19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ခလုတ်မှန်သမျှ သီချင်းဖြစ်ပါစေ

ကျွန်တော်ငယ်ငယ်က နေထိုင်ခဲ့တဲ့ ရပ်ကွက်ကလေးထဲမှာ အင်မတန် ဆင်းရဲတဲ့ မိသားစုတစ်စုရှိတယ်။ ဖအေလုပ်တဲ့သူက အရက်သောက်တယ်။ ဖဲရိုက်တယ်၊ ကြက်တိုက်တယ်၊ အရက်ပုန်းရောင်းတယ်။ တစ်ခါတစ်ခါ သူတို့အိမ်ထဲမှာပင် ဝက်သတ် တယ်။ မိန်းမကလည်း ဆေးလိပ်ခုံက အငှားဆေးလိပ်သမ၊ အိပ်မှာ ဖဲဝိုင်းထောင်တယ်။ လင်မယားတွေ ရန်မဖြစ်တဲ့နေ့မရှိ။ ရပ်ကွက်ထဲမှာက ဝန်ထမ်းတွေကများတယ်။ ဝန်ထမ်းတွေဆိုတော့ အဲ့ဒီလင်မယားကို အာရုံမစိုက်နိုင်ကြဘူး။ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်တွေမှာတော့ သူတို့ဆီက အသံတွေကို သတိမထားဘဲ မနေနိုင်အောင်ကိုပဲ ကြားနေရတတ်တယ်။

သူတို့သားအငယ်လေးက ကျွန်တော်တို့အိမ်မှာ တီဗီလာကြည့်တတ်တယ်။ အမေက သနားတတ်တော့  မုန့်ပါအမြဲကျွေးတယ်။ အဲ့ဒီကလေးက သူ့အဖေကို တီဗီအမြဲပူဆာတယ်။ ဒါပေမယ့် သူ့မိဘတွေရဲ့ ကြမ်းတမ်းတဲ့ ဆုံးမမှုကြောင့် ငိုရတာပဲ အဖတ်တင်တာပါ။  သိတယ်မဟုတ်လား။ ခေတ်ကလည်း ရေဒီယိုက စလိုက်တာ ကက်ဆက်၊ တီဗီ၊ ဗီဒီယို၊ စလောင်း၊ အင်တာနက်ဆိုပြီး စဉ်ဆက်မပြတ်ပဲလေ။

အဲဒီကလေးရဲ့ အမေက အင်္ကျီ၊ လုံချည်နဲ့ အထည်တွေကို ချုပ်စရာ ဖာထေးစရာရှိရင် အမေ့ဆီကိုအမြဲလာတယ်။ အမေကလည်း စေတနာ ကောင်းကောင်းနဲ့ အမြဲချုပ်ပေးတတ်ပါတယ်။ အမေ့ဆီမှာ အိန္ဒိယဖြစ် ဆင်းဂါးစက် ကလေး တစ်လုံးရှိနေတာကိုး။ အင်း-သူတို့အိမ်မှာ ဝက်ပေါ်လို့ကတော့ ကျွန်တော်တို့ အိမ်မှာ ဝက်သားဟင်းကို မုန်းအောင်စားရပါတယ်။

ကျွန်တော့်ကို အမေက စက်ဘီးလေးတစ်စီး ဝယ်ပေးတော့ တစ်ရပ်ကွက်လုံးက သဘောကျကြတယ်။ ငှားလည်းစီးကြတယ်။ အမေက သဘောကောင်းလို့ ပေးစီးပေမယ့် ကျွန်တော် ကတော့ အူတိုတာပေါ့။

ကျွန်တော် နယ်တွေရောက်သွားတော့ အဲ့ဒီရပ်ကွက်လေးနဲ့ အဆက်ပြတ်သလို ဖြစ်သွားတယ်။ ကျွန်တော့်စက်ဘီးလေးကတော့ စီးမယ့်သူမရှိ၊ ပြင်မယ့်သူမရှိတဲ့ ဘဝရောက်သွားပြီလေ။ အခုကျွန်တော် အမြဲစီးနေတာ ကတော့ စက်လှေပါ။

ခေတ်ရဲ့တောင်းဆိုမှုအရတဲ့

ခလုတ်နှိပ်ရုံနဲ့ ထမင်း

ခလုတ်နှိပ်ရုံနဲ့ သီချင်း

ရှင်သန်ခြင်းဟာ စစ်မှန်သေးရဲ့လား။

ဖန်ပြွန်မွေးလူသား

ကိုယ်ဝန်အငှား

သားတရားစီရင်မှု

မိခင်အတုနဲ့အစစ်

စစ်ပွဲနဲ့ ဝမ်းရေး

အသွေးအသားနဲ့ အချစ်ပြဿနာ

ကမ္ဘာကြီးဟာ

၂၃ ဒီဂရီမက

ဒီဂရီအိကျလာပြီဆိုပဲ။

ကမ္ဘာပေါ်မှာ အသွေးအသားအတွက်က ဝမ်းရေး၊ ဝမ်းရေးအတွက်စစ်ပွဲ။ အိမ်တွင်းစစ်၊ ပြည်တွင်းစစ်တွေကနေ ကမ္ဘာစစ်ကြီးတွေအထိ။ ခလုတ်နှိပ်လိုက်ရုံနဲ့ တစ်ယောက်သေတဲ့ သေနတ်ကနေစပြီး ထောင်သောင်းချီ သေစေနိုင်တဲ့ စစ်လက် နက်တွေ တိုးတက်ထွန်းကား။ ဟုတ်တယ်လေ။ ထမင်းအိုးငှဲ့စရာမလို၊ စောင့်ကြည့်နေစရာမလို ခလုတ်နှိပ်လိုက်ရုံနဲ့ ထမင်းဖြစ်ပြီး ရေဒီယိုကနေ ဒစ်ဂျစ်တယ်ခေတ်အထိ ခလုတ်နှိပ်လိုက်ရုံနဲ့ သီချင်းဖြစ်ခဲ့ပါပြီ။

အသိပညာ အတတ်ပညာက

တစ်လုံး

တစ်ပွင့်

သီးပွင့်ပေးတိုင်း

အရိုင်းစိတ်က

တစ်ပင်

တစ်တော

ထူပြောလာလိုက်တာ...

 ငယ်ဘဝရပ်ကွက်လေးထဲက ဝက်မွေးဝက်ပေါ်တဲ့ အိမ်မှာရှိတဲ့ ကလေးလူကြီးတွေ အမြဲရန်ဖြစ်ကြ၊ ဆူကြပူကြတဲ့အခါ အမေက အမြဲတမ်းပြောတဲ့ စကားရှိတယ်။ သူတို့ တစ်တွေက ပညာမှမတတ်ကြတာပဲ သားရယ်တဲ့။ အဲ့ဒီတုန်းက အမှတ်တ မဲ့ရှိခဲ့ပေမယ့် အသက်ကလေးရလာလို့ စဉ်းစားတွေးခေါ်ကြည့်တဲ့အခါ အရမ်းမှန်တဲ့ စကားဖြစ်နေတာကို တွေ့ရပါတယ်။

ခလုတ်နှိပ်ရုံနဲ့ ထမင်း၊ ခလုတ်နှိပ်ရုံနဲ့ သီချင်းဆိုတာတွေက လူသားထုကို ကောင်းကျိုးပြုပါရဲ့။ ခလုတ်နှိပ်ရုံနဲ့ စစ်တလင်းဖြစ်ရတာကတော့ လူသားထုကို အကျိုးနည်းစေပါတယ်။ စက်မှုတော်လှန်ရေး၊ နည်းပညာတော်လှန်ရေးကြီးတွေ မပြီးဆုံး နိုင်သေးသလို စစ်ပြုတော်လှန်ရေး ကြီးကလည်း မပြီးသေးပါဘူး။

အသိပညာ အတတ်ပညာက တစ်လုံးတစ်ပွင့် သီးပွင့်၊ သီးပွင့်ပေးတိုင်း အရိုင်းစိတ်က တစ်ပင်တစ်တော ထူပြောလာလိုက်တာ။ ကမ္ဘာ့ငြိမ်းချမ်းရေးလို့ အသံကောင်းဟစ်နေကြပေမယ့်၊ အသိဥာဏ်ပညာနဲ့ ဆင်ခြင်တုံတရားတွေ အားနည်းနေသေးတာကြောင့်...

''အသွေးအသားရှိလို့သာ ယုံ ကြည်နေရ

       လူမှ ဟုတ်ပါစ''တဲ့။

       ရိုဘော့တွေက မေးသွားတယ်။

 လူနဲ့ စက်အပြန်အလှန် အသုံး ပြုနေကြတဲ့ ခေတ်ကြီးထဲမှာ လူသားထုတစ်ရပ်လုံး လူ့အသွေး၊ လူ့အသားနဲ့ ရှိနေကြသေးတာ အမှန်ပါပဲ။  ကျွန်တော်တို့ဟာ ရိုဘော့တွေမဟုတ်ပါဘူး။ တစ်ခုပဲရှိပါတယ်။ အသိဥာဏ်ပညာနဲ့ ဆင်ခြင်တုံတရားတွေ သာ အားကောင်းမောင်းသန်တပ် ဆင်နိုင်ကြဖို့ပါပဲ။ ကျွန်တော် ဆုတောင်းမိပါတယ်။ အသိဥာဏ်ပညာနဲ့ ဆင်ခြင်တုံတရားတွေ တစ်ပင်တစ်တောထူပြောပါစေ။ ခလုတ်မှန်သမျှ ထမင်းဖြစ်ပြီး၊ ခလုတ်မှန်သမျှ သီချင်းဖြစ်ပါစေတော့။ ခလုတ်မှန်သမျှ စစ်တလင်း မဖြစ်ပါစေနဲ့တော့။ ကျွန်တော်တို့ဟာ ရိုဘော့တွေက လူတွေမှ ဟုတ်ပါလေစလို့ မေးရလောက်အောင်အထိ အရိုင်းစိတ်တပ်ဆင်ထားတဲ့ လူသားတွေ မဖြစ်ကြပါစေနဲ့တော့ဗျာ။

 

လေပြေသုန်

ကိုးကား ကဗျာ

အိပ်မက်ဘာသာပြန် (နိုင်သစ်နီ)

၁၉၉၃၊ မြားနတ်မောင် မဂ္ဂဇင်း။

လေပြေသုန်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.