21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ကြိုကြိုတင်တင် ပြင်သင့်ရာပြင်

လွန်ခဲ့သော သတင်းပတ်အတွင်း၌ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တွင် ဟာရီကိန်းဟာဗီး မုန်တိုင်းကြောင့် ဟူစတန်မြို့ကြီးသည် မုန်တိုင်းဒဏ်ကို ပြင်းထန်စွာခံခဲ့ရပေသည်။

နိုင်ငံခြားသတင်းတွေအရ ဟူစတန်မြို့သည် အမေရိကန်နိုင်ငံတွင် စတုတ္ထအကြီးဆုံး မြို့ကြီးဖြစ်သည်။ မုန်တိုင်းကြောင့် မိုးသည်ထန်စွာ ရွာသွန်းမှုများလည်းဖြစ်ခဲ့ရာ ဒေသခံ ပြည်သူများစွာတို့သည် ရေလွှမ်းမိုးမှုဒဏ်ကို ခံကြရသည်။  ရေလွှမ်းဒဏ်သင့်သူ ၃၂၅ဝဝဝ ကျော်ရှိသည်ဆို၏။ အိမ်ခြေ ၁ဝဝဝဝဝ ကျော်လောက်သည် ပျက်စီးဆုံးရှုံးသွားကြ သည်ဟုဆိုသည်။ ရေလွှမ်းမိုးမှုကြောင့် (စက်တင်ဘာ ၁ ရက်နေ့ည အထိ သတင်းများအရ) သေသူ ၃၈ ဦးလည်းရှိကြောင်း သိရသည်။

ထိုဟာရီကိန်းဟာဗီးကြောင့် လမ်းပန်းအဆက်အသွယ်များ ပြတ်သွားခြင်း၊ လျှပ်စစ်မီးများ ပြတ်တောက်သွားခြင်း ဒဏ်တို့ကိုလည်း သိန်းနှင့်ချီသောလူတွေ ခံစားကြရသည်။

မုန်တိုင်းသည် တက္ကဆက်ပြည်နယ်မှ အရှေ့ဘက် လူဝီဇီးယားနား ပြည်နယ်ဘက်သို့ ရွေ့သွားသဖြင့် ထိုပြည်နယ်တွင်လည်း မုန်တိုင်းဒဏ်၊ ရေလွှမ်းမိုးမှုဒဏ်များကို ခံခဲ့ကြရပြန် သည်။

အမေရိကန်တွင် ထိုသို့ တက္ကဆက်နှင့် လူဝီဇီးယားနားပြည်နယ်များ၌ မုန်တိုင်းဒဏ်၊ ရေလွှမ်းမှုဒဏ်တို့ ခံနေရချိန်နှင့် တစ်ချိန်တည်း လောက်မှာပင် တောင်အာရှရှိ နီပေါ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့တွင်  မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေလွှမ်းမိုးသည့် သဘာဝ ဘေးဒဏ်ကို ခံစားကြရပြန်သည်။

နိုင်ငံခြားသတင်းများအရ နီပေါ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့တွင် ရေလွှမ်းမိုးသည့် ဘေးဒဏ်သင့်ကြသူ ၄၁ သန်းခန့်ရှိသည်ဆို၏။  သေသူလည်း ၁၄ဝဝ ကျော် ရှိသည်ဟု ဆိုလေသည်။ အိန္ဒိယနိုင်ငံတွင် မွမ်ဘိုင်းမြို့သည် ရေလွှမ်းဒဏ် အပြင်းထန်ဆုံး ခံစားရကြောင်း ရုပ်သံသတင်း ဓာတ်ပုံများတွင် တွေ့မြင်ကြရသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အင်္ဂါနေ့က မုန်တိုင်းဒဏ်နှင့် ရေလွှမ်းဒဏ်သင့် တက္ကဆက် ပြည်နယ်သို့ သွားရောက်ကြည့်ရှုခဲ့ပြီး ဤစာရေးနေသည့် ယနေ့ (စနေနေ့ ၂-၉-၂ဝ၁၇) တွင်လည်း သွားရောက်ဦးမည်ဟုသိရသည်။ မနေ့ညတုန်းက သတင်းများတွင်မူ ဒုတိယသမ္မတ မိုက်ပင့်စ်က ရေလွှမ်းဒဏ်သင့် ပြည် သူများနှင့်တွေ့ကာ မိမိဤနေရာတွင် ဤပြည်သူများနှင့်  နေ့တိုင်းရှိနေမည်။ မနက်ဖြန် လာတွေ့မည်ဟု ပြောနေသည်ကို ကြားလိုက်မြင်လိုက်ရသည်။

ဟာရီကိန်းဟာဗီးကြောင့် တက္ကဆက်ပြည်နယ်ဟူစတန်မြို့တွင် ဒေါ်လာဘီလျံနှင့်ချီ၍ ပျက်စီးဆုံးရှုံးသွားခဲ့သည်ဖြစ်ရာ သမ္မတထရန့်သည် ရေလွှမ်းဒဏ်သင့် ပြည်သူများ၏ သက်သာချောင်ချိရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အကူအ ညီရန်ပုံငွေ ဒေါ်လာ ၇ ဒသမ ၈၅ ဘီလျံ ခွင့်ပြုရန် ကွန်ဂရက်လွှတ်တော်သို့ တောင်းခံမည်ဟု သတင်း များတွင်ဆိုလေသည်။ ဒေါ်လာ ၇ ဒသမ ၈၅ ဘီလျံဆိုသည်မှာ ဒေါ်လာသန်းပေါင်း ၇၈၅ဝ ဖြစ်ပါသည်။

တစ်ချိန်တည်းမှာပင် အိန္ဒိယနိုင်ငံ၌ ရေလွှမ်းဒဏ်သင့် ပြည်သူများအား ကူညီထောက်ပံ့ရန်အတွက် ဝန်ကြီးချုပ် နရိန်ဒရာမိုဒီက ဒေါ် လာ ၇၈ သန်းပေးရန် စီစဉ်ထားကြောင်း မနေ့ညက သတင်းများတွင် တွေ့လိုက်ရသည်။

အမေရိကန်နိုင်ငံ တက္ကဆက် ပြည်နယ်ဟူစတန်တွင် မုန်တိုင်းနှင့် ရေလွှမ်းမိုးမှု ဒဏ်သင့်သူတို့မှာ ၃၂၅ဝဝဝ ကျော်လောက်ဖြစ်သည်။ အိုးအိမ်ပျက်စီးဆုံးရှုံးသူတို့ ၁ဝဝဝဝဝ ကျော်လောက်ရှိသည်။ တောင်အာရှသုံးနိုင်ငံမှ ရေလွှမ်းမိုးမှုဒဏ်ခံရသူ ၄၁ သန်းနှင့် နှိုင်းယှဉ်ကြည့်သော် အင်မတန် နည်းသည်ဟု ဆိုနိုင်သည်။

သို့ရာတွင် ထိုသိန်းဂဏန်းမျှသော ရေလွှမ်းဒဏ်သင့်သူများအတွက် အမေရိကန် အစိုးရက အကူအညီပေးရန် လွှတ်တော်မှ ခွင့်ပြုချက်ငွေတောင်းသည်မှာ ဒေါ်လာ သန်းပေါင်း ၇၈ဝဝ ကျော်သည်။ လူဦးရေ သန်းပေါင်းများစွာ ရေလွှမ်း ဒဏ်ခံရသော အိန္ဒိယ၌ အမေရိကန် နိုင်ငံ၏အပုံ ၁ဝဝ ပုံလျှင် တစ်ပုံမျှ လောက်သော ငွေကြေး (ဒေါ်လာ ၇၈ သန်း) မျှလောက်ကိုသာ အစိုးရက ထောက်ပံ့နိုင်ကြောင်း တွေ့ရလေသည်။

ကျွန်တော်သည် ထိုသတင်းများကို ကြည့်ရင်း၊ နားထောင်ရင်း နိုင်ငံတစ်ခုချင်းအနေဖြင့် ဖြစ်စေ၊ လူတစ်ဦးချင်းအနေဖြင့်ဖြစ်စေ ဆင်းရဲပြီဆိုလျှင် ဆင်းရဲသည့် နိုင်ငံသည် ချမ်းသာသော နိုင်ငံကိုလိုက်မမီနိုင်ပါကလား။ ဆင်းရဲသောသူသည် ချမ်းသာသူကို လိုက်မမီနိုင်ပါကလား။ ဆင်းရဲခြင်းသည် အလွန်ပင် လူဖြစ်ရှုံးလှပါကလားဟု တွေးနေမိခဲ့သည်။

ကျွန်တော်တို့ နိုင်ငံတွင် ၂ဝဝ၈ ခုနှစ်တုန်းက သမိုင်းတွင် မကြုံဖူးသော ကြီးမားသည့် နာဂစ်မုန်တိုင်း ဒဏ်ကိုခံခဲ့ကြရသည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှ မြို့ရွာများသည် အပြင်းထန်ဆုံး၊ အကြီးမားဆုံးဒဏ်ကို ခံခဲ့ကြရသည်။ လူတွေ သိန်းနှင့်ချီ၍သေကာ တိရစ္ဆာန်တွေလည်း သန်းနှင့်ချီ၍ သေခဲ့ကြသည်။ ထိုစဉ်က တာဝန်ရှိ အစိုးရသည် ထိုမျှ ကြီးမား ပြင်းထန်လှသည် မုန်တိုင်းဒဏ်ကို အသက်ပါပေး၍ ခံနေကြရသော ပြည်သူများဘက်သို့ မလှည့်သာ၊ ပြည်သူတွေ မလိုလားသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတည်ပြုနိုင်ရေးအတွက် နေ့မအား ညမအားလုံး ပမ်းနေကြရသောကြောင့် အစိုးရအဖွဲ့အကြီးသည်  မုန်တိုင်းဒဏ်သင့်ပြီး ရက်အတန်ကြာ မှ မုန်တိုင်း သင့်ဒေသသို့ ရောက်နိုင်ခဲ့လေသည်။

နိုင်ငံခြား သတင်းများတွင် မွမ်ဘိုင်းမြို့မှ ရေလွှမ်းမိုးမှုကို အစိုးရကတုံ့ပြန်ပုံ ထို့မျှ အားနည်းနေခြင်းမှာ သဘာဝဘေးဒဏ်ကြုံလာလျှင် မည်သို့မည်ပုံ တုံ့ပြန်ဖြေရှင်းသွားမည်ဟူသော စီမံချက်ကောင်းများမရှိသော ကြောင့်ဖြစ်သည်ဟု ဝေဖန်ပြောဆိုကြသည်။

လက်ရှိ NLD အစိုးရကော မုန်တိုင်းကျခြင်း၊ ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်း စသော သဘာဝဘေးဒဏ်များ ပြင်းထန်စွာ ခံစားလာခဲ့ကြရပါက မည်သို့မည်ပုံ တုံ့ပြန်ဖြေရှင်းသွားမည်ကို မည်မျှ ကောင်းမွန်သော အစီအမံတွေ ချထားပြီးပါသနည်း။ အမေရိကန်က သဘာဝ ဘေးဒဏ်သင့်သူများအား ကူညီရန် ရန်ပုံငွေ ဒေါ်လာသန်း ၇၈ဝဝဝ ကျော်ဖြင့် ကူညီရန် စီစဉ်နေချိန်တွင် အိန္ဒိယက ဒေါ်လာ ၇၈ သန်းပဲ ကူညီနိုင်ပြီး ကျွန်တော်တို့ မြန်မာနိုင်ငံက ဒေါ်လာခုနစ်သန်းလောက်တော့ လျာထားပါသည်ဟု ပြောကြမည်လား မဆိုနိုင်ပေ။ နိုင်ငံကမွဲ၍ များများမကူညီနိုင်ခြင်းကို အပြစ်ဆိုမည် ဆိုပြန်လျှင်လည်း တရားမျှတမှုရှိမည်မထင်။

သို့ရာတွင် ကျွန်တော်တို့သည် အမွဲရောဂါမှ ရုန်းထနိုင်အောင်တော့ ဝိုင်းဝန်းကြိုးစားကြရပေမည်။

အကယ်၍ သဘာဝဘေးဒဏ် တစ်ခုခုဆိုးရွားစွာ ကြုံလာသော် မရှိသည့်ကြားမှပင် သဘာဝဘေးဒဏ်သင့် ဒုက္ခသည်များအား အစွမ်းကုန် သက်သာမှုပေးနိုင်အောင်ကား ကြို ကြိုတင်တင်စီမံထားကြရပေမည်။

ဖြစ်လာမှ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေခြင်းထက် မဖြစ်မီကပင် ကြိုတင်ပြင်ဆင် ထားနိုင်ခြင်းမျိုးသည် အကောင်းဆုံးဖြစ်လေသည်။

ဦးတင်ဦး (ကျူရှင်)

ဦးတင်ဦး (ကျူရှင်)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.