14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ဟောရင်းနဲ့သာ ပျံတော်မူရလိမ့်

ခုတစ်လော သတင်းစာတွေမှာဖတ်ရတဲ့ သတင်းပလင်းအစုံစုံထဲမှာ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိတဲ့ သတင်းတွေကို  စာရေးသူအာရုံကျကျနဲ့ စိတ်ဝင်စားမိသဗျ။

ဖမ်းမိရာမှာလည်း ဗျောက်ကလေးသုံးလေးလက်၊ ကျည်ဆန်ကလေး တစ်ဒါဇင်လောက်မှ မဟုတ်တာပဲ။ ဗျောက်ကလေး တစ်လက်နှစ် လက်မိတာဆိုရင် ဓားပြတိုက်ဖို့လောက်၊ အနုအကြမ်းစီးဖို့လောက်သာဖြစ်မယ်လို့ ခန့်မှန်းလို့ရတယ်။ အခုဖမ်းဆီးရမိတဲ့ လက်နက်တွေက ခေတ်မီမောင်းပြန်သေနတ် Automatic တွေချည်းပဲ။ ဒီလက်နက်တွေရဲ့ လားရာကတော့ရှင်းတယ်။ အစိုးရကို ပုန်ကန်နေတဲ့ တောတွင်းအုပ်စုတွေရဲ့ လက်ထဲ ရောက်သွားကြမှာပဲ။

 နောက်ထပ်လားရာတစ်ခု တွေးမိတာကတော့ မှောင်ခိုလက်နက်ကုန်သည်တွေရဲ့ ဈေးကွက်ပဲ။ တချို့ပြောတာကတော့ လက်နက်အရောင်း အဝယ်လုပ်ငန်းဟာ ကမ္ဘာပေါ်မှာ အမြတ်အစွန်းအများဆုံးတဲ့ဗျ။ ဒါကြောင့် ဝိသမလောဘသား အဖျက် သမားများဟာ အောက်လမ်းပယောဂ နည်းလမ်းပေါင်းစုံသုံးပြီး လက်နက် ကုန်ကူးနေကြတာထင်ပါရဲ့။

တစ်ခု သတိရတယ်ဗျာ။ ဆရာမောင်မြင့်ကြွယ် မြန်မာပြန်ထုတ်ဝေခဲ့ဖူးတဲ့ 'လက်နက်ကုန်သည်' ဆိုတဲ့စာအုပ်ပဲ။ မူရင်းစာရေးဆရာက Jonathan Black ပါ။ မူရင်းစာအုပ် အမည်ကတော့ The Carnage Merchants ပါတဲ့။

စာအုပ်နာမည်ကတင် ကျောချမ်းကြက်သီးထစရာကြီးပါ။ ဘာလို့လဲဆိုရင်  စစ်မြေပြင်မှာ ထိခိုက်သေဆုံးပြီး သွေးရဲသံရဲ အကျိုးကျိုးအပြတ်ပြတ်၊ အပဲ့ပဲ့အရွဲ့ရွဲ့နဲ့ ပုရွက်ဆိတ်တက်၊ လင်းတစား၊ ကျီးစားဖြစ်နေတဲ့ အသုဘအလောင်းပုံကြီးကို Carnage လို့ ခေါ်ဝေါ်သုံးနှုန်းလို့ပါပဲဗျာ။ စာရေးသူသာ ဘာသာပြန်ဆရာဆိုရင် အဲသည်စာအုပ်ကို 'မသာပွဲစား'လို့ နာမည်တပ်မိမှာပဲ။

 ပြည်တွင်းစစ်သက်တမ်း နှစ် ၇ဝ လောက်ရှိတဲ့ မြန်မာနိုင်ငံမှာ လက်နက်မှောင်ခို အရောင်းအဝယ်လုပ်တဲ့ မသာပွဲစားတွေရှိနေကြတာကို မငြင်းနိုင်ပါဘူး။ အဲသည် လုပ်ငန်းကို ကြိုးကိုင်နေကြတဲ့ အရင်းရှင်တစ္ဆေကြီးတွေက ကိုယ်ယောင် ဖျောက်ထားကြ တော့ လက်နက်တွေဖမ်းမိပေမယ့် ဒင်း(သင်း)တို့ကို အရိပ်အယောင်လောက်တောင် မမြင်ရပါဘူး။ မှောင်ခိုလက်နက်သယ်တဲ့ Carry ကယ်ရီတွေကိုသာ သတင်းစာထဲမှာ ဓာတ်ပုံနဲ့တကွ တွေ့ရတတ်ပါတယ်။ ဒင်း (သင်း) တို့ကလည်း ''ဆန်ခိုးမမိ၊ ဖွဲခိုးမိ'' တဲ့ အခြေအနေမှာ အပြုံးမပျက်ကြပါဘူး။ ထောင်ကျလည်း နောက်ကွယ်က သူတို့ ဆရာတစ္ဆေကြီးတွေက တစ်နည်းနည်းနဲ့တော့ ကယ်ကြမှာပဲ။ မသကာ ထောင်ထဲနေရလှ အလွန်ဆုံး ၁ဝ နှစ်ပေါ့ဗျာ။

 မောင်းပြန်ရိုင်ဖယ်သေနတ်တွေ၊ ကျည်ဘောက် box တွေ၊ ကျည်ဆန်တွေနဲ့ လက်ပူးလက်ကျပ် အဖမ်းခံရတဲ့ တရားခံဟာ (တရားဥပဒေအတိုင်း မထောက်မညှာ၊ မငဲ့မကွက်စီရင်မယ်) ဆိုရင် သေဒဏ်အထိကျနိုင်ပါတယ်။ ကျလည်းကျသင့်ပါတယ်။ လူ့အသက်အများကြီး ဒုက္ခရောက်အောင် တစ်ဖက်တစ်လမ်းကပံ့ပိုးတဲ့ ဒုစရိုက်ကောင်ပဲဗျာ။ သုတ်သင်ပစ်ရမှာပေါ့။

 မောင်းပြန်ရိုင်ဖယ် (အော်တိုမက်တစ်)တွေ မပြောနဲ့။ ကျည်ဆန်အတောင့် ၂ဝ ပဲပါတဲ့ ပစ္စတိုသေနတ်ကလေး တစ်လက်ကတောင် ဘယ့်ကလောက်အထိ ဒုက္ခပေးသလဲဆိုတာ ရှေ့နေကြီး 'ဦးကိုနီ' တို့၊ အရပ်သားအညတရ 'ဟီးရိုး' တက္ကစီဒရိုင် ဘာ 'ဦးနေဝင်း'တို့က အသက်စွန့်ပြီး သက်သေခံပြီးသားပါ။ အဲသည်အမှုက လူသတ်တရားခံကြည်လင်းကို ဖမ်းမိထားပါတယ်။  သူသုံးစွဲခဲ့တဲ့ လူ သတ်လက်နက် ဘယ်ကရသလဲဆိုတာ ဇာစ်မြစ်ကို ဖော်ထုတ်နိုင်ခဲ့ရင် စောစောကပြောခဲ့တဲ့ အသုဘပွဲစား ဆိုတဲ့ ငနဲက ဘွားဘွားကြီးပေါ်လာမှာပါ။

အသွား ခြောက်လက်မထက်ကျော်တဲ့ ဓားမြှောင်ကို တရားဥပဒေအရ လက်နက်ပုဒ်မတပ်နိုင်ပါလျက်နဲ့ (ထောင်ချနိုင်ပါလျက်နဲ့) သေနတ်တွေမိတဲ့အခါမှာ ပြစ်ဒဏ်က လျှော့လျှော့ပေါ့ပေါ့ မဖြစ်သင့်ပါဘူး။

ခက်တာက အဂတိလိုက်စားမှုတွေကြောင့် တာဝန်ရှိသူတချို့ရဲ့ လုပ်ရပ်တွေဟာ 'သူခိုးဓားရိုးကမ်း' ဖြစ်ကုန်ကြတယ်။ တရားဥပဒေစိုးမိုးချင်ရင် တရားဥပဒေကို စောင့်ရှောက် ထိန်းသိမ်းကြတဲ့ အသိုင်းအဝိုင်းထဲက 'စုန်းပြူး' တွေကို နာလန်မထူအောင် ပြတ်ပြတ်သားသား နှိပ်ကွပ်ပစ်ရမှာ ပဲဗျ။

မဆလခေတ်က တွေ့ဖူးကြုံဖူးပါတယ်။ ဆေးခြောက်ကလေး တမတ်သားလောက် လက်ဝယ်တွေ့ ရှိမှုနဲ့ အသက် ၆ဝ ကျော် မုဆိုးမအဘွားကြီးကို ဥပဒေအတိုင်း ထောင် ဒဏ် ငါးနှစ်ချပစ်လိုက်တာဗျ။ ဒါ မှန်တယ်။ အသက် ၆ဝ မကလို့ အသက်ရာကျော် ဘွားတော်ကြီးပဲဖြစ်ပစေ၊ ဥပဒေအတိုင်း စီရင်ရမှာပဲ။

       ''ရက်စက်ပါပေ့ကွယ်'' လို့ လာမပြောနဲ့။ တရားဥပဒေစိုးမိုးမှု Rule of Law က ပဓာနပဲ။

အခုလက်ရှိ ကမ္ဘာပေါ်မှာ တိုးတက်ဖွံ့ဖြိုးမှု ထိပ်တန်းရောက်နေတဲ့ ပေါက်ဖော်ကြီးတို့ တိုင်းပြည်မှာ လွန်ခဲ့တဲ့ နှစ် ၃ဝ လောက် ပြုပြင်ပြောင်းလဲရေးတွေ စလုပ်တော့ သူခိုးဓားပြ တွေကို ဘယ်လိုတရားစီရင်သလဲ၊ မကြားဖူးရင် မှတ်ထားကြ။

ရာဇဝတ်တောင်ကို လူမြင်ကွင်းမှာ လက်နောက်ပြန်လက်ထိပ်ခတ်ပြီး ဒူးထောက်ထိုင် ခိုင်းထားတယ်။ သူ့အနားမှာ သူ့ရဲ့မိဘ၊ ဇနီးမယား သားသမီး၊ ဆွေမျိုးညီကိုမောင်နှမတွေက သူ့ကို ဝိုင်းကြည့်ပေးနေကြရတယ်။ ခေတ်သစ်ပါးကွက်သားက ရာဇဝတ်ကောင်ရဲ့နောက်စေ့ကို ပစ္စတိုနဲ့တေ့ ပစ်ချလိုက်တာပဲ။ ပြီးပြီ ပွဲပြီးသွားပြီ။ ကျည်တစ်တောင့်ပဲ ကုန်တယ်။ ဒါနဲ့တင်မပြီးပြန်သေးဘူး။ အဲသည်မသာကို မိသားစုက တာဝန်ယူပြီး သင်္ဂြိုဟ်ရတယ်။ ကျည်ဆန်တစ်တောင့်ရဲ့ ကာလတန်ကြေးကိုလည်း မိသားစုက ပေးလျော်ရ ပြန်သေး တယ်။

''ဟေ့ ဟေ့ ဒီမိုကရေစီအစိုးရက ဒီမိုကရေစီစနစ်နဲ့ သွားနေတာကွ။ လူရိုင်းဥပဒေ Law of the Jungle တွေ သွင်းမလာပါနဲ့''လို့ တားမြစ်အော်ဟစ်ချင်တဲ့လူတွေ ရှိပါသေး သလား။ လူဆိုးဂျပိုး သူခိုးဓားပြတွေကို ကရုဏာထားချင်ကြသေးသလား။

ဘယ်စနစ်၊ ဘယ်ဝါဒကို ကျင့်သုံးတဲ့ နိုင်ငံပဲဖြစ်ဖြစ် တရားဥပဒေစိုးမိုးမှုအတွက် အာဏာကုန်သုံးစွဲရမှာပဲလို့ ထင်တယ်ဗျာ။

 ''ရောဂါကြမ်းရင်ဆေးကြမ်းနဲ့ ကု'' လို့ ဟောရင်းနဲ့ သေချင်သေသွားပါစေ။

ကြူးနှစ်

ကြူးနှစ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.