု ယူဆပြီး ကိုယ်မှန်သည် ထင်ကာ သူတို့ကိုတောင် အပြစ်တင်သလိုမျိုး ပြောမိသေးသည်။

နောက်တစ်ခုက ဖြစ်ချင်တော့ ထိုနေ့ လေယာဉ်မထွက်ခင်က ကလေးမိခင်တစ်ယောက် သူ့မိသားစုဝင်နှင့်အတူ ထိုင်ချင်သည်ဆို၍ ကျွန်တော့်ခုံနှင့် လဲထိုင်ပေးလို့ရမလားဟု request လုပ်သောကြောင့် ကျွန်တော်ကလည်း အသာတကြည်လဲ ထိုင်ပေးခဲ့သည်။ ကျွန်တော့် စိတ်ထဲတွင်တော့ ထိုထိုင်ခုံ အပြောင်းအလဲများက လေယာဉ်မယ်ကလေးတွေ၏ အစားအသောက်စာရင်းကို ရှုပ်ထွေးသွားစေတာများ လားပေါ့။

နောက်ဆုံး အနှစ်ချုပ်ရလျှင်တော့ ထိုနေ့က လေယာဉ်ပေါ်တွင် နေ့လယ်စာ ကျွန်တော်စားရပါ၏။ ကျွန်တော်၏ အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ်နှင့် စားရသော လေယာဉ်ပေါ်မှ နေ့လယ်စာကို  စားနေရင်း တစ်ဝက်ခန့်အရောက်တွင် ကျွန်တော့် ခေါင်းထဲဝင်လာသောအရာမှာ “what if I am wrong” ဆိုတာဖြစ်သည်။ ထိုအတွေး ခေါင်းထဲရောက်သည်နှင့် ကျွန်တော်၏ စားလက်စလက်ထဲမှ ဇွန်းမှာပါးစပ်ဆီ မရောက်ခင် လေထဲမှာတန့်နေပါတော့သည်။ ခုနက ကျွန်တော်၏တိုက်ပွဲဝင် စိတ်ထားများ ယုံကြည်မှုအပြည့်နှင့် ထင်ခဲ့သော အထင်များမှာ ရုတ်ခြည်းဝေဝါးစပြု လာခဲ့သည်။

လေယာဉ် စင်ကာပူကိုဆိုက်တော့ လာကြိုသော ကျွန်တော့်ဇနီးဆီသို့ အပြေးသွားပြီး ပထမဦးဆုံး မေးသောမေးခွန်းမှာ ''မိန်းမရေ လေယာဉ်လက်မှတ်ဝယ်တုန်းက အပြန် ခရီးအတွက် အစားအသောက်ပါတယ်မဟုတ်လား''

ကျွန်တော်၏ ဇနီးသည်ကလည်း တန်းခနဲဖြေသည်။

''မပါဘူးလေ''

''ရှင့်အတွက် online ကနေ လက်မှတ်ဝယ်ပေးတုန်းက ရှင့်ကိုမေးပါသေးတယ်။ အသွားမှာ အစားအသောက်ပါတယ်။ အပြန်မပါဘူးနော်ဆိုတော့ ရှင်ပဲ အပြန်က မလိုပါဘူး ကိုယ့်အိမ်ရောက်ရင် ကြိုက်တာစားလို့ ရတာပဲဆို''

''ငင်...''

သို့နှင့် လေယာဉ်ကွင်းတွင်ရှိသော ကျွန်တော်စီးသည့် လေယာဉ်ကောင်တာဆီသို့ အပြေးသွားပြီး ကျွန်တော်ဘယ်လိုမှားခဲ့ကြောင်း ပြောပြပြီး တောင်းပန်ရသည်။ ကျ သင့်သလောက်ပေးပါမည့်အကြောင်း၊ လေယာဉ်မယ်များကိုလည်း တောင်းပန်ကြောင်း ပြောပေးပါရန် ပြောရသည်။ ကောင်တာမှ သဘောကောင်းရှာသော ညီငယ်က အခုလို အကြောင်းကြားတာ ကျေးဇူးတင်ပါကြောင်း၊ ပိုက်ဆံပေးရန် မလိုကြောင်းနှင့် လေယာဉ်မယ်များကို ပြောပြ လိုက်မည့်အကြောင်း ပြန်ပြောရှာသည်။

ဆင်ခြေတစ်ခု မဟုတ်သော်လည်း ထိုစဉ်က အလုပ်တွေ အလွန်ရှုပ်နေသောအချိန်၊ မိခင်ဖြစ်သူ ခွဲစိတ်ရသဖြင့် စိုးရိမ်ပူပန်ကာ အတွေးတွေများနေသော အချိန်တွင် ဗျာများနေရသော စိတ်ဖိစီးမှုတို့နှင့် အတူထိုအငြင်းပွားရခြင်းဆိုသော အမှုတစ်ခု၌ ကျွန်တော်မှန်သည်ဟု အမှန်တကယ် ထင်ခဲ့မိခြင်းဖြစ်ပါ၏။

သို့သော် ...ကျွန်တော် မှန်တယ်ထင်ခဲ့သော အရာတစ်ခု ဤသို့ဤပုံ မှားသွားခဲ့ဖူးပါကြောင်း။

 

ဇင်မြင့်

ဇင်မြင့်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.