29-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1017
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သူ့အတွေး သူ့အမြင်
မေတ္တာဖြင့် အသက်ရှင် ရပ်တည်သည်

တော်စတွိုင်းက လူတွေဘာနဲ့နေ ခေါင်းစဉ်ဖြင့် ပုံပြင် လေးတစ်ပုဒ် ရေးခဲ့ဖူးသည်။ လူတို့သည် မေတ္တာဖြင့် အသက် ရှင်ရပ်တည်သည် ဟု ပြောခဲ့ပါသည်။ တော်စတွိုင်းက လူတို့သည် မေတ္တာဖြင့်နေကြသောကြောင့် တိုးတက်နေသည်ဟူ သော အယူအဆ ကို ရေး သား ခဲ့သည်။

သို့သော် လူအများက မေတ္တာဖြင့် အသက်ရှင်ရပ်တည် သည်ထက် အတ္တဖြင့်သာ အသက်ရှင်တည်နိုင်သည်ဟု ထင် နေကြသည်။

ထို့ကြောင့်လည်း ထိုက်သင့်သလောက် အသက်မရှည် ကြပါ။

ယနေ့ ကမ္ဘာမှာရော မြန်မာမှာပါ အမုန်းတရားတွေပွားပြီး အမုန်းစကားတွေပြောနေကြသည်ကို များစွာတွေ့ရပါသည်။

ထိုအတွက် ငြိမ်းချမ်းမှုမရှိကြပါ။

 မြန်မာပြည်လွတ်လပ်ရေးရခဲ့သည့် ၁၉၄၈ ခုနှစ် စ၍ ယနေ့အထိ ပြည်တွင်းငြိမ်းချမ်းရေး မရကြသေးပါ။

သမိုင်းကြောင်း ပြောင်းသွားသတဲ့

ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ပြောတော့ ကိုဘသစ်က သမိုင်းကို စပြောပါသည်။

''တကယ်တော့ ကျွန်တော်တို့ သမိုင်းတွေဟာ လူတစ် ယောက်ယောက်အပေါ် မူတည်ခဲ့တာတွေ အများကြီးရှိတယ်။

အဲဒီလူက ဘယ်သူလဲသိလား''

''ခေါင်းဆောင်ပေါ့''

''လူတွေအတွက် ခေါင်းဆောင်တွေလိုတာပဲပေါ့''

''ဟုတ်ပါတယ်။ အိမ်ထောင်စု တစ်စုမှာ အဖေ သို့မ ဟုတ် အမေက  ဦးဆောင်တယ်။ ဦးဆောင်သူကောင်းရင် မိသားစု တိုးတက် တာပဲ။ နိုင်ငံတွေမှာလည်း ဒီလိုပဲ''

''နိုင်ငံတွေအတွက်တော့ နိုင်ငံခေါင်းဆောင်အရေးကြီး တာပေါ့''

''ဟုတ်ပါတယ်။ သမိုင်းဦးကတည်းက ခေါင်းဆောင်နိုင် တဲ့သူတွေ ပေါ်ထွန်းခဲ့တယ်။ ဒါကြောင့်လည်း လူတွေတိုးတက် ခဲ့တယ်။ ဦးဆောင်သူတွေဟာ နိုင်ငံတွေကို တည်ပြီးနေကြ တယ်။ ဒါပေမယ့် ဒီနိုင်ငံတွေကို နယ်ချဲ့ပြီးသိမ်းပိုက်တာတွေ လည်းရှိခဲ့တယ်။  ဥပမာ ဂန်ဂျစ်ခန်ဟာ အာရှရော ဥရောပ ရော အင်ပါယာပြုနိုင်ခဲ့တဲ့သူဖြစ်တယ်။ အမှန်တော့ အင်ပါယာ ဆိုတာ ကောင်းတော့ကောင်း တယ်။  ဒါပေမယ့် တစ်ချိန် မှာ ပြိုကွဲသွားတာပဲ''

''အင်ပါယာအစား ဖက်ဒရယ်တွေဖြစ်တာလည်း ရှိတယ် မဟုတ်လား''

''ဟုတ်ပါတယ်။ ဥရောပမှာ ဥရောပသမဂ္ဂ EU မှာဆိုရင် နိုင်ငံအများဟာ ငွေကြေးတစ်မျိုးတည်း သုံးတယ်။ ပြည်ဝင်ခွင့် ဗီဇာဆိုလည်း  တစ်မျိုးတည်းပဲ။ ဒီအတွက် ခေါင်းဆောင် ကောင်းတွေ အထူးလိုအပ်တယ်''

''ဥရောပနိုင်ငံတွေဟာ တစ်ချိန် က ပြဿနာအကြီးကြီးတွေ တက် တယ်မဟုတ်လား။ ခု ဗြိတိသျှက ထွက်တာကို တွေ့ရတယ်''

''လူမျိုးတွေများတယ်။ အမျိုး သားရေး စိတ်ဓာတ်ပြင်းထန်ကြ တယ်။ အဲဒီမှာ ခေါင်းဆောင်တွေ လုပ်ကြံသတ်ဖြတ်ခံရလို့ သမိုင်း ကြောင်းပြောင်းသွားတယ်လို့ အချို့ က ယုံကြည်ကြတယ်။ ပထမကမ္ဘာ စစ်ကြီးဖြစ်ပွားရတာ သြစတြေးလျ မင်းသား Francis Ferdinad အ သတ်ခံရတာဆီက စတယ်လို့ ဆို တယ်''

''တကယ်တော့ ဒီလိုစစ်ဖြစ်တာ ဟာ အမုန်းတရားတွေရဲ့ အခံက မဟုတ်လား''

''ပထမကမ္ဘာစစ်မှာ ဂျာမနီတွေ စစ်ရှုံးတယ်။ ဒီတော့ ဒီပထမကမ္ဘာ စစ်ကြီးကပဲ အခြေခံပြီး ဒုတိယကမ္ဘာ စစ်ဖြစ်တယ်လို့ ဆိုကြ တယ်''

''ဟုတ်ပါတယ်။ Francis Ferdinad နဲ့ သူ့ဇနီးအသတ်မခံရရင် ကမ္ဘာစစ်ကြီးဖြစ်မဖြစ်ဆိုတာကို သမိုင်းပညာရှင်တွေ သုံးသပ်ထား တာ ရှိတယ်။ ဒီအတိုင်းပါပဲ။ တကယ်လို့ ကနောင်မင်းသားကြီး အလုပ်အကြံမ ခံရရင်ဆိုပြီး ကျွန်တော်တို့ လူမျိုး တွေ လည်း တွေးတော ကြံဆတာမျိုး တွေလည်း ရှိနေတယ်''

''ဘယ်လိုမျိုးလဲ''

''မင်းတုန်းမင်းကြီးဟာ ကုန်း ဘောင်မင်းဆက် ၁ဝ ဆက်မြောက် မှာ မင်းဖြစ်တယ်။ သူဟာ သူ့ညီ တော် ကနောင်မင်းကြီးကို  အင်မ တန်ချစ်မြတ်နိုးတယ်။ ကနောင်မင်းကြီးဟာ အမြော်အမြင်ကြီးသူ ဖြစ်တယ်။ တကယ်လည်းကနောင်မင်း သားကြီး ဟာ ယောအတွင်းဝန်ဦးဘိုး လှိုင်နဲ့အတူ ခေတ်မီတိုးတက်တဲ့ နိုင်ငံကို တည်ဆောက်ဖို့ကြိုးပမ်းခဲ့တယ်။ ကြေးနန်းအတွက် ဦးဘိုးလှိုင်နှင့်အတူ ကရာကတ္တုဆိုပြီး သင်္ကေတကို တီထွင်ခဲ့တယ်။ လက်နက်စက်ရုံနဲ့ ဖန်ချက်စက်ရုံတို့ကိုလည်း တည် ဆောက် ခဲ့တယ်။

လူငယ်တွေကို အနောက်တိုင်း သို့ ပညာတော်သင်စေလွှတ်ခဲ့တယ်''

''အင်း ဒီအကြောင်း မြန်မာတွေ အားလုံးသိကြပါတယ်။ ကနောင်မင်း ကြီးကို မြင်ကွန်းနဲ့ မြင်းခုံတိုင်တို့ လုပ် ကြံ သတ်ဖြတ်လိုက်တာ အတော်ဆိုး တာပဲ''

''ဟုတ်ပါတယ်။ ကနောင်မင်း သား အလုပ်ကြံခံရပြီးနောက် မင်း တုန်းမင်းဟာ အတော်လေး စိတ်မ ချမ်းမြေ့ဖြစ်ခဲ့တယ်။ ဒါကြောင့် သူ ကွယ်လွန်တဲ့ အချိန်မှာ နန်းတွင်း လုပ်ကြံမှုများစွာဖြစ်ပေါ်ခဲ့တယ်။ ပြီး တော့ သီပေါမင်းနန်းတက်တယ်။ ဒါ နဲ့ပဲ မြန်မာပြည်ကို ကိုလိုနီနယ်ချဲ့ တွေ အလွယ်တကူ သိမ်းပိုက်နိုင် လိုက်တာဖြစ်တယ်လို့ သုံးသပ်ကြ တယ်''

ဗိုလ်ချုပ်အောင်ဆန်း

ကျွန်တော်တို့ နှစ်ယောက် ဗိုလ် ချုပ်အောင်ဆန်းအကြောင်းကို ဆက် လက်ဆွေးနွေးကြပါသည်။

''နယ်ချဲ့တွေဆီက လွတ်လပ် ရေးရအောင် အဓိကကြိုးပမ်းသူက တော့ ဗိုလ်ချုပ်အောင်ဆန်းဆိုတာကို ငြင်းလို့မရပါဘူး။

 ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမြော် အမြင်ကြောင့် လွတ်လပ်ရေးကို ဆော လျင်စွာရခဲ့ပါတယ်''

''ဟုတ်ပါတယ်။ ဒါပေမယ့် ဗိုလ် ချုပ်အောင်ဆန်းဟာ လွတ်လပ်ရေး ကြိုးပမ်းစဉ် ခရီးလမ်းခုလတ်မှာ လုပ် ကြံခြင်းခံခဲ့ရပါတယ် မဟုတ်လား''

''ဟုတ်ပါတယ်။ အမှန်တော့ ဗိုလ်ချုပ်အောင်ဆန်းဟာ တစ်နှစ်အ တွင်း လွတ်လပ်ရေးရမယ်လို့ ကတိ ပေးခဲ့တယ်။ သူပေးတဲ့ ကတိအတိုင်း လည်း လွတ်လပ်ရေးတစ်နှစ်အတွင်း ရခဲ့ပါတယ်။

ပြီးတော့ လွတ်လပ်ရေးဆိုင်ရာ အောင်ဆန်းအက်တလီစာချုပ်ကို လည်း ရေးဆွဲခဲ့တယ်''

''ဒါ့အပြင် ၁၉၄၇ ခုနှစ် အခြေ ခံဥပဒေကိုလည်း ကြီးကြပ်ကာရေး ဆွဲနိုင်ခဲ့တယ် မဟုတ်လား''

 ဗိုလ်ချုပ်အောင်ဆန်းသည် မြန် မာပြည်အတွက် လုပ်သင့်တာတွေ အားလုံးကိုလုပ်ဆောင်ပေးသွားပါသည်။

သူသည် ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် လုပ်ကြံခံရသည်။

၁၉၄၈ ဇန်နဝါရီလမှာ လွတ် လပ်ရေးရပါသည်။ သူလုပ်ကြံခံရအ ပြီး ငါးလအကြာ လွတ်လပ်ရေးရ သည်ဟု ပြောနိုင်ပါသည်။

သို့သော် လွတ်လပ်ရေးရအပြီး မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံ LDC ဖြစ်လာခဲ့သည်။

တစ်ချိန်က မြန်မာနိုင်ငံကို အား ကျနေသော စင်ကာပူဝန်ကြီးချုပ် လီကွမ်ယူသည် သူ၏ တိုင်းပြည်ကို တည်ထောင်စဉ် လျှို့ဝှက် အစည်း အဝေးတစ်ခုပြုလုပ်ခဲ့သည်။

ထိုအစည်းအဝေး၏ အဓိက ရည်ရွယ်ချက်ကတော့ ''မြန်မာပြည် ရဲ့ သင်ခန်းစာယူရန်'' ဖြစ်သည်။

''မင်းတို့သိထားဖို့က ဗိုလ်ချုပ် အောင်ဆန်းဆိုတာ အင်မတန်တော် တဲ့ မြန်မာပြည်ရဲ့ ခေါင်းဆောင်၊ သူအလုပ်ကြံခံလိုက်ရလို့ သူတို့ နိုင်ငံမြောင်းထဲ ရောက်သွားတယ်''ဟု သူ၏ ဝန်ကြီးများကို ပြောခဲ့သည်။      

တကယ်တော့ နိုင်ငံကို ခေါင်း ဆောင်နိုင်သူလိုအပ်သည်။ ထို ကြောင့်လီကွမ်ယူသည်သူ၏ ဝန်ကြီး များကို လုံခြုံရေးသတိရှိကြဖို့ အစီအ မံများ ဆောင်ရွက်ခဲ့သည်။ စင်ကာပူ ခေါင်းဆောင်များ အလုပ်အကြံမခံရ ပါ။ လီကွန်ယူသည် သက်တမ်းစေ့ နေသွားနိုင် သည်။

 စင်ကာပူနိုင်ငံသည် ကမ္ဘာ့အ လယ် မျက်နှာပွင့်လန်းလျက်ရှိသည်။

ယနေ့ စင်ကာပူသည် ဖွံ့ဖြိုးပြီး နိုင်ငံထဲကို ဝင်သွားသည်။ သူ့ အောက်ဆုံးတွင် ရောက်နေလေပြီ။

ကျွန်တော်တို့ စင်ကာပူအမီ လိုက်ဖို့ကြိုးစားနေချိန်မှာပဲ ယနေ့ ကျွန်တော်တို့ မျက်စိရှေ့မှောက်မှာပင် NLD ဥပဒေအကြံပေး တရားလွှတ် တော်ရှေ့နေ ဦးကိုနီ အလုပ်ကြံခံခဲ့ရ သည်။

ဖွံ့ဖြိုးမှုနှင့် ငြိမ်းချမ်းရေး

 မြန်မာနိုင်ငံသားဘယ်သူမှ ကမ္ဘာ့အောက်ဆုံးဆင့်တွင် မနေလိုပါ။

အများက ဖွံ့ဖြိုးဖို့လိုချင်ကြပါ သည်။ ထိုအထဲတွင် အစိုးရက ထိပ် ဆုံးက ပါဝင်ပါလိမ့်မည်။

အမှန်တော့ ဒုတိယကမ္ဘာစစ် အပြီး ၁ဝ နှစ်ကျော်မှသာ ကမ္ဘာကြီး သည်ပြာပုံက နိုးထလာသည်။ ထိုအ ခါ ကမ္ဘာသူကမ္ဘာသားများ၏ ကြိုးပမ်း မှုကြောင့် ကမ္ဘာကြီးသည် တသွေး တမွေးဖြစ်ကာ လှပလာသည်။

ဟိုက်ဝေး အဝေးပြေးလမ်းမကြီး များ၊ ရောင်စုံ တယ်လီဗေးရှင်းများ၊ အသံထက်မြန်သော လေယာဉ်များ။ ကျည်ဆန်ရထားများ စသော တီထွင် မှုများစွာတို့သည် ကမ္ဘာကြီးကို တိုး တက်စေခဲ့ပါသည်။ ထိုသို့ တိုးတက် နေသည့် ကာလ နှစ် ၅ဝ လုံးလုံး တွင် မြန်မာပြည် သည် ပြည်ပနှင့် အဆက် သွယ်ပြတ်ကာ တိုးတက်မှုတွင် နောက်ကျကျန်ရစ်ခဲ့သည်။

သည့်နောက်ပိုင်း ထွက်လာ သော မိုဘိုင်းဖုန်းများ၊ တက်ဘလက် ကွန်ပျူတာများ၊ ဂြိုဟ်တုစလောင်းများ ကို မြန်မာတွေ သုံးလာနိုင်သော် လည်း ဘာကိုမှမတီထွင်နိုင်ခဲ့ပါ။

ထိုပစ္စည်းများအားလုံးကို ဝယ် သုံးကြရသည်။ တက္ကနိုလိုဂျီလည်း မရှိသောကြောင့် သစ်များ၊ ကျောက် သံပတ္တမြားများ၊ ရေနံ သဘာဝဓာတ် ငွေ့များကို ရောင်းစားကာ ခေတ်မီတိုး တက်သော ပစ္စည်းများကို သုံးလာကြ သည်။

ထိုပစ္စည်းများကို သုံးလာနိုင် သော်လည်း ရေရှည်အတွက် ဖွံ့ဖြိုး ရန်လိုသည်။

တနည်းပြောရလျှင် သစ်တော တွေကုန်၊ သဘာဝဓာတ်ငွေ့တွေ၊ သယံဇာတတွေ ကုန်ခန်းသွားသော် လည်း မြန်မာတို့ကတော့ LDC ဖြစ် နေဆဲ၊ လူငါးသန်းခန့် ပြည်ပထွက်၍ ကျွန်ခံနေရဆဲဖြစ်သည်။

ဒါကို ပြောင်းလဲပစ်နိုင်ဖို့အ တွက် ဘာလိုအပ်ပါသနည်း။ အစိုးရ ကတော့ ဖွံ့ဖြိုးတိုးတက်ရန်လိုအပ် သည်ဟု ယူဆသည်။ ဒါဆို မြန်မာ ပြည်ဖွံ့ဖြိုးဖို့ ဘာတွေလုပ်ကြမည် နည်း။

ပထမခြေခံလိုအပ်ချက်က လျှပ် စစ်ဖြစ်သည်ဟု ဆိုသည်။

သို့သော် လျှပ်စစ်ကို ကျောက် မီးသွေးစက်ရုံများမှ ရယူလိုသည်။ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ များဆောက်ရန် နားလည်မှု စာချုပ် MoU ထိုးကြသည်။

အစိုးရသည် သဘာဝဓာတ်ငွေ့ ကို ရောင်းချရသည်မှာ အရင်အခြေ အနေအရဖြစ်သည်။

သဘာဝဓာတ်ငွေ့များဖြင့် ထိုင်း၊ မလေးရှား၊ စင်ကာပူတို့ ထိန်ထိန် လင်းအောင် ဖန်တီးပေးနိုင်ပါသည်။

တရုတ်က သူတို့နိုင်ငံ ပြဿနာ ဖြစ်နေသောကြောင့် ကျောက်မီးသွေး သုံး ဓာတ်အားပေးစက်ရုံများကို ရပ် ဆိုင်းပစ်မည်ဟု ကြေညာ သည်။

ထိုင်းသည်လည်း ကျောက်မီး သွေးသုံးဓာတ်အားပေးစက်ရုံကို ဖျက် ပစ်သည်။ ဂျပန်က Clean Coal Technology ပြုလုပ်သော် လည်း စရိတ်စကများ၍  အဏုမြူဓာတ် ပေါင်းဖိုကိုသာ ပြန်ဖွင့်ချင်နေသည်။

တရုတ်ကတော့ ကျောက်မီး သွေးအစား အဏုမြူဓာတ်ပေါင်းဖိုကို တည်ဆောက်သွားမည်ဟု ယူဆနေ ကြသည်။ ယနေ့ ယူကေတွင် တရုတ် က တည်ဆောက်ပေးမည့် အဏုမြူ ဓာတ်ပေါင်းဖိုကို ကမ္ဘာက စိတ်ဝင် တစား စောင့်ကြည့်နေကြသည်။

နိဂုံး

 ကျောက်မီးသွေးသုံး ဓာတ်အား ပေးစက်ရုံကို အမေရိကန်ကလည်း မလုပ်။ အင်္ဂလန်ကလည်း မလုပ်။ ကမ္ဘာတစ်ဝန်းလုံးက ပိတ်နေသည်။ ဒါကို မြန်မာပြည်မှာလာထိုးထည့် သည်။ ဒါက အစတစ်စသာဖြစ်ပါ သည်။

တစ်ခုတော့ရှိသည်။ ကျောက်မီး သွေးစက်ရုံကို ဖြစ်အောင် လုပ်လိုသည်ဆိုပါက ငြိမ်းချမ်းရေးရသည် အထိတော့စောင့်ပါ။ စီမံကိန်းတွေ ကို ဆွဲနိုင်ဖို့ကြိုးစားပါ။ ယနေ့ သဘာဝ ဓာတ်ငွေ့သိုက်လေးခုထပ်တွေ့ထားပါ ပြီ။ ၂ဝ၁၈ ခုနှစ်တွင် သုံးလို့ရတော့ မှာပါ။ စောင့်ကြပါဗျာ။

ဦးနေဝင်းလုပ်လိုက်တာ ၁၉၈၇ ခုနှစ်ကစပြီး အဆင်းရဲဆုံးနိုင်ငံ LDC ဖြစ်ခဲ့သည်။ ယနေ့လည်း LDC ဖြစ် နေဆဲပါ။ နိုင်ငံခြား သတင်းကြေညာ သည့်အခါ အရှေ့တောင်အာရှတွင် အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာဟူ၍ မြန်မာကို ဝိသေသတပ် လျက်ရှိ သည်။

အမှားတွေမလုပ်ကြပါနဲ့၊ တောင်းပန်ပါသည်။ သမိုင်းတွင် သူရဲ ကောင်းဖြစ်အောင်ကြိုးစားပါ။

သူရဲကောင်းများကို ရှာဖွေချီး မြှောက်ပါ။ သူတို့ကို ပြစ်ဒဏ်မပေးပါ နဲ့။ မဖျက်ဆီးပါနဲ့။

လူတို့သည် မေတ္တာတရားတွေ ဖြင့်နေမှသာ သာယာဝပြောသည့် လူ့ ဘောင်ကို တည်ဆောက်နိုင်မှာဖြစ် သည်။

ဒေါက်တာ ခင်မောင်ညို
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.