21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
သတိတမံ ဥာဏ်မြေကတုတ်ကိစ္စ

လူငယ်ဆိုတာ အနာဂတ်ရဲ့ကြယ်ပွင့်ဟူသောစကားကို ငယ်စဉ်ကပင်ကြားဖူးသည်။ အနာဂတ်ရဲ့ ကြယ်ပွင့်လေးများ ရှေ့ဆောင်လမ်းပြတို့ လူငယ်ဟူသောသီချင်းကိုလည်း သီဆိုခဲ့ဖူး သည်။ လူငယ်ဆိုသည်က မည်သည့်အသက်အပိုင်းအခြားကို သတ်မှတ်သည်မသိ။ တလောတုန်း ကတော့ လူသတ်မှုတစ်ခုတွင် ပါဝင်သည်ဟုဆိုသော အသက်လေးဆယ်ကျော် ငါးဆယ်နီးအရွယ်ကို လူငယ်သဘာဝအရဟု သုံးနှုန်းသွားခဲ့သဖြင့် အတော်ဂယက်ထသွားခဲ့သည်။

လူငယ်ဟူသော အရွယ်သတ်မှတ်ချက်ကို မဆလခေတ်ကတော့ တိတိကျကျ သတ်မှတ်ခဲ့ဖူး သည်။ အသက်ငါးနှစ်မှ ဆယ်နှစ်ထိကို တေဇလူငယ်၊ ဆယ်နှစ်မှ ဆယ့်ငါးနှစ်ထိကို ရှေ့ဆောင် လူငယ်၊ ဆယ့်ငါးနှစ်မှ နှစ်ဆယ့်ငါးနှစ်ထိကို လမ်းစဉ်လူငယ်ဟုဆိုကာ ခွဲခြားသတ်မှတ် ပေးခဲ့သည်။

ယခုခေတ်တွင် လူငယ်ကို အသက်သုံးဆယ်ကျော်ထိထည့်သွင်း သတ်မှတ်သည်ကို တွေ့ရသည်။ဝိဝါဒ ကွဲစရာများလွန်းသော်လည်း ရှေ့ကဝိသေသနတစ်ခုပါသော စကားကမူ အလွယ်တကူ သိနိုင်ပေသည်။ ဆယ်ကျော်သက်လူငယ်ဟူသော အရွယ်ပင်။ အသက်ဆယ်နှစ်နဲ့ နှစ်ဆယ်နှစ်ကြား လူငယ်များကို ခေါ်ဝေါ်ခြင်းပဲဖြစ်ကြောင်း အားလုံးသိပြီးဖြစ်ကြ သည်။

ထိုအရွယ်များသည် အများအားဖြင့် အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ် ကျောင်းသား များသာဖြစ်ကြပါသည်။ ဆိုလိုသည်က အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေကြရမည့်အရွယ်ဟု ဆိုလိုရင်းဖြစ်ပါသည်။ သို့သော် တကယ်တမ်း ထိုအရွယ်လူငယ်များ ငြိမ်းချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေကြပါရဲ့လား။

ဇွန် ၁၇ ရက် နံနက် ၂ နာရီအချိန်က ချမ်းအေးသာစံမြို့နယ်အတွင်း၌ လှည့်ကင်းလှည့်နေသော ရဲတပ်ဖွဲ့က မသင်္ကာဖွယ်လူငယ်အမျိုးသားတစ်ဦးကိုတွေ့၍ ခေါ်ယူစစ် ဆေးရာမှ အုပ်စုဖွဲ့ကျူးလွန်ခဲ့သော ပြစ်မှုများ ပေါ်ပေါက်ခဲ့သည်ဆို၏။

အသက် ၁၆ နှစ်နှင့် ၁၉ နှစ်ကြား လူငယ် ၁၁ ဦးက အခြားလူငယ်များကို ရန်ဖြစ်ရိုက်နှက်ဟန်ပြုကာ ပစ္စည်းများကို လုယူကြခြင်းဟုဆိုသည်။ တကယ့်ကိုငယ်ရွယ်သော အရွယ်များဖြစ်ကြသည်။ အသက်နှစ်ဆယ်ကျော်ပင် တစ်ယောက်မှမပါသည်ကို တွေ့ရသည်။ ထိုအထဲတွင် ဆေးသုတ်လုပ်ငန်း လုပ်ကိုင်နေသော သူလေးဦးခန့်ပါဝင်ပြီး ကျန်လူငယ်များမှာ ဘာလုပ်ကိုင်ကြမှန်း ဖော်ပြမထားပါ။

မေ ၁၄ ရက် ညပိုင်းအချိန်ကလည်း သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့မှ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ် ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ လှည့်ကင်းလှည့်လည်နေစဉ် အထုပ်တစ်ထုပ်အား ထမ်းလာသူ လူငယ်တစ်ဦးကို မသင်္ကာ၍စစ်ဆေးရာက ညအိပ် ရပ်နားထားသော ကားများမှ ဘက် ထရီအိုးများကို လိုက်လံခိုးယူနေသည့်လူငယ်တစ်စုကို ဖမ်းဆီးရမိခဲ့သည်။ သူတို့အဖွဲ့မှာ ငါးဦးပါဝင်ကာအကြီး ဆုံးတစ်ယောက်မှာ ၂ဝ နှစ်သာရှိ သေးပြီး အငယ်ဆုံးမှာ ၁၅ နှစ်သာရှိ သေးသည်ကိုတွေ့ရသည်။ သည်လူငယ်တွေ၏ နောက်ကြောင်းကိုလည်း ဖော်ပြထားခြင်းမရှိ၍ မသိရ။

သူတို့ ကျောင်းမနေကြဘူး လား။ မနေကြဘူးဆိုလျှင် အဘယ်ကြောင့် မနေကြသနည်း။ နေတယ်ဆိုလျှင်ရော အဘယ်ကြောင့် ရာဇဝတ်မှုများကို ကျူးလွန်နေကြပါသနည်း။ ဆင်းရဲမွဲတေမှုကြောင့်ဟု အ လွယ်တကူကောက်ချက်ချလိုက်လို့ တော့မရပါ။

 ဖြစ်စဉ်တစ်ခုကို ဥပမာပြချင်ပါ သည်။ မေလ ၂ဝ ရက်ညက မြင်းခြံ မြို့၊ အမှတ် ၉ ရပ်ကွက်၊ ယာဉ်မောင်း ကွင်း၏ အနောက်ဘက်ကားလမ်း နံဘေးတွင် ချစ်သူနှစ်ဦးထိုင်၍ စကားပြောနေစဉ် လူငယ်လေးဦး ရောက်ရှိလာကာတစ်ဦးက သံတုတ်ဖြင့် ဝင်ရောက်ရိုက်နှက်ပြီး ဆိုင်ကယ်တစ်စီး၊ ရွှေလက်စွပ်သုံးကွင်း၊ ဖုန်း တစ်လုံးကို လုယူထွက်ပြေးသွားခဲ့ကြသည်ဟုဆိုသည်။

ထိုလုယက်သူများကို ဒေသခံတို့၏ ပူးပေါင်းကူညီမှုဖြင့် ဖမ်းဆီးရမိခဲ့ရာ အသက် ၂၄ နှစ် အရွယ်တစ်ဦး နှင့် ၁၉ နှစ် အရွယ်တစ်ဦး၊ ၁၇ နှစ် အရွယ်နှစ်ဦး၊ စုစုပေါင်းလေးဦးဟုသိရှိရသည်။ စစ်ဆေးချက်အရ သူတို့ သည် ညအချိန်တွင် လှည့်လည်သွားလာကာ ပျော်ပါးသောက်စားသုံးဖြုန်း ရန်အတွက် ပြစ်မှုကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ခေတ်ကြီးက ရုပ်ဝတ္ထုနှင့်အပျော်အပါးကိစ္စများ တိုးတက်များပြား လာသည်။ လောင်းကစား ဂိမ်းများမှသည် ကေတီဗီ၊ နိုက်ကလပ်၊ မာဆတ် အစရှိသဖြင့် ငွေကုန်ကြေးကျများ သော ပျော်စရာများ ပေါများလာသလို စိတ်ကိုပြောင်းလဲနိုးကြွစေသော ဘီယာ၊ အရက်၊ စိတ်ကြွဆေးပြား များကလည်း အလွယ်တကူ ရရှိသုံးစွဲနေ နိုင်သော ကာလဖြစ်၍နေသည်။

ထိုအခြေအနေသည် မြို့ပြမှသည် ကျေးလက်များသို့တိုင်အောင်၊ ပျံ့နှံ့ရောက်ရှိလာခြင်း ကလည်း ကောင်းကျိုးထက်ဆိုးကျိုးကိုပို၍ဖြစ် ပေါ်စေတော့သည်။ ရန်ကုန်မြို့ကြီး ဆီသို့ ရည်ရွယ်ချက် အမျိုးမျိုးဖြင့်ရောက်ရှိလာကြသော အနယ်နယ်အရပ်ရပ်မှ လူငယ်များအများအ ပြားရှိသည်။ ထိုထဲတွင် ယောက်ျားလေးရော မိန်းကလေးပါပါသလို ငယ်ရွယ်တက်ကြွသော အရွယ်တွေက များကြသည်။

ကျောင်းပညာရေးအတွက် လာရောက်ကြသူတွေရှိသလို၊ အခြား ပညာရပ်သင်တန်းများ လာရောက် တက်ကြသူတွေ၊ နိုင်ငံရပ်ခြားသွားရန် လာရောက်ကြိုးပမ်းနေသူတွေ၊ ကိုယ့် ဒေသရပ်ရွာမှာ လုပ်ငန်းကိုင်ငန်း မကောင်းသဖြင့် စီးပွားရှာရန်၊ အလုပ် လုပ်ရန် ရောက်လာကြသူတွေ စသဖြင့် ဦးတည်ချက် အမျိုးမျိုးဖြင့် ရောက်လာသူတွေက ဒေသခံထက်ပို များသည်။

ရန်ကုန်နေထိုင်မှုက ထင်သလောက်မလွယ်ကူ။ နေစရာမရှိလျှင်မဖြစ်သမို့ အဆောင်မှာ နေကြရသည်။ အဆောင်ဈေးနှုန်းတွေက တစ်နှစ်ထက်တစ်နှစ်တက်လာသည်။ ခုနေခါ ကျောတစ်ခင်းစာအတွက်ပင် လစာနှစ်သောင်းခွဲခန့်ပေးရသည်။

ထမင်းစရိတ်ကလည်း တစ်နှစ်ထက် တစ်နှစ်တိုး၍လာသည်။ ကားခကလည်း ခုဆိုနှစ်ဆတိုး၍လာပြီ။ သို့သော် လုပ်အားခတွေက တစ်ပြေးညီတက်လာသည်မဟုတ်။ ဒါက အလုပ်ရသူတွေ။ အလုပ်ပင် မရသေးသူတွေကတော့ အသားတင်စိုက်ထုတ်ပေရော့။

ကိုယ်နှင့်အတူ နေသူရော၊ ပြင်ပတွင် တွေ့ဆုံသိကျွမ်းလာသော အပေါင်းအသင်း တွေကြောင့်ရော အတတ်မျိုးစုံတတ်၊ လိုအပ်မှုမျိုးစုံလိုအပ်ကာရသည်နှင့် မလောက်ငှတော့၍ လည်းကောင်း၊ ပါလာသောငွေကြေးကုန်သွားသော်လည်း မြို့ပြကို မစွန့်ခွာနိုင်တော့၍လည်းကောင်း၊ အပေါင်းအသင်းချင်းသွေးထိုးမှုကြောင့်လည်းကောင်း၊ ပြစ်မှုတွေ ကျူး လွန်မိကြတော့သည်။

 ပြစ်မှုကျူးလွန်ပြီး အဖမ်းမခံရ သူကနယ်ပြန်ပြေး၊ အဖမ်းခံရသူကလည်း လွတ်လာတော့နယ်ကိုပြန်။ ဤသို့ဖြင့် ဤစရိုက်တွေက မြို့ပြမှ နယ်သို့တိုင်ရောက်ရှိကုန်ကြသည်။ နယ်မှာလည်း စာကြည့်တိုက်သာမရှိလျှင်နေမည်။ ဘီယာဆိုင်၊ အရက်ဆိုင်က တောကြိုအုံကြားထဲထိရှိ၍နေသည်။ ထို့ကြောင့်ပင် နယ်မြို့လေးများတွင်လည်း မကြုံဖူး၊ မကြားဖူး သော မှုခင်းများဖြစ်လာရသည်။

ခက်သည်က မဟုတ်တာကို အတုယူလိုသောစိတ်က လူငယ်တွေမှာ ရှိနေသည်လားမသိ။ သူရဲကောင်း အရွေးမှားကြသည့်သဘောရှိသည်။ အပေါင်းအသင်းမှားခြင်း၊ ဆရာတင် မှားခြင်းကလည်း သည်နေ့ဖြစ်ပေါ်နေသော လူငယ်ဒုစရိုက်မှုများ၏ အဓိကသော့ချက်တစ်ခုဖြစ်သည်။

ဇွန် ၁၉ ရက်ညက ဖြစ်ခဲ့သော ဖြစ်စဉ်ကိုကြည့်ပါ။ ညီအစ်ကိုနှစ် ယောက်ကို လူငယ်တစ်စုက ပြည်သူ့ ရင်ပြင်ရှေ့တွင် ထိုးကြိတ်၍ လက် ကိုင်ဖုန်းကိုလုယူစဉ် အလုခံရသူတို့ ၏ သူငယ်ချင်းများ ရောက်လာပြီး ဝိုင်းဝန်းဖမ်းဆီးရာ တစ်ဦးကိုဖမ်းမိခဲ့သည်။ ကျန်လူများကို နောက်နေ့တွင် ဖမ်းမိပြီး အသက် ၁၅ နှစ်မှ ၂၆ နှစ် ကြား အမျိုးသားအမျိုးသမီး လူငယ် ၁၁ ဦးတို့ဖြစ်ကြောင်း သိရသည်။

သူတို့သည် ဗိုလ်တစ်ထောင်ဘုရားအနီးက ထမင်းဆိုင်တွင် ထမင်းဝင်ရောက်စားပြီး ကျသင့်ငွေ ၃၅ဝဝဝ ကျပ်ကို မရှင်းနိုင်သဖြင့် ယာဉ်လိုင်စင်ကို အပေါင်ထားပြီး တွေ့သည့်လူကိုလုဖို့ တိုင်ပင်ခဲ့ကြသည်ဆို၏။ ကိုယ်ပိုင်ကားရှိသည့်တိုင်  အသုံးအစွဲနှင့် ရှိငွေမလုံလောက်ရုံမျှဖြင့် ပြစ်မှုကျူးလွန်ကြဖို့ ဆုံးဖြတ်ကြခြင်းမှာ တွန်းအားတစ်ခုခုကြောင့်သာဖြစ်နိုင်သည်။ ငွေကလည်း များသည်မဟုတ်။ တစ်ဦးလျှင် သုံးထောင်ကျော်လောက်သာမို့ အခက်အခဲမဟုတ်။ မူးယစ်စေတတ်သော တစ်စုံတစ်ရာသုံးစွဲထားခြင်းရှိမရှိစဉ်းစား စရာဖြစ်သလို အပေါင်းအသင်းချင်း ဆွဲဆောင်မှုကြောင့်လည်းဖြစ်နိုင်သည်။

လူငယ်တွေပြစ်မှုကျူးလွန်မှု လျော့ပါးစေရန် အဓိကတာဝန်ရှိသူတွေကတော့ မိဘ၊ ဆရာသမားနှင့် လွဲမှားဖွံ့ဖြိုးလာသော ရုပ်ဝတ္ထုဖျော်ဖြေရေးကဏ္ဍများဟုဆိုချင်ပါသည်။ သို့သော် ထို့ထက်ပို၍ အဓိကကျသည်ကတော့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမြင့်တင်ချင်စိတ်များ လူငယ် တွေတွင် ကိန်းဝပ်လာစေဖို့ပင်တည်း။

 ဝါဆိုကိုဦး (တောင်ကြီး)

ဝါဆိုကိုဦး (တောင်ကြီး)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.