19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ကလေးသူငယ်ဘ၀ ဆုံးရှုံးနေရခြင်းမှာ ကလေးများအား အလေးမထား ဦးစားမပေးနိုင်သေးခြင်းကြောင့်ပါ

''မြန်မာပြည်တွင် ကလေးလာဖြစ်ရသည်ကလည်း ဒုက္ခတစ်မျိုးပါ လားကွယ်ရို့'' ဟု မိတ်ဆွေတစ်ဦးက ညည်းညူသည်။ သူညည်းသည်မှာ 'မြန်မာနိုင်ငံတွင် ကလေးသူငယ်ဘဝ ဆုံးရှုံးနေရသည့် ကလေးများ အရေ အတွက်မြင့်တက်နေသည်' ဟူသော သတင်းကို  ဖတ်အပြီး ညည်းပြနေ ခြင်းဖြစ်သည်။ Save the Children အဖွဲ့က မကြာသေးခင်က စစ်တမ်း တစ်စောင်ထုတ်ပြန်သည်။ စာတမ်းအမည်က ကလေးသူငယ်ဘဝ အခိုးခံရခြင်း Stolen Childhood ဖြစ်သည်။ ကလေးသူငယ်ဘဝ အခိုးခံရခြင်း၊ ပျောက်ဆုံးခြင်း၊ ဆုံးရှုံးနေရခြင်း စသည်ဖြင့် မည်သို့ပင်ခေါင်းစဉ် တပ်တပ် စာတမ်းသုံးသပ်ချက်အရတော့ မြန်မာနိုင်ငံအတွက် ကိစ္စဆိုးကြီး ဖြစ်နေသည်။

ကိစ္စဆိုးကြီးဟု ဆိုရခြင်းမှာ ကလေးဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွက် အနာဂတ်၏ ပဲ့ကိုင်ရှင်များဟူသော အယူအဆကို လက်ခံထားခြင်း ကြောင့်ဆိုရခြင်းဖြစ်သည်။ သူများတကာ နိုင်ငံများတွင် ဖွံ့ဖြိုးတိုးတက်သည်ဖြစ်စေ၊ ဆင်းရဲနွမ်းပါးသည် ဖြစ်စေ အသိဥာဏ်ရှိသော အစိုးရတိုင်းသည် ကလေးသူငယ်များကို အထူးအခွင့်အရေးပေးရမည့် နိုင်ငံသားများအဖြစ် သတ်မှတ်သည်။ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို စေတနာပါပါလိုလားသူ လူကြီးတိုင်းကလည်း ကလေးသူငယ်ဘဝကို အရာသွင်းအရေးတယူပြုပြီး အထူးအ ခွင့်အရေးပေး တတ်ကြသည်။ ထိုနိုင်ငံများတွင် လူဖြစ်ကာကြီးပြင်းရှင်  သန်ခွင့်ရသူ ကလေးတိုင်းသည် ကလေးသူငယ်ဘဝကို သတ်မှတ်သက်တမ်းစေ့အတိုင်း လွတ်လပ်ပျော် ရွှင်မြူးတူးစွာဖြင့် ပညာသင်ကြားခွင့် ရကာကြီးပြင်းခွင့်ရခဲ့ကြသည်။

ကလေးသူငယ်တို့သည် ကလေးသဘာဝအလျောက် ကလေးသူငယ် ဘဝကို သက်တမ်းစေ့နေခွင့်မရ၊ ကလေးသူငယ်ဘဝဆုံးရှုံးလိုက်ရခြင်း၊ ကလေးသူငယ်ဘဝ အခိုးခံလိုက်ရ ခြင်းသည် ကလေးသူငယ်အခွင့် အရေးချိုးဖောက်ခံလိုက်ရသည်ဟု လည်းဆိုနိုင်သည်။ ထို့ပြင် လူ့အခွင့်အရေး စတင်ချိုးဖောက်ခံလိုက်ရခြင်းဟုလည်း သတ်မှတ်နိုင်သည်။ ကလေးတို့ဘဝတွင် ကလေးတို့ သဘာဝအလျောက် သက်တမ်းပြည့်မနေ လိုက်ရခြင်းသည် လူ့ဘဝအစတွင် အချိန်နှင့်အခွင့်အရေးကို အခိုးခံ လိုက်ရခြင်းဟု မြင်ကြည့်၍လည်းရသည်။ သို့ဖြစ်ရာ ကလေးဘဝ၏အချိန်နှင့် အခွင့်အရေးများကို မည်သူတွေက ခိုးနေကြသနည်း၊ မည်သူတွေတွင် တာဝန်ရှိသနည်း၊ မည်သူ့ကို အရေးဆိုတားမြစ်ပိတ်ပင်ခိုင်းရမည်နည်း စသည်တို့အတွက် အဖြေရှာရ ပါတော့မည်။ မြန်မာနိုင်ငံသည် ကလေးသူငယ်ဘဝ ဆုံးရှုံးရသူ အရေအတွက် အများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်နေသည်။

ကလေးသူငယ်ဘဝ အခိုးခံရခြင်း စာတမ်းအား ကမ္ဘာပေါ်ရှိ ကလေးသူငယ် စုစုပေါင်း အရေအတွက်၏ လေးပုံတစ်ပုံပမာဏရှိသော ကလေးသူငယ်ပေါင်း သန်း ၇ဝဝ ကျော်ကို ရှာဖွေသုတေသန ပြုလုပ်ထားသည်ဟုဆိုသည်။ ကလေးသူငယ်ဘဝ ဆုံးရှုံးသွားရခြင်းအကြောင်းများမှာလည်း ကာကွယ်နိုင်သော ရောဂါများကြောင့် သို့မဟုတ် မတော် တဆမှုကြောင့် သေဆုံးရခြင်း၊ အရွယ်မတိုင်မီ လက်ထပ်လိုက်ရခြင်း၊ ဆယ်ကျော်သက်အရွယ်ဖြင့် ကိုယ်ဝန်ဆောင်ရခြင်း၊ အကြမ်းဖက်ခံရမှုကြောင့် ထွက်ပြေး တိမ်းရှောင်နေရပြီး အခြေတကျ နေထိုင်ခွင့်မရခြင်း၊ ဆင်းရဲမွဲတေမှုနှင့် အခြားအကြောင်းများကြောင့် ကျောင်းနေခွင့်မရခြင်း၊ ကလေးအလုပ်သမား အဖြစ်ခံယူ လိုက်ရခြင်း၊ အာဟာရချို့တဲ့ပြီး လူစဉ်မမီဖြစ်ရခြင်း စသည့်အကြောင်းများသည် ကလေးသူငယ်များအတွက် ၄င်းတို့၏ ကလေးသူငယ်ဘဝကို ဆုံးရှုံးစေသည့် အဓိက အကြောင်းရင်း များဖြစ်သည်ဟုဆိုသည်။ ယင်းတို့သည် ကလေးတို့အတွက် ကိစ္စဆိုးကြီး  များလည်းဖြစ်သည်။

 နိုင်ငံတစ်နိုင်ငံချင်းစီအလိုက် သုတေသနပြုလုပ်ထားသော အချက်အလက်များကို အသုံးပြုပြီး ကလေးသူငယ်ဘဝကို မည်မျှအထိကာကွယ်ပေးထားနိုင်သနည်းဟူသော အခြေအနေကို လေ့လာသုံးသပ်ကာ နိုင်ငံများကိုအဆင့်အလိုက် ပြန် လည်သတ်မှတ်သည်။ အဆင့် ၁ ကတော့ အကောင်းဆုံးနိုင်ငံဖြစ်သည်။ အဆင့် ၁၇၂ ကတော့ အဆိုးဆုံးနိုင်ငံအဖြစ် အဆင့်သတ်မှတ်သည်။ ကလေးသူငယ် ကာကွယ်စောင့် ရှောက်နိုင်မှု အကောင်းဆုံးအဆင့် (၁)အဖြစ် နော်ဝေနိုင်ငံက သတ်မှတ်ခံရပြီး၊ အဆင့် (၂) အဖြစ်ဆလို ဗေးနီးယားနိုင်ငံ သတ်မှတ်ခံရသည်။ အဆိုးဆုံးအဆင့် ၁၇၁ နှင့် ၁၇၂ ကိုတော့ အနောက်အာဖရိကနိုင်ငံနှစ် နိုင်ငံဖြစ်သော နိုင်ဂျာနိုင်ငံနှင့် အင်ဂိုလာနိုင်ငံတို့ သတ်မှတ်ခံရသည်။ မြန်မာနိုင်ငံ၏ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး အခြေအနေကကော။ နိုင်ငံပေါင်း ၁၇၂ နိုင်ငံတွင် အဆင့် ၁၁၂ အဖြစ် သတ်မှတ်ခြင်းခံ ထားရသည်။ အိမ်နီးချင်း တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကတော့ မြန်မာနိုင်ငံထက် အခြေအနေကောင်းကြသည်။ ထိုနှစ်နိုင်ငံ၏ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ကလေးသူငယ်ဘဝဆုံးရှုံးရခြင်းမှ ကယ်တင် စောင့်ရှောက်ခြင်း လုပ်ငန်း များကို လေ့လာနည်းယူရမည်။

တရုတ်နိုင်ငံသည် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးတွင် ကမ္ဘာပေါ်၌ အဆင့် (၄) ဖြင့် ရပ် တည်နေသည်။ ထိုင်းနိုင်ငံကတော့ အဆင့် ၈၄ တွင် ရှိနေသည်။ မြန်မာနိုင်ငံနှင့် ထိစပ်နေသော အခြားအိမ်နီးချင်းနိုင်ငံများ၏ အခြေအနေကို လည်း အဆိုပါစာတမ်းတွင် ရှာဖွေကြည့်လိုက်သေးသည်။ အိမ်နီးချင်း ဒီမိုကရေစီရင့်မကြီး အိန္ဒိယနိုင်ငံသည်အဆင့် ၁၁၆ ဖြင့် မြန်မာနိုင်ငံ နှင့် မနီးယိုးစွဲလိုက်နေသည်။ လာအို နိုင်ငံကတော့အဆင့် ၁၃ဝ တွင် ရှိသည်။ ဆင်းရဲနွမ်းပါးဆဲ လူဦးရေသိပ်သည်းဆ ထူထဲပါသည်ဆိုသော ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုတော့အဆင့် ၁၃၄ အဖြစ် သတ်မှတ်ထားကြောင်း တွေ့လိုက်ရသည်။

စစ်တမ်း၏ လေ့လာသုတေသန ပြုချက်အရ မြန်မာနိုင်ငံ၏ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး၊ ကလေးသူငယ်ဘဝဆုံးရှုံးမှု မရှိစေရေး အလေးပေးဆောင်ရွက်မှုသည် အားနည်းနေဆဲဖြစ်သည်ဟု စာတမ်းက ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် ကလေးသေဆုံးမှုနှုန်းသည် မွေး ဖွားမှု ၁ဝဝဝ ရှိလျှင် ၅ဝ ဦး ရှိနေသည်ဟုဆိုသည်။ အာဟာရချို့တဲ့ ၍ ပုညှက်မှု ဝေဒနာခံစားနေကြရသော ကလေးဦးရေနှုန်းသည် ကလေးအားလုံး၏ ၂၉ ဒသမ ၂ ရာ ခိုင်နှုန်းရှိသည်။ မူလတန်းနှင့် အလယ်တန်း ကျောင်းထွက်မှုနှုန်းသည်လည်း ၂၉ ဒသမ ၄ ရာခိုင်နှုန်းရှိနေသေးသည်ဟု ဖော်ပြထားသည်။ ယင်းသည် ဆိုးရွားသည့် အခြေအနေဟုဆိုလျှင် အဆိုးမြင်သမားဟု သတ်မှတ်ကြပေလိမ့်ဦးမည်။  သို့သော် မတတ်နိုင်၊ ကလေးသူငယ်ဘဝ အခိုးခံရခြင်း စာတမ်းက ဖော်ပြထားသည့်အတိုင်း ပြန်လည်ဖောက်သည်ချရခြင်း ဖြစ်သည်။

မည်သူမဆို၊ မည်သည့်လူမျိုးမဆို၊ မည်သည့်ဘာသာဝင်မဆို ကလေးများကို ချစ်တတ်ကြပါ သည်။ သို့သော် ချစ်ပုံချစ်နည်းတော့ ကွာကြပါသည်။

ချစ်ပုံချစ်နည်း ကွာခြားနေကြသဖြင့်လည်း ကလေးသူငယ်ဘဝ လေလွင့်ဆုံးရှုံးရခြင်း၊ အခိုးခံနေရခြင်းများ ဖြစ်ပေါ်နေခြင်းဖြစ်ပါသည်။ ကလေးသူငယ်ဘဝ ပြုစုပျိုးထောင်ရေးသည် မိဘများနှင့် တိုက်ရိုက်သက်ဆိုင်သည် ဆိုသော်လည်း ခေတ်ကာလ အခြေအနေကလည်း များစွာလွှမ်းမိုးပါသည်။ အစိုးရ၏ ကလေးသူငယ် ကာကွယ်စောင့် ရှောက်ရေး ပေါ်လစီများကလည်း များစွာတာသွားပါသည်။

 မြန်မာနိုင်ငံမှာတော့ ကလေးသူငယ်ဘဝဆုံးရှုံးရခြင်း၏ အဓိကပြဿနာနှစ်ခုမှာ ကလေးသူငယ်အရွယ် ကျန်းမာရေးစောင့်ရှောက်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများအား နည်းနေသေးခြင်းနှင့် အရွယ်မတိုင်မီ ကလေးအလုပ်သမားဘဝကို ခံယူ လိုက်ရခြင်းတို့ဖြစ်သည်။ ယင်းပြဿနာနှစ်ရပ်ကို အချို့က တိုင်း ပြည်ဆင်းရဲနေသေးခြင်းကြောင့်ဟု အကြောင်းပြကြသည်။ အချို့လည်း ယခင်အစိုးရများက ပစ်ထားခဲ့ကြ၍ဟု  အကြောင်းပြကြသည်။ ယင်းသို့ အကြောင်းပြချက်များကို လက်မခံချင်ပါ။ လက်ခံနိုင်ဖွယ်ရာလည်း မရှိပါ။ တိုင်းပြည် မချမ်းသာမချင်း ထိုတိုင်းပြည်ရှိ ကလေးများကား ကျန်းမာရေးစောင့်ရှောက်ခြင်း လျစ် လျူရှုခံနေရမည်လား၊ ကလေးအလုပ်သမားအဖြစ် မိသားစု စားဝတ်နေရေးကို ဖြေရှင်းပေးနေရတော့မည်လား။ ယခင်အစိုးရ အဆက်ဆက်က ပစ်ထားခဲ့ကြ၍ဟူသော အကြောင်းပြချက်ပေးပြီး ယခုမှကောက်ကိုင်ရသည်၊ အချိန်ယူရဦးမည်ဆိုသည်ဖြင့် ကလေးများကား အချိန်စောင့်စားအောင်သည်းခံနေကြဦးမည်လား။ မဖြစ်နိုင်ပါ။ အဓိပ္ပာယ်လည်း မရှိပါ။

 ဖြစ်သင့်သည်ကတော့ တိုင်းပြည်ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ အစိုးရ၏ ကလေးများ အပေါ်ထားသော ပေါ်လစီပေါ်မှာသာမူတည်သည်။ အစိုးရတစ်ရပ်သည် အခြားသော အရေးအရာများထက် ဘယ်သောဘယ်အခါ ဘယ်နေ ရာမဆို ကလေးသူငယ်များ၏ အရေးအရာကို အမြဲဦးစားပေးသင့်သည်။ နိုင်ငံတွင် ကလေးဦးစားပေး ယဉ်ကျေးမှု တစ်ရပ်ပေါ်ပေါက်ရေးကို ဥပဒေ အတိအကျပြဋ္ဌာန်းပြီး လူတိုင်းလိုက်နာစေရမည်။ ကလေးဘဝ မဆုံးရှုံးရေး၊ ကလေးသူငယ်ဘဝ သက် တမ်းပြည့်နေခွင့်ရရေးနှင့် ကလေးသူငယ် အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး၊ ကျန်းမာရေး စောင့်ရှောက်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများ အတွက်လည်း ဘတ်ဂျက်ငွေ လုံလုံ လောက်လောက်ချပေးခြင်းဖြင့် ဦး စားပေးသင့်သည်။

 ထို့ပြင် မူလတန်းနှင့် အလယ်တန်းကျောင်းထွက်မှုနှုန်း မြင့်မားနေခြင်းကို လျှော့ချခြင်းနှင့်အတူ ကလေးအလုပ်သမားလျှော့ချရေး၊ ကလေးအလုပ်သမား ပပျောက်ရေး လုပ်ငန်းများအတွက်ကိုလည်း သုံးစွဲနေသည့် ဘတ်ဂျက်ပမာဏထက် နှစ်ဆသုံးဆပိုသုံးစွဲခြင်းဖြင့် ဦးစားပေးတိုက်ဖျက်သင့်သည်။ နာမည်ဆိုးဖြင့် ကျော်ကြားနိုင်သော၊ တိုင်းပြည်အနာဂတ်အတွက်လည်း မည်သို့မျှ မကောင်းနိုင်သော ကလေးသူငယ် ဘဝဆုံးရှုံးခြင်း၊ အခိုးခံနေရခြင်း၊ ကိစ္စ ဆိုးကြီးကို တိုက်ဖျက်ရန်မှာ တိုင်း ပြည်ဆင်းရဲကာမှ ဆင်းရဲရော ဦးစားပေးအရာသွင်းကာ အရေးကိစ္စ တကာထက် အရေးကြီးသည့်ကိစ္စအဖြစ် သဘောထားလုပ်ကိုင်လျှင် အောင်မြင်နိုင်မည်ဟု ယူဆသည်။               အထူးသဖြင့် ကလေးသူငယ်များအတွက် ပြဋ္ဌာန်းထားသော တရားဥပဒေများ အသက်ဝင်ဖို့လည်းလိုသည်။ တရားဥပဒေစိုးမိုးမှုနှင့်အတူ တစ်ပါ တည်းလိုက်ပါနိုင်မည်ဆိုလျှင် မြန်မာနိုင်ငံတွင် ကလေးသူငယ်ဘဝ ဆုံးရှုံးရခြင်း ကိစ္စဆိုးများ ကင်းဝင် နိုင်လိမ့်မည်ဖြစ်ပါကြောင်း အကြံပြု တင်ပြလိုက်ရပါသည်။

 

မောင်လွင်ပြင်

မောင်လွင်ပြင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.