24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ဟင်းလင်းပွင့်နယ်နမိတ်၊ အဖြေမထွက်သေးတဲ့ ပုစ္ဆာ

တကယ်လို့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စည်းခြားထားတဲ့ နယ်နိမိတ်များကို ဟင်းလင်းဖွင့်ပေးခဲ့မယ်ဆိုရင် ပြဿနာအကြီးအကျယ် တက်လာနိုင်တယ်မဟုတ်လား။ ဒါပေမယ့် တကယ်လို့ နယ်နိမိတ်တံခါးများကို အပိတ်အပင် အဟန့်အတားမရှိ လွတ်လွတ်လပ်လပ် ဖွင့်လှစ်ပေးခဲ့မယ်ဆိုရင် ရရှိနိုင်တဲ့ အကျိုးအမြတ်ကလည်း တစ်ပုံတစ်ခေါင်းကြီးပါပဲတဲ့။

 ဘောဂဗေဒပညာရှင်တစ်ဦးက အေးအေးလူလူ လမ်းလျှောက်လာတယ်။ လမ်းပေါ်မှာ တစ်ရာတန် ဒေါ်လာတစ်ရွက် ကျနေတယ်။ သူက ဖြတ်လျှောက်သွားတယ်။ ဒေါ် လာကို မကောက်ခဲ့ဘူး။ ဒီတော့ ဘောဂဗေဒပညာရှင်ကို သူ့မိတ်ဆွေက မေးတယ်။

       ''လမ်းပေါ်မှာ ငွေစက္ကူတစ်ရွက်ကျနေတာ ခင်ဗျား မမြင်ခဲ့ဘူးလား'' တဲ့။

       ဘောဂဗေဒ ပညာရှင်က ဖြေတယ်။

''တစ်ခုခုကိုတော့ မြင်ခဲ့တယ်လို့ထင်တယ်။ ဒါမှမဟုတ် ကျွန်တော် စိတ်ကူးမိ တာပဲလား။ တကယ်လို့ တစ်ရာတန်ဒေါ်လာတစ်ရွက် လမ်းပေါ်မှာ ကျနေတယ်ဆိုရင် တစ်ယောက်ယောက်က ကောက်ယူသွားခဲ့ပြီပေါ့''တဲ့။

တကယ်တော့ တစ်စုံတစ်ခုဟာ မှန်ကန်တယ်လို့ မထင်ရလောက်အောင် အင်မတန်ကောင်းလွန်းနေတယ်ဆိုရင် ဒါဟာ တကယ့်တကယ် မမှန်ကန်တာလည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်ရံမှာလည်း ဒီလိုဖြစ်တတ်တာပဲ မဟုတ်လား။ ဒီလိုဆိုပေမယ့် Centre For Global Development က  ဘောဂဗေဒပညာရှင် Michael Clemens ပြောတာကတော့။

       ''လမ်းပေါ်မှာ တကယ်ပဲ အမေရိကန်ဒေါ်လာ ထရီလီယံနဲ့ချီပြီး ပြန့်ကျဲလျက်ရှိတယ်'' လို့ ဆိုတယ်။

ရိုးရှင်းတဲ့ မူဝါဒတစ်ခုကို ချမှတ်နိုင်မယ်ဆိုရင် ကမ္ဘာကြီးဟာ ခုထက် နှစ်ဆလောက် ပိုပြီးချမ်းသာလာနိုင်ပါသတဲ့။ အဲဒီမူဝါဒကတော့ တခြားမဟုတ်ပါဘူး။ နိုင်ငံနယ်နိမိတ်တွေကို ဟင်းလင်းဖွင့်ပေးဖို့ပါပဲ။

ဆင်းရဲတဲ့နိုင်ငံက အလုပ်သမားတွေဟာ လွတ်လွတ်လပ်လပ် ရွေ့လျားပြီး ချမ်းသာတဲ့ နိုင်ငံတစ်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင် နိုင်ကြမယ်ဆိုရင် ကုန်ထုတ်စွမ်းအားဟာ ပိုပြီးမြင့်တက်လာနိုင်တယ်။ အဲဒီအလုပ်သမားတွေဟာ လိုတာထက် ပိုလျှံနေတဲ့ အရင်းအနှီး၊ စွမ်းရည်ပြည့်ဝတဲ့ ကုမ္ပဏီတွေနဲ့ ကြိုတင်ခန့် မှန်းနိုင်တဲ့ တရားဥပဒေစနစ်ရှိတဲ့ လုပ်သားဈေးကွက် Labour Market မှာ ပါဝင်နိုင်ကြမှာဖြစ်တယ်။

 ''လုပ်သားနဲ့လုပ်အားဟာ ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံး ကုန်ပစ္စည်းဖြစ်ပါတယ်။ ဒါပေမယ့် တင်းကျပ်တဲ့ လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းစည်းကမ်းတွေကြောင့်  ဒါအတော်များများဟာ အချည်းနှီး အလဟဿဖြစ်သွားတယ်။ ဒါကြောင့် နယ်နိမိတ်များကို လွတ်လွတ်လပ်လပ် သွားလာနိုင်အောင် ဖွင့်ပေးသင့်တယ်''လို့ Bryan Caplan နဲ့ Vipul Naik တို့က ဆိုတယ်။

မက္ကဆီကို နိုင်ငံက အလုပ်သမားတွေ အမေရိကန်နိုင်ငံ ရောက်လာရင် သူတို့ရဲ့ ဝင်ငွေဟာ ၁၅ဝ ရာခိုင်နှုန်းတိုးမြင့်သွားတယ်။ ကျွမ်းကျင်မှုမရှိတဲ့ နိုင်ဂျီးရီးယား လုပ်သား တွေရဲ့ ဝင်ငွေတောင် ၁ဝဝဝ ရာခိုင်နှုန်း ခုန်တက်သွားတယ်။

 နိုင်ဂျီးရီးယားနိုင်ငံသားတွေ နိုင်ဂျီးရီးယားနိုင်ငံမှာနေတာဟာ စီးပွားရေးအရပြော ရင် အဓိပ္ပာယ်မရှိဘူး။ လယ်သမားတွေ တောင်ဝင်ရိုးစွန်း အန္တာတိကရေခဲပြင်ပေါ်မှာ လယ်ထွန်သလို ဖြစ်နေတယ်လို့ Caplan နဲ့ Naik တို့က ထောက်ပြတယ်။ ပြီးတော့ စီးပွားရေးနဲ့ မပတ်သက်တဲ့ အကျိုးခံစားရမှုတွေလည်း ရှိသေးတယ်။ အမေရိကန်နိုင်ငံရောက်နေတဲ့ နိုင်ဂျီးရီးယားသားတစ်ဦးဟာ သူတို့နိုင်ငံမှာလို Boko Haran အစ္စလာမ်မစ် အကြမ်းဖက်တွေရဲ့ ကျွန်ပြုတာခံရမှာ မဟုတ်ဘူး။

 နိုင်ငံနယ်နိမိတ်များကို ဟင်းလင်းဖွင့်ပေးလိုက်လို့ ရရှိနိုင်တဲ့ အကျိုးအမြတ်များဟာ နိုင်ငံခြား အကူအညီနဲ့ လွတ်လပ်တဲ့ ကုန်သွယ်ရေးတို့ကရရှိတဲ့  အကျိုးအမြတ်များ ထက်တောင် 'ကိုး၊ ဆယ်ဆ'သာနိုင်တယ်။  ဒါပေမယ့် ဒီအတွေးအမြင်ကို စိတ်ကူးယဉ် သက်သက်ပဲလို့ သဘောပိုက်ထားကြတယ်။

နိုင်ငံအတော်များများမှာ ဒီအတွေးအမြင်ကို လက်ခံကြသူများဟာ ၁ဝ ရာခိုင်နှုန်း လောက်တောင်မရှိဘူး။ Brexit နဲ့ Donald Trump ခေတ်မှာ ဒါဟာ နိုင်ငံရေးအရ ဖြစ်လာနိုင်စရာ လမ်းမရှိဘူး။ ဒီလိုဆိုပေမယ့် တကယ်လို့ စည်းခြားထားတဲ့ နိုင်ငံနယ်နိမိတ်များကို ဟင်းလင်းဖွင့်ပေးခဲ့မယ်ဆိုရင် ဘာများဖြစ်လာမလဲ တွေးကြည့်သင့်ကြတယ်။

 

ဟင်းလင်းပွင့် နယ်နိမိတ်

ဟင်းလင်းပွင့် နယ်နိမိတ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ ဒါကို ရှင်းရှင်းလင်းလင်း သိထားဖို့လိုပါတယ်။ လူအများဟာ အလုပ်အကိုင်ရှာဖွေဖို့ နယ်ခြားမျဉ်းများကို လွတ်လွတ်လပ် လပ်ဖြတ်ကျော်ရွေ့လျားသွားလာနိုင်တာကို 'ဟင်းလင်းပွင့် နယ်နိမိတ် များ' (Open borders) လို့ခေါ်တယ်။ နိုင်ငံများအကြား နယ်နိမိတ်များမရှိတာကို ဆိုလိုခြင်း မဟုတ်ပါဘူး။ မြို့ပြနိုင်ငံများ (nation-states) ကို ဖျက်သိမ်းပစ်ဖို့ ပြောတာလည်း မဟုတ်ပါဘူး။ ဒါတွေနဲ့ ဆန့်ကျင်ဘက်ပါ။ တစ်နိုင်ငံက တစ်နိုင်ငံသို့ ရွှေ့ပြောင်းအလုပ်လုပ်နေထိုင်ကြမှုဟာ ဘာကြောင့်ဆွဲအားကောင်းသလဲဆိုတော့ တချို့ နိုင်ငံတွေရဲ့ အခြေအနေက သိပ်ပြီးကောင်းမွန်နေပြီး အခြားသော နိုင်ငံတွေရဲ့ အလားအလာ က အင်မတန်ဆိုးရွားနေတဲ့အတွက် ဖြစ်ပါတယ်။

ချမ်းသာတဲ့နိုင်ငံများက အလုပ်သမားတွေ ဝင်ငွေပိုရကြတယ်။ ဘာ ကြောင့်လဲဆိုတော့ ပညာရေး အဆင့်အတန်းမြင့်တယ်။ နှစ်ပေါင်းများစွာ တည်ဆောက်ထူထောင်ထားကြတဲ့ ကောင်းမွန်တဲ့ အင်စတိကျူရှင်း (institution) တွေရှိတယ်။ ဒါတွေက အဲဒီနိုင်ငံတွေကို ချမ်းသာကြွယ်ဝဖို့ ဖန်တီးပေးတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးကလည်းရှိတယ်။ ပမာအားဖြင့် ကနေဒါနိုင်ငံက အင်စတိကျူရှင်း များကို ကမ္ဘောဒီးယားနိုင်ငံသို့ ပြောင်းရွှေ့ရတာခက်တယ်။ မလွယ်ဘူး။ ကမ္ဘောဒီးယား မိသားစုက ကနေဒါနိုင်ငံသို့ ရွှေ့ပြောင်းရတာက လွယ်ကူတယ်။ ဆင်းရဲမွဲတေမှုကို ဖယ်ရှားပစ်ဖို့ အမြန်ဆုံးနည်းလမ်းကတော့ ဆင်းရဲတဲ့နိုင်ငံက လူတွေကို နေရပ်စွန့်ခွာ ခွင့် ပြုဖို့ပါပဲ။

တကယ်လို့ နယ်နိမိတ်တွေ ပွင့်လင်းသွားခဲ့ရင် လူဘယ်လောက် ရွှေ့ ပြောင်းကြမလဲ။ လူအများရဲ့ သဘောထားအမြင်ကို မေးမြန်းကောက်ခံစာရင်းပြုစုတဲ့ Gallup အဖွဲ့ရဲ့ အဆိုကတော့ ၂ဝ၁၃ နှစ်ကဆိုရင် လူသန်းပေါင်း ၆၃ဝ လောက်က အပြီးအပြတ် ဇာတိနေရပ်ကို စွန့်ခွာရွှေ့ပြောင်းသွားနိုင်ပါသတဲ့။ ဒါက ကမ္ဘာ့လူဦးရေရဲ့ ၁၃ ရာခိုင်နှုန်းရှိတယ်။ ပြီးတော့ တချို့က ယာယီပြောင်းရွှေ့ချင်ကြတယ်။ အဲသလို ပြောင်းရွှေ့ခွင့်ရရင် ဘယ်နိုင်ငံကိုသွားကြမလဲ။ အမေရိကန် ပြည်ထောင်စုကို သွားရောက်အခြေချနေ ထိုင်ချင်ကြသူတွေက ၁၃၈ သန်း၊ ဗြိတိန် ၄၂ သန်း၊ ပြီးတော့ ဆော်ဒီ အာရေဗျကို ရွှေ့ပြောင်းချင်ကြသူတွေက ၂၉ သန်းလောက်ရှိပါသတဲ့။

တချို့ကတော့ Gallup ရဲ့ ခန့်မှန်းချက်ဟာ အရေအတွက် များလွန်းတယ်လို့ ယူဆကြတယ်။ လူတွေရဲ့ သဘောသဘာဝက မိမိရဲ့ ဇာတိချက်ကြွေမွေးရပ်မြေမှ မထွက်ခွာချင်ကြဘူး။ မလွှဲမရှောင်သာလို့ အကြောင်းအမျိုးမျိုးကြောင့် ထွက်ခွာရ မယ်ဆိုတောင်မှ ထွက်ခွာမယ့်သူအနေနဲ့ သတ္တိလည်းရှိဖို့လိုတယ်။ ဒူပေ နာပေခံနိုင်ဖို့လည်းလိုတယ်။ မိတ်ဟောင်းဆွေဟောင်း ဆွေမျိုးကောင်းတွေကိုလည်း စွန့်ခွာနိုင်ရမယ်။ ရင်းနှီးပြီးသား ဓလေ့ထုံးစံတွေနဲ့ အဘွားရဲ့ ချက်ပြုတ်လက်ရာတွေလည်း စွန့်လွှတ်နိုင်ရမယ်။ လူအတော်များများဟာ ရုပ်ဝတ္ထုအားဖြင့် တိုးတက်လာနိုင်တာကို သိမြင်ပေမယ့် ရိုးရာအစဉ် အလာတွေကို မစွန့်လွှတ်ချင်ကြပါဘူး။

ဂျာမနီနိုင်ငံမှာ လုပ်ခဟာ နှစ်ဆမြင့်တယ်။ ဥရောပသမဂ္ဂ EU ရဲ့ စည်းကမ်းချက်များအရ ဂရိနိုင်ငံသားများဟာ  ဂျာမနီကို လွတ်လွတ်လပ်လပ် ရွှေ့ပြောင်းနိုင်တယ်။ ဒါပေမယ့် ဂရိလူဦးရေ ၁၁ သန်းရှိတဲ့အနက် ၁၅ဝဝဝဝ လောက်ပဲ ဂျာမနီကို ပြောင်းရွှေ့ကြတယ်။ ဂျာမနီမှာ ဂရိလောက် ရာသီဥတုမသာယာဘူး။ ဂရိဘာသာစကားပြောတဲ့ လူတွေလည်းမရှိဘူး။ ကျွန်းစုနိုင်ငံဖြစ်တဲ့ မိုက်ခရိုနီးရှား Micronesia နိုင်ငံသားများကို ဗီဇာမလိုဘဲ သွားလာနေထိုင် အလုပ်လုပ်ကိုင်ခွင့်ကို အမေရိကန်ပြည်ထောင်စုက ၁၉၈၆ ခုနှစ်က စပြီးခွင့်ပြုထားတယ်။ သူတို့နိုင်ငံမှာ ထက် အမေရိကန်မှာ လုပ်ခအဆ ၂ဝ မြင့်မားတယ်။ ဒါပေမယ့် ရွှေ့ပြောင်းနေထိုင် ကြသူတွေဟာ စုစု ပေါင်း လူဦးရေရဲ့ သုံးပုံ တစ်ပုံ လောက်ပဲရှိတယ်။

Gallup ရဲ့ ခန့်မှန်းချက်ကို အရေအတွက် များလွန်းတယ်လို့ ဆိုကြသူတွေရှိသလို၊ နည်းလွန်းတယ်လို့ ထင်မြင်ယူဆကြသူတွေလည်းရှိတယ်။ ဂလိုဘယ် အတိုင်းအတာအရပြောရင် ချမ်းသာတဲ့နိုင်ငံများနဲ့ ဆင်းရဲတဲ့နိုင်ငံများအကြား ကွာဟမှုဟာ သိပ်ပြီးကြီးမားတယ်။ နယ်နိမိတ်များကို ဖွင့်ပေးလိုက်ရင် ဆင်းရဲတဲ့ နိုင်ငံများက လူတွေဟာ ချမ်းသာတဲ့နိုင်ငံတွေဆီ အလုံးအရင်းနဲ့ ဒလဟောလှိမ့်ဝင် လာနိုင်တယ်။

ဒီကနေ့ ချမ်းသာတဲ့နိုင်ငံများမှာ နေထိုင်ကြတဲ့ လူဦးရေဟာ ၁.၄ ဘီ လီယံရှိတယ်။ သိပ်ပြီး မချမ်းသာတဲ့ နိုင်ငံများမှာ နေထိုင်ကြသူတွေက ခြောက်ဘီလီယံတောင်ရှိတယ်။ ဒီတော့ လာမယ့်ဆယ်စုနှစ်များမှာ အနည်းဆုံး လူတစ်ဘီလီယံလောက်ကတော့ ချမ်းသာတဲ့ နိုင်ငံတွေဆီကို အခြေချနေထိုင်ဖို့ ရွှေ့ပြောင်းလာနိုင်တယ်။ ဒီလိုဆိုရင် ချမ်းသာတဲ့ နိုင်ငံတွေဟာ ဘယ်လိုပြောင်းလဲသွားမလဲ။

 

အဖြေမထွက်သေးတဲ့ ပုစ္ဆာ

စစ်ကြောင့် ဖွတ်ဖွတ်ကြေနေတဲ့ ဆီးရီးယားနိုင်ငံက စစ်ပြေးဒုက္ခသည်တွေ၊ လူဆိုးဂိုဏ်းတွေ ပြွမ်းပြွမ်းထနေတဲ့ ဂွာတီမာလာကလူတွေ၊ ပြီးတော့ ဖရိုဖရဲဖြစ်နေတဲ့ ကွန်ဂိုကလူတွေ ချမ်းသာတဲ့နိုင်ငံတွေဆီ ရောက်လာကြရင် သူတို့နဲ့အတူ ဖျက်ဆီး ရမ်းကားစရိုက်တွေပါလာမလား စိုးရိမ်ကြတယ်။ ဟုတ်ပါတယ်။ လူဆိုးလူမိုက်တွေ ပါလာရင် ခိုးဆိုးတိုက်ခိုက်ကြမှာပါပဲ။ အကြမ်းဖက်သမားတွေ ပါလာရင်လည်း သူတို့ရဲ့ လမ်း စဉ်အတိုင်း အကြမ်းဖက် လုပ်ငန်းတွေလုပ်ကြမှာပါပဲ။

University of Warwick က သုတေသီတွေဟာ ၁၉၇ဝ နဲ့ ၂ဝဝဝ ပြည့်နှစ်အကြား၊ ၁၄၅ နိုင်ငံမှာ ရွှေ့ပြောင်းစီးဝင်မှု အနေအထားကို လေ့လာခဲ့ကြတယ်။ သူတို့ရဲ့ တွေ့ရှိချက် က ဒီလိုရွှေ့ပြောင်းဝင်ရောက် နေထိုင်လာမှုကြောင့် အကြမ်းဖက်ဝါဒ လျှော့နည်းကျဆင်းသွားတယ်လို့ စစ်တမ်းထုတ်ခဲ့ကြတယ်။ ဘာကြောင့်လဲ ဆိုတော့ ရွှေ့ပြောင်းနေထိုင်လာကြသူတွေကြောင့် စီးပွားရေးက မြင့်တက် ကောင်းမွန်သွားတယ် လို့ ထောက်ပြခဲ့ကြတယ်။ ဒါပေမယ့် ဒီတွေ့ရှိချက်ဟာ ယနေ့ခေတ် ၂ဝဝဝ ပြည့်လွန်နှစ်များ အတွက် မှန်ကန်မှုရှိရဲ့လား ပြန်လည်ဆန်းစစ်ဖို့ လိုတယ်။

တကယ်လို့ ပြောင်းရွှေ့နေထိုင်လာကြသူတွေ အမြောက်အများဖြစ်လာရင် ချမ်းသာတဲ့ နိုင်ငံများရဲ့ယဉ်ကျေးမှုနဲ့ နိုင်ငံရေးဟာ ပြောင်းလဲမသွားနိုင်ဘူးလား မေးခွန်းထုတ်ကြတယ်။ အဖြေကတော့ ဧကန်မုချ ပြောင်းလဲသွားမှာပါ။ အမေရိကန်နိုင်ငံ ဘယ်လိုပြောင်းလဲသွားသလဲ သာဓကအဖြစ် လေ့လာကြည့်နိုင်ပါတယ်။ အမေရိကန်နိုင်ငံမှာ ၁၈ဝဝ ပြည့်နှစ်က လူဖြူငါးသန်းလောက်ပဲ ရှိတယ်။ ဒီကနေ့မှာတော့ လူဖြူ၊ လူမည်း၊ လူဝါ အရောင်အသွေးစုံ သန်း ၃၂ဝ ရှိတယ်။ ၂ဝ၅ဝ ပြည့်နှစ် ရောက်ရင် လူဖြူတွေရဲ့ လူဦးရေထက် လူမည်း၊ လူဝါတွေရဲ့ဦးရေက ပိုပြီးများလာနိုင်တယ်လို့ ဆိုကြတယ်။ ဒီတော့ အမေရိကန်နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ နိုင်ငံရေးက ပြောင်းလဲသွား မှာပါပဲ။

ဒီကနေ့ခေတ် အစိုးရများဟာ အခွန်ရငွေများကို လူငယ်များထံမှ သက်ကြီးရွယ်အိုတွေဆီ၊ ချမ်းသာသူတွေထံမှ ဆင်းရဲသားတွေဆီ ပြင်ဆင် ခွဲဝေပေးတဲ့ မူဝါဒကျင့်သုံးကြတယ်။  ဒီလိုဆိုရင် နိုင်ငံခြားမှ ရွှေ့ပြောင်းနေ ထိုင်လာကြသူတွေဆီက ရတာတွေကို တိုင်းရင်းသားတွေဆီ ပြင်ဆင်ခွဲဝေပေးတဲ့ မူဝါဒမကျင့်သုံးသင့်ဘူးလား။ လွတ်လွတ်လပ်လပ် ရွှေ့လျားသွားလာနိုင်တဲ့ ကမ္ဘာကြီးဟာ အမေရိကန်ဒေါ်လာ ၇၈ ထရီယံလောက် ပိုပြီး ကြွယ်ဝချမ်းသာလာနိုင်ပါသတဲ့။

မင်းရွှေမောင်

Ref:’’If borders were open: The & 78 Tillion Free lunch ‘The Economist, July 15,2017.

မင်းရွှေမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.