21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
သူတို့က မြေပေါတယ်လေ

နံနက်ခင်း ဘုရားဝတ်ပြုချိန်မှာပင် စက်မှုက ကိုအောင်လင်း ရောက် လာသည်။

ကိုအောင်လင်းမှာ အောင်မြန်မာ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်ကို မြို့သစ်စက်မှု (၁)၊ ၆၂ လမ်းတွင် ဖွင့်လှစ်ထားသည်။ သူသည် စစ်ကိုင်းတိုင်းဒေသကြီး မိုးသောက်ကျေးရွာမှဖြစ်၍ လူငယ်ပီပီ မန္တလေးသို့ စွန့်စားရောက်ရှိလာရာမှ လုပ်ငန်းရှင်ဖြစ်လာခဲ့သည်။ သူသည် စီးပွားရေး လုပ်ငန်းမှန်သမျှ တော်တော်များများလုပ်ခဲ့ဖူးသည်။ မတ္တရာမှာမြေကွက်တွေဝယ်ပြီး အုတ်ဖုတ်ခဲ့ဖူး သည်။ ထုံးဘိုမှာလည်း ကျောက်တောင်တွေကို ဖြို၍ ထုံးဖုတ် ခဲ့သေးသည်။

 နောက်တော့ စက်မှု(၁)မှာ ''ဒေါ်လာ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး''လုပ်ငန်း ထူထောင်သည်။နောက်ကွန်ကရစ်ခွေ လုပ်ငန်းတွေလုပ်သည်။ သူ့လုပ်ငန်းတွေ အောင် မြင်လာတော့ ဆွေမျိုးသားချင်းများကို လုပ်ငန်းထဲခေါ်သွင်းခဲ့သည်။ သူ၏ကျေးဇူးပြုမှုဖြင့် မိုးသောက်ရွာသား အတော်များများ မန္တလေးမြို့ကြီးတွင်အခြေချကာ အိမ်ဆောက်ပစ္စည်းလုပ်ငန်း၊ ကွန်ကရစ်ရေတွင်းခွေလုပ်ငန်းတို့ဖြင့် အခြေချနေနိုင်ခဲ့ကြသည်။ ဆိုင်ခွဲတွေ ထောင်ပေးသည်။ အရင်း အနှီးစိုက်ထုတ်ပေးသည်။ ဟင်းစားပေးရုံမျှမက ကွန်ချက်ပါပြ၍ အိတ်သွန်ဖာမှောက် ပညာကုန်ပေးကာ အစစအရာရာကူညီခဲ့သည်။

သူသည် ပရဟိတသမားစစ်စစ်ဖြစ်သည်။ စာလည်း အလွန်ဖတ်သည်၊ စာဖတ်သည်မှ ဟိုဟာတိုနှံ့နှံ့၊ သည်ဟာတိုနှံ့နှံ့မဟုတ်။ စာမျိုးစုံဖတ် သည် ကိုယ်တိုင်စာ ဖတ်သလို စာဖတ်ရန်လည်း တိုက်တွန်းသည်။ သူ၏ကောင်းမှုဖြင့် မိုးသောက်ရွာတွင် စာကြည့်တိုက်ကလေးဖြစ်ထွန်းပေါ် ပေါက်ခဲ့သလို သူ၏အစပျိုးမှုဖြင့် နှစ်စဉ် မိအိုဖအိုများပူဇော်ပွဲကို ထိုက်ထိုက်တန်တန်၊ ခမ်းခမ်းနားနားပြုလုပ် နိုင်ခဲ့ကြသည်။

သည်နေ့သူရောက်ရှိလာသည်မှာ ရဟန်းစာဆို ဆရာတော်အရှင်တေဇာလင်းထံ အတူတကွသွား ရောက်ဖူးမြော်လို၍ ကျွန်တော်က ဖုန်းဆက်ချိန်းဆိုခဲ့သောကြောင့်ဖြစ်သည်။ ကားပေါ်ရောက်တော့ သူက ''ဆရာ နည်းနည်းစောပါသေးတယ်။ ကျွန်တော့် ခြံထဲစိုက်ဖို့ သရက်ပင် လေးသွားဝယ်ချင်လို့''ဟု ဆိုသည်။

မှန်သည်။ ယခုအခါ သူသည်တောင်အင်း၊ မြောက်အင်းဘေးတွင် မြေဧက တော်တော်များများကို ဝယ်ယူကာ ထုံးဂိုထောင်နှင့် ထုံးကြိတ် စက်ရုံထောင်ထားသည်။ နေရာကျယ် ဝန်း၍ မြို့၏တောင်ဖျားအ စွန်းကျသည်။ သူ့မြေမှာသစ်ပင်မျိုးစုံ စိုက်ပျိုးထားသည်ကို ကျွန်တော်တွေ့ ခဲ့ရသည်။ ပြီးခဲ့သည့် သုံးလေးနှစ်လောက်ကလည်း နဂါးမောက်ပင်တွေ စမ်းသပ်စိုက်ပျိုးခဲ့ရာ အောင်မြင်ခါနီးမှ မိုးသီးကြွေမုန်တိုင်းမိ၍ ပျက်စီးခဲ့ရသည်။ သူ့ဇနီး မနီ(ခေါ်) နီနီဝင်းမှာ ဆည်ရွာသူဖြစ်၍ သရက်ခြံများပိုင်သည်။ သူ့ဇနီး ခြံထွက်သရက်သီးများကို ကျွန်တော် မကြာခဏ စားသုံးဖူးသည်။ စိန်တစ်လုံးမျိုးများဖြစ်၍ ချိုမြိန်လှသည်။

သူ့ဇနီး သရက်ခြံရှိပါလျက် သရက်ပျိုးပင်ကို ဘာကြောင့် လိုက် ရှာဝယ်မှာပါလိမ့်ဟု ကျွန်တော် အောက်မေ့မိသည်။ ပျိုးဥယျာဉ်ခြံတွေကို သူနဲ့အတူ လိုက်မေးတော့မှ မကြာသေးမီကမှ ခေတ်စားလာနေသော ခရမ်းရောင်၊ အနီရောင်အသီးများသီးသည့် ယိုးဒယားသရက်မျိုးကို လိုချင်မှန်း ကျွန်တော်သိရသည်။ ယိုးဒယားဆင်စွယ်သီးဟုလည်း သတ်သတ်ရှိသေးသည်ဟုဆိုသည်။ သူနဲ့အတူ လျှောက်သွားမိမှပဲ မန္တလေးမြို့ကြီးမှာ ပျိုးဥယျာဉ်ဆိုင် တွေ ဒါလောက်များမှန်း သိရသည်။ မန္တလေး ပြင်ဦးလွင်ကားလမ်းနံဘေး နန်းတော်ရှေ့တစ်ခွင်မှာ ပျိုးဥယျာဉ်ဆိုင်တွေရှိသည်။ ၃၅ လမ်းတစ်လျှောက်မှာရှိသည်။ အပေါများဆုံးကတော့ မန္တလေးကျုံးမြို့ရိုးမြောက်ဘက် လမ်းတစ်လျှောက် ရတနာပုံတိရစ္ဆာန်ဥယျာဉ်အနီးနှင့် မန္တလေး တောင်ခြေ ဂေါက်ကွင်းအနီး မိုးကုတ်၊  မတ္တရာလမ်းတစ်လျှောက်ဖြစ်သည်။

 နောက်ဆုံးမှ သူ့မိတ်ဆွေညွန် လိုက်သည်ဆိုသော မန္တလေးဘိုးဘွား ရိပ်သာရှေ့မှ 'နီလာ' ပျိုးပင် ရောင်း ဝယ်ရေးဆိုင်သို့ ရောက်သည်။

ပျိုးဥယျာဉ်ထဲဝင်သွားမိသည်နှင့် ကျွန်တော့်တစ်ကိုယ်လုံးစိတ်ပျို လတ်ဆတ်သွားသလားထင်ရ သည်။ လမ်းဘေးမှာလူတစ်ရပ်သာသာရှိ သရက်ပျိုးပင်များ၊ ဝါးပင်ပျိုးပင်ငယ် များ၊ ပိတောက်ပင်များ၊ တခြားသောပျိုးပင်များဖြင့် စိမ်းစိမ်းစိုစိုရှိလှသည်။ ဆိုင်အတွင်းသို့ ဝါးတံတားလေးမှဖြတ်၍ ဝင်သွားရသည်။ ဘန်ဂလိုကလေးကဲ့သို့သော နားနေခန်းနှင့်၊ ဝါးများဖြင့် ပြုလုပ်ထားသော ခုံတန်း လျားရှည်များ၊ ဆက်တီစုံများ၊ ပရိဘောဂများတွေ့ရသည်။

တစ်တောင်သာသာဖြင့် အသီးသီးနေသော ခရမ်းရောင် ယိုးဒယား သရက်ပင်ပျိုးပင်များ၊ အနီရောင် အသီးသီးနေသော ယိုးဒယားသရက် ပျိုးပင်များကို တွေ့ရသည်။ လေးပေ ကျော်ကျော်၊ ငါးပေခန့်ရှိသော ယိုးဒယားသရက်သီးမျိုး ခရမ်းရောင်သီး၊ အနီရောင်အသီးပင်များကို မေး ကြည့်တော့ တစ်ပင်လျှင် ငွေကျပ်နှစ်သောင်းခွဲဟုဆိုသည်။ သူ့ထက်ကြီး၍ အသီးသီးနေ တာတွေကတော့ သုံးသောင်းခွဲမှ ငါးသောင်းထိရှိသည်။

''ဘာလို့ ဒါလောက်ဈေးကြီးရတာလဲဗျာ။ စားလို့ရောကောင်းရဲ့လား၊ အသီးပဲလှတာလား''ဟု ကျွန်တော်ကမေးတော့ ''စားလို့ကောင်းတယ် ချိုတယ်''ဟု ဆိုင်မှအရောင်း တာဝန်ခံ အမျိုးသမီးက ပြောသည်။

        ''စိန်တစ်လုံး ပျိုးပင်တွေကော မရှိဖူးလား''

        ''ရှိတာပေါ့''

        သူမက နှစ်တောင်ခန့်မြင့်နေပြီဖြစ်သော သရက်ပင်ပေါက် ပျိုးပင် များကိုပြသည်။

        ''သူ့ကျတော့ ဘယ်လောက်လဲ''

        ''တစ်ပင်နှစ်ထောင်''

ဟင် ကွာလှချည်လားဟု ကျွန်တော်တွေးမိသည်။ ကျွန်တော့် အိမ်ခြံဝင်းထဲမှာတော့ စိန်တစ်လုံးသရက်ပင် ခုနစ်ပင်ခန့်စိုက်ထားရာသုံးပင် လောက်သာရှင်သည်။ မစိုက်ရသေးပဲ ထားတာသုံးပင်လောက်ရှိသေးသည်။ ဝင်းကျယ်ခြံကျယ်မဟုတ်၍ စိုက်ရန် နေရာမရှိတော့ကြောင့်ဖြစ် သည်။

''ဟောဟိုအပင်ကလေးကကော ဘာပင်လဲ၊ ဘယ်လောက်လဲ'' ဟု ကိုအောင်လင်းက ဝါးတံတားထိပ်မှ စံပယ်ပန်းနှင့် ခပ်ဆင်ဆင်ရောင်စုံ အပွင့်ကလေးများ ပွင့်နေသည့် သစ်ပင်ကို မေးသည်။

        ''အဲဒါက ထားဝယ်မှိုင်းပင်လေ၊ ခုမှပျိုးထားတာ ရောင်းဖို့ မရှိသေးပါ ဘူး''

''ကျွန်တော် အံ့သြသွားသည်။ ကျွန်တော်တို့ ငယ်ငယ်ကတော့ ခုလိုထားဝယ်မှိုင်းပင်တွေ ဟီးထနေအောင်ပွင့်သည်။ အိမ်ခြံဝမှာ အမိုးကလေး လုပ်ပေးထားလျှင် နွယ်ယှက်၍တက်သည်။ နောက်တော့ အဖေကရှုပ်တယ်ဆိုပြီး ခုတ်ပစ်လိုက်သည်။ ဟိုတုန်းက ပေါသလောက်ခုတော့ ထား ဝယ်မှိုင်းပင်ကစ ရှားပါးနေပြီ။ စက္ကူပန်းပင်တွေလည်း ထို့အတူပင်။

ပျိုးဥယျာဉ်ထဲတွင် သရက်ပင်၊ ပိန္နဲပင်၊ ဂွေးပင်၊ ပိတောက်ပင်၊ အုန်း ပင်၊ ဝါးပင်၊ ရွက်လှပင်မှစ၍ အလှစိုက်အပင်များ၊ သီးစားအပင်များ၊ အရိပ်ရအပင်များ ဘောင်းလန် အောင်ပေါသည်။ ပျိုးပင်ငယ်လျှင် ငယ်သလို ကြီးလျှင်ကြီးသလို၊ မျိုးကောင်းလျှင်ကောင်းသလို ဈေးကတော့ကွာခြားသည်။ ကိုအောင်လင်းက နှစ်သောင်းခွဲတန် ယိုးဒယား သရက်အနီသီးပျိုးပင် သုံးလေးပင်ဝယ်သည်။ လူနှစ်ရပ်ကျော်ကျော်ရှိ၍ အသီးပါပါသော သရက်ပင်ကို ကိုအောင်လင်းကလို ချင်သော်လည်း လောလောဆယ်မရှိသေး။ ရှိသည့်ဆိုင်တချို့ကျတော့လည်း မြင်သာမြင်၍ ဝယ်မရခဲ့။ ရောင်းပြီးသားဟုဆိုသည်။

        သူတို့ ပျိုးပင်တွေကားပေါ်တင် နေဆဲအရောင်းဆိုင်မှ အမျိုးသမီးကို ကျွန်တော်စပ်စုကြည့် လိုက်သည်။

        ''တစ်နေ့တစ်နေ့ ဘယ်လောက် ဖိုးလောက်ရောင်းရလဲ''

        ''အဲဒါတော့ အမှန်မရှိဘူး။ ဈေးဝယ်ကျရင်ကျသလိုပဲ''

        ''တစ်လခြင်းရောင်းရငွေကို ချိန်စက်ကြည့်ရင်ကော တစ်နေ့လေးငါး သိန်းဖိုးလောက် ရောင်းရရဲ့လား''

        ''ဟုတ်ကဲ့ အဲလောက်တော့ရှိမှာပါ။ အမှန်တော့ မဟုတ်ဘူးပေါ့။ ပိုချင်လည်း ပိုနိုင်သလို လိုချင်လဲလိုနိုင် ပါတယ်''

        ''ကိုယ့်အိမ်စိုက်မယ့် သူတွေပဲ အနည်းကျဉ်းဝယ်ကြတာလား ရာနဲ့ချီပြီး ဝယ်တာတွေကော ရှိလား''

        ''ရှိတာပေါ့၊ တချို့ အပင်လေးငါးရာထိတောင်ဝယ်ကြတာ''

        ''ဘယ်လိုလူတွေက အဝယ်များလဲ၊ ကျွန်တော်တို့ မြန်မာတွေပဲလား လူမျိုးခြားလား''

        ''တရုတ်တွေပဲ အဝယ်များပါတယ်၊ သူတို့က မြေပေါတယ်လေ''

        ''ဘာပင်တွေ အရောင်းရဆုံးလဲ''

        ''သရက်ပင်တွေပါပဲ၊ စိန်တစ် လုံးတို့၊ သုံးလုံးတစ်တောင်တို့၊ မချစ်စု တို့ပေါ့''

ပျိုးဥယျာဉ် အရောင်းဆိုင်ထဲက ထွက်လာချိန်မှာတော့ ကျွန်တော်နှင့် မောင်အောင်လင်း စကားကောင်း ကောင်းမပြောဖြစ်ကြတော့ပါ။ ကျွန်တော့်နားထဲ ပျိုးဥယျာဉ်ဆိုင်မှ အမျိုးသမီးပြော သော စကားကိုသာ နားထဲမှာ ကြားယောင်နေမိပါတော့သည်။

        ''တရုတ်တွေပဲ အဝယ်များပါတယ်၊ သူတို့က မြေပေါတယ်လေ''

 

မောင်သင်းဝေ

မောင်သင်းဝေ
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.