24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရင်းနှီးမြှုပ်နှံမှု တိုးတက်နေတဲ့ ဂျာမန် အိမ်ရာဈေးကွက်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
မကြာတော့ပါ

နွေရာသီက တစ်နှစ်ထက်တစ် နှစ် အပူချိန်မြင့်တက်လာသည်။ နွေရောက်လျှင် ရန်ကုန်က ပက်ပက်စက်စက်ကိုပူကာ လူမှာလည်းအရှင်လတ်လတ် မီးကင်ခံနေရသလို နေရထိုင်ရခက်လှသည်။ ဟိုတုန်းကတော့ ခုလောက်လည်းမပူ၊ ပူရင်လည်း ကမ်းနားဘက်၊ သင်္ဘောဆိပ်ခံ ဘောတံတားတွေဘက်လမ်းလျှောက်ထွက်ရင်း လေညင်းခံလိုက်ရလျှင် အ ဆင်ပြေသွားတော့သည်။

 

ခုဟာက ရာသီဥတုပိုပူလာသလို ဒုစရိုက်မှုလည်း ပိုထူလာသည်။ ဟိုနားမှာ လုသွားပြန်ပြီ၊ သည်နားမှာတိုက်သွားပြန်ပြီ၊ ဝိုင်း၍ရိုက်သွားပြန်ပြီဖြင့် သတင်းစကားစုံကြောင့် လေ ညင်းခံဖို့ကိစ္စကို စဉ်းစားရုံတောင် မစဉ်းစားရဲလောက်အောင် ဖြစ်နေရ သည်။

 

သင်္ကြန်ကာလမှာတော့ အစဉ်အလာမပျက်ဘဲ တောင်ပေါ်ဒေသ လေးဆီပြန်ဖြစ်၏။ ရာသီဥတုကအတော်ကို ကွာခြား၍နေသည်။ ရန်ကုန်မှာ ညအိပ်ချိန်ပင် အဝတ်မဝတ်နိုင်လောက်အောင် ပူလောင်နေသောကာလမှာ တောင်ပေါ်မြို့လေးကဂွမ်းဖုံကို ခြုံ၍အိပ်ရလောက်အောင် အေး၍နေသည်။ မိုးကလည်း ရွာနေသည်မို့ နေ့ခင်းဘက်တွင်လည်း အနွေးထည်ဝတ်နေရလောက်အောင် အေးသည်။ ဆောင်းမရှိသောရန်ကုန်မှာ နေလာခဲ့ရတာကြာပြီမို့ ရန်ကုန် ဆောင်းထက်ပင် အေးသော တောင်ပေါ်နွေ၏ အရသာက နှစ်လိုဖွယ် ဖြစ်၍နေသည်။

 

ရာသီရော ဒုစရိုက်မှုရော မပူသည့်ဒေသမို့ အေးမြငြိမ်းချမ်းနယ်မြေဟု ကျွန်တော်ဆိုသောအခါ ဒုစရိုက်မှုကတော့ ယခင်ထက်ပေါလာသည်ဟု ဒေသခံတွေက ဆိုကြသည်။ ဆိုင် ကယ်တိုက်မှု၊ ကားတိုက်မှုများအပြင် ဆိုင်ကယ်စီးအုပ်စုတစ်စု၏ အကြမ်းဖက်တိုက်ခိုက်မှုတွေရှိလာသောကြောင့် ကျီးလန့်စာစားနေထိုင်နေကြရကြောင်း ကြားသိလိုက်ရသည်။

 

မန္တလေးဘက်တွင် မကြာခဏကြားရသော ဆိုင်ကယ်စီး၍ လုယက် မှုလားဟု မေးသောအခါ ထိုသို့ လုယက်ခြင်းမဟုတ်ဘဲ အဓိပ္ပာယ်မဲ့ ရန်စတိုက်ခိုက် ရိုက်နှက်ထိုးခုတ်ခြင်းမျိုးဟုသိရသည်။ အထူးသဖြင့် လူငယ်ချင်းကို ရန်ရှာမှုများသည်ဟုဆိုသည်။ ထိုသတင်းမျိုးကို အခြားဒေသများကလည်း ကြားရသည်။

 

ကားမှန်များကို အကြောင်းမဲ့ ရိုက်ခွဲဖျက်ဆီးသွားကြမှုများ၊ ပန်းခြံ လိုနေရာမျိုးမှာ အပင်တွေဆွဲနုတ် ခုတ်ထစ်ဖျက်ဆီးကြမှုများ၊ ရုပ်တုများ ကို ရိုက်ချိုးဖျက်ဆီးကြမှုများ ဟိုမှ သည်မှ ကြားနေရသည်။ ဖမ်းမိသည် လည်းရှိသည်။ ဖမ်းမမိသည်လည်းရှိ သည်။ သေချာသည်က ထိုလုပ်ရပ်မျိုးကို ပြုလုပ်ကျူးလွန်ကြသူများမှာ အ သက်နှစ်ဆယ်တစ်ဝိုက် လူငယ်များဖြစ်၍နေသည်။ အချို့က လုယက်မှုကိုပါ ကျူးလွန်ကြပြီး အချို့ကတော့ ရန်ရှာတိုက်ခိုက်ဖျက်ဆီးခြင်း သက်သက်သာသာ ဖြစ်ကြသည်။

 

လုယက်မှုအချို့တွင် ဖမ်းမိသောလူငယ်များထဲ၌ တက္ကသိုလ် ကျောင်းသားအချို့ပင် ပါဝင်နေသည်ကိုတွေ့ရပြီး အိမ်ခြေယာမဲ့ကလေ ကချေများမဟုတ်ဘဲ မိသားစုနှင့်နေ ထိုင်ကြသော လူငယ်များဖြစ်သည်ကို တွေ့ရသည်။ ဝမ်းရေးအတွက် အခက် အခဲကြုံ၍ ပြစ်မှုကျူးလွန်ခြင်းမျိုးမ ဟုတ်ဘဲ ရွယ်တူတန်းတူ အခြား သုံး နိုင်ဖြုန်းနိုင်များကဲ့သို့ ပျော်ပါးသုံးစွဲ ချင်၍ ကျူးလွန်ကြခြင်းဖြစ်ကြောင်း တွေ့ရသည်။ အရက်၊ ဘီယာ၊ ကေတီဗီ၊ မာဆတ်မှသည် မူးယစ်ဆေးအထိ စွဲလမ်းနှစ်ခြိုက်ကာ မိဘထံမှရသော ငွေနှင့်မလုံလောက်တော့သဖြင့် ဒုစရိုက်မှု ကျူးလွန်သည်အထိ ဆိုး ရွားလာခဲ့ကြတော့သည်။

 

မိုက်တယ်ဆိုတာ လွယ်ပါတယ်ဟု စကားရှိသော်လည်း မိဘ၊ ဆွေမျိုး၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းနှင့် နေထိုင်သော လူငယ်တစ်ယောက်အဖို့ ပြောသလောက်မလွယ်လှပါ။ သို့ဆိုလျှင် မည်သို့သော တွန်းအားဖြင့် မှု ခင်းများကို ကျူးလွန်ကြပါသလဲဟုမေးရန်ရှိသည်။ လက်သည်တရားခံကတော့ စိတ်ကြွရူးသွပ်ဆေးပြားပဲ ဖြစ်သည်။ ယခင်က မူးယစ်ဆေးဝါး ဟု ခေါ်ကြသည်။ ယခုစိတ်ကြွရူး သွပ်ဆေးပြားဟုပြောင်းခေါ်ရခြင်းမှာ အမှန်တကယ်လည်း စိတ်ကိုကြွ စေ၍ ရူးသွပ်သူတစ်ယောက်လို ကိုယ့်ဦးနှောက်နှင့် အသိတရားကို မထိန်း ချုပ်နိုင်တော့၍ဖြစ်သည်။

 

ထိုဆေးဝါးများ သုံးစွဲပြီးသည်နှင့် အမှားအမှန်ကိုခွဲခြားမသိတော့၊ အကောင်းအဆိုးကို မချင့်ချိန်နိုင်တော့၊ လတ်တလော  ရုန်းကြွနေသည့်စိတ်၏ အလိုအတိုင်း အထိန်းအချုပ်မဲ့ကာထင်ရာစိုင်းကုန်ကြတော့သည်။ ရိုက်ဖို့လည်း လက်မနှေး၊ ခုတ်ဖို့လည်း လက်မတွန့်တော့သည့် အပြင် ရိုက်ချင်၊ ခုတ်ချင်သည့် စိတ် ဆိုးကလည်း နိုးကြွဟန်တူပါသည်။ လုယက်မှုကျူးလွန်ရန် အကြံအစည် မရှိသူပင်လျှင် အကြမ်းဖက်လုပ်ရပ် များကို ကျူးလွန်လာကြ၏။

 

စိတ်ကြွရူးသွပ်ဆေးသုံးဖို့ ပြစ်မှုကျူးလွန်သည်။ ပြစ်မှုကျူးလွန်ဖို့ စိတ် ကြွဆေးသုံးသည်။ မုန့်လုံးစက္ကူကပ်လို လုံးချာပတ်ချာလိုက်နေပြီ။ ကျောင်းသား၊ လူငယ်ကြားထဲလည်း နေရာယူလာပြီ။ အထက်တန် ကျောင်းသားတစ်ယောက်၏ အိတ်ထဲ က မိသည်တဲ့။

 

သန်းပေါင်း ထောင်နှင့်ချီ တန်ဖိုးရှိသော ဆေးပြားတွေ မကြာခဏမိသည်။ အခက်အလက်လောက်သာ  အဖမ်းခံကြရသည်။ ပင်ရင်းကိုမမိ။ လူသတ်မှုတွင် အလောင်းကို တွေ့ရုံဖြင့် သတ်သည့်လက်နက်ကိုတွေ့ရုံ ဖြင့် အမှုပေါ်သည့်မဟုတ်။ သတ်သည် တရားခံကိုမိမှအမှုပေါ်သည်ဟုခေါ်သည်။ တရားခံမမိသရွေ့ အမှုပေါ်သည်မဟုတ်။ ယခု မူးယစ်၊ စိတ်ကြွရူးသွပ်ဆေးပြားအမှုတွေမှာ ဆေးပြားတွေသာမိနေပြီး တရားခံကမပေါ်။ တရားခံမပေါ်သရွေ့ အမှုတွေက ပပျောက်သွားမည်မဟုတ်။ ဖိလစ်ပိုင်မှာလို ခပ်ကြမ်းကြမ်းကိုင် သင့်ကကိုင်ရမည်။ လူနည်းစုကို ငဲ့ညှာခြင်းကြောင့် တစ်နိုင်ငံလုံး ပျက်စီးရပေလိမ့်မည်။

 

လူငယ်တွေ ကျန်းမာရေးဆုံးရှုံးသည်။ စာရိတ္တဆုံးရှုံးသည်။ ပညာရေး ဆုံးရှုံးသည်။ လူ့စွမ်းအားအရင်းအမြစ်ဆုံးရှုံးသည်။ စီးပွားရေးဆုံးရှုံးသည်။ မျိုးဆက်ဆုံးရှုံးသည်။ ဆုံးရှုံးမှုတွေတစ်သီကြီးရွတ်ပြလို့ရသလောက် ကောင်းကွက်တစ်စုံတစ်ရာ မရှိ။ တစ်ချိန်က ကြားခဲ့ဖူးသော ဘိန်း စစ်ပွဲဆိုသည်ကို သတိရသည်။ သေနတ်တစ်ချက်မျှပင်မပစ်ရဘဲ နိုင်ငံတစ်နိုင်ငံ ပြားပြားဝပ်သွားအောင် ပြု လုပ်နိုင်သည်။ ခုရော ထိုဗျူဟာမျိုးမပါဟုပြောနိုင်ပါရဲ့လား။

 

တိုင်းရင်းသား လက်နက်ကိုင် အချို့ကလည်း ဒါကိုပင် စီးပွားရေးတစ်ခုလို အသုံးချနေကြပြန်သည်။ ကိုယ့်မျိုးနွယ်စု၊ ကိုယ့်တိုင်းရင်းသားတွေက သည်ဒဏ်ကို အရင်ခံကြရ သည်ကို ဂရုမထား။ ဥပေက္ခာပြုကာ လက်နက်ဝယ်ယူနိုင်ရေး၊ အာဏာ တည်မြဲရေးနှင့် ထိပ်ပိုင်းခေါင်းဆောင်များ ကြီးပွားရေးကိုသာ ဦးတည်ချက်ထားကာ ဘယ်သူသေသေ ငတေမာဇာတ်ခင်းကြသည်။ သည်အတွက်ပဲ စစ်ပွဲတွေ ဆင်နွှဲကြပြန်ကာ အောက်ခြေရဲဘော်လေးများ၏ အသက်နှင့်ခန္ဓာတွေ  အလဟဿဆုံးရှုံးကြရ ပြန်သည်။

 

တလောကတော့ ကြားလိုက်ရပြန်သည်။ မူးယစ်ဆေးဝါးသုံးစွဲသူများကို အရေးယူတော့မည်မဟုတ်ဟု ဆိုသည်။ အရေးယူနေပါလျက်နှင့် တောင် မကြောက်မရွံ့သုံးစွဲနေကြသော ဦးရေက ကြောက်ခမန်းလိလိ များပြားလာပါလျက် အရေးမယူ တော့ဟု အဘယ်ကြောင့် ဆုံးဖြတ်ရ ပါသနည်း။ ရောမပြည်ကြီး မီးလောင် နေပါလျက် နီရိုးဘုရင်လို တယော ထိုးနေချင်၍ မရပါ။

 

အရေးမယူလျှင် သုံးစွဲသူပိုမိုများပြားလာမှာ ဧကန်မလွဲသာ။ သုံးစွဲသူ ပိုမိုများပြားလာလျှင် ဈေးကွက်ပိုမိုကျယ်ပြန့်လာမည်သာ။ ဈေးကွက် ကျယ်ပြန့်လာသည်နှင့်အမျှ ထိုလုပ်ငန်းပေါ်တွင် ရင်းနှီးမြှုပ်နှံသူပိုမိုများ ပြားလာမည်သာ။ ဒါသည်လည်း မုန့်လုံးစက္ကူကပ်လို ပတ်ချာလည်ဦးမည်သာ။ သုံးစွဲသူများပြားလာသည်နှင့်အမျှ ဒုစရိုက်မှုကလည်းပိုမိုတိုးတက် လာမည်သာဖြစ်သည်။

ပြည်သူတို့၏ ဘဝလုံခြုံမှုကလည်း ပိုမိုဆုတ်ယုတ်ကာ စိုးရိမ်စရာဖြစ်လာ ပေတော့မည်။ အဆိပ်ပင်ကို အမြစ်မှ လှန်ပစ်ရမည့်အစား ရေလောင်းပေါင်းသင်ပေးသလို လုပ်နေခြင်းကို စဉ်းစားမရပါ။

 

ဖိလစ်ပိုင်သမ္မတသည် ကြမ်းတမ်းလွန်းသည်ဟု ဆိုကြသူများရှိသလို ဤသို့လုပ်မှ အမြစ်ပြတ်မည်ဟု ထောက်ခံကြသူများလည်းရှိသည်။ သမ္မတက မူးယစ်ဆေးနှင့် ပတ်သက် သူတွေကိုသာ သေဒဏ်ပေးသည်။ မူး ယစ်ဆေးကတော့ သူနှင့် ပတ်သက် သူကိုရော မပတ်သက်သူတွေကိုပါ သေဒဏ်ပေးနေခဲ့တာကြာပြီ။

 

ကျွန်တော်တို့ကတော့ မူးယစ်ဆေးကို အမြစ်ပြတ်စေချင်ပြီ။ ထုတ် လုပ်သူ၊ ရောင်းချသူ၊ သုံးစွဲသူ မည်သူ့ကိုမဆို ထိုက်သင့်သောပြစ်ဒဏ်ပေး စေလိုသည်။ ဖိဖိစီးစီး နှိမ်နင်းစေချင် သည်။ ရဲရဲရင့်ရင့် ဖော်ထုတ်စေချင် သည်။ အထက်က ခေါင်သူကြီးကို လည်း ပြတ်ပြတ်သားသား မလုပ်ရဲ၊ မလုပ်နိုင်။ အောက်ခြေက သုံးစွဲသူကိုလည်း အရေးမယူဘူးဆိုပါက မြန်မာနိုင်ငံသည် စိတ်ကြွဆေးပြား အဏုမြူသင့်ကာ မကြာခင် ပျက်စီးခြင်းငါးပါးဆိုက်တော့မည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မည်သည့် မျိုးချစ်အဖွဲ့မှရော၊ မည်သည့်လွှတ်တော်မှရော ကယ်တင်နိုင်တော့မည်မဟုတ်ပါကြောင်း သတိ ပေးရေးသားလိုက်ရပါသတည်း။

ဝါဆိုကိုဦး (တောင်ကြီး)

ဝါဆိုကိုဦး (တောင်ကြီး)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.