24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
ကျောင်းစနေသည့် အသက်အရွယ်သည် ပုံမှန်ပဲ ကောင်းသည်

ဇွန်လ ၁ ရက်က စကိုင်းနက်ရုပ်သံလိုင်းတစ်ခုမှနေ၍ ကျောင်းအုပ်ဆရာမ ကြီးတစ်ဦး ကလေးငယ်များအား ကျောင်းအပ်လက်ခံခြင်းနှင့်ပတ်သက်၍ ဆောင်ရွက် နေသောမူကို ရှင်းပြထုတ်လွှင့်နေသည်ကို တွေ့လိုက်ရသည်။

ကလေးငယ်တစ်ဦးသည် အသက်ခြောက်နှစ်ပြည့်ပါက Grade -1 မှစ၍ တက်ရောက်သင်ယူနိုင်သည်ဟုဆိုသည်။ အကယ်၍ ကလေးငယ်က အသက်ခြောက် နှစ်ပြည့်ရန် တစ်လသာလိုတော့သည်ဆိုပါက ထိုကလေးငယ်၏ ဥာဏ်ရည်ကို ကျောင်းအုပ်ကြီးကကြည့်ရှုစစ်ဆေးပြီး လက်ခံပေးနိုင်သည်ဟုလည်းသိရသည်။ သို့ရာတွင် ကလေးငယ်၏အသက်ကခြောက်နှစ်ပြည့်ဖို့ တစ်လလိုမဟုတ်ဘဲ နှစ်လသို့မဟုတ် သုံးလလိုသေးက မြို့နယ်ပညာရေးမှူးသို့မဟုတ်တိုင်း ပညာရေးမှူး တို့၏ ကြည့်ရှုစစ်ဆေးမှုဖြင့် လက်ခံဆောင်ရွက်ပေးနိုင်မည်ဟုလည်းသိရပါသည်။

 ရှေးယခင်ကကျောင်းများတွင် ကျောင်းသားသစ်များကို ယေဘုယျအားဖြင့် သူငယ်တန်းမှစ၍ လက်ခံသင်ပေးကြသည်။ ကျောင်းသားသစ်ကလေးငယ်၏  အသက်သည် ခြောက်နှစ်ပြည့်ဖို့လိုပေသည်။ ခြောက်နှစ်မပြည့်သေးပါက တရား ဝင်မှတ်ပုံတင် စာရင်းမသွင်းသေးဘဲ ကလေးငယ်ကိုကျောင်းပျော်စေရန် သဘောဖြင့်သာ လက်ခံထားလေ့ရှိသည်။ ထို့ကြောင့် သူငယ်တန်းကြီး သူငယ်တန်းကလေးဟူသော ဝေါဟာရဖြစ်ပေါ်လာခြင်းဖြစ်သည်။ အသက်ခြောက်နှစ်ပြည့်သူကိုသာလျှင် သူငယ်တန်းကြီးအဆင့်တွင် တက်ရောက်သင် ယူနိုင်သည့် သဘောဖြစ်သည်။

ကလေးငယ်တစ်ဦး၏ ကျောင်းစတက်နိုင်သည့် အသက်ကို ခြောက်နှစ်ဟု သတ်မှတ်သည်မှာ ယေဘုယျအားဖြင့် ထိုအရွယ်သို့ရောက်မှသာလျှင် ကလေးငယ်၏ ဥာဏ်ရည်က ဆရာ၊ ဆရာမများ သင်ပြပေးသည့်စာကို ခံယူနိုင်သည့် အခြေအနေသို့ ရောက်ရှိမည်ဟု ပညာရှင်များက ယူဆသတ်မှတ်ထားသောကြောင့်ဖြစ်ပေမည်။ တစ်နည်းအားဖြင့် ကလေးငယ်၏ စိတ်ဖွံ့ဖြိုးမှုအခြေ အနေအပေါ်တွင်အခြေခံ၍ ထိုသို့ သတ်မှတ်ခြင်းဖြစ်ပေမည်။

ကျွန်တော်သည် စာသင်ပေးသည့်အလုပ်ကို တွဲဖက်အထက် တန်းကျောင်းများ တွင် တွဲဖက်ဆရာအဖြစ်လည်းကောင်း၊ မိမိနေအိမ်တွင် အင်္ဂလိပ်စာကျူရှင်ဆရာ အဖြစ်လည်းကောင်း  စုစုပေါင်း ၂၂ နှစ်ခန့်လုပ် လာခဲ့သော်လည်း ဆရာဖြစ်အတတ် ကိုကား မသင်ယူခဲ့ဖူးပါ။ ဆရာဖြစ်အတတ်ကို တက္ကသိုလ်မှ B.Ed အတန်းများ တွင်ဖြစ်စေ၊ ဆရာဖြစ်သင် ကောလိပ်များတွင်ဖြစ်စေ သင်ပေးသည်ဖြစ်ရာ ထိုသင်တန်းမျိုးတွေကိုမတက်ဖူးဘဲ ဆရာလုပ်လာတာ ၂၂ နှစ်ကြာသည်ဟု ဆိုလိုပါသည်။

ထို့ကြောင့် ဆရာ၊ ဆရာမများပြောလေ့ရှိကြသော ဇာတာသက်နှင့် စိတ်သက်အကြောင်းတို့ကို  ကလေးစိတ်ပညာရှုထောင့်မှကြည့်၍ ကျွန်တော် ဂဃနဏ ရှင်းမပြတတ်ပါ။ အကြမ်းအားဖြင့်သာ ကလေးငယ်များတွင် ဇာတာသက်က ကြီးနေသော်လည်း စိတ်သက်ကငယ်နေခြင်းမျိုး၊ ဇာတာသက်က ငယ်သေးသော်လည်း စိတ်သက်က ကြီးနေခြင်းမျိုးရှိတတ်သည်ဟူ၍လောက်သာ ပြောနိုင်ပါ၏။ ထို့ကြောင့် ကလေးငယ်တစ်ဦး၏ ပညာစသင်ယူနိုင်သည့် အသက်ကိုခြောက်နှစ်ဟု သတ်မှတ် သည်မှာ ကလေးငယ်တို့၏ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုနှင့်အတူ စိတ်ဖွံ့ဖြိုးမှုကလည်းအညီ လိုက်ပါဖွံ့ဖြိုးသည့် ယေဘုယျအခြေအနေကိုမူတည်၍ သတ်မှတ်ခြင်းဖြစ်ပေမည်။

သို့ရာတွင် ကလေးငယ်များတွင် ယေဘုယျစံထက်လွန်၍ ထူးထူးကဲကဲ Óဏ်ရည်ဖွံ့ဖြိုးနေသော ကလေးငယ်များကိုလည်း ထူးထူးခြားခြားတွေ့ရ တတ်သည်။ ၁၉၇ဝ ကျော်လောက်က တရုတ်နိုင်ငံတွင် ပါရမီထူးသော ကလေးငယ် တစ်ဦးပေါ်ဖူးကြောင်း ရေးတေးတေး မှတ်မိသည်။ ထိုကလေးငယ်သည် ရှစ်နှစ်သားကိုး နှစ်သား အရွယ်လောက်နှင့် ၁ဝ တန်း ကျောင်းသားများ သင်ယူရသော သင်္ချာမျိုးကို ကောင်းစွာတွက်တတ်နေသောကြောင့် ထိုကလေးငယ်အား ၁၁ နှစ်သား ၁၂ နှစ်သားအရွယ်လောက်မှာပင် တက္ကသိုလ်တစ်ခုက လက်ခံသင်ကြား ပေးသည်ဟူသော သတင်းကို သတင်းစာများတွင် ဖတ်ဖူးခဲ့ခြင်းဖြစ်ပါသည်။

ကမ္ဘာတွင် ထိုသို့သော ထူးကဲသည့်ဥာဏ်ရည်ဖွံ့ဖြိုးမှုရှိသော ကလေးငယ်များ အခါအားလျော်စွာပေါ်လာတတ်သည်။ အမေရိကန်တွင်လည်း ထိုသို့သော ကလေးမျိုး ပေါ်ဖူး၍ တက္ကသိုလ်ကြီးတစ်ခုက ထိုကလေးငယ်အား ၁ဝ နှစ်၊ ၁၁ နှစ် အရွယ်မျှနှင့် လက်ခံသင်ပေးဖူးသည်။

ကျွန်တော်တို့ အတွ့အကြုံအရပြောရသော် ယေဘုယျလူများတွင် ကျောင်းစနေချိန် အသက်သည် ကြီးလွန်းနေလျှင်လည်းမကောင်းတတ်။ ငယ်လွန်းလျှင်လည်း မကောင်း တတ်ပေ။

ကျွန်တော်တို့ ငယ်စဉ်တုန်းကတော့ တိုင်းပြည်၏ပညာရေးအဆင့်  အခြေအနေ ကရော နိုင်ငံရေးအခြေအနေကပါတစ်မျိုးဖြစ်နေ၍ ကျောင်းစနေရာတွင်လည်း ပုံမှန်အခြေအနေမဟုတ်ဘဲ တစ်မျိုးဖြစ်နေပုံကို ပြောပြချင်သည်။

ကျောင်းစနေချိန်၌ အသက်အရွယ်ကြီးနေပြီဖြစ်၍ အကျိုးသက်ရောက်ပုံအ ကြောင်းကို ပထမဦးစွာ ပြောပြလိုသည်။

ကျွန်တော်ကိုယ်တိုင် အစိုးရကျောင်း၌ ကျောင်းစနေသည့် အချိန်၌ ၁၂ နှစ်ရှိနေပေပြီ။ တတိယတန်းမှ စတင်နေရသဖြင့် ကျွန်တော်သည် တတိယတန်းကို  ၁၃ နှစ်အရွယ်တွင်အောင်သည်။ ကျောင်းအုပ်ဆရာကြီးက ကျွန်တော် ဘုန်းကြီးကျောင်းတွင် သင်ယူလာသော စာအဆင့်အတန်းကိုမေးပြီး ထိုအတန်းမှစ၍ လက်ခံ သင်ကြားပေး ခြင်းဖြစ်သည်။ ၁၉၅၂ ခုနှစ်တွင် ဖြစ်သည်။

ကျွန်တော့်ကို သာဝတ္ထိအစိုးရ အလယ်တန်းကျောင်းမှ လက်ခံသင်ကြားပေးပုံက ဥာဏ်ရည်အပေါ် အခြေခံသလိုရှိသော်လည်း နောက်တစ်နှစ် ၁၉၅၃ တွင် ကျွန်တော်တို့ ရွာမှ ကျွန်တော့်ထက် အသက်နှစ်နှစ် လောက်ပိုကြီးသူနှစ်ဦးအား ကျောင်း အုပ်ကြီးက လက်ခံသင်ကြားပေးသည့်မူကျတော့ ဥာဏ်ရည်အခြေခံပေါ်လိုက်၍ ဆုံးဖြတ်ပုံမရပါ။ သူငယ်ချင်းများ၏အရပ်အမောင်းကို ကြည့်၍ဆုံးဖြတ်ပုံရသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူငယ်ချင်းများသည် ဘုန်းကြီးကျောင်းတွင် ကျွန်တော်နှင့်အတူတူ စာသင့်ခဲ့ရစဉ်က ဘုန်းကြီးကျောင်းစာကို ကျွန်တော့်လောက်သင်ယူခဲ့ကြရသည် မဟုတ်ဘဲ သူတို့က ကျောင်းစနေချိန်၌ ကျွန်တော့်ထက် အရပ်အမောင်းများစွာ ထွားကျိုင်းနေပြီဖြစ်သလို ကျောင်းအုပ်ဆရာကြီးကလည်း သူတို့အားစတုတ္ထတန်းမှစ၍ထားပေးလိုက် သောကြောင့်ဖြစ်ပါသည်။

ကျွန်တော် ကျောင်းစနေချိန် ၁၉၅၂ ခုနှစ်လောက်က သာဝတ္ထိတစ်နယ်လုံး (ရွာ ၃ဝ ကျော်လောက်)တွင် မူလတန်းကျောင်းလေးကျောင်းလောက်သာရှိသည်။ သာဝတ္ထိအစိုးရ အလယ်တန်းကျောင်းသည်လည်း ထိုနှစ်တွင်မှ အင်္ဂလိပ်-မြန်မာ အ လယ်တန်းကျောင်း (ထိုအရင်က မြန်မာလိုသက်သက်သာ ခုနစ်တန်းအထိ သင်ပေးသောကျောင်းဖြစ် သည်။) အဖြစ်သို့ ရောက်ခြင်းဖြစ်သည်။

ထို့ကြောင့် ထိုအလယ်တန်း ကျောင်းသို့ အခြားရွာများရှိ မူလတန်း ကျောင်းများမှ စတုတ္ထတန်းအောင်ပြီးရောက်လာမည့် ကျောင်းသားများကိုမမျှော်လင့်နိုင်။ ကျောင်းသို့ ဝင်လာသမျှ ကျောင်းသားသစ်များကို ဘုန်းကြီးကျောင်းတွင် သင်ယူလာသော စာကို ထောက်၍လည်းကောင်း၊

အရပ်အမောင်းကိုကြည့်၍လည်းကောင်း၊ လက်ခံသင်ကြားပေးခြင်းဖြစ်လေသည်။ သို့ဖြစ်ရာ ကျွန်တော်နှင့်တစ်နှစ်တည်းလောက် ကျောင်းစနေသူများတွင် အချို့က စတုတ္ထတန်း၊ အချို့က ပဉ္စမတန်း၊ အချို့က ဆဋ္ဌမတန်း စသည်ဖြင့် ၄င်းတို့၏ အသက် အရွယ်ကိုလိုက်၍ အတန်းအမျိုးမျိုးမှစ၍နေခဲ့ကြရလေသည်။

ကြီးမှ ကျောင်းနေရသဖြင့် အကျိုးဖြစ်တာလည်းရှိသည်။ အကျိုး ယုတ်တာလည်း ရှိ၏။ အကျိုးဖြစ်သည်မှာ ထိုကျောင်းသားမျိုးတွေက အသက်အရွယ်အတန်ကြီးနေပြီဖြစ် ၍ စဉ်းစားဥာဏ်သည် ကလေးအဆင့်ထက်လွန်နေလေပြီ။ ထို့ ကြောင့် လိမ္မာစရာရှိလျှင် အသက် ငယ်သူထက်လိမ္မာ၏။ အကျိုးယုတ်သည်မှာ စာသင်လိုစိတ်နည်းပြီး ဖို မ လိင်စိတ်ဘက်ညွတ်လျှင်လည်း သူတို့က ရည်စားတွေကိုယ်စီနှင့်ဖြစ်သွား တတ်ကြသည်။ တစ်ဖက်တွင်စာ အခြေခံကောင်းပုံမှန်ရမလာသဖြင့် စာတော် ကျောင်းသားမဖြစ်နိုင်ကြပေ။

ကျွန်တော်တို့ သူငယ်ချင်းတစ်ဦးသည် ဆဋ္ဌမတန်းတွင် ကျောင်းစနေပြီး နောက်နှစ် ခုနစ်တန်း(ဘုတ်စစ်နှင့်)အောင်တော့ ပြည်တော်သာကျောင်းဆရာဖြစ်သည်။ အမှန်ဆို လျှင် ထိုသူငယ်ချင်းသည် ကျွန်တော့်လိုအစိုးရစစ်ခုနစ်တန်းဖြေရက အောင်မြင်ဖွယ် မရှိပါ။

ကျွန်တော်နှင့် အင်္ဂလိပ်စာကျူရှင်၌ တစ်ဆရာတည်းတပည့်များဖြစ်သော ကျွန်တော့်ထက် ခုနစ်နှစ်ခန့်ကြီးသူကျောင်းသားကြီးသည် ၁ဝ တန်းအောင်သောအခါ ကျောင်းတွင် ဆရာဝင်လုပ်၍ ကျွန်တော်တို့ဆရာ ဖြစ်လာသည်။ ထိုဆရာက ကျွန်တော် နှင့် တစ်နှစ်တည်း ကျောင်းစနေကာ ဆရာအိမ်တွင် အင်္ဂလိပ်စာအတူတူသင်ရသော သူငယ်ချင်းကြီး (ကျွန်တော်က တတိယတန်း၊ သူက ဆဋ္ဌမတန်း)ကို 'ခင်ဗျားနှင့် ကျွန်တော်' သုံးနှုန်း၍ပြော၏။ ကျွန်တော်တို့ကိုလည်း ''မင်းတို့ကွာကိုမောင်ကို့ကို မလေးမစား မဆက်ဆံကြပါနဲ့။ သူက ငါ့ထက်တစ်နှစ်ပိုကြီးတယ်ကွ'' ဟု ပြောပါသည်။

ဆိုလိုသည်ကား အသက်ကြီးမှကျောင်းစနေကာ အခြေခံဖြင့်မဟုတ်ဘဲ အရွယ်နှင့်ချင့်၍ အတန်းတင်ပေးထားသည့်အခါ ပညာရည်ကပုံမှန်မရောက်ဟူ၍ ဖြစ်ပါသည်။

နာက်ထပ်အကျိုးယုတ်ပုံ တစ်ခုမှာ ကျွန်တော်တို့မိသားစုတွင် သားသမီး ၁၂ ယောက် (ခြောက်ယောက်ပျက်စီး၍ ခြောက်ယောက်ကျန်)ရှိပြီး ဆင်းရဲသဖြင့် ကျွန်တော့် ကို ကျောင်းထားချိန်၌ အောက်ကကျွန်တော့်ညီများကို ကျောင်းမထားနိုင်။ လယ်ထဲ၌ ခိုင်းစားလောက်သော ညီနှစ်ယောက်တွင် တစ်ယောက်ကိုအိမ်အလုပ်ခိုင်းပြီး အကြီးတစ် ယောက်ကို (ကျွန်တော် ၁ဝ တန်းအောင်မှ) ကျောင်းထားပေးလိုက်သည့်အခါ ကျွန်တော့်ညီမှာ ကျောင်းစနေချိန်၌ရပ်ထဲရွာထဲက အတွေ့အကြုံ ဗဟုသုတတွေ အတော်ပင်ရှိနေပေပြီ။ ကျွန်တော့်တုန်းကလို ဆရာဆိုရင် ရိုသေလေးစား၊ ဆရာ့စကားနာယူ၊ စာမှလွဲ၍အပြင်လူမှုကိစ္စတွေလည်း သိပ်မသိသေးဟူသော အခြေအနေ မျိုးမဟုတ်တော့။ ဘယ်ဆရာသည် ဘယ်နေရာတွင်အသုံးမကျ စသည် တို့ သိနေပေပြီ။ ထို့ကြောင့် ကျွန် တာ့်ညီသည် ဆရာများသွတ်သွင်း ပေးသမျှတိုင်း သူ့ခေါင်းထဲမရောက်ဖြစ်ကာ နောက်ဆုံးတော့ ဖခင်ကစိတ်တိုင်းကျမဖြစ်၍ သူ့ကို ကျောင်းဆက်မထားဘဲ ကျောင်းနုတ်လိုက်သဖြင့် ခုနစ်တန်းမျှလောက်တောင် မအောင်ဘဲ ကျောင်းထွက်ခဲ့ရလေသည်။

သိပ်ငယ်ပြန်တော့လည်း ဆုံးဖြတ်နိုင်အားကျတော့ နည်းသွားတတ်ပြန်၏။ မြောက်ဒဂုံတွင် ကျွန်တော့်သူငယ်ချင်းတစ်ဦးရှိသည်။ သူက ကျွန်တော့်ထက် နှစ်တန်းကြီး၏။ သို့ရာတွင် အသက်က ကျွန်တော့်ထက်ငယ်၍ ယခုလည်း ကျွန် တော့်အား ခင်ဗျားနှင့်ကျွန်တော်နှင့်ပြောသည်။ သူခုနစ်တန်းကျောင်းသားအရွယ်တွင် ကြည့်လိုက်လျှင် တကယ့်ကလေးငယ်လေးဖြစ်သည်။ ဆရာသင်ပေးသော စာကိုကားလိုက် နိုင်သော ဥာဏ်ရည်ရှိသည့်အပြင် အတန်းထဲတွင်လည်းထိပ်ပိုင်းမှ စာ တော်ကျောင်းသားများတွင်ပါသည်။ သို့ရာတွင် သူကငယ်လွန်းနေတော့ ခုနစ်တန်းရောက်နေသော်လည်း အချို့သောကိစ္စများတွင် ဆုံးဖြတ်ရာတွင် အခြားသူ့ထက်ကြီးသူတွေလောက် မှန်ကန်စွာ မဆုံးဖြတ်နိုင်ခဲ့ပေ။

ထို့ကြောင့် ထူးထူးကဲကဲ ပါရမီရှိသူမျိုးမှမဟုတ်လျှင် ကျောင်းစနေ သည့်အရွယ် သည် ပုံမှန်အသက်ရောက်မှသာကောင်းသည်။ အချို့မိဘများသည် ကိုယ့်သားသမီး ဥာဏ်ရည်ဖွံ့ဖြိုးမှုကို မတွက်ဆတတ်ဘဲ မြန်မြန် ၁ဝ တန်းအောင်စေလို၍ ကျောင်းအပ်ရာတွင် အသက်မှန်မဟုတ်ဘဲ ခြောက်နှစ်ပြည့်အောင် အသက်ကို အမှန်ထက် မြှင့်ပြောကာ ကျောင်းအပ်တတ်သည်။ ကလေးက ဥာဏ်သိပ်ထက်နေလျှင် မထောင်းတာသော်လည်း ပျမ်းမျှဥာဏ်ရည် သို့မဟုတ် ပျမ်းမျှအောက်ရောက်နေပါက ကိုယ့်သားသမီးကို စိတ်ပင်ပန်း စေအောင်ပြုလိုက်သလိုရှိတတ်ပေသည်။

 

 ဦးတင်ဦး (ကျူရှင်)

ဦးတင်ဦး (ကျူရှင်)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.