16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
မြေစာမြက်ခင်းတို့ စိမ်းလန်းချိန်

အခုနှစ် ၁ဝ တန်းစာမေးပွဲ အောင်စာရင်းတွေ ထွက်ပေါ်လာချိန်မှာသတင်းတွေကို ကြည့်ရှုနား ထောင်၊ ကိုယ့်ပတ်ဝန်းကျင်ကို  ငဲ့စောင်းလေ့လာကြည့်မိရာက လွန်ခဲ့တဲ့ နှစ် ၅ဝ လောက်က မိမိရဲ့ ၁ဝ တန်း ကျောင်းသားဘဝအောင် စာရင်းထွက်ချိန်ကို ပြန်ပြောင်းသတိရ လာမိတယ်ဗျ။

အဲသည်ကတည်းက ကိုယ့်နှလုံးသားမှာ 'စာပေပိုး' က အခိုင်အမာအခြေချ၊ အမြစ်တွယ်နေပြီဆိုတော့ ၁ဝ တန်းစာမေးပွဲဟာ ကိုယ့်ဘဝမှာ အရေးမပါလှပါဘူး။

၁ဝ တန်း အောင်ခြင်းကျခြင်းက ကိုယ့် ရည်ရွယ်ချက်ကို မထိပါးနိုင်ပါဘူး။

 'စာရေးဆရာဖြစ်ခြင်း' ဟာ ၁ဝ တန်း အောင်ခြင်းကျခြင်း၊ ဘွဲ့ရခြင်း မရခြင်းတွေနဲ့ အဝေးဆုံးနေရာမှာပါ။

ဆရာကြီး 'ပီမိုးနင်း' ဟာ ၁ဝ တန်းဝေးလို့ အတန်းပညာအရည်အချင်းသတ်မှတ်ချက် အနိမ့်ဆုံး တောင်ရှိခဲ့တဲ့ ပုဂ္ဂိုလ်ကြီး မဟုတ်ပါဘူး။ တကယ့် ကိုယ်ထူးကိုယ်ချွန် ပါရမီရှင်ကြီးပါ။                                 စာရေးသူက ခြောက်တန်းကျောင်းသား ဘဝကတည်းက ဆရာကြီးပီမိုးနင်းရဲ့ တက်ကျမ်းတွေ ဖတ်ခွင့်ရခဲ့တော့ ၁ဝ တန်းတို့၊ ဝိဇ္ဇာ သိပံ္ပ ဘွဲ့ဒီဂရီတို့ဆိုတာ လူ့ဘဝရဲ့အားကိုးရာတွေ မဟုတ်ဘူးဆိုတာ နားလည်လက်ခံပြီးသားဆိုပါတော့။

သို့သော် နိုင်ငံသားတစ်ယောက်ဟာ နိုင်ငံ့တာဝန်ကိုတော့ ကျရာနေရာမှ ထမ်းဆောင်ဖူးရလိမ့်မယ်ဗျ။ ဆိုက်ကားနင်းပြီး ''နိုင်ငံ့တာဝန်ထမ်း ဆောင်နေသဟ''လို့ အော်လို့မရသ လို ကျူရှင်ဆရာလုပ်ပြီး ''ဒါဟာ နိုင်ငံ့ တာဝန်ပါ'' လို့ ခံယူလို့ မရဘူး။

နိုင်ငံ့တာဝန်ဆိုတာ နိုင်ငံတော်နဲ့ ပြည်သူလူထု အကျိုးအတွက် တိုက်ရိုက်အကျိုး ကျေးဇူးပြုနိုင်တဲ့ အလုပ် တစ်ခုကို ဖြောင့်မတ်တည်ကြည်စွာ လုပ်ဆောင်ထမ်းရွက်ခြင်းပါ။

 နိုင်ငံတော်ဝန်ထမ်းဆိုပြီး အခွင့်အရေးတွေပိုယူ၊ လစ်ရင်ခိုး၊ ချောင်ရင်နှိုက်၊ ရရင်လိမ်တတ်တဲ့ သတ္တဝါမျိုးဆိုရင်တော့၊ အဲသည်ကောင်မျိုးတွေက စောစောစီးစီးဇီဝိန်ချုပ်သွားတာ ပိုကောင်းပါတယ်။ သို့သော်လည်း မြန်မာပြည်ကြီးကံဆိုးချင်တော့၊ အဲသလို လူလိမ်လူကောက်၊ သူခိုးသူဝှက်တွေ၊ အခွင့်အရေးသမားတွေကြောင့် လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၇ဝ အကြာမတော့ မြန်မာ ပြည်ကြီးဟာ ဖွတ်ဘိုးအေ ဘဝ ရောက်ခဲ့ရတာ အထူးမပြောလို့တော့ပါဘူး။

တချို့ ခပ်ပိန်းပိန်းငတုံးတွေက ပြောတတ်ကြသေးရဲ့ဗျာ။ 'လူနပ်ချမ်းသာ'တဲ့။ လောကကြီးမှာ ပါးနပ်လိမ္မာတဲ့သူတွေ ချမ်းသာကြသတဲ့။ လူတုံးလူအတွေ မွဲတေပြာကျကြသတဲ့။

အမှန်က လူတွေဆင်းရဲမွဲတေကြတာ မဟုတ်ပါဘူး။ ပြည်ထောင်စုမြန်မာနိုင်ငံတော် (နောက်နောင် နာမည်အခေါ်အဝေါ်တွေ ဘယ်လိုပဲပြောင်းပြောင်း)ဆိုတဲ့ တိုင်းပြည်ကြီးလည်း ဆင်းရဲတွင်းထဲမှာ အသည်း အသန် ရုန်းကန်နေကြရတာ ရပ်သိရွာသိပါ။

တိုင်းပြည်ဆင်းရဲရခြင်း အကြောင်းရင်းများစွာထဲမှာ အဓိကအချက်ကတော့ တာဝန်ရှိသူများက တာဝန်မကျေတာ၊ တာဝန်မယူတာအပြင် 'မိုးရွာတုန်းရေခံ၊ လသာတုန်းဗိုင်းငင်' ဝါဒတွေကို ကျင့်သုံးသွားခဲ့တာကြောင့်လို့ ဖြစ်ပါတယ်။ နောက် ဆုံးတော့ တိုင်းပြည်လုံးပါးပါးလာရ ပေသပေါ့ဗျာ။

 သေချာလေ့လာကြည့်ကြပါ။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရတဲ့အချိန်မှာ မြန်မာပြည်ကြီးဟာ အ လုပ်အင်အားစု အလုံအလောက်၊ သယံဇာတအလုံအလောက် 'မိအေးနှစ်ခါနာခဲ့ရတဲ့ သမိုင်းအတွေ့အကြုံ၊ သင်ခန်းစာ အလုံအလောက်'နဲ့ ရှေ့ခရီးကို ရုန်းကန်ချီတက်ဖို့ အသင့်ဖြစ် နေတဲ့ အနေအထားပါ။

အဲသည် အချိန်အခါမျိုးမှာပ ကိုယ့်အချင်းချင်းကွဲကြပြဲကြ။ တိုက်ကြခိုက်ကြနဲ့ ဟင်္သာကိုးသောင်း ဇာတ်ခင်းလာလိုက်တာ ယနေ့တိုင် အောင်ပဲ။

တချို့က 'စည်းလုံးခြင်းသည် ခွန်အား' Unity is Strength လို့ ကြွေးကြော်ချိန်မှာ တချို့က ''လှေသူကြီးတစ်ကျပ် လှေထိုးသားလည်း တစ်ကျပ်ပဲ''လို့ ကုန်းအော်ကြတယ်။

မြန်မာနိုင်ငံမှာက 'တရားသမား' နည်းပြီး 'ဓားသမား' တွေများ သလားလို့တောင် တွေးမိတယ်။ တစ်ခေတ်ကလည်း တစ်ယူသန်ရုပ်ဝါဒီ တွေဖြစ်ပြီး အင်အားလည်းကြီးတဲ့ ဗကပနဲ့ အကြီးအကျယ် ဆွေးနွေးဖူးတယ်။ မအောင်မြင်ပါဘူး။ အစိုးရဘက်ကလည်း စစ်သားတွေက ဆွေးနွေးတာ။ တစ်ဖက်ကလည်း လက်နက်ကိုင်တော်လှန်ရေးသည်သာ အမှန်တရားလို့ယုံကြည်တဲ့ တစ်ယူ သန်ဝါဒီတွေ ဆွေးနွေးတာ။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲပျက်ပြီး တိုက်လိုက်ခိုက်လိုက်ကြတာ။ နောက်ဆုံး ဗကပ ပြိုကွဲပြီး ဗကပထက် အင်အားကြီးတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ မှိုလိုပေါက်လာတယ်။ သည်ဘက်ခေတ်မှာ NCA အပစ်ရပ်စာချုပ်လက်မှတ်မထိုးဘဲ ခေါင်းမာမာနဲ့အစိုးရကို အာခံနေကြတဲ့ လက် နက်ကိုင်တွေက တစ်ပုံကြီး။

လူကြီးမင်းတို့ ခေါင်းအေးအေးနဲ့ စဉ်းစားကြပါ။ ကြေးညှော်ကင်းစင် အောင် မျက်မှန်တွေကို ပွတ်တိုက်သန့်စင်ပြီး ကြည့်မြင်ကြစမ်းပါ။ တိုင်းပြည်မွဲနေတာ၊ ပြည်သူတွေ လူလုံးမလှဖြစ်နေကြတာ ပြည်တွင်းစစ်ကြောင့်ဆိုတဲ့ ကောက်ချက်ကို လက်ခံလိုက်ကြစမ်းပါ။ 'ငရို့က စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုထူထောင်ဖို့ စစ်တိုက်နေကြတာ'တို့၊ 'ငရို့က နိုင်ငံရေး ယုံကြည်ချက်အရ မလုပ်မဖြစ်တဲ့အကြောင်းခံတရားကြောင့် လက်နက်ကိုင်နေတာ' တို့ 'ငရို့ကျေးဇူးရှင် ဆရာကြီး သဘောတူကာမှ ငရို့လည်း သဘောတူနိုင်မယ်'တို့ဆိုတဲ့ ဆင်ခြေဆင်လက်တွေကော၊ အမြဲတမ်း လက်သီးဆုပ်ထားမယ်ဆိုတဲ့ Militarist တွေဘက်က တင်းမာမှု တွေကိုပါ လျှော့ပစ်၊ ဖြုတ်ပစ်၊ ပယ် ပစ်လိုက်ကြစမ်းပါလို့ ဒီနေရာကနေ တောင်းပန်သံနဲ့ အော်ချင်တယ်။

အခု ကျောင်းတွေ ဖွင့်နေပါပြီ။          

ကျောင်းမဖွင့်နိုင်တဲ့ ဒေသဘယ် နှခုရှိသလဲ။                 

ကျောင်းမနေနိုင်တဲ့ ကလေးတွေ ဘယ်နှစ်ယောက်ရှိသလဲဆိုတာ                လူကြီးမင်းတို့ စဉ်းစားဆင်ခြင်ကြပါ။ လူကြီးမင်းတို့ရဲ့ သားသမီးမြေးမြစ်တွေရဲ့ ပညာသင်ယူခွင့်ကတော့ စကားထဲတောင်ထည့်ပြောစရာမလို ပါဘူး။

စစ်ပြေးစစ်ရှောင်တွေထဲက ပညာသင်ယူခွင့်မရတဲ့ ကလေးတွေဟာ အရွယ်မရောက်ခင် သေနတ်ကိုင်ကြမှာပဲ။ တစ်ဖက်ကလည်း သေနတ်ကိုင်ကြမယ့် မျိုးဆက်သစ်တွေကို မဖြစ်မနေမွေးထုတ်ကြမှာပဲ။

အခုလို ကျောင်းတွေဖွင့်စပြုတဲ့အချိန်မှာ 'ဂျာအေး သူ့အမေရိုက်တဲ့ဇာတ်လမ်းကြီး'ကို အဆုံးသတ်ဖို့ ဆုံးဖြတ်ကြပါလူကြီးမင်းတို့။

ကြူးနှစ်

ကြူးနှစ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.