16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ကုန်းတက်မှာ ဂီယာ ချိန်းကြပါ

 မော်တော်ယာဉ်က တော်တော်အိုမင်းဟောင်းနွမ်းနေပြီ။ ၁၉၄၈ ခုနှစ်ကထုတ်တဲ့ မော်ဒယ်လေ။ဒီနေ့လို ၂ဝ၁၇ ခုနှစ်အထိသုံးရတာကိုပဲ ကျေးဇူးတင်ရဦးမှာ။ မော်ဒယ်ဒီဇိုင်း ခေတ်မမီတာကိုတော့ မသိတော့ဘူး။  ဒါပေမယ့် ဖွတ်ချက်-ဖွတ်ချက်နဲ့ ရွေ့နေသေးတာတော့ အမှန် ပဲ။ ဒရိုင်ဘာတွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းလာခဲ့တာလည်း တော်တော်များပြီ။ ဒါပေမယ့် ခရီးက သိပ်တွင်တာမဟုတ်ဘူး။ ဒရိုင်ဘာဆိုတဲ့ ယာဉ်မောင်းတွေကလည်း အ များကြီးပြောင်းခဲ့ပြီ၊ မောင်းခဲ့ပြီမဟုတ်လား။ တစ်ရက်ထက်တစ်ရက်၊ တစ်ရက်ထက်တစ်နေ့ မန်းမှုတ်-လက်ပူ တိုက်ခဲ့ကြတာမို့သာ ဒီအချိန်မှာ ဒီကား ရွေ့နေနိုင်သေးတာ။

ဒီကားကြီး ရွေ့လို့ရအောင်၊ မောင်းလို့ရအောင် ဒရိုင်ဘာတို့ တတ်အပ်သော အဋ္ဌာရသအတတ် ပညာစုံသုံးပြီး မောင်းခဲ့ကြတာ။ ဒါကြောင့် ဒီနေ့မောင်းလို့ရသေးတာ။ နှေးတာ၊ မြန်တာ၊ ခရီးတွင်တာ၊ မတွင်တာတွေကို ပြောမနေနဲ့။ ဒီနေ့အထိ ရွေ့နေတာကိုပဲကျေးဇူးတင်ရဦးမှာ။ တချို့အချိန်ကာလတွေမှာ ဒီကားဒုက္ခပေးလို့ ချွေးဒီးဒီကျခဲ့ရ၊ ဒုက္ခရောက်ခဲ့ရတဲ့ အကြိမ်အရေအတွက် လည်း နည်းတော့တာမှမဟုတ်တာ။နဖူးကချွေး ခြေမကျအောင် ကြိုးစားမောင်းနှင်ခဲ့ရတာ။ အစကတော့ အတော်လေးခေတ်မီတဲ့၊ အဆင့်အတန်းမြင့်တဲ့ မော်တော်ကားမျိုးပါပဲ။ လူတိုင်း အနားကပ်နိုင်ကြတာမဟုတ်ဘူး။ ကားပိုင်ရှင်ရော-မောင်းနှင်ခွင့်ရထားတဲ့ ယာဉ်မောင်းဆိုသူပါ မျက် လုံးမဖွင့်ချင်လောက်အောင် ဂုဏ်ရှိခဲ့တာ။

ဒါပေမယ့် နှစ်တွေကြာလာပေမယ့် အခြေအနေတွေက ပြောင်း မလာဘဲ ဒီအနေအထားကနေ ရှေ့ကို မတက်နိုင်သလိုဖြစ်နေတယ်။ ကားဆရာတွေသာ ပြောင်းလာတယ်။ ကားကြီးက ပြောင်းမလာနိုင်ခဲ့ဘူး။ မူလလက်ဟောင်းပုံစံကြီးအတိုင်းရှိနေဆဲပါပဲ။ ကားမောင်းကြတဲ့လူတွေ ဟောတစ်ယောက်-ဟောတစ် ယောက်သာ ပြောင်းခဲ့တယ်။ ကားရဲ့အခြေအနေက မတိုးတက်ခဲ့ဘူး။ နှစ် တွေကြာလာလေ အခြေအနေက ပိုဆိုးလာလေပဲ ဖြစ်ခဲ့ရတော့တယ်။

ဆိုးမှာပေါ့။ ကားထဲကပစ္စည်းတွေကို ခိုးပြီးရောင်းတဲ့သူ၊ မသိအောင် ပစ္စည်းချင်းလဲသွားတဲ့သူ၊ တန်ဖိုးမရှိတဲ့ ပစ္စည်းကိုတန်ဖိုးရှိတဲ့ ပစ္စည်းလိုလိုနဲ့ လက်သိပ်ထိုးဝယ်ခဲ့တဲ့သူ၊ ကိုယ့်ကားထဲက တန်ဖိုးရှိတဲ့ ပစ္စည်းကို ဈေးပေါပေါနဲ့ဖြုတ်ပြီး ခိုးရောင်းခဲ့တဲ့သူ၊ ကားအတွက်လိုအပ်တဲ့ ပစ္စည်းထက် မလိုအပ်တဲ့ ပစ္စည်းတွေကိုဝယ်ပြီး ငွေဖြုန်းတဲ့သူ၊ နောက်ဆုံး၊ အသားတံဆိပ်ချင်းတူနေတဲ့ ပစ္စည်းဟောင်းကို ကိုယ့်ကားက ပစ္စည်း (အသစ်နီးနီး ကောင်းသေးတဲ့ ပစ္စည်းနဲ့) ပိုင်ရှင်မသိ အောင် အလိုက်ငွေယူပြီး ဖြုတ်လဲကြ တဲ့ ကားဆရာဆိုသူတွေကိုလည်း ကြုံရပါတယ်။ သွားမယ့်ခရီးမှာ အမှန်တကယ် ကုန်ကျနိုင်တဲ့ဆီထက် ပိုမိုပြပြီးဆီဖိုးကို အိတ်ထဲထည့်သွားတဲ့ ဒရိုင်ဘာတွေကလည်း အများကြီးပါပဲ။

ဒီအထဲ အိမ်လည်တာ ဝါသနာပါတဲ့ ကားဆရာတွေကိုလည်း ကြုံရ တတ်တယ်။ လူအမျိုးမျိုး၊ နတ်အမျိုး မျိုး၊ ဘုရားရှိခိုးအမျိုးမျိုးမို့ ဒရိုင်ဘာအမျိုးမျိုးကိုလည်း ကြုံကြရပါသေးတယ်။ တချို့က အိမ်လည်တာ ဝါသနာပါကြပေမယ့်သွားလည်တဲ့ အိမ်ချင်းကတော့တူချင်မှ တူလိမ့်မယ်။ တချို့က အနောက်ဘက်ကသူဌေးအိမ်ကို မျက်စိတွေ့ပြီး အဲဒီအိမ်ကို လည်ပတ်သွားလာတတ်သလို တချို့ကလည်း အခုမှစီးပွားဖြစ်လာတဲ့ အရှေ့ဘက်က သူဌေးသစ်ရဲ့ အိမ်နဲ့ ရင်းနှီးအောင် ကြိုးစားပြီး အဲဒီသူဌေးရဲ့ အမူအကျင့်တွေ၊ စရိုက်တွေကို အိမ်ထဲယူလာတတ်တဲ့ လူတွေလည်းရှိတယ်။ သူတို့နဲ့ ရင်းနှီးကျွမ်းဝင်အောင်လည်းလုပ်ကြတယ်။ ဒီအိမ်က ပေးတဲ့လခကိုထုတ်ယူ၊ ကျွေးတဲ့ထမင်းကို စားနေကြပေမယ့် သူတို့အထင်ကြီးတဲ့ အရှေ့အိမ်၊ အနောက်အိမ်မှာ စိတ်ရောက်နေကြတဲ့ လူတွေက အများကြီး။

 မောင်းရတဲ့ကားက ကားကောင်းဆိုပေမယ့် လမ်းခရီးက ကောင်းလှတာမဟုတ်ဘူး။ အမျိုးမျိုးသော အခက်အခဲမျိုးစုံနဲ့ လမ်းမကြီးပေါ်မှာ မောင်းနေရတဲ့ကားမို့လည်း လမ်းက ဖျက်လို့ကားပျက်ခဲ့ရတာရှိသလို မကောင်းတဲ့ ကားဖြစ်လာတော့ ခရီးမတွင်တာလည်းရှိရပြန်တယ်။ အပြန် အလှန်အပြစ်ဆိုရမယ့် သဘောမျိုးပဲဖြစ်ပါတယ်။ ကာလမ်းမကောင်းတော့တာလည်း အမှန်ဖြစ်သလို မော်ဒယ်နိမ့်နေတဲ့ကားကလည်း အချိန်တိုင်းလောက်နီးနီး ဖွတ်ချက်-ဖွတ်ချက်ပဲ လေ။ မော်တော်ကားဘဝရောက်ခဲ့တာလည်းကြာပြီ။ ဘုရားစူးလမ်းလို့ ဆိုရမယ့် ပြည်တော်မသာ (ပြည် တော်သာလမ်းမဟုတ်) လမ်းတွေပေါ်မှာ ကာလရှည်ကြာစွာ မောင်းနှင်လာရတာကလည်း ကြာလှပြီလေ။ ဒီအထဲ စောစောကပြောသလို စရိုက်အမျိုးမျိုး၊ အကျင့်အမျိုးမျိုးနဲ့ ဒရိုင်ဘာ လူကြီးမင်းများရဲ့ လက်ထဲကိုလည်း ရောက်ခဲ့ဖူးတော့ ဒီနေ့မှာ ဒီအခြေအနေမျိုးမြင်နေရတာကိုပဲ တော်လှပြီလို့ ပြောရလိမ့်မယ်။

တလောကတော့ ယာဉ်မောင်းဆရာ၊ ဒရိုင်ဘာတစ်ဦးပြောင်းလာတယ်။ အရင့်အရင်က ဆရာတွေနဲ့မတူတဲ့ အရည်အချင်းရှိသူမို့ ဒီလမ်းဒီခရီးကို ဒီကားဟောင်းကြီးနဲ့ ခရီးပေါက်အောင် သွားနိုင်လိမ့်မယ်တော့ထင်တာပဲ။ ဒါပေမယ့် အခြေအနေက သေချာသေးတာမဟုတ်ဘူး။ အ ပြောနဲ့အလုပ် ထပ်တူထပ်မျှဖြစ်လိမ့် မယ်လို့တော့ထင်ထားတာပါပဲ။ သေချာမသေချာကိုသာ မသိတာ၊ အပြောကတော့ချောလို့။ တကယ်ကတော့မှသာ 'မျောက်ဖိုးစိန်' ဖြစ်သွားမှာစိုးရတာ။ ဒါကြောင့် မျက်စိ ဒေါက်ထောက်ပြီးကြည့်နေရတာ။

အမယ် သွားရမယ့်ခရီးက ခရီးဝေးကြီးမဟုတ်လား။ လမ်းကောင်းလည်းပါမယ်။ လမ်းဆိုးလည်းပါမယ်။တောင်တက်လမ်းလည်းပါမယ်။ တောင်ဆင်းလမ်းလည်းပါမယ်။ အ ချိုးအကွေ့အတက်အဆင်းတွေက အများကြီး။ ဒီအထဲ တစ်ခါခါမျက် မြင်မျဉ်းအဆုံးအထိ တစ်ဖြောင့် တည်း တန်းတန်းမတ်မတ် ဖောက်လုပ်ထားတဲ့ လမ်းမျိုးတွေလည်းရှိ တတ်တယ်။ မြေလမ်းမဟုတ်ဘဲ ကတ္တရာလမ်းတွေလည်းဖြစ်ပြန်၊ အလွန်ဖြောင့်နေတဲ့ လမ်းမျိုးဖြစ်ရင် အန္တရာယ်ရှိပါတယ်။ အစာအိမ်ထဲမှာ အစာပြည့်နေတဲ့ ကာလလည်းဖြစ်၊ ထမင်းလုံးစီနေတဲ့ ကာလလည်းဖြစ်ပြီး အိပ်ငိုက်နေတဲ့ ကာလမျိုးလည်း ဖြစ်နေရင် လမ်းကောင်းလမ်းမှန်ပေမယ့် တစ်ချက်ငိုက်လိုက်တာနဲ့ ကားက ဘေးကိုဆွဲသွားတတ်တယ်။ ရောက်ရမယ့်နေရာ မရောက်ဘဲ မရောက်သင့်တဲ့ နေရာမျိုးကို ဆွဲပါသွားတတ်ပါတယ်။ ဒီတော့ မလိုလားအပ်တဲ့ ယာဉ်အန္တရာယ်နဲ့ ကြုံရပြီသာမှတ်ပေတော့။

တစ်ခါတစ်ခါ တောင်တက်လမ်း၊ ဂီယာထိုးဂီယာပြောင်းပြီး မောင်းကြရမယ့် ခရီးမှာ ဂီယာမထိုး၊ ဂီယာမပြောင်းမိလို့ နောက်ပြန်ကျသွားတဲ့ ကားမျိုးတွေလည်းရှိတတ်တယ်။ ယာဉ်မောင်းက အသေအချာ ဂရုစိုက်ရမယ့်အချိန်မှာ အာရုံများနေရင် ကိုယ်ကအတက်အဆင်း ကာလမျိုးမှာ ကြုံရတတ်တဲ့ ဂီယာ အရွှေ့အပြောင်းကိစ္စများကိုလည်း သတိမထားမိပြန်ဘူး။ ဒီတော့ မရည် ရွယ်တဲ့ အန္တရာယ်တွေနဲ့ ကြုံတွေ့ရတတ်တယ်။ အထူးသဖြင့် မော်ဒယ်နိမ့်ကားကြီးတွေကို လမ်းဆိုးဆိုးမှာ မောင်းနေရတဲ့ ယာဉ်မောင်းတွေ အထူးသတိထားသင့်ပါတယ်။ ကုန်းတက်တွေမှာ ကုန်များများလူများများ တင်လာပြီး ''ဂီယာ'' မချိန်းဘဲ မေ့နေတတ်တာကြောင့် ဒုက္ခရောက်ရတဲ့ ကားတွေ အများကြီးရှိတတ်တယ်။ ယာဉ်မောင်းလုပ်သူသတိတစ်ချက် ကလေးမရတာနဲ့ ဂီယာမချိန်းမိတော့ ဆိုးကျိုးတွေ တွေ့သွားရတဲ့အဖြစ်တွေ အများကြီးရှိတတ်ပါတယ်။

ရည်မှန်းရာ ခရီးအတွက် လမ်းကြောင်းလည်း မှန်ကောင်းမှန်နိုင်ပါတယ်။ ဒါပေမယ့် ဖြစ်တတ်တာက သတိလွတ်ပြီး ဂီယာချိန်းရမယ့်အချိန်မှာ ဂီယာမချိန်းမိဘဲ ဖြစ်နေလေတော့ လမ်းခုလတ်မှာပဲ ဒုက္ခရောက်ကြရတဲ့ လူတွေအများကြီးရှိပါတယ်။ ကိုယ်မောင်းနေတဲ့ ကားက လည်း မော်ဒယ်နိမ့်နိမ့်၊ တင်လာတဲ့ကုန်တွေကလည်း အိုဗာဂိတ်ဖြစ်နေပြီး ဂီယာချိန်းရမယ့် နေရာမှာ ဂီယာ မချိန်းမိရင်တော့ အသေအချာ ဒုက္ခ ရောက်တော့မှာ သေချာပါတယ်။

စေတနာထားပြီး စေတနာစကားပြောရရင် သတိထားရမယ့် အတက်အဆင်းတိုင်း ဂီယာချိန်းဖို့ မမေ့ဖို့ပါပဲ။

ထက်ကျော်

ထက်ကျော်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.