16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
စပ်မိသမျှ ဝေါဟာရ

ကျွန်တော်တို့က မြန်မာလူမျိုးတွေပါ။ မြန်မာဆိုတော့လည်း ပြောတဲ့စကားက မြန်မာစကားပေါ့။ ပါဠိလိုဝေါဟာရကိုတော့ နည်းနည်းစိမ်း သွားသလိုဖြစ်နေမှာပါ။ ဝေါဟာရဆိုတာ မြန်မာလိုတော့ ကျွန်တော်တို့ ပြောနေကြတဲ့ စကားတွေပါ။ တစ်ခါ တလေမှာ ကျွန်တော်တို့ ပြောနေတဲ့ စကားဝေါဟာရတွေထဲမှာ (ပေါရာဏ)ဆိုတဲ့ ရှေးဟောင်းစကားတွေ ရောပါလာတတ်ပါတယ်။

ကျွန်တော်က မြန်မာစာသမား မြန်မာစကားကို အလေးထားတဲ့သူဆိုတော့ ကြားသမျှစကား စာဖတ်ရင်း တွေးမိတဲ့ စကားလုံးတွေနဲ့ ပတ်သက်ပြီး စူးစမ်းတတ်တဲ့ အလေ့အ ကျင့်ရနေတော့ တွေးမိသမျှ စကားလုံးတွေရဲ့ အဓိပ္ပာယ်ကို ကိုယ်လက် လှမ်းမိသလောက် ဖော်ပြလိုက်ပါတယ်။ အရင်ကလည်း မြန်မာအဘိ ဓာန်မှာ မပါတဲ့ စကားလုံး (ဝေါဟာရ) တွေနဲ့ ပတ်သက်လို့ မဂ္ဂဇင်းတစ် စောင်မှာ ရေးခဲ့ဖူးပါတယ်။

 

အနှီး

အိမ်မှာက ကလေးမြေးငယ်ရှိနေတော့ အနှီးဆိုတာကို အလွန်နီးစပ်ခဲ့ပါတယ်။ ''စာရေးကြီးလို့ အဝေးအနီးကခေါ် သွေးမကြီးနိုင်ပါသနော်၊ ကလေးအနှီးထိုင်ကာလျှော်'' ဆိုတာ ငယ်ငယ်တုန်းက ကြားခဲ့ဖူးတဲ့ ''စာရေးကြီး'' သီချင်းထဲကစာပိုဒ်ပါ။ ခပ် ငယ်ငယ်စာရေးဘဝတုန်းက ဇနီးသည်ကလည်း ကျန်းမာရေးမကောင်းလေတော့ ကလေးအနှီးကို ကိုယ်တိုင်လျှော်ခဲ့ရတော့ ကိုယ့်ဘဝနဲ့ ကွက်တိပဲဆိုပြီး ဒီသီချင်းကို တော်တော် ကြိုက်ခဲ့ပါတယ်။

အနှီးနဲ့ ပတ်သက်လို့ မြန်မာ အဘိဓာန်မှာ ဒီလိုဖော်ပြထားပါတယ်။

အနှီး = န-နို့စို့ကလေးငယ်၏ ကိုယ်တွင် ထွေးပတ်ရာ၌ သုံးသောအဝတ်ပိုင်း။

ကျွန်တော့်မှာ လယ် ၁ဝ ဧကရှိ ပါတယ်။ စောစောပိုင်းကတော့ ကျွန် တော့်သားအကြီး ဦးစီးလုပ်ပါတယ်။ နောက်တော့ သူလည်း မလုပ်နိုင်တော့လို့ လယ်နားနီးချင်းတစ် ယောက်ကို တစ်ဧကစပါး တင်း ၂ဝ  နှုန်းနှင့် အငှားချထားလိုက်ရပါတယ်။ တစ်ခါသား မိတ်ဆွေတစ်ယောက်က ဒီနှစ်လယ်တွေ ကောင်းသလားမေးလို့ ကိုယ်တိုင်မလုပ်တဲ့အကြောင်း ပြောလိုက်တော့ 'အနှီး' ချသလားလို့ မေးပါတယ်။ ဒီတော့မှ 'အနှီး' ဆိုတဲ့ ဝေါဟာရ (စကား)ဟာ သတ်မှတ်တဲ့ နှုန်းထားနဲ့ အခြားသူတစ်ဦးကို အငှားချထားတာလို့လည်း အဓိပ္ပာယ်ရတဲ့ အကြောင်း တွေးမိပါတယ်။

 

ဟင်းစား

ထမင်းဝိုင်းစားကြတဲ့နေရာမှာ ဟင်းခွက်ကို ဇွန်းနဲ့ မကြာခဏ ကော်စားတတ်တဲ့ လူကို ဟင်းစားကြီး တယ်လို့ ဆိုကြပါတယ်။ ဟင်းစားနဲ့ ပတ်သက်လို့ အဓိပ္ပာယ်ကို မြန်မာ အဘိဓာန်မှာ ဒီလိုဖွင့်ထားပါတယ်။

 

ဟင်းစား/ ဟင်းဇား/ န-ဟင်း ချက်စားရန်ဖြစ်သောငါး။

တကယ်တော့ ဒီစကားဟာ ရေလုပ်သား (တံငါ) လောကက  ဆင်းသက်လာတဲ့ စကားပါ။ ရေလုပ်သားတွေက ငါးအစုအပြုံလိုက်ရှိတဲ့ နေရာတွေကို သိကြပါတယ်။ အဲ့ဒီလို နေရာမျိုးတွေကို တခြားလူတွေ အသိပေး လေ့မရှိဘဲ လျှို့ဝှက်ထားတတ်ကြပါ တယ်။ အဲ့ဒီလို နေရာမျိုးကို 'ကွန်ချက်'လို့ ခေါ်ပါတယ်။ ဘယ်သူ့ကိုမှ ပြောပြလေ့မရှိကြပါဘူး။ တခြားလူတစ်ယောက်က ဟင်းချက်စားစရာ ငါး တောင်းလာရင် တစ်နပ်ချက်စာ လောက်ပဲ ပေးတတ်ကြပါတယ်။ ကွန်ချက်ကို မြန်မာ အဘိဓာန်မှာလည်း 'ကွန်ပစ်၍ ငါးများများ ရနိုင်သော နေရာကောင်း' လို့ ဖွင့်ဆိုထားတာ တွေ့ရပါတယ်။ မြန်မာစကားပုံ (မြန်မာစာအဖွဲ့ထုတ်)မှာ ဟင်းစားသာပေး ကွန်ချက်မပြနှင့်လို့ ဖော်ပြထားပါတယ်။ အဓိပ္ပာယ်ကို ရှင်းလင်းဖော်ပြရာမှာလည်း 'တံငါသည်တို့သည် ဟင်းစားသာပေး၍ ကွန်ချက်ကိုမူ သူတစ်ပါးအား မပြသကဲ့ သို့ သူတစ်ပါးအား သင့်လျော်သလို ဝေဖန်ပိုင်းခြား၍ ဖြန့်ဖြူးထောက်ပံ့ကူညီပါ။ သို့သော် မိမိတစ်သက်လုံး အသုံးပြုရမည့် နည်းနာများ၊ လျှို့ဝှက်ချက်များကို ထုတ်မပေးပါနှင့်' လို့ ဖော်ပြထားပါတယ်။ တစ်နည်း အားဖြင့်ဆိုလျှင် ဆရာစားချန်ပါဟု ပြောလျှင်လည်း ရပါတယ်။ ဒါ့ ကြောင့် 'ဟင်းစား' ရဲ့ အဓိပ္ပာယ်တစ်မျိုးကို ဒီလိုရေးပြချင်ပါတယ်။

ဟင်းစား (ဥပစာ)-ပင်ရင်း မဟုတ်သော အဖျားအနား။

 

သိက္ခာ

ကျွန်တော်တို့ အပြင်လောကမှာ သိက္ခာဆိုတဲ့ စကားကို မကြာခဏ ကြားနေကြမှာပါ။ ဒီကောင် ကျွန်တော့်ကို သိက္ခာချနေတာပါ။ မင်းလုပ်ပုံက သိက္ခာကျတယ် စသဖြင့်ပါ။ သိက္ခာကို ဂုဏ်နှင့်တွဲတတ်သလို  အကျင့်နဲ့လည်းတွဲပြီး သုံးတတ်ကြပါတယ်။ သိက္ခာရှိတယ်။ သမာဓိပြည့်စုံတယ်လို့လည်း ပြောကြတာပေါ့။

တကယ်တမ်းကျတော့ သိက္ခာဆိုတဲ့ စကားဟာ ပါဠိဘာသာစကားပါ။ ရဟန်းသိက္ခာဆိုတာ ဝိနည်းထဲမှာပါတဲ့ ပြဋ္ဌာန်းချက်တွေကို လိုက်နာကျင့် သုံးတာပါ။ သိက္ခာနဲ့ ပတ်သက်လို့ မြန်မာအဘိဓာန်ကျမ်းမှာ ဖွင့်ပြတာ မတွေ့ရပါဘူး။ ဆရာကြီး ဒဂုန် ဦးထွန်းမြင့်ရဲ့ ပါဠိသက်ဝေါဟာရ အဘိဓာန်မှာတော့ သိက္ခာကို (၁) ကျင့်ဝတ်နှင့် (၂) ရဟန်းသက်နှစ်/ ဝါ၊ (၃)ဂုဏ်၊ ဂုဏ်နှင့် လျော်သည့် ကာယိနြေ္ဒ (၄) အက္ခရာတို့ကို ရေးပုံ၊ ဖတ်ပုံ စသည့်ကို သင်ရာဖြစ်သော ကျမ်းစသည်ဖြင့် အကိုးအကားတွေနဲ့ စုံစုံလင်လင်ရှင်းပြထားပါတယ်။ ဒါတင် ဘယ်ကဦးမလဲ၊ ယုဒသန်အဘိဓာန်မှာလည်း အင်္ဂလိပ်စာနှင့် တော်တော်ကျယ်ကျယ်ပြန့်ပြန့်ဖွင့်ပြထား ပါတယ်။

စစ်အစိုးရလက်ထက်တုန်းက လူထုခေါင်းဆောင်ကို အကြည်ညို ပျက်အောင်၊ လူထုယုံကြည်တာတွေ လျော့ပါးသွားအောင် သိက္ခာချတဲ့ အရေးအသားတွေ မကြာခဏဖတ်ရ ပါတယ်။ ဒါမျိုးကို အင်္ဂလိပ်လို (Character Assassination) လို့ ခေါ်မယ် ထင်ပါတယ်။ ဒါမျိုးတွေက စိတ်ဓာတ်စစ်ဆင်ရေး (Psy-War) မှာ တော်တော်အသုံးဝင်တဲ့နည်းတွေပါ။ စစ်အစိုးရ လက်ထက်ကကိစ္စပဲ ဆက်ပြီး ပြောပါဦးမယ်။ ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတွေကိုဖမ်း လူဝတ်လဲပြီး ထောင်ထဲထည့်ခဲ့ကြတဲ့ ကိစ္စတွေပါ။ ဘိုးတော် ဘုရားလက်ထက်တုန်းကလည်း ဗားကရာဆရာတော်ကို သင်္ကန်းချွတ်ပြီး နယ်နှင်ခဲ့ ဖူးသေးတယ်လို့ မှတ်ဖူးပါတယ်။ တကယ်တော့ သံဃာတစ်ပါးကို သင်္ကန်းဆွဲချွတ်လိုက်ရုံနဲ့ လူဖြစ်မသွားပါဘူး။ သူကိုယ်တိုင်က ရဟန်းဘဝနဲ့ နေချင်တဲ့ စိတ်မရှိမှသာ လူဖြစ်သွား နိုင်ပါတယ်။

သိက္ခာချတယ်ဆိုတာ အဲ့ဒါပါပဲ။ ကိုယ်တိုင်က ရဟန်းသီလကို ကျင့် သုံးနိုင်ခြင်းမရှိတော့ပါကြောင်း ဖွင့်ဟပြောကြားတာကိုပဲ သိက္ခာချတယ်လို့ ပြောတာပါ။ သူတစ်ပါးက မိမိသိက္ခာကို အတင်းအဓမ္မချခိုင်းလို့ မရပါဘူး။ ဝိနည်းကြောင်းအရတော့ လုပ်ပုံလုပ်နည်းတွေ အဆင့်ဆင့်ရှိပါတယ်။ မဆိုင်လို့ရေးမပြတော့ပါဘူး။

 

ပခြုတ်သယ်

ဒီစကားဟာ ဦးပုညရဲ့ ဝိဇယပြဇာတ်ထဲက စကားဖြစ်ပါတယ်။ ဝိဇယမင်းသားနဲ့ ကျွန်သင်းပင်းငါးရာတို့ လင်္ကာဒီပကျွန်းရောက်တဲ့အချိန်မှာ ဘီလူးမမယ်ကုဝဏ်က ဝိဇယ မင်းသားရဲ့ ကျေးကျွန်တွေကို ဝှက်ထားခဲ့ပါတယ်။ ဝိဇယမင်းသား ကမ်း ပေါ်တက်လာတဲ့အချိန်မှာ မယ်ကုဝဏ်က ရသေ့မယောင်ဆောင်ပြီး ကြိုပါတယ်။ စတွေ့တွေ့ချင်းပဲ စိတ်တိုနေတဲ့ ဝိဇယမင်းသားက ခပ်ရိုင်းရိုင်းပဲ ''ကြောင်သီလနှယ် အရင်းမထုတ် စီးပွားလုပ်တဲ့ ပခြုတ်သယ်''လို့ လှမ်းပြောလိုက်ပါတယ်။ အဓိပ္ပာယ်က တော့ ကြောင်သူတော်လို သူတော်ကောင်းယောင်ဆောင်နေတဲ့ ပခြုတ်သယ်လို့ ရင့်ရင့်သီးသီးပြောလိုက်ခြင်း ဖြစ်ပါတယ်။ အရင်တုန်းက ပခြုတ်သယ် အခုတော့ (ခပ်ရိုင်းရိုင်းပြောရရင်) ဖာသယ်ပေါ့။ အဲ့ဒီခေတ်ရဲ့ ဘန်းစကားလို့ ပြောရင်လည်း ရပါ တယ်။

ဦးပုညတို့ခေတ်က အဲ့သလို ခပ်ရိုင်းရိုင်းပြောကြသလို ပြည်ကြီးဒါလီ၊ ပြည်မကံကျွေးဆိုတဲ့ ယဉ်ယဉ်ကျေးကျေး အမည်လည်းပေးတတ်ကြပါ တယ်။

 ပြည့်တန်ဆာနဲ့ အတူတူပါပဲ။ ကိုလိုနီခေတ်ကတော့ ဒီလိုအတန်း အစားမျိုးကို (ကွိတ်) လို့ ခေါ်ခဲ့ကြပါတယ်။ ယောက်ျားဖျင်းတော့ ပုလိပ်၊ မိန်းမဖျင်းတော့ ကွိတ်ဆိုတဲ့ စာရှိခဲ့ ပါတယ်။ နောက်ပိုင်းခေတ်တွေမှာတော့ ဇိမ်မယ်၊ အပြာမယ်၊ ညဥ့်ငှက်၊ ကြက် စသဖြင့် ဘန်းစကားတွေနဲ့ ခေါ်ခဲ့ကြပါတယ်။

မှတ်မှတ်ရရ အတွေ့အကြုံတစ်ခုကို ပြန်ပြောပြပါဦးမယ်။ ကျွန်တော်ရေစကြိုမှာ တာဝန်ထမ်းခဲ့တုန်းက မစ်ဇုဂူချီဆိုတဲ့ ဂျပန်သမီးငယ်တစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။ တိုကျို တက္ကသိုလ်က မြန်မာစာနဲ့ ဘွဲ့ရထားတဲ့သူပါ။ မြန်မာအမည်မှာ စိန်စိန်လို့ခေါ်ပါတယ်။ ရေစကြို၊ ပခန်းကြီးမှာ အခြေပြုထားတဲ့ OISCA သင်တန်းကျောင်းရဲ့ မန်နေဂျာတာဝန်ယူထားပြီး လုပ်ငန်းသဘောအရ ဆက်သွယ် ဆောင်ရွက်နေကြရတာဆိုတော့ ရင်းနှီးနေပါတယ်။ တစ်နေ့မှာတော့ ကျွန်တော်က ''စိန်စိန် ကြက်ဆိုတာသိလား'' လို့ မေးတော့ သြော်-သိတယ် သိတယ်။ ဒီလို ဒီလိုဆိုပြီး သူ့လက်နှစ်ဘက်ကို ချိုင်းအောက်မှာထားပြီး လှုပ်ပြပါတယ်။ ကျွန်တော်က မဟုတ်သေးဘူးကွာလို့ပြောတော့ သိတယ်သိတယ်။ မကောင်းတဲ့ မိန်းမလို့ ဆင့်ပြီး ပြောလိုက်ပါတယ်။ ဒီလို  နိုင်ငံခြားသူတစ်ယောက်က ကျွန်တော်တို့ မြန်မာစကား (ဘန်းစကား) စိတ်ဝင်စားတယ်။ သင်ယူချင်တယ်ဆိုတာ သိခွင့်ရလိုက်လို့ တော်တော် ကျေနပ်မိပါတယ်။

ကျွန်တော်တို့ကသာ မြန်မာမှုကို အရေးမကြီးဘူးထင်ပြီး သွေးအေးနေ ကြပေမယ့် နိုင်ငံခြားက မြန်မာစာ မြန်မာမှုကို လေးစားမြတ်နိုးတဲ့ သူတွေကတော့ ကျွန်တော်တို့ဆီလာပြီး အနှစ်တွေ ထုတ်နေကြပါပြီ။

ဒီဆောင်းပါးကိုရေးတဲ့ ရည်ရွယ်ချက်ကလည်း ကျွန်တော်တို့ မြန်မာ လူငယ်တွေကို မြန်မာစာ၊ မြန်မာစကားဆိုတာ ဒီလိုရှိတယ်ဆိုတာ သိစေချင်တဲ့ စေတနာနဲ့ ရေးလိုက်တာပါ။

စပ်မိသမျှကို စုဆောင်းလေ့လာပြီး ဆက်လက်တင်ပြသွားပါဦးမယ်။

 

သန်းထွန်း( စကု)

သန်းထွန်း (စကု)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.