16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
မျိုးစေ့သေးသေးလေး ချလိုက်ပါ

ဘဝမှာ စာဖတ်သူ ဘာကိုလိုချင်ပါသလဲ။ နက်ရှိုင်းသောအတွင်း စိတ်မှာ ဘာပဲရှိနေပါစေ ကျွန်မတို့ လိုချင်တာ အတူတူပဲ ဖြစ်ပါလိမ့်မည်။ကျွန်မတို့ဘဝတွေကို အဓိပ္ပာယ် ရှိရှိဖြစ်စေချင်သည်။ ကျွန်မတို့ ဘဝဇာတ်ကြောင်းတွေကို ထူးခြားထင်ရှား စေချင်သည်။ အရေးပါအရာရောက် စေချင်သည်။ ရည်မှန်းချက်တွေ ပြည့်ချင်သည်။ ကျွန်မတို့ ကိုယ်စီကိုယ်စီ လောကကြီးကို ကောင်းမွန်စေချင်သည်။ ဘဝကို ပြည့်ပြည့်ဝဝနေချင် သည်။

ကျွန်မပြောချင်သော “Significance” ထူးခြားထင်ရှားခြင်းဆိုသည်ကို နောက်တွန့်မသွားစေချင်ပါ။ ကျွန်မက ကျော်ကြားခြင်း၊ ချမ်းသာခြင်း၊ ဆယ်လီဘရစ်တီဖြစ်ခြင်း၊ နိုဘယ်ဆုရခြင်း၊ သမ္မတဖြစ်ခြင်းတို့ကို ပြောလိုခြင်း မဟုတ်ပါ။ အထက်ပါ ထင်ရှားမှုတွေကို မကောင်းဘူးဟု မဆိုလိုပါ။ ထူးခြားအရာရောက်ရန် စာဖတ်သူ ဘယ်နေရာရောက်ရောက်၊ နေ့စဉ်ဘာကိုပဲ လုပ်လုပ် တခြားသူတွေနှင့် ကွဲပြားခြားနားနေဖို့ပဲဖြစ်သည်။ ကွဲပြားခြားနားဖို့က အတွေးအခေါ် သေးသေးလေးနှင့် စတင်ရ မည်ဖြစ်ပါသည်။

ငါးကင်ရောင်းပြီး စာကြည့်တိုက်ဖွင့်သော ကိုဇော်ဇော်ကိုပဲကြည့်ပါ။ လူငယ်တွေကို စာဖတ်စေချင်လွန်း၍ စာအုပ်တွေ စုစုလာပြီး အခမဲ့ဖတ်စေခြင်း၊ အိမ်တိုင်ရာရောက် စက်ဘီးလေးနှင့် လိုက်ပြီးငှားခြင်းက စတင်ခဲ့ရာ ယခုဆိုလျှင် မြို့နယ်တော်တော် များများမှာ စာကြည့်တိုက်တွေ ဖွင့်လှစ်နိုင်ခဲ့ပါပြီ။

One More ဆိုလျှင် လူတစ်ယောက် ကျပ်တစ်ထောင်လှူရုံနှင့် လိုအပ်သည့် နေရာများကို တစ်လုံးတစ်ခဲ လှူပေးနိုင်ပါသည်။ ယခုဆိုလျှင် လှူမည့်သူများ ဒုနှင့်ဒေး၊ အကြံ သေးသေးလေးနှင့် စတင်ခဲ့သည် မဟုတ်ပါလား။ ယနေ့ထုတ် သတင်း စာထဲတွင် သထုံတွင် ကျင်းပသော 'မျှဝေခြင်း' အခမ်းအနားတွင် သား ရဟန်းအရှင်ဆန္ဒာဓိက ဟောကြားသော တရားကိုဖတ်ရသည်။ ရွှေပါရ မီပညာရေးဖောင်ဒေးရှင်းမှ ပညာ သင်စရိတ်ရကြသော တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသား ၂ဝဝ က တစ်လကျပ်တစ်ထောင်စီစုကြပြီး တစ်နှစ်ပြည့်သောအခါ သထုံရှိကျောင်းသူ၊ ကျောင်းသားလေးတွေကို ဝတ်စုံ၊ စာရေးကိရိယာ၊ စက်ဘီးတို့ကို  မျှဝေပေးအပ်ကြသည်။ သူတို့ကို ကားကြီးတွေနှင့် ခေါ်လာပြီး ရွှေပါရမီ  တောင်ပေါ်သို့ တက်ကြသည်။ ဆရာတော်၏ သြဝါဒကို ခံယူကြသည်။ ဇင်းကျိုက်ရေတံခွန်၊ မော်လမြိုင် ဘုရားများကို လိုက်ပို့သည်။ သူတို့ ကုသိုလ်လည်းရ ပျော်လည်းပျော်ကြသည်။ ဆရာတော်က  စပို့ရှပ်ဆင်တူ၊ ချိတ်လုံချည် ဆင်တူ၊ ပုဆိုးဆင်တူ များ ဆင်ပေးသည်။ အစားအ သောက်တွေကလည်း အလျှံပယ်ပါပဲ။ ဤကဲ့သို့ ပွဲမျိုးကိုချဲ့သည်ဟု မဆိုထိုက်ပါ။ မျှဝေခြင်း မျိုးစေ့ကို ချပေးလိုက်ခြင်းဖြစ်သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ်က ဆရာတော်က သထုံမှာ မျှဝေခြင်း အစီအစဉ်ကို စံပြလုပ်ပြလိုက်သဖြင့် သူ့အနေနှင့် မွန်ပြည်နယ်တစ်ခုလုံးမှာ ထိုလုပ်ဆောင်မှုများပြုလုပ်ရန် တာဝန်ရှိသွားပါပြီဟု လျှောက်သွားသည်။ စက်ဝိုင်းဆိုသည်မှာ ဆက်ဆက်ပြီး လည်သွားမြဲဖြစ်ပါသည်။

ကျောင်းသူ၊ ကျောင်းများ၏  ရင်ထဲတွင်လည်း  မျှဝေလှူခြင်းဆိုသည်မှာ ငွေတွေအများကြီးရှိမှမဟုတ်ဘဲ မိမိတို့တတ်အားသရွေ့ နည်းနည်းလေးနှင့်ပဲ စတင်နိုင်ကြောင်း စွဲမြဲ သွားတော့မည်ဖြစ်ပါသည်။ အစဉ်အလာလေးဖြစ်လာပါလိမ့်မည်။

ချဲ့သည်ဆိုသည်ကို အားမနာတမ်း ပြောရလျှင် ဟိုတယ်ကြီးတွေမှာ အခမ်းအနားတွေ ပြင်ဆင်၊ အကျွေးအမွေးတွေနှင့်အထဲမှာ ဘာမှမပါသော စက္ကူပုံးတွေကို ရှိုးပြဗီဒီယို အရိုက်ခံပေးအပ်ကြသည့် အလှူငွေ လက်ခံပွဲကြီးတွေဖြစ်ပါသည်။ မင်းသမီးတွေ၊ မော်ဒယ်တွေပါမှ ဂုဏ်ရှိသည်ထင်ပြီး ဖိတ်ကြသည်။ သူတို့က ဖိတ်၍သာ လာရသည်၊ လေးလေး နက်နက်ထားကြပုံမရ။ မကောင်းတတ်၍ တစ်သိန်းစီလှူကြသည်၊ ချမ်း သာကြ၍ အများကြီး လှူနိုင်ကြပါသည်။ တစ်ယောက်စီ စင်ပေါ်တက်ပြီး တစ်သိန်းစာတန်းပါ စက္ကူပုံးနှင့် ဗီဒီယို အရိုက်ခံနေကြသည်မှာ မဆုံးနိုင်တော့ပါ။ ငါးသိန်း လှူထားသော အစ်မကြီးမှာ အလှဆုံးပြင်ဆင်၊ စိန်တွေ ဝတ်ထားပြီ သူအလှည့်ရောက်နိုးနှင့် ရှေ့ဆုံးတန်းက စောင့်နေရှာသည်။ အချိန်တွေ ကုန်လွန်သဖြင့် ကျွန်မတို့ မောင်နှမနှစ်ယောက်ထ ပြန်ခဲ့ကြသည်။ ထို့သို့ ပကာသနဆန်ပြီး အပေါ်ယံ ရွှေမှုန်ကြဲသော ပွဲများကို ကျွန်မမသွားလိုတော့ပါ။ ဦးစားပေးဆိုသည်မှာ ဘာလဲဆိုသည်ကို နားလည်စေချင်လှသည်။ သူဌေးကြီးတွေလား၊ လှူနိုင်သူတွေလား၊ ထိပ်တန်း အရာရှိကြီးတွေလား၊ Celebrity တွေလား၊ သက်ကြီးရွယ်အိုတွေလား၊ ကိုယ့်ကျင့်သိက္ခာရှိသူတွေလား၊ ပညာတတ်ပုဂ္ဂိုလ်တွေလား။

ထိုစက္ကူပုံးခွံ အလှူပွဲတွေက ယခင်အစိုးရလက်ထက်မှ စတင်ခဲ့သည် ထင်ပါသည်။ အစိုးရက တစ်ခုခုပြုလုပ်တိုင်း ခရိုနီသူဌေးတွေ တက်ရောက်ပြီး သိန်း ၅ဝဝ ၊ ၁ဝဝဝ စသဖြင့်  စက္ကူပုံးအလှူလုပ်ကြသည်။ ရသည်လည်းရှိ၊ မရသည်လည်းရှိ၊ အတင်းလိုက်တောင်းရသည်လည်းရှိ၊ တချို့တစ်ဝက်ပဲ ရသည်လည်းရှိသည်ဟု ကြားဖူးပါသည်။ လူသိများ  ချင်ကြသူများ ပေါများလှပါသည်။

သူများတွေထက် ထူးခြားအရေး ပါလို၍ အနည်းငယ်သော အားထုတ်မှုများနှင့် စတင်သည့်အခါ စာဖတ်သူယုံကြည်ရသူများ၊ စာဖတ်သူ ဂရုပြုရမည့်သူများနှင့် တွဲဖက်တိုင်ပင်ပြီး လုပ်ဆောင်ပါ။အတွေးလေးတစ်ခုနှင့် စတင်ခဲ့သော အမျိုးသမီး တစ်ဦး အကြောင်းကို စာရေးဆရာ John C. Marwell ဖော်ပြခဲ့သည်ကို မျှဝေပါ ရစေ။

သူနာမည်က Carrie Rich ဖြစ်သည်။ သူ့အသက်က ၂ဝ ကျော်ပဲရှိသေးသော်လည်း Virginia မှ Inova Health System တွင် စီနီယာ ဒါရိုက်တာအဖြစ် အလုပ်လုပ်နေ သည်။ တစ်နေ့တွင် အကြံတစ်ခုရသည်။ လူတွေအတွက် အကျိုးပြု လုပ်ငန်းတစ်ခုခုလုပ်ချင်သည်။ ငွေအရင်းနည်းနည်းနှင့် မတည်ပြီး တခြားသူများထံမှ အလှူခံပြီး အဖွဲ့ အစည်းတွေကို လှူရန်စိတ်ကူးသည်။ သူ၏ဘော့စ် CEO ဖြစ်သော Knox ကိုပြောပြသည်။ တုံ့ပြန်မှုက ''ဒါဟာ ကောင်းတာပေါ့ ကယ်ရီ၊ အလုပ်သွား လုပ်ချည်''။ သို့သော် နှစ်လအကြာ ကယ်ရီမွေးနေ့ရောက်သောအခါ ဘော့(စ်)က ကတ်တစ်ခုနှင့် ဒေါ်လာ ၁ဝဝ ပေးသည်။ ကတ်ပေါ်မှာ John Wesley ၏ အဆိုကို ရေးထားသည်။ ''ကောင်းတာမှန်သမျှ အကုန်လုပ်၊ နည်းအမျိုးမျိုးနဲ့လုပ်၊ နေရာ အမျိုးမျိုးမှာလုပ်၊ အချိန်ရတိုင်းလုပ်၊ လူအမျိုးမျိုးအတွက် တတ်နိုင်သလောက်လုပ်၊ လုပ်နိုင်သလောက်အ မြဲလုပ်''

သူဘာလုပ်နိုင်သလဲ။ အဖွဲ့အစည်း ခြောက်ခုအတွက် ဒေါ်လာ ၁ဝဝ မှ ဒေါ်လာ ၁ဝဝဝ ဖြစ်လာရန် ကြိုးစားမည်ဟု ဆုံးဖြတ်လိုက်သည်။ Bill နှင့် Melinda Cate တို့က ဒေါ်လာ ၂၈ ဘီလီယံလှူကြသည်။ သူတို့အတွက်က နည်းနည်းလေးဖြစ်ပါလိမ့်မည်။ ကယ်ရီစိတ်ဓာတ်မကျပါ။ အဖွဲ့အစည်း ခြောက်ခုထံသို့ (ဝါရှင်တန်ဒီစီ၊ ဟေတီ၊ တန်ဇေးနီးယားနှင့် တခြားအဖွဲ့များ) စာရေးပြီး ဒေါ်လာ ၁ဝဝဝ လှူလျှင် ဘာလုပ်မည်နည်းဟု မေးသည်။ DC က အတန်းတစ်တန်းစာ ကျောင်းသားများပညာသင်စရိတ် ထောက်ပံ့နိုင်မည်။ ဟေတီက စိုက် ပျိုးရေးလုပ်ခြင်းအားဖြင့် မိသားစု ၁ဝ ခုကို အကျိုးပြုနိုင်သည်။ တန်ဇေးနီး ယားက အမျိုးသမီး ၂၅ ဦးကို အ လယ်တန်းကျောင်းသို့ ပို့နိုင်သည်ဟု အကြောင်းပြန်ကြသည်။

ဒေါ်လာ ၁ဝဝ ကို ဒေါ်လာ ၁ဝဝဝ ဖြစ်လာရန်မည်ကဲ့သို့ ပြုလုပ်ရမည်နည်း။ ဆွေမျိုးများ မိတ်ဆွေ သူငယ်ချင်းများထံ e-mail နှင့် တောင်းခံကြည့်၊ ခေါင်းစည်းတပ်ပြီးမှ အမည်တပ်ရန် စဉ်းစားသည်။ The Global Good Fund ခေါင်းထဲပေါ်သည်ကို အမည် ပေးလိုက်သည်။ မကြာမီငွေတွေဝင်လာသည်။ ဒေါ်လာ ၂ဝ၊ ၅ဝ၊ ၁ဝဝဝ။ နှစ်ပတ်အတွင်း ကယ်ရီဒေါ်လာ ၆ဝ၅၂ ရသွားသည်။ သူစိတ်ချမ်းသာ သွားသည်။ အနည်းငယ်နှင့် စတင် လိုက်သည်။ သို့သော် သူ့ရည်မှန်းချက် ပြည့်သွားသည်။ အဖွဲ့အစည်း ခြောက်ခုသို့ လှူနိုင်တော့မည်။ ပြီးပြီဟု သူတွေးသည်။ နောက်ဆက်တွဲဖြစ်လာ နိုင်စရာကို သူမစဉ်းစားသေးပါ။

အလှူငွေများဝင်လာနေဆဲမှာ လူတစ်ယောက်ဆီက e-mail ဝင်လာသည်။ အစည်းအဝေးတစ်ခုမှာ ခဏဆုံခဲ့ဖူးသူ၊ လိပ်စာကတ်ချင်းလဲခဲ့ ဖူးသူဖြစ်သည်။ ကျွန်တော် ဖောင်ဒေး ရှင်အတွက် ဒေါ်လာတစ်သန်း လှူချင်ပါတယ်၊ ချက်လက်မှတ်ကို ဘယ်လိုပို့ရမှာပါလဲ''

ကယ်ရီတွေးသည်။ ''ဒီလူ ငါ့ကို နောက်ပြောင်နေတာပဲ။ ငါ့အိမ်လိပ် စာပေးလို့မဖြစ်ဘူး''။ နေရာ အချိန် အတိအကျ (လူမြင်ကွင်း)မှာ ချိန်းလိုက်ပြီး ၁ဝ မိနစ်ပဲ အချိန်ရမည်ဟု e-mail ပို့လိုက်သည်။ သူရောက်လာပြီး ဒေါ်လာ တစ်သန်းတန် ချက် လက်မှတ်ကိုပေးသည်။ ဒီငွေနဲ့ ဘာလုပ်မည်လဲဟု မေးသည်။ ကယ်ရီက ထိုလူလာမည် မထင်၍ အဖြေကို ပြင်ဆင်မထားခဲ့။ အမြန်စဉ်းစားပြီး ကမ္ဘာအရပ်ရပ်တွင် လူမှုရေးကိစ္စများ ဆောင်ရွက်နေသော လူငယ်ခေါင်းဆောင်များအတွက် ရင်းနှီးမြှုပ်နှံပေးမည်ဟု ပြောလိုက်သည်။ ထိုလူပြန် သွားသည်။

ဘာလုပ်ရမှန်း မသိ၍ ဘော့စ်ထံသို့ သွားသည်။ သူက The Global Good Fund တည်ထောင်သည်ကို မြင်ချင်သည်ဟု ပြောလိုက်သည်။ တစ်နှစ်အကြာတွင် အလုပ်ကထွက်ပြီး ကယ်ရီက သူ့အဖွဲ့အစည်းမှာ CEO ဖြစ်လာသည်။ ပညာတော်သင် လွှတ်သောအလုပ်ကို စတင်နေပြီ တိုင်းပြည်အသီးသီးက လူငယ်ခေါင်းဆောင် ၁၉ ယောက်ကို ထောက်ပံ့နေသည် သူက ထူးခြားအရာရောက်သော အခွင့်အလမ်းများကို ဆက် လက်ရှာဖွေနေဆဲ ဖြစ်သည်။

ကျွန်မအမြင်ကတော့ သူဟာငယ်သေးသည်။ တိုးတက်ဦးမည် မလွဲပါ။ စိုးရိမ်စရာမရှိပါ။ ထူးခြားမှုကို သူဆုပ်ကိုင်နိုင်ပြီး လူတွေကို ကူညီနေပြီး လောကကို သာယာချမ်းမြေ့ သော နေရာဖြစ်ရန် လုပ်နိုင်နေပေပြီ။ ဘဝဆိုတာ ဒါပဲမဟုတ်ပါလား။

သေးသေးလေးနှင့် စလိုက်ကြပါစို့။

ခင်စောတင့်

ခင်စောတင့်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.