28-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာနိုင်ငံ၏ ပြည်ပရင်းနှီးမြှုပ်နှံမှု ဟိုတယ်ကဏ္ဍတွင် ဟောင်ကောင်မှ ရင်းနှီးမြှုပ်နှံမှု ငါးခုရှိနေပြီး အဆင့်လေးတွင် ရှိနေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1030
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ကျွန်တော်တို့ဟာ အတူတူပါပဲ

  ပြီးခဲ့တဲ့ ဇွန်လက ကျွန်တော် တောင်အာဖရိကကို ရောက်သွားတယ်။

 ကျွန်တော်တို့အများစုက အာဖရိကဆိုတာနဲ့ ပူအိုက်မယ်။ ဆင်းရဲမယ်။ ရိုင်းစိုင်းတဲ့ လူတွေနေထိုင်မယ်လို့ထင်ကြတယ်။

သူတို့မှန်းတဲ့ ခန့်မှန်းချက်တစ်ခုကတော့ အဲဒီမှာလူမည်းအများစုနေ ထိုင်တယ်ဆိုတာပါပဲ။

ကျွန်တော်တို့ရောက်သွားတဲ့ တောင်အာဖရိကနိုင်ငံမှာ လူမည်း ၈ဝ ရာခိုင်နှုန်းရှိတယ်။ လူဖြူတွေကတော့ ဥရောပကပြောင်းရွှေ့နေထိုင်သူတွေနဲ့ သူတို့မျိုးနွယ်တွေပါပဲ။ လူဖြူတွေနဲ့ လူမည်းသွေးနှောပြီး အရောင်ရှိသူ လူတစ်မျိုးလည်း တွေ့ရတယ်။ သူတို့ကို Coloured လို့ ခေါ်ပါတယ်။ ကျွန်တော်တို့ဆီက ကုလားဆိုတဲ့ အသံနဲ့တော့ဆင်ပါတယ်။

        ကျွန်တော်တို့ခေါ်တဲ့ ကုလားတွေကတော့ မြန်မာပြည်အနောက်ဖက်နိုင်ငံတွေက အသားမည်းတဲ့ သူတွေကို ခေါ်တာပါပဲ။

        ဒီလိုမတူတာနဲ့ စိတ်ဝမ်းကွဲတာတွေ အများကြီးဖြစ်ခဲ့တာကို တွေ့ရတယ်။

        မြန်မာနိုင်ငံမှာဆိုရင် ထူးထူးခြားခြား အသားအရေ အရောင်အသွေး မတူသူတွေရှားပါတယ်။

        အဝတ်အစား အနေအထိုင်ကြောင့်သာမတူဘူးလို့  ထင်နေကြတာတွေရှိတယ်။

        ကျွန်တော် မော်လမြိုင် တက္ကသိုလ်မှာ ၁၉၈ဝ ပြည့်နှစ်အလွန်တွေက အဖြစ်အပျက်တွေကို သတိရပါတယ်။

        ကျွန်တော်က ဓာတုဗေဒဌာနက ကထိကပါ။ ကျောင်းအုပ်ကြီးက ဦးခင်မောင်တင့် (တက္ကသိုလ်ဘုန်းနိုင်) ဖြစ်တယ်။

        ကျွန်တော်က အနုပညာအသင်းနဲ့  တိုင်းရင်းသားယဉ်ကျေးမှုအသင်းများကို တာဝန်ယူရပါ တယ်။

        ဒီအသင်းတွေစုပေါင်းပြီး ပြည်ထောင်စုနေ့ ကပွဲပြုလုပ်ကြတယ်။

        ဖေဖော်ဝါရီလ ၁၂ ရက်နေ့အတွက်မှာကျောင်းက ခန်းမကြီးမှာ ဖျော်ဖြေရေးအတွက် စီစဉ်ဆောင်ရွက်ကြပါတယ်။

ကံကောင်းတာက ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသဖြင့် အက္ခရာစဉ်လိုက်စီစဉ်ပြီး ပြည်ထောင်စု သီချင်း ကို ဆိုစေပါတယ်။

ကံကောင်းချင်တော့ မော်လမြိုင်တက္ကသိုလ်မှာ တိုင်းရင်းသား လူမျိုးပေါင်းစုံရောက်နေတာပါပဲ။ အကြောင်းကတော့ အဏ္ဏဝါဇီဝဗေဒကို သင်ယူရန်ရောက်လာခြင်းပါပဲ။

 ပင်လယ်ကို တစ်ကြိမ်မှမမြင်ဖူးသော တောင်ပေါ်သားများ အဏ္ဏဝါဇီဝဗေဒယူတာကတော့ ထူးခြားအံ့သြဖွယ်ရာပါပဲ။

 ဒါကြောင့် ကျွန်တော်တို့က တိုင်းရင်းသားဝတ်စုံထူးထူးထွေထွေ ရှာစရာမလိုဘူးပေါ့။ သူ့အဝတ်သူ ဝတ်နဲ့ ပွဲကိုလှပအောင် စီစဉ်နိုင်ပါ တယ်။

ဒါပေမယ့် အစမ်းလေ့ကျင့်ချိန်မှာ ဆရာ ဦးခင်မောင်တင့်ရောက် လာပါတယ်။ သူကတော့ ကျောင်း အုပ်ကြီးဆိုတာထက် အနုပညာမျက်စိနဲ့ ကြည့်တဲ့သူပါပဲ။

ကျွန်တော်တို့ ကျောင်းသားတွေစုပြီး လေ့ကျင့်စကတည်းက ဆရာ ဦးစောထွန်းက ဆရာကြီးကိုသွားခေါ် ပါတယ်။

ဇာတ်တိုက်တာကို ဆရာကြီးလိုက်ကြည့်ပါလို့ပြောတော့ ဆရာကြီးက ''ဆရာက ကျောင်းအုပ်ကြီးပဲလေ။ ဟိုနေရာသွား ဒီနေရာသွားနဲ့ ကျောင်းသားတွေအနေခက်မယ်။ ဆရာ့အတွက်လည်း မကောင်းဘူး။ ဆရာတို့ပဲ ကြီးကြပ်ပါလို့ ပြောခဲ့ တယ်။

 မော်လမြိုင်ကောလိပ်ကျောင်း တော်ကြီးဟာ အင်မတန် ခမ်းနားပြီး လွတ်လပ်ပါတယ်။

အစမ်းလေ့ကျင့်တဲ့ Rehearsal ရောက်တော့မှပဲ ဆရာကြီး ဦးခင်မောင်တင့်လာကြည့်တယ်။ သူက ''ဆရာကိုစောထွန်း၊ အဖွင့်သီချင်းကို ဆိုတာကောင်းပါတယ်။ ဒါပေမယ့် မျက်စိပသာဒမရှိဘူး''

        ''ဘယ်လိုလဲ ဆရာကြီး''

        ''အနိမ့်အမြင့် အစီအစဉ်မကျဘူး''

''ဒါကတော့ ဆရာကြီး၊ ကျွန်တော်တို့က ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသဖြင့် သူတို့ လူ မျိုးတွေကို အစီအစဉ်ချထားတာ''

        ''ဒါဆို ပြောင်းလိုက်လေ''

        ''အက္ခရာအစီအစဉ် လွဲသွားမယ်ပေါ့ ဆရာကြီး''

 ''ဆရာက အက္ခရာအစီအစဉ် ပြောင်းခိုင်းတာ မဟုတ်ဘူး။ အဝတ်တွေလဲဝတ်ဖို့ပြောတာ။ အပုဆုံးကို ကချင်ဝတ်ခိုင်းပြီးတော့ နည်းနည်းအရပ်မြင့်ရင်ချင်းပေါ့။ အဲဒီလို ပြောင်းလဲဝတ်ခိုင်းလိုက်ပေါ့''

        ''ခင်ဗျာ''

        ''ဒါမှမဟုတ်လည်း အပုဆုံးကို မြန်မာဝတ်စုံဝတ်ခိုင်းပြီးတော့ နည်းနည်းအရပ်မြင့်ရင် ရှမ်းထားပါလား''

        ''ဖြစ်ပါ့မလား''

        ''ပြည်ထောင်စုသားချင်းတွေပဲ''

        ဆရာကြီး ပြောတာမှန်ပါတယ်။ အဝတ်တွေလဲပြီး ဝတ်ခိုင်းလိုက်ပါတယ်။

မွန်မလေးက ကချင်ဝတ်စုံဝတ်လိုက်တော့လည်း ကချင်မလေးပုံပါပဲ။ ရခိုင်မလေးက ရှမ်းဝတ်စုံဝတ် တယ်။ ဒါလည်း အဆင်ပြေနေတယ်။

        အားလုံး အတူတူပါပဲလား။ ကျွန်တော်တို့ ဘယ်လိုခွဲမလဲ''

        ဒီတော့မှ ကျွန်တော် သဘောပေါက်ပါတယ်။ ဆရာကြီးပြောသလို တို့တစ်တွေဟာ ပြည်ထောင်စုသား ချင်းတွေပဲဆိုတာ။

၁၉၄၇ ခုနှစ်က  ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလန်သွားပြီး လွတ်လပ်ရေးအတွက် ဆွေးနွေးတော့ တောင်တန်းဒေသက ကန့်ကွက်ကြောင်း ကြေးနန်းတစ်စောင်ဝင်လာတယ်။

        ''အောင်ဆန်းသည် တောင်တန်း ဒေသ၏ ကိုယ်စားလှယ်မဟုတ်''လို့ ပါဝင်တယ်။

        ကိုလိုနီတစ်ခေတ်လုံး ပြည်မဒေသနဲ့ တောင်တန်းဒေသတို့ကို အင်္ဂလိပ်က သွေးခွဲအုပ်ချုပ်ထား ခဲ့တယ်။

        ဒါကြောင့် တစ်ဦးကိုတစ်ဦး မယုံကြပါဘူး။

ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးရယူခဲ့လျှင် တောင်တန်းသားတွေကို ဖိနှိပ်မည်ဟု တိုင်းရင်းသား တွေက ယုံကြည်နေကြတယ်။

        ဗိုလ်ချုပ်အောင်ဆန်း မြန်မာပြည်ကို ပြန်လာခဲ့ရတယ်။ ပြီးတော့ ပင်လုံညီလာခံကျင်းပခဲ့ရပါတယ်။

        ဒါပေမယ့် အရေးကြီးတော့ သွေးနီးခဲ့ကြတယ်။ ပင်လုံသဘောတူ ညီစာချုပ်ဆိုနိုင်ခဲ့ပါတယ်။

        အဲဒီချိန်က စာချုပ်မှာ ပါဝင်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင်ပါဝင်မည့် သူများမှာ ရှမ်း၊ ကချင်နဲ့ ချင်းတို့သာ ဖြစ်တယ်။

        ကရင်နီ(ကယား)က ပြည်ထောင်စုထဲဝင်မဝင် မဆုံးဖြတ်ရသေး ပါဘူး။

လွတ်လပ်ရေးကို တစ်နှစ်အတွင်းပေးပါမည်ဆိုတဲ့ သဘောတူညီချက်ပါဝင်တဲ့ အောင်ဆန်း-အက်တလီ စာချုပ်ချုပ်ပြီးမှသာ တောင် တန်းဒေသစုံစမ်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့တယ်။ အဲဒီအဖွဲ့ဟာ တိုင်းရင်းသား များထံကိုသွားပြီး သူတို့သဘော ထားတွေကိုရယူခဲ့တယ်။ အဲဒီ နောက်မှ အခြေခံဥပဒေကို ရေးဆွဲခဲ့တာပါပဲ။ အဲဒီ ၁၉၄၇ ခုနှစ် အခြေခံ ဥပဒေဟာ လွတ်လပ်ရေး တစ်နှစ်အ တွင်း ရရှိမည်ဖြစ်တဲ့အတွက် သုံးလနဲ့ အပြီး ရေးဆွဲခဲ့ရတာပါပဲ။

ဒီလို အလျင်အမြန်ရေးခဲ့ပေမယ့် ဒီအခြေခံဥပဒေကို ဗြိတိသျှပါ လီမန်အောက်လွှတ်တော်ကို တင်ပြ တော့ ဗြိတိသျှနန်းရင်းဝန်ကပင် ကောင်းမွန်သင့်မြတ်ကြောင်း ချီးကျူး ခဲ့ပါတယ်။

        ဒီလို ကြိုးစားရင်း လွတ်လပ်ရေးရခဲ့ပါတယ်။

 တောင်တန်းရော မြေပြန့်ရော အတူတူလွတ်လပ်ရေးရတာပါပဲ။အခြေခံဥပဒေအရ တည်ငြိမ်အေး ချမ်းလာတဲ့ ၁ဝ နှစ်အလွန်မှာ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ဖို့ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

ဖယ်ဒရယ်ဆိုတာ ခွဲထွက်တာ မဟုတ်ပါဘူး။ တစ်စုတစ်စည်းတည်း ရှိတာကို ပြောတာပါ။ ကိုယ်ပိုင် အုပ် ချုပ်ခွင့်ရတဲ့ ပြည်နယ်တွေကို ပေါင်းစည်းထားတာပါ။

        အဲဒါကို ဖယ်ဒရယ်ပြည်ထောင် စုလို့ ခေါ်တာပါပဲ။

        လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်သန်းခွဲက လူတူသတ္တဝါတွေ ပေါ်လာတယ်။

        လူတွေကတော့ နှစ်ပေါင်း ရှစ် သိန်းလောက်ကပေါ်လာတယ်ဆိုတယ်။

        သူတို့ဟာ ကမ္ဘာကြီးမှာ လျှောက်သွားရင်း အသားအရောင်တွေ အသွင်အပြင်တွေ ပြောင်းသွားတာပါ။

        သဲကန္တာရတွေမှာ နေထိုင်သူတွေက မျက်လုံးတွေမှေးသွားတယ်။ နှင်းတွေထဲနေသူက အသားအရောင် ဖွေးဖြူသွားပါတယ်။

        အာဖရိကက လူတွေ မည်းနေမြဲ မည်းနေသတဲ့။

        ဒါကို ဒါဝင်ကလည်း သက်သေ ပြခဲ့တာပါပဲ။

        လူသားတွေဟာ မောင်နှမဝမ်းကွဲ တွေမဟုတ်ပါဘူး။ အရင်းတွေပါပဲ။

        (ဝမ်းကွဲတွေဟာ ကမ္ဘာကြီးမှာ ဆက်လက်မရပ်တည်နိုင်လို့ မျိုးသုဉ်း သွားပြီဖြစ်တယ်။)

 တောင်အာဖရိကမှာ လူဖြူတွေ လာရောက်အခြေချနေထိုင်တယ်။ သူတို့ဟာ လူမည်းတွေနဲ့ မတူဘူးဆို ပြီး ခွဲခြားအုပ်ချုပ်ရေး Apartheid ဆိုတဲ့ ပုံစံနဲ့အုပ်ချုပ်ခဲ့တယ်။ နှစ် ၂ဝဝ ကျော် မအေးချမ်းခဲ့ဘူး။ မတိုး တက်ဘူး။

        သွေးမြေကျတဲ့ ဖြစ်ရပ်တွေနဲ့သာ ကြုံခဲ့ရတယ်။

        ခုတော့ တောင်အာဖရိက ချမ်းသာလာပါပြီ။

        မြန်မာပြည်ကိုကြည့်ပါ။

 နိုင်ငံလည်း ဆင်းရဲတယ်။ ပြည်သူတွေလည်း ဆင်းရဲပါတယ်။ အထူးသဖြင့် တိုင်းရင်းသားသူပုန် လက်နက်ကိုင်တပ်ဖွဲ့များစွာဟာ လွတ်လပ်ရေးရပြီးကတည်းက လှုပ်ရှားနေသည် မှာ ယနေ့တိုင်ပင်ဖြစ်တယ်။

        ကမ္ဘာ့မှတ်တမ်းမှာ ပြည်တွင်းစစ် အသက်အရှည်ဆုံးဆိုပြီး သတ်မှတ်ထားကြပါတယ်။

        ပြည်သူတွေ ဆင်းရဲလှပါပြီ။ စီးပွားရေးကြောင့် ဆင်းရဲရသလို စစ်ကြောင့်လည်း ဆင်းရဲရပါတယ်။

        တောင်အာဖရိကနိုင်ငံ ချမ်းသာလာတာကို ပြောတာပါ။

        ငြိမ်းချမ်းရေးဆိုင်ရာနဲ့ အထူးပတ်သက်ပါတယ်။

ကျွန်တော်တို့ဆီ တောင်ပေါ်မြေပြန့် တစ်သားတည်းရှိမှသာ ကမ္ဘာ့အလယ်မှာ မျက်နှာမငယ်ဘဲ ဝင့်ကြွားနိုင်တဲ့ နိုင်ငံတစ်ခုအဖြစ်ရပ် တည်နိုင်လာမှာပါ။

        တိုင်းရင်းသားများက ကျွန်တော်တို့မိသားစုဝင်များပါပဲ။ သူတို့နဲ့ ကျွန်တော်တို့ လက်တွဲကြရမယ်။

        သူတို့ကို နေရာပေးရမယ်။

သူတို့နေရာတွေမှာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရမယ်။ ယနေ့ စာတတ်ပေတတ်  တိုင်းရင်းသား တွေ အများကြီး ထွက်ပေါ်လာပါပြီ။

        မှန်ကန်တဲ့ ပညာရေးစနစ်ကို ဖန်တီးဖို့လိုတယ်။

        စာတွေဖတ်နိုင်ဖို့ စာကြည့်တိုက် ကအစ တိုးတက်လာအောင်ကြိုးပမ်း ပေးရမှာဖြစ်တယ်။

        မှန်ကန်တဲ့ အုပ်ချုပ်ရေးစနစ်က ကျွန်တော်တို့ကို မြင့်မားစေနိုင်ပါတယ်။

        မေတ္တာထားကြပါ။

        ကျွန်တော်တို့ဟာ အတူတူပါပဲ။

 

 ဒေါက်တာခင်မောင်ညို

ဒေါက်တာခင်မောင်ညို
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.