21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
လက်နက်ကိရိယာ လက်နက်နဲ့ အကြမ်းဖက်မှု

အောင်နိုင်သူ

လူသားတွေရဲ့ ရပ်တည်မှုဟာ လက်နက်ကိရိယာများပေါ် မူတည်တယ်။

လက်နက်ကိရိယာတွေဟာ လူသားတွေရဲ့ တီထွင်ကြံဆမှုများကနေပေါက်ဖွား လာခြင်းဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

လယ်ယာသုံး ကိရိယာတွေဖြစ်တဲ့ ထွန်သွား၊ ပေါက်ပြား၊ တူးရွင်းဆိုတာတွေဟာ လူတို့ရဲ့ စိုက်ပျိုးရေး လိုအပ်ချက်မှ ပေါက်ဖွားလာတာဖြစ်တယ်။

ထွန်သွားများမှသည် ထွန်စက်၊ လှည်းယာဉ်များမှသည် မော်တော်ကားစတဲ့ တီထွင်မှုများကြောင့် လူသားများ ချမ်းသာစွာ နေထိုင်လာကြရတယ်။

နောက်ပိုင်းမှာတော့ လက်ချောင်းများသုံးကာ အပေါင်းအနုတ် လုပ်မည့်အစား ဂဏန်းတွက်စက်တွေပေါ်လာတယ်။ ပြီးတော့ ကွန်ပျူတာတို့၊ အင်တာနက်တို့၊ ဆယ်လူလာဖုန်းတို့ဟာလည်း လူသားတွေရဲ့ စားဝတ်နေရေး၊ စီးပွားရေးကို တိုး တက်မြင့်မားစေဖို့ တီထွင်လာကြတာဖြစ်တယ်။

ဒါပေမယ့် အဲဒီထွန်သွားတွေ၊ ပေါက်ပြားတွေစတဲ့ ကိရိယာတွေ ပေါ်လာစကတည်းက ဓားလှံစတဲ့ လက်နက်တွေလည်း တစ်ပြိုင်တည်း လိုလိုပဲပေါ်လာတယ်။ အချို့က ဓားလှံ လက်နက်တွေက အရင်စတယ်။ ပြီးတော့မှ လယ်ယာသုံးကိရိယာတွေ ပေါ်လာတယ်လို့ ယူဆကြတယ်။

ဒါဟာလည်း ဖြစ်နိုင်လောက်တယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာဦးအစမှာ လူသားတွေမှာ အန္တရာယ်အလွန်များတယ်။ အကောင်ကြီးကြီးတွေကြားမှာ၊ ခွန်အားဗလချည့်နဲ့ နုံချာလှတဲ့ လူသားတွေဟာ မိမိ အသက်ရှင်နေထိုင်နိုင်ရေးအတွက် အားကိုးစရာ လက်နက်ကို ရှာရတာပဲပေါ့။

အင်အားကြီးမားတဲ့ သတ္တဝါတွေအကြားမှာ  ဦးနှောက်ရယ်၊ မီးရယ် လက်နက်ကိရိယာရယ်ဆိုပြီး အကောင်းဆုံးဘဝကို နေထိုင်လာတဲ့ လူသားတွေသာ လောကမှာ အောင်နိုင် သူအဖြစ် ရပ်တည်နေတာ ယနေ့ထက်တိုင်ပဲဖြစ်တယ်။

 

ချို့ယွင်းချက်

ဒီတော့ ကိရိယာများဟာ လူသားတွေအတွက် စားဝတ်နေရေးမှာ အရေးပါသလို တစ်ဖက်ကလည်း လူသားတွေရဲ့ အသက်ရှင်ရပ်တည်ရေးဟာ လက်နက်တွေမှာ မူတည်ကြောင်း သဘောပေါက်နိုင်တယ်။

ဒါကြောင့် လူသားတွေဟာ ကိရိယာမျိုးစုံကို ကြိုးပမ်းတီထွင်လာလိုက်ကြတာ ၂၁ ရာစုအဝင်မှာ လူသားတွေရဲ့ ကြီးကျယ်ခမ်းနားမှုတွေဟာ ဂုဏ်ယူစရာကောင်းလောက် အောင်မြင့်မားလာတာကို တွေ့ရတယ်။ မြေပြင်နဲ့ ရေပြင်တို့ကိုသာမက လေဟာပြင် အာကာသ ကောင်းကင်ကိုလည်း ပိုင်စိုးလာတယ်။ လူသားတွေဟာ ကမ္ဘာကြီးကို လက်ဝါးကြီးအုပ်ပိုင်စိုးနိုင်လာတယ်။ ကျန်တဲ့သတ္တဝါတွေကတော့ ကျားသနားမှ နွားချမ်းသာရာရတဲ့ သဘော (under his mercy) ဖြစ်လာတယ်။

ဒါပေမယ့် အဲဒီလိုကြီးကျယ်မြင့် မြတ်တဲ့ လူသားတွေမှာ ချို့ယွင်းချက်တစ်ခုတော့ရှိတယ်။

အဲဒီ ချို့ယွင်းချက်ဟာ အင်မတန်ကြီးကျယ်တယ်။ အဲဒါကတော့ လူသားတွေဟာ မိမိကိုယ်မိမိ ဖျက်ဆီး ပစ်တာပါပဲ။

လူသားတွေဟာ တစ်ဦးကိုတစ်ဦး လက်နက်ကိုင်ဆွဲအနိုင်ကျင့်ကြတယ်။

လူသားတွေဟာ အုပ်စုဖွဲ့ပြီးနေ ထိုင်ကြတယ်။ အဲဒါတွေဟာ မြို့တွေ၊ ရွာတွေ၊ နိုင်ငံတွေဖြစ်လာတယ်။ ဒီလိုလူသားတွေဟာ အုပ်စုတစ်စုက နောက်အုပ်စုတစ်စုကို တိုက်ခိုက် အနိုင်ကျင့်ကြတာမျိုးတွေဖြစ်လာကြတယ်။ ဒီလိုဖြစ်လာတဲ့ ရန်စဟာ ကမ္ဘာဦးအစကနေ ယနေ့တိုင်ပါပဲ။ အဲဒီအနိုင်ကျင့် တိုက်ခိုက်မှုတွေကို စစ်ပွဲတွေလို့ ခေါ်ကြတယ်။

ကမ္ဘာဦး သမိုင်းမှတ်တမ်း မတင် မီကာလကစပြီး ယနေ့တိုင် လူသားအချင်းချင်း သတ်ဖြတ်တဲ့ တရားဝင်စစ်ပွဲတွေကို မြင်ခဲ့ရတယ်။ ဒီလိုစစ်ပွဲတွေမဖြစ်ပွားတဲ့ နေ့တစ်နေ့ကို ပြပါဆိုရင် ပြနိုင်မယ်မထင်ဘူး။

 

စစ်ပွဲ

အမြဲတစေ တိုက်ခိုက်နေကြတဲ့ လူသားတွေရဲ့ စစ်ပွဲတွေမှာ အစပိုင်းမှာတော့ အသေအပျောက် မများလှဘူး။ ဓားလှံလက်နက်တွေနဲ့ တိုက်တဲ့စစ်ပွဲတွေမို့ တော်သေးတယ်လို့ခေါ်ရမယ်။ ဒါပေမယ့် ကမ္ဘာဦးအစထဲက လူသားတွေ အချင်းချင်း သတ်တာဖြတ်တာတွေကတော့ စုစုပေါင်းလိုက်ရင် အတော်များတယ်လို့ ဆိုနိုင်ပါတယ်။ 

ကမ္ဘာမှာ လူသားတွေအတွက် အမှတ်တရ ဖြစ်တာကတော့ ပထမ ကမ္ဘာစစ်နဲ့ ဒုတိယ ကမ္ဘာစစ်တို့ပါ။  သို့သော်လည်း ဒီစစ်တွေထက်မသာတောင် မလျော့တဲ့ ကျူးကျော်စစ်ပွဲ တွေ၊ လူတန်းစားမညီမျှလို့ဖြစ်တဲ့ စစ်ပွဲတွေ၊ လူမျိုးရေး စစ်ပွဲတွေအားလုံးဟာ ကြောက်စရာကောင်းလောက် အောင် လူသားတွေကို ပျက်စီးစေပါ တယ်။

လူသားတွေ တိုက်ခဲ့တဲ့ တိုက်ပွဲတွေထဲမှာ အသေအပျောက် အများဆုံး မှတ်တမ်းတင်ထားရတာကတော့ ဒုတိယကမ္ဘာစစ်ပဲ။

အဲဒီမှာ အသေအပျောက်က လူသား ၃၅ သန်းလောက်ရှိတယ်။ ဒဏ်ရာရ သူကလည်း ၃၄ သန်းကျော်သတဲ့။ သူ့ထက် ၂၅ နှစ်ခန့် အစောဦးပိုင်းက ဖြစ်ခဲ့တဲ့ ပထမကမ္ဘာစစ်မှာတော့ လူ ၁ဝ သန်းလောက်သေတယ်။ ဒဏ်ရာ ရသူတွေကတော့ သန်း ၂ဝ လောက် ရှိတယ်။

ဒီစစ်ပွဲကြီးတွေမှာ ရောဂါဖြစ်လို့ သေတာတွေ၊ ငတ်မွတ်ခေါင်းပါးလို့ သေတာတွေလည်း အများကြီးရှိခဲ့ တယ်။

မြန်မာပြည်မှာ သေမင်းတမန်လမ်းလို့ခေါ်တဲ့ သံဖြူဇရပ် မီးရထားလမ်းချွေးတပ်မှာ လူပေါင်းသိန်းချီ သေကြေပျက်စီးတာကို မှတ်တမ်းရှိ တယ်။

ကမ္ဘာစစ်ကတော့ အပျက်အစီးတွေ တောင်ပုံရာပုံ၊ ဆုံးရှုံးမှုကလည်း ဒေါ်လာသန်းပေါင်းများစွာပေါ့။ စစ်စရိတ်ဆိုတာလည်း အင်မတန်ကြီးတယ်။ ပထမ ကမ္ဘာစစ်က တစ်မိနစ်ကို ဒေါ်လာ ရှစ်သောင်းငါးထောင် ဆုံးရှုံးသတဲ့။ ဒုတိယကမ္ဘာစစ်က တော့ အမေရိကန်က တစ်နေ့ ဒေါ် လာ သန်း ၂၅ဝ။ ဗြိတိသျှက တစ်နေ့ ဒေါ်လာ သန်း ၆ဝ ကုန်တယ်။ စစ် ရှုံးတဲ့ ဂျာမနီတို့၊ ဂျပန်တို့ရဲ့ ကုန်ကျစရိတ်က ဒီထက်လျော့မှာ မဟုတ် ဘူး။ ဒီတော့ စစ်သုံးစရိတ်ဟာ တစ် နေ့ ဒေါ်လာ သန်း ၅ဝဝ ဝန်းကျင်မှာရှိတယ်။

ဒီစရိတ်တွေကို လူသားတွေ အချင်းချင်း ဖျက်ဆီးဖို့အတွက်သုံးတာဖြစ်တယ်။ အကျိုးပြုဖို့အတွက် သုံးတာမှမဟုတ်ဘူး။ ဒါကြောင့် အကျိုးအကြောင်း ဆင်ခြင်တယ်ဆိုတာ လူသားတွေမှာ မရှိသလောက်ရှား တယ်ဆိုတာကို မြင်နေရတယ်။

 

လက်နက်

ဓားလှံလက်နက်တွေနောက်မှာ တိုးတက်လာတဲ့ လက်နက်ကတော့ သေနတ်ပဲ။

တရုတ်က ယမ်းလုပ်တဲ့ နည်း လမ်းတွေရပြီးကတည်းက စစ်ပွဲတွေမှာ သေနတ်တွေ သုံးတော့တယ်။ ယမ်းကို ပြုပြင်ပြီး အဆိုးဝါးဆုံး ပေါက်ကွဲမှုတွေကို တီထွင်ပြုလုပ်နိုင် ခဲ့သူကတော့ အက်ဖရက်နိုဘယ်ပဲ ဖြစ်တယ်။

အက်ဖရက်နိုဘယ်ဟာ မိမိရဲ့လွဲမှားတဲ့ တီထွင်မှုတွေကြောင့် လူသားတွေ ထိခိုက်နစ်နာတယ်ဆိုတာကို သဘောပေါက်ခဲ့တာကြောင့် နိုဘယ်ဆုကို တီထွင်ခဲ့တာပါပဲ။ သူကွယ်လွန်တဲ့အခါ လူသားတွေကို အကျိုးပြုစေဖို့အတွက် သူချမ်းသာသမျှ ငွေကြေးဒေါ်လာသန်းပေါင်းများစွာကို ဆုအတွက် ချန်ထားရစ်ခဲ့ပါ တယ်။ အဲဒါကို နိုဘဲလ်ဆုလို့ ခေါ်ရခြင်းဖြစ်တယ်။ ဒုတိယကမ္ဘာစစ်မှာ ပိုပြီး ဆိုးဝါးတဲ့ လက်နက်တစ်ခုကို တီထွင်ထုတ်လုပ်ခဲ့တယ်။ အဲဒါကတော့ အားလုံးသိကြတဲ့ အနုမြူဗုံးပဲ။

ပထမဦးဆုံး အနုမြူဗုံးကိုတော့ ၁၉၄၅ ခု၊ သြဂုတ်လ  ၆ ရက်မှာ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ပေါ်ကြဲချတဲ့ဗုံးပဲ။ အဲဒီဗုံးတစ်လုံးဟာ တီအင်တီယမ်းအား တန်နှစ်သောင်းနဲ့ညီတယ်။ လူခုနစ်သောင်းကျော်သေတယ်။ မြို့ သုံးပုံနှစ်ပုံ ပျက်စီးသွားတယ်။

နောက် သုံးရက်အကြာမှာ နဂါစကီမြို့မှာ နောက်ထပ် အနုမြူဗုံး တစ်လုံးကြဲချပြန်တယ်။ ဒီအခါမှာ လူလေးသောင်းကျော်သေပြီး မြို့ ထက်ဝက်လောက် ပျက်စီးသွားတယ်။

ဂျပန်တို့ စစ်ရပ်စဲတယ်။ ၁၉၄၅ ခုနှစ်၊ စက်တင်ဘာ ၂ ရက်မှာ ကမ္ဘာ စစ်ကြီးပြီး သွားတယ်။

 

၂၁ ရာစုစစ်

၂၁ ရာစုအစမှာ အမေရိကန် ပြည်ထောင်စုကို စိန်ခေါ်မှုတစ်ခုဖြစ် ခဲ့တယ်။ အဲဒါက ၉/၁၁ (Nine Eleven) လို့ခေါ်တဲ့ ၂ဝဝ၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ပါပဲ။ အယ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့က အမေရိကန် ကုန်သွယ်ရေးစင်တာ (Twin Tower) ကို လေယာဉ်နှစ်စီးနဲ့တိုက်ပြီး ဖြိုချဖျက်ဆီးခဲ့တယ်။ လူသုံးထောင် ကျော်သေတယ်။ တန်ဖိုးအားဖြင့် ဆုံးရှုံးမှု မများလှသော်လည်း အမေရိကန်တို့ရဲ့ သိက္ခာအကြီးအကျယ်ကျခဲ့ပါတယ်။

ဒါကြောင့် အမေရိကန်တို့ဟာ အယ်ကိုင်ဒါအဖွဲ့တည်ရှိရာ အာဖဂန်နစ္စတန်ကို တိုက်ခိုက်တော့တယ်။ အာဖဂန်တိုက်ပွဲမှာ သုံးတဲ့လက်နက်တွေဟာ ဒုတိယ ကမ္ဘာစစ်ထက် ဆန်းပြားများပြားပါတယ်။ ဒါပေမယ့် ဒီတိုက်ပွဲဟာ ယနေ့တိုင်အပြီး မသတ် သွားနိုင်ပါဘူး။

အဲဒီကနေ IS ဆိုတဲ့ ဘာသာရေး အစွန်းရောက် အကြမ်းဖက်အဖွဲ့ကို  မွေးထုတ်ပေးလိုက်ပြန်တယ်။

စစ်ပွဲတွေက မပြီးပါဘူး။ ယနေ့ ဆီးရီးယားမှာ သုံးနှစ်အတွင်း လူသိန်းချီသေနေတဲ့ စစ်ပွဲဖြစ်နေပါတယ်။ စစ်ပြေးဒုက္ခသည်များ ဥရောပကို ပြေးဝင်ကြတယ်။

သူတို့က မြေထဲပင်လယ်ကျော်ရတဲ့လမ်းကို ရွေးရပါတယ်။ ဒီတော့  ပင်လယ်ထဲ လှေမှောက်လို့ လူပေါင်းများစွာ သေရပြန်တယ်။

လက်ရှိ သတင်းထဲမှာ လူကြည့်အများဆုံးကတော့ မြောက်ကိုရီးယား စိန်ခေါ်မှုပါပဲ။

မြောက်ကိုရီးယားဟာ သူ့ရဲ့ တာဝေးလွှတ် ဒုံးကျည်တွေကို တစ်စင်းပြီးတစ်စင်း ပစိဖိတ် သမုဒ္ဒရာထဲကို လွှတ်တယ်။ ဂျပန်ကျူးကျော်ပြီး ဂျပန်ရေပိုင်နက်ထဲကိုလွှတ်တယ်။ တောင်ကိုရီးယား ခေါင်းပေါ်ကျော် သွားတယ်။

ပြီးတော့ အမေရိကန်ကို ခြိမ်းခြောက်တယ်။ အမေရိကန်ပိုင်တဲ့ ရေတပ်စခန်းရှိရာ ဂိုအမ်ကျွန်း Guan ကို သူဒုံးကျည်ရောက်တယ်လို့ဆိုတယ်။ အနုမြူထိပ်ဖူးတပ်ဒုံးကျည်တွေ လွှတ်တင်နိုင်တယ်လို့ အမေရိကန်ကို စိန်ခေါ်တယ်။

ကျွန်တော်တို့ မြန်မာပြည် အနောက်တံခါးကိုလည်း အကြမ်းဖက်တဲ့သူတွေ ကျူးကျော်နေတယ်။ မြန်မာအစိုးရကို အကျပ်အတည်းဖြစ်အောင် ပြုလုပ်နေတယ်။ မြန်မာပြည်ဟာ ဒီမိုကရေစီစနစ်ကို တက်လှမ်းစပြုတဲ့ အခြေအနေပါ။ ဒီလို အခြေ အနေဟာ အင်မတန် ခက်ခဲတယ်ဆိုတာကို သဘောပေါက်ကြပါတယ်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရခါစမှာလည်း ကွန်မြူနစ်သူပုန် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ရင်ဆိုင်ရတယ်။ ပြီးတော့ တရုတ်ဖြူတွေ ကျူးကျော်လာတယ်။

အင်အားနည်းနေတဲ့ ဒီမိုကရေစီ အစိုးရကို ၁၄ နှစ်အကြာမှာ အာဏာ ရှင်တစ်ယောက်က တပ်မတော်ကို ခုတုံးလုပ်ကာ အာဏာသိမ်းခဲ့ပါတယ်။ တကယ်တော့ အဲဒီအချိန်မှာ ကမ္ဘာမှာဖွံ့ဖြိုးမှုအတွက် နိုင်ငံအများ ကြိုးစားနေတဲ့အချိန်ပါပဲ။

ဒါပေမယ့် ကျွန်တော်တို့နိုင်ငံကတော့ဖွံ့ဖြိုးမှုနဲ့ ဝေးကွာသွားပြီး အဆင်းရဲ ဆုံးနိုင်ငံဖြစ်သွားပါတယ်။

နိဂုံး

အားလုံး သတိရှိဖို့လိုပါတယ်။ ကျွန်တော်တို့နိုင်ငံက ထွက်ကုန်တွေဖြစ်တဲ့ ပဲလိုကုန်ပစ္စည်းကို အလွယ်တကူ ပိတ်ဆို့လို့ရတယ်။

အိန္ဒိယဖြစ်ဖြစ်၊ တရုတ်ဖြစ်ဖြစ်၊ ထိုင်းဖြစ်ဖြစ်၊ ကျွန်တော်တို့ကို အကျပ်အတည်း ဖြစ်အောင် လုပ်လို့ရတယ်။ လုပ်လည်း လုပ်ကြပါတယ်။ ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး အခြားသော ဆုံးရှုံးမှုတွေမရှိဖို့လိုတယ်။  ယနေ့ ပြည်သူများ ညီညွတ်ဖို့လိုတယ်။ သတင်းမှားတွေကို မဖြန့်ကြပါနဲ့။ အကြမ်းဖက်သူများကို သတိနဲ့ကာကွယ်ပါ။ သတင်းပေးပါ။ ကူညီပါ။

 

ဒေါက်တာခင်မောင်ညို

ဒေါက်တာခင်မောင်ညို
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.