19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ပျော်သလားဟေ့ မောင်တို့ရေ … ပျော်တယ်လည်း မဟုတ်ပါ ဒီလိုပါပဲတဲ့ခင်ဗျား

အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီးနောက် ရန်ကုန်မြို့ ကီးသည် အသံဗလံဆူညံခြင်းများစွာဖြင့် ယခုနှစ်မိုးရာသီကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ ကားများလည်း ဟွန်းသံတဆူဆူတညံညံဖြင့် တမျှော်တခေါ်မဆုံးနိုင်သော ယာဉ် ကြောပိတ်ဆို့မှုထဲတွင် ကျပ်ညပ်သတ်နေကြသည်။ လူများသည်လည်း ရှေ့မကြည့်နိုင်၊ နောက်မလှည့်နိုင်ဖြင့် ခေါင်းငိုက်စိုက်ချကာ ဒုန်းစိုင်းပြေးတော့မည့်အလား ဖတ်သီဖတ်သီ ပြေးလွှားလှုပ်ရှား ပျားပန်းခတ်နေကြသည်။ ရန်ကုန်သည် မနှစ်က မြင် ကွင်းများကို အသေအချာသိမ်းဆည်း ထားတတ်သည့်အကျင့် အမြဲကျင့် လေ့ရှိသည်။

မိုးရာသီရောက်ပြီ ကျောင်းတွေပြန်ဖွင့်ပြီဆိုတော့ ရန်ကုန်ဘာဖြစ်သနည်း။ ထုံးစံအတိုင်း မိုးရာသီရောက်ပြီ၊ မိုးကြီးပြီဆိုသည်နှင့် ရန်ကုန်သည် ရေကြီးပါတော့သည်။ ယာဉ်ကြောပိတ်ဆို့ပါတော့သည်။ ကားဟွန်းသံများ နားမခံသာနိုင်အောင် ဆူညံပူလောင်ပေါ်ထွက်လာပါတော့သည်။ လူအများ၏အကျိုးရှိ အချိန်တို့သည်လည်း လမ်းပေါ်တွင် အလဟဿကုန်ဆုံးရပါတော့သည်။

နေရာတကာ အကောင်းမြင်တတ်လွန်းသူများကတော့ ကျောင်းဖွင့်ရာသီရောက်ပြီ ဆိုလျှင် ကျောင်းသူကျောင်းသားကလေးများ ပျော်တပြုံးပြုံးမော်မဆုံးဖြင့် ကျောင်းသို့သွားကြပြီ၊ မိဘများသည်လည်း ကြည်နူး ရွှင်ပျဘဝအေးမြနေကြသည်ဟု အလကား မတ်တင်းပြောဆိုပင့် မြှောက်ချေးခြောက်ရေနူးနေကြသည်။ တကယ်တော့ ရန်ကုန်တွင် ကျောင်းတက်ရသော ဒုက္ခနှင့်ရန်ကုန်တွင်ကျောင်းထားရသော ဒုက္ခများ ကားရှိနှင့်ပြီးသားကို သူတို့တမင်မေ့ဖျောက် ဖုံးကွယ်ကာရွှေပြည်ကြီး သာယာနေ သယောင် မီးလောင်ရာလေပင့်နေကြခြင်းဖြစ်သည်။ ယင်းလိုလူစားများ ခေတ်တိုင်းတွင်ရှိသည်။ ယနေ့ခေတ်တွင် ပို၍ပေါများနေ၏။ ယင်းသို့ မစားရဝခမန်း သူများကြီးတော်နွား အခမဲ့ကျောင်းပေးရမှနေသာထိုင် သာရှိကြသည့် လူစားများကြောင့် လက်ရှိအနေအထားသည် တိုးတက်သင့်သလောက် မတိုးတက်၊ ပြောင်းလဲသင့်သ လောက် မပြောင်းလဲဘဲ ဖြစ်နေရသည်ဟုမြင်မိသည်။ ပြုပြင်ပြောင်းလဲရေး ပြုလုပ်နေဆဲ အချိန်ကာလတွင် ပြုစရာ၊ ပြင်စရာ၊ ပြောင်းလဲပစ်စရာ အဖြစ်သနစ်များကိုတော့ နားပေါက်အောင် ပြောနေကြရပေ မည်။

ယခုလည်း အခြေခံပညာကျောင်းများ ပြန်ဖွင့်ပြီဆိုသည်နှင့် ကျောင်းသူ ကျောင်းသားများ အပြုံးပန်းဆင်ပြီးပျော်မဆုံး၊ မော်မဆုံးကျောင်းသွားကြပြီဟု ထင်နေကြပါသလား။ မထင်ကြပါနှင့်။ ကျောင်း ဖွင့်စခဏတော့ ပြုံးကြပျော်ကြရယ် ကြ မောကြဟားတိုက်လှောင်ပြောင် ကျီစယ်နောက်စကြပါသည်။ နောက်ပိုင်း ရယ်သံများ တိတ်ဆိတ်သွားပြီး အမောဇာတ်ထဲပျော်ဝင်ကြရတော့မည်မို့ ရင်လေးသွားကြရပါ တော့သည်။ သူတို့သည် အခြေခံပညာအဆင့် ကျောင်းသားများဖြစ်၍ လွတ်လပ် ပျော်ရွှင်ပေါ့ပါးစွာ ပညာသင်ယူနေ ကြမှာပဲဟုထင်လျှင်လည်း လွဲမှာဧကန်ဖြစ်သည်။

သူတို့သည် ကျောင်းစတက်ပြီဆိုကတည်းက ဖိစီးမှုများရှိသည်။ သူတို့တွင် ပြိုင်ဆိုင်မှုများရှိနေသည်။ ပြိုင်ဆိုင်မှုများကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်နေရသည်။ မိသားစု အဆင့်အတန်းချင်း ပြိုင်ဆိုင်မှု၊ မိဘဂုဏ်ဒြပ်ချင်းပြိုင်ဆိုင်မှု၊ အိုးအိမ်နေရာထိုင်ခင်း အနေအထားပြိုင်ဆိုင်မှု၊ စာတော်ခြင်း၊ စာတတ်ခြင်း၊ ကျူရှင်ကြိုတင်ထားခြင်း၊ ကျူရှင် သင်တန်းကောင်းခြင်းမကောင်းခြင်း ပြိုင်ဆိုင်မှုများရှိနေသည်။ ပြိုင်ဆိုင်မှုများသည် ကျောင်းသူကျောင်းသား တစ်ဦးချင်းစီအားသိမ်ငယ်မှု၊ မော် ကြွားမှု၊ ထောင်လွှားမှု၊ ပလွှားမှုများကိုလည်း ဖြစ်ပေါ်စေသည်။ ယနေ့ခေတ် အခြေခံပညာအဆင့် ကျောင်းသား လောကသည် ယခင့်ယခင်ခေတ်များနှင့် လားလားမျှမတူတော့။ အခြေခံပညာအဆင့် ကျောင်းသူကျောင်းသားများ၏ စိတ်ခံစားမှုနှင့် ခေတ်အခြေအနေကို တုံ့ပြန်မှုတို့သည် အများကြီး ပြောင်းလဲသွားပါပြီ။ ရန်ကုန်တွင် ကျောင်းနေကြသည့်ကျောင်းသားများ သည် သာ၍ပင်ပြောင်းလဲနေပါသည်။ သူတို့သည် ပြိုင်ဆိုင်မှုများကြားတွင် ပိတ်မိနေ၏။ လက်ရှိရေး ဆွဲချမှတ်ထားသော အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း ၂ဝ၁၆-၂ဝ၂၁ ကလည်းကယ်မထုတ်နိုင်။ တစ်နှစ်ပြီးတစ်နှစ် ပြုပြင်ပြောင်းလဲရေးဆွဲ ပြဋ္ဌာန်းပေးတော့မည့် သင်ရိုးသစ်ပြဋ္ဌာန်းချက်များကလည်းမကူညီနိုင်။ စတင်ကျင့်သုံးနေပြီဖြစ်သော ကျောင်းသားဗဟိုပြု ချဉ်းကပ်သင်ကြားရေးနည်းစနစ်ကလည်း အသက်ရှူပေါက်ချောင်အောင် မလုပ်နိုင်ပြန် စသည့်အနေအထားများဖြင့် ရင်ဆိုင်နေကြရသည်။

ယခုအခါ စာသင်ခန်းများကို အေ၊ ဘီ၊ စီ၊ ဒီ၊ အီး စသည်ဖြင့် အခန်းမခွဲတော့ဘဲ ယင်းအစား ပန်းနာမည်များဖြင့် စာသင်ခန်းများကို နာ မည်တပ်မှည့်ခေါ်သွားမည်ဟု သိရသည်။ ယင်းမှာ စာတော်သောကျောင်းသား အခန်း၊ စာညံ့သော ကျောင်းသား အခန်းအဖြစ်  ယခင်က အစဉ်အလာရှိခဲ့ဖူးသော ကျောင်းသား အတန်းအစားခွဲခြား သိမြင်နေခြင်းကို ပယ်ဖျောက်ပစ်ပြီး ကျောင်းသားအားလုံး စာတော်စာညံ့ခြင်း မခွဲခြားဘဲ တစ်ပြေးညီဆက်ဆံသင်ကြားပေးရန် ရည်ရွယ်သည်ဟု သိရ၏။ ယင်းသို့ အခန်းများအား ပန်းနာမည်ဖြင့် အမည်တပ်ခေါ်ဝေါ်မည်ဆိုသော်လည်း စာတော်သောကျောင်းသား၊ စာညံ့သော ကျောင်းသားဟူသည်ကတော့ အခန်းတစ်ခန်းတည်းတွင် ရှိနေဦး မည်ဖြစ်သည်။

စာတော်ခြင်း၊ စာညံ့ခြင်းဟူသည် ကျောင်းသားတို့၏ မွေးရာပါ ဦး နှောက်ဖွံ့ဖြိုးမှုနှင့် သက်ဆိုင်သည်။ မိဘတို့၏ ရင်သွေးပြုစုပျိုးထောင်ခဲ့ကြရာဝယ် ဦးနှောက်ဥာဏ်ရည် ထက်မြက်ရှင်သန်အောင် ကျွေးမွေးပြုပြင်ပေးခဲ့သည့် အာဟာရဓာတ် ကြွယ်ဝမှု၊ မကြွယ်ဝမှု၊ ရင်သွေးပြုစုပျိုးထောင်ရေးအသုံးချနိုင်မှု၊ ဓနဥစ္စာပြည့်စုံခြင်း၊ မပြည့်စုံခြင်းတို့နှင့် သက်ဆိုင်သည်။ ထို့ပြင် စာသင်ခန်းများကို ပန်းနာမည်ပေး ခေါ်ဝေါ် စေသော်လည်း ကျောင်းသားများ၏ ပြိုင်ဆိုင်နေရမှု၊ ပြိုင်ဆိုင်မှုကြောင့်ရ နေသည့် ဖိစီးမှုများကိုတော့ ပြေလျော့ ပျောက်ကွယ်သွားအောင် စွမ်းဆောင်နိုင်မည်မဟုတ်ချေ။

 ကျောင်းသူ၊ ကျောင်းသားများအခြေခံပညာအဆင့်မှာပင် ပြိုင်ဆိုင်မှု ဝဲသြဃထဲ ဝဲလည်လှည့်ကာ နစ်ချည်တစ်ခါ၊ ပေါ်ချည်တစ်လှည့်ဖြင့် ဝိုင်းကြီးပတ်ချာလည် ဖြစ်နေရခြင်းမှာ မိဘအချို့၏လောဘကြောင့်လည်း တစ်ကြောင်းပါဝင်သည်။ ဆရာ၊ ဆရာမတို့၏ ဇောကပ်မှုကြောင့်လည်း တစ်ကြောင်းပါဝင်နေသည်။ ဆရာ၊ ဆရာမတို့သည် မိမိအတန်းထဲက သို့မဟုတ် မိမိအခန်းထဲကကျောင်းသူ၊ ကျောင်းသားကို ထူးချွန်စာမေးပွဲ ဖြေခွင့်ရစေချင်သည်။ ထူ ချွန်စာမေးပွဲ အဆင့်ဆင့်အောင်မြင်ပြီး လူရည်ချွန် ကျောင်းသားအဖြစ် အရွေးခံရစေချင်သည်။ စတုတ္ထတန်းနှင့် အဋ္ဌမတန်းတို့ကို ကိုင်တွယ်ရ သော ဆရာ၊ ဆရာမဆိုလျှင်လည်း အစိုးရစစ် စာမေးပွဲကြီးကျင်းပသည့်အခါ ရာနှုန်းပြည့်တန်းလုံးကျွတ် အောင်စေချင်သည်။ နဝမတန်းကျောင်း သူကျောင်းသားဖြစ်လျှင်လည်း တက္ကသိုလ်ဝင်တန်းအတွက် အစစအရာရာ အခြေခံကောင်းနေစေချင်သည်။

တက္ကသိုလ် ဝင်တန်းရောက်ပြီဆိုလျှင်တော့ မိမိတို့ ကျောင်းဂုဏ်တက်စေရေးအတွက် ခြောက်ဘာသာဂုဏ်ထူးရှင်ပေါ်ထွက်ရေး၊ ငါးဘာသာ၊ လေးဘာသာ၊ သုံးဘာသာ ဂုဏ်ထူး ရှင်များအရေအတွက်များရေးဖိအားတွေ ပေးကြပါတော့သည်။ မည်မျှအထိ ဖိအားပေးသနည်းဆိုလျှင် အစိုးရကျောင်းတွင် ကျောင်းခေါ်ချိန်ပြည့်မီ ရုံကလေးသာ လာတက်ပြီးလျှင် အပြင်က အကောင်းဆုံး၊ ကြေးအကြီးဆုံး ရှယ်တကာ့ရှယ်တို့၏ ရှယ်ဆရာများ၊ ဝိုင်းသည့်ဝိုင်းကောင်းကောင်းတွင် သွားတက်ကြ၊ မည်သည့်ဝိုင်းက အ ကောင်းဆုံးဖြစ်သည်ဟုပင် လမ်းညွှန် မှုရှိနေသည်ဟု ကြားသိရသည်။

မိဘအချို့ကလည်း ကျောင်းက ဆရာ၊ ဆရာမကတောင်သည် လောက် တွန်းအားပေးမြှောက်စားနေမှတော့တို့က လုပ်မပေးနိုင်စရာ ဘာရှိမှာလည်းဟူသော စိတ်ဓာတ်ဖြင့် ငွေကြေးအမြောက်အမြား အကုန်အကျခံပြီး ကျောင်းသူကျောင်းသား အား ဆက်လက်ဖိအားပေးကြိုးစားခိုင်းပါတော့သည်။ ဖိအားပေးခံပြီးရင်းခံရသော မောင်တို့၊ မယ်တို့သည်လည်း ဘာမျှစောဒကမတက်နိုင်ဘဲ ယက်ကန်ယက်ကန်ဖြင့် စာပြီးရင်းစာ ထမင်းစားရင်လည်းစာ၊ အိမ်သာတက်ရင်လည်းစာဖြင့် ပြားပြား မှောက်နေရပါတော့သည်။ အမှန်တော့ အခြေခံပညာအဆင့်ပဲပြောပြော၊ မည်သည့်အဆင့်ပဲဆိုဆို စာသင်ကြားသင်ယူရခြင်း အလုပ်သည်ဂုဏ်တု ဂုဏ်ပြိုင်အတွက် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ရပြီဆိုလျှင် စာသင်ယူခြင်း မပီပြင်တော့ပါ။ စာတတ် မြောက်ခြင်းမမြောက်တော့ပါ။ ကျောင်းနေပြီးစာသင်ယူခြင်း၊ အလုပ်သွား လုပ်ရသူသည် ဂုဏ်တုဂုဏ်ပြိုင်အတွက် စာသွားသင်ရခြင်း၊ မဖြစ်သင့်ပါ။ ထိုနည်းတူ အပြိုင်အ ဆိုင်များကြား သင်ယူတတ်မြောက်ရ ခြင်းမျိုးလည်းမဖြစ်သင့်ပါ။ ထိုနည်း တူစွာ ဖိအားများအောက်တွင် စာကိုကုန်းကျုံးကျက်နေရခြင်း၊ အော်ဆိုနေရခြင်း အလွတ်ဤသည်မရွေ့ ပြန်ဆို ပြနေခြင်းမျိုးလည်းမဖြစ်သင့်ပါ။

ယခုတော့ မြန်မာ့ပညာရေး လောကတွင်သင်ရိုးညွှန်းတမ်းများ မည်မျှပင် ပြောင်းပြောင်း၊ သင်ကြားမှုစနစ်များ မည်မျှပင်ပြောင်းပြောင်း ဂုဏ်တုဂုဏ်ပြိုင်ရန် အတွက် စာကြိုးစားနေရသည်။ ကျူရှင်အလုအယက်တက်နေရသည်။ ငွေကြေးအမြောက်အမြား အကုန်အကျခံနေရသည်ဆိုသည်ကြီးက ရှိနေတုန်းပင်ဖြစ် သည်။ ကျောင်းသူကျောင်းသားများအဖို့လည်း ကျောင်းတက်ရင်း ပြိုင်ဆိုင်မှု များကို ရင်ဆိုင်နေကြရသည်။ ဖိအားများကလည်း အမြဲတမ်းကပ်ပါနေပြီး ဖိစီးမှုဝန်ထုပ် ဝန်ပိုးကြီးကိုသယ်ထမ်းကာ ကျောင်းသွားကျောင်း ပြန် လုပ်နေရဆဲဖြစ်သည်။ ယင်း အခြေအနေသည် ရန်ကုန်တွင် ကျောင်းတက်နေရသည့် ကျောင်းသူ ကျောင်းသားများ အတွက် ပို၍ဆိုးရွားလာနေပါသည်။         

မောင်လွင်ပြင်

မောင်လွင်ပြင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.