14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
A, B, C ပန်းကလေးတွေ

 

 ကျောင်းစာသင်ခန်းများကို A, B, C, D ဟု ခွဲခြားခေါ်ဆိုခြင်းအစား ပန်းနာမည် များဖြင့် ပြောင်းလဲခေါ်ဝေါ်စေရမည်ဟူသော သတင်းတစ်ရပ်ကို တလောတုန်းက ဖတ်လိုက်ရသည်။ လူမှုကွန်ရက်ဖြစ်သော ဖေ့စ်ဘွတ်မှာဖြစ်သည်။ ဂျာနယ်များ သတင်းစာများတွင်တော့ ဖော်ပြခြင်း ရှိမရှိမသေချာ။

 ကျောင်းတစ်ကျောင်းတွင် ကျောင်းသားကျောင်းသူဦးရေများသောအခါ အတန်း တစ်တန်းကို အခန်းတစ်ခန်းသင်ရုံဖြင့် လုံလောက်မှုမရှိတော့ပါ။ နှစ်ခန်း သုံးခန်းမှသည် လေး ငါးခန်းအထိထားရှိပေးကြရသည်ကို ကျောင်းသားတိုင်းမိဘတိုင်း သိရှိကြပြီးသော ကိစ္စဖြစ်ပါသည်။

ကျွန်တော်တို့ ကျောင်းတက်စဉ်ကာလကတည်းက ဤသို့ပင် သင်ကြားခဲ့ကြရ သည်ပင်။ အခန်းများကိုလည်း အမှတ်မမှားစေရန် A, B, C သို့ တည်းမဟုတ် က၊ ခ၊ ဂ ဟူ၍ သတ်မှတ်လိုက်ကြသလို အတန်းပိုင်ဆရာ၊များကိုလည်း သတ်မှတ်တာဝန်ချပေး ထားကြပါသည်။ A အတန်း၏ အတန်းပိုင်ဆရာ (သို့) ဆရာမသည် သင်္ချာ ဘာသာပြသည့် ဆရာမဆိုလျှင် B အတန်းပိုင်က မြန်မာဆရာ၊ C အတန်းပိုင်က ဓာတုဗေဒဆရာ စသဖြင့် အတန်းပိုင်ခွဲခြားထားသော်လည်း ဘာသာရပ်အလိုက် ဆရာ ဆရာမများကို သူ့အချိန်နှင့်သူ အတန်းစုံသို့ ဝင်ရောက်သင်ကြားပြသပေးကြပါသည်။ ဘယ်အတန်းကို တော့ ဘယ်ဆရာ၊ ဆရာမ မသင်။ ဘယ်အတန်းကိုတော့ သင်္ချာဆရာ အခြားတစ်ဦးက သင်သည်ဟူ၍ မရှိပါ။ အတန်းတိုင်းကို အချိန်တူဆရာ ဆရာမတူ တန်းတူရည်တူ သင်ကြားပြသကြသည်ပဲဖြစ်ပါသည်။

ဆရာ၊ ဆရာမများကလည်း ငါ့အတန်းမို့ ငါ့ဘာသာမှာ တခြားအတန်းက ကျောင်းသားတွေထက် ပိုထူးချွန်အောင် ကြိတ်သင်မယ်ဆိုသော လုပ်ပေါက်မျိုးမရှိကြပါ။ အတန်းပိုင် မကိုင်ရသော ဆရာ၊ ဆရာမများကလည်း ငါ့အတန်းမှ မဟုတ်တာဟူ၍ ဝတ်ကျေတန်းကျေသာ သင်ပေးခြင်း မျိုး မလုပ်ကြပါ။

ထို့အတူ ကျောင်းသားချင်းကြားတွင်လည်း ငါက A တန်း၊ သူက B တန်း၊ ဟိုကောင်က E တန်းဟူ၍ ခွဲခြားပေါင်းသင်းစိတ်ထားခြင်းမရှိကြပါ။ အားကစား ပြိုင်ပွဲများတွင်သာ ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ကြခြင်းမျိုး ရှိကြပါသည်။

အဘယ်ကြောင့်ဆိုသော် အရင်အပ်၊ နောက်အပ်ဟု ကျောင်းအပ်စောချိန်၊ နောက်ကျချိန်ကြောင့်သာ A တန်း၊ B တန်း၊ ကွဲပြားသွားသော်လည်း သင်ကြားရေးအပိုင်းနှင့်အခြား ကိစ္စအဝဝတို့တွင်ခွဲခြားမှုမရှိသောကြောင့် အတန်းအမည် နှင့် အတန်းခွဲခြင်းသည် လူဦးရေကြောင့်ဟူသောအမြင်ကို လက်ခံကြ၍ဖြစ်သည်။

သို့သော် နောင်အခါ မည်သို့ဖြစ်သည်မသိ။ မည်သည့်အခါတော်ပေး၏ မဟာအကြံဥာဏ်ကြောင့်မှန်းမသိဘဲ A အတန်း၊ B အတန်း ခွဲသည့်အခါ တော်သော၊ အမှတ်ကောင်းဖြင့်အောင်လာသော ကျောင်းသားများကိုတန်းခွဲ A, B စသဖြင့် နေရာချ ပေးပြီး သာမန်ကျောင်းသားများကို C, D  တန်း ခွဲချပေးကာ အမှတ်နည်းနည်းဖြင့် အောင် လာသောကျောင်းသားများကို E,F  စသဖြင့် နေရာချထားခဲ့ကြလေတော့သည်။

အစောပိုင်းကမူ ပြဿနာမရှိသော်လည်း ကျောင်းသားများမှာ လူငယ်သဘာဝ အရ ခွဲခြားဆက်ဆံခံရသည်ဟု စိတ်အထင်ရောက်လာကြသည်။ ကျောင်းသားချင်းကြား မှာလည်း ငါက A တန်း၊ မင်းက D တန်း မင်းက F တန်းဟု ခွဲခြားမှုလေးများ ရှိလာကြကာ သွေးကွဲစိတ်လေးများဝင်လာကြသည်။ ထိုအခါ လူငယ်တို့၏ အရွဲ့တိုက်စိတ်ကြောင့် A, B တန်းခွဲမရသော ကလေးများအထူးသဖြင့် နောက်ဆုံးတန်းခွဲများ၌ နေရာချခံရသောကလေးများက အခြားတန်းခွဲမှ ကျောင်းသားများနှင့် ဆရာ ဆရာမ များကို မချေမငံဆက်ဆံခြင်းများ ရှိလာကြသည်။

သူတို့ဘက်ကကြည့်လျှင်လည်း အပြစ်မဆိုသာ။ အကြောင်းတစ်ခုခုကြောင့် နောက်ဆုံးဖြေခဲ့ရသော စာမေးပွဲတွင် အမှတ်မကောင်းရုံမျှဖြင့် လူညံ့စာရင်းသွင်းကာ ခွဲခြားခံရပြီး ကျောင်းသားချင်း အထင်အမြင်သေးခြင်းခံရသလို မိဘကလည်း ဆူပူ ပြစ်တင်ခြင်းခံလာရသောအခါ ငယ်စိတ်ငယ်လက်ဖြင့် အရွဲ့တိုက်လာကြ ခြင်းဖြစ်ပါ သည်။

သို့သော် ဆရာ ဆရာမများကလည်း နောက်ဆုံးတန်းခွဲမှ ကျောင်း သားများသည် ထိန်းသိမ်းရခက်သည်။ သင်ကြားပြောဆိုရခက်သည်ဟု မှတ်ယူလာကြကာ သင်ကြားရေး ပိုင်းတွင်း အားစိုက်မှုသိပ်မပြုချင်ကြတော့ပဲ ဝတ်ကျေ၊ တန်းကျေ ဆန် လာကြတော့သည်။ ဤသို့ ဆရာကလည်း အပြန်အလှန်အမြင်မှားက  ရေနစ်သူကို ဝါးကူထိုးသလို ဖြစ်လာခဲ့ ကြသည်။

 နောက်ဆုံးတန်းခွဲကျသည်ဆိုသည်နှင့် ထိုကျောင်းသားသည် နှစ်စကပင် စိတ်ဓာတ်က အလိုလိုကျသွားတော့သည်။ တစ်နည်းပြောရ လျှင် အချင်းချင်းကြား သိမ်ငယ်စိတ် ဝင်သွားရတော့သည်။ ထိုသိမ်ငယ် စိတ်ကို အရွဲ့တိုက်မှုဖြင့် ဖုံးကွယ်ရန် ကြိုးစားကြသောအခါ အမှန်တကယ်အဆိုးစာရင်းဝင်သွားခဲ့ကြပြီး နောက် ဆုံးတန်းခွဲကျသော ကျောင်းသားများဆိုးလည်းဆိုး၊ ညံ့လည်းညံ့ဟူသော သတ်မှတ်ချက်ကို ကိုယ်တိုင် အကောင်အထည်ဖော်ပြလိုက်သလိုဖြစ် သွားလေတော့၏။

အမှန်တော့ ခွဲခြား၍ကွဲပြားသွားရခြင်းသာဖြစ်၏။ ကျောင်းသား အရေအတွက် ပေါ်မူတည်၍ အတန်းခွဲခြားကပြဿနာမဟုတ်။ အဆင့်ခွဲခြင်းက ပြဿနာဖြစ်၍လာ ခြင်းပင်။ ရိုးရိုးအတန်းခွဲခြင်းသည် အဆင်ပြေပြီး အဆင့်အတန်းခွဲခြားက အဆင်မ ပြေ။ တော်အဆင့် A, B ။ သင့်အဆင့် C, D ၊ ညံ့ (သို့) ဆိုးအဆင့် E,F ဟူ၍ ခွဲနေလျှင် ကျောင်းသား အချင်းချင်းတွင်လည်းကောင်း၊ ကျောင်းသားနှင့် ဆရာကြားတွင်လည်း ကောင်း၊ ကျောင်းသားနှင့် မိဘကြားတွင်လည်းကောင်း လွဲမှားသောနားလည်မှုကိုယ် စီဖြင့် အဆင်ပြေနိုင်ကြစရာမရှိဘဲ ကြားထဲကကျောင်း၏ဂုဏ်သိက္ခာကို ထိခိုက်ရပေလိမ့်မည်။ အမည်ခံ ကျောင်းသားဆိုးများသည်လည်း နစ်နာကြရလိမ့်မည်။

ဥပမာအားဖြင့်ပြောရလျှင် နဂိုကစာတော်သော ကျောင်းသားတစ်ဦးသည် မိသားစုပြဿနာကြောင့် စိတ်ဒဏ်ရာရကာအမှတ်စာရင်းများ ကျဆင်းသွားခဲ့သည်ဆိုပါ စို့။ အနည်းငယ် မာကျောကြွပ်ဆတ်မှုရှိလာခဲ့သည်ဆိုပါစို့။ ထိုသို့သော ကလေး၏ နောက်ဆုံးအတန်းတင် စာမေးပွဲရမှတ်အရလည်းကောင်း။ စိတ်ပေါက်ကွဲမှု တုံ့ပြန်ချက် လက္ခဏာအရလည်းကောင်း၊ ဆိုးညံ့ စာရင်းသွင်းကာ နောက်ဆုံးတန်းခွဲတွင် နေရာချပေးလိုက်သည်ဆိုလျှင် ရေနစ်သူကိုဝါးကူထိုးသလိုဖြစ်၍နေပေတော့မည်။ တဒင်္ဂအမှားကို ထာဝရအမှားဖြစ်အောင် တွန်းပို့သလိုဖြစ်ပေတော့မည်။

စာသင်ကျောင်းသည် စာသင်ကျောင်းသာဖြစ်၍ တရားရုံးမဟုတ်ပါ။ ပြစ်ဒဏ်ချမှတ်ရာ နေရာမဟုတ်ပါ။ ကျောင်းသားများသည်လည်း ညံ့ ဖျင်းခဲ့လျှင်ပင် ရာဇဝတ်မှု ကျူးလွန်ခြင်းမဟုတ်ပါ။ တရားခံသဖွယ် သတ်မှတ်၍ နောက်ဆုံးတန်းခွဲမှာနေ စေဟု စီရင်ချက်ချသလို ချလိုက်ခြင်း သည်ကား ကိုယ်ချင်းမစာနာရာ ရောက်ပါသည်။

 ကျောင်းနေပျော်၍ စာတော်ရမည်ဟူသော ဆောင်ပုဒ်ကိုသတိရစေချင်ပါသည်။ ကျောင်းသားအတွက် ကျောင်းနယ်မြေ၊ ကျောင်းဝန်းကျင်သည် ပျော်စရာ နှစ်သက်စရာ ဖြစ်နေဖို့လိုအပ်လှပါသည်။ အရေးတကြီးကို လိုအပ်လှပါသည်ဟု ပြောချင်ပါသည်။ သို့မှသာ သင်ကြားရေးအဆင်ပြေနိုင်ပြီး ထူးချွန်သောကျောင်းသားများ မွေးထုတ်နိုင်ပေ မည်။

သို့မဟုတ်မူဘဲ ကျောင်းသားချင်း ရှောင်ဖယ်ခံရ၊ ဆရာ၊ ဆရာမက ရွံကြောက်မှုကို ခံရဆိုလျှင် ထိုကျောင်းသားအတွက် ကျောင်းဟူသည် ပျော်စရာမဟုတ်သည့်အပြင် သူ့ရပ်တည်မှုကို သူသံသယဖြစ်လာရအောင် စိတ်ဒုက္ခပေးသော နေရာတစ်နေရာဖြစ် လာပေလိမ့်မည်။ သို့ဆိုလျှင် ကောင်းကျိုးထက်ဆိုးပြစ်ကို သာရရှိပေတော့မည်။

တစ်လောကတော့ ကျောင်းခန်း တန်းခွဲများကို A, B, C ဟူသော အခေါ်အဝေါ် အစား နှင်းဆီ၊ ခတ္တာ၊ ဇီဇဝါ စသဖြင့် ပန်းနာမည်လေးများဖြင့် အစားထိုးမည်ဟူသော သတင်းတစ် ပုဒ်ဖတ်ရသောအခါ အမည်ပညတ်ကအရေးမကြီး အနှစ်အသား ပရမတ်က အရေးကြီးသည်ဟု သတိပေးချင်ပါသည်။ 

တန်းခွဲကို ကြိုက်ရာနာမည်နှင့်ခွဲပါ။ သို့သော် ကျောင်းသားကိုတော့ သတ်မှတ်ချက် တစ်စုံတစ်ရာဖြင့် တန်းခွဲနေရာမချပါနှင့်။ စောစော လာအပ်သူကို ရှေ့ခန်း၊ နောက်ကျ အပ်သူကိုနောက်ခန်း၊ တော်ညံ့မခွဲဘဲ နေရာချထားပေးပြီး ကျောသားရင် သားမခွဲခြားဘဲ သင်ကြားပို့ချပေးရပါမည်။ သူ့ဥာဏ်ရည်အလိုက် သူ့ခံယူနိုင်မှု မတူသည်က တစ်ကဏ္ဍဖြစ်ပါသည်။

ဆရာတစ်ယောက်က ပြောဖူးသည်။ ဥာဏ်ရည်မတူသူတွေကိုတွဲ၍ သင်ကြားရ တာ ခက်ခဲသည်ဟုဆို၏။ ထိုဆရာကို မေးလိုသည်မှာ ကိုယ့်တုန်းကရော မည်သို့ကျောင်းတက်ခဲ့ပါသလဲ။ ဆရာတွေ ဘယ်လိုသင်ကြားပေးခဲ့ကြပါသလဲဟုပင်။ ကျွန်တော်တို့တော့ ထိုသို့ခွဲခြားမှုမျိုးမကြုံခဲ့ရ။ အလွန်တော်သော ကျောင်းသား မျိုးတွေနှင့်လည်းတစ်ခန်းတည်းနေဖူးသလို အလွန်ညံ့ဖျင်းသောကျောင်း သားမျိုးနှင့် လည်း တစ်ခန်းတည်းကျဖူးသည်။ ညံ့သောကျောင်းသားက တော် သော ကျောင်းသားကို အကူအညီတောင်း၍ တော်သောကျောင်းသားက သူတော်သမျှ ပြန်ပြပေးသဖြင့် ညံ့သော ကျောင်းသားတိုးတက်လာသည်မျိုးတွေ ကျောင်းနေစဉ် ကာလက မကြာခဏကြုံဖူးသည်။ အလွန်ချစ်စရာကောင်းသော လူငယ်စိတ်ဓာတ်တွေ ကို တွေ့မြင်ခံစားဖူးသည်။ ညီအစ်ကိုထက် ရင်းနှီးသွားကြသော ကျောင်းနေဖက်တွေ အနန္တ။

အတန်းခွဲပါ။ ကြိုက်ရာနာမည်သုံးပါ။ အရေးမကြီးပါ။ အရေးကြီးတာက အဆင့်မခွဲပါနှင့်။ အားလုံးတန်းတူညီမျှတွဲထားပါ။ ပညာသင် ကြားရေးအတွက်သာမက အနာဂတ် ဘဝလျှောက်လှမ်းရေးအတွက်ပါ သူတို့အတွေ့အကြုံရကြပါလိမ့်မည်။

 ဝါဆိုကိုဦး (တောင်ကြီး)

ဝါဆိုကိုဦး (တောင်ကြီး)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.