1051_Cov.jpg
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1051
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Special Report
ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပါးစပ်ဖျားအဆင့်က ရုန်းထွက်ရတော့မယ့် ၂၁ ရာစု ပင်လုံ

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် တစ်ပြိုင်တည်း ပေါ်ပေါက်ခဲ့သော ပြည်တွင်းစစ်မီးကို အပြီးတိုင် ငြှိမ်းသတ်ပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်နိုင်ရန်အတွက် အနာဂတ် မြန်မာနိုင်ငံနဲ့ လိုက်လျောညီထွေရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရေးကို ဆက်လက်ကြိုးစားမည်ဟု သမ္မတဦးထင်ကျော်က ယခုနှစ် ဖေဖော်ဝါရီလ ၇ ရက်တွင် ပြောခဲ့သည်။

ထိုနေ့တွင် ကျင်းပခဲ့သော ၇၁ နှစ်မြောက် ရှမ်း ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ၌ သမ္မတက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂ဝဝ၈ အခြေခံဥပဒေမပေါ်မီ ရှေ့ပိုင်းတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှစ်ရပ် ပေါ်ထွက်ခဲ့ ဖူးသည်။ ၁၉၄၇ ခုနှစ်နှင့် ၁၉၇၄ ခုနှစ်တို့တွင်ဖြစ်ပြီး  နှစ်ရပ်စလုံးသည် တိုက်တိုက်ဆိုင်ဆိုင်ပင် ၁၄ နှစ်တည်းသာ သက်တမ်းရှည်ခဲ့ကြသည်။ ထို့နောက် ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေဖြင့် ဒီမိုကရေစီနိုင်ငံအဖြစ် အသွင်ပြောင်းယူလာခဲ့သည်။

၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေကို ပြင် မည်ဟူသော ကတိဖြင့် တက်လာသော NLD အစိုးရသည် ၂၁ရာစုပင် လုံကို ခပ်မြန်မြန်အကောင်အထည်ဖော်ခဲ့သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လုပ်ဆောင်သောအခါ လူထု ခေါင်းဆောင်၏ ငြိမ်းချမ်းရေးလမ်းပြ မြေပုံခုနစ်ဆင့်ကြေညာချက်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေး မူဝါဒခြောက်ချက်တို့မှာ စကတည်းက မူကွဲ၊ ခံယူချက်ကွဲနေသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လမ်းပြမြေပုံမှာ

၁။ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ပြန်လည်သုံးသပ်ခြင်း။

၂။  နိုင်ငံရေးဆွေးနွေးမှု မူဘောင်ပြန်လည် ပြင်ဆင်ခြင်း။

၃။  ပြင်ဆင်အတည်ပြုပြီးဖြစ်သော နိုင်ငံရေးဆွေးနွေးမှု မူဘောင်နှင့်အညီ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာ ခံ ၂၁ ရာစုပင်လုံကျင်းပခြင်း။

၎။ ၂၁ ရာစုပင်လုံညီလာခံ ရလဒ်များအားစုစည်း၍ ပြည်ထောင်စုသဘောတူညီချက် လက်မှတ်ရေးထိုး ခြင်း။

၅။ ပြည်ထောင်စု သဘောတူညီချက်နှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသားခြင်း၊ အတည်ပြု ခြင်း။

၆။ ပြင်ဆင်ရေးသား အတည် ပြုပြီး ဖြစ်သော ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲများ ကျင်းပခြင်း။

၇။ ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲရလဒ်နှင့်အညီ ဒီမိုက ရက်တစ်ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ခြင်းတို့ဖြစ်သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရလဒ်များမှတစ်ဆင့် ပြည်ထောင်စုသဘော တူညီချက်လက်မှတ်ရေးထိုးကာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ပြင်ဆင် ရေးသားအတည်ပြုပြီးနောက် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ခြင်းဆိုသည့်    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မြေပုံသည် Bottom-up သဘောမျိုးအနည်းငယ် ဆန်ခဲ့သည်။ NLD ၏ ၂ဝဝ၈ အခြေခံဥပဒေကို ပြင်ဆင်ရေးကို ငြိမ်းချမ်းရေးဆွေးနွေးပွဲမှတစ်ဆင့် ဖော်ဆောင်ရန် ကြံရွယ်ခြင်း ဖြစ်၍ နှစ်သက်သူများပြားခဲ့သည်။

သို့သော် တပ်မတော်၏ ငြိမ်းချမ်းရေးမူခြောက်ချက်မှာမူ ပြည်သူတင်မြှောက်ထားသော အစိုးရ၏ မြေပုံနှင့် အဓိကအချက်များတွင် ကွဲလွဲ နေသည်။ တပ်မတော်က ချမှတ်သည့် မူခြောက်ချက်မှာ

၁။ ထာဝရငြိမ်းချမ်းရေး ရယူရန်အ တွက် အမှန်တကယ် ဆန္ဒရှိရန်။

၂။  သဘောတူစာချုပ်များအတိုင်း ကတိတည်ရန်။

၃။  ငြိမ်းချမ်းရေး သဘောတူညီချက်များအပေါ် အမြတ်မထုတ်ရန်။

၎။  ဒေသခံပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်။

၅။  နိုင်ငံတော်မှ ထုတ်ပြန်ထားသော တည်ဆဲဥပဒေများကို လိုက်နာရန်။

၆။ ဒို့တာဝန် အရေးသုံးပါးနှင့် ဒီမိုကရေစီအနှစ်သာရကို လက်ခံပြီး ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ဒီမိုကရေစီလျှောက်လှမ်းမှုတွင် လိုက်ပါဆောင်ရွက်ရန်တို့ဖြစ်သည်။      တပ်မတော်က ရှေ့ဆက်မည့် ဆွေးနွေးမှုများကို ၂ဝဝ၈ အခြေခံ ဥပဒေအတွင်းမှသာ သွားလိုခြင်း၊ တစ်နည်းအားဖြင့် မပြင်လိုခြင်းက သာ အဓိကအချက်လိုဖြစ်နေသည်။

ထိုသို့ ကွဲလွဲမှုများနှင့် စတင် သော ၂၁ ရာစုပင်လုံညီလာခံကို တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်ဖြင့် တံတားထိုးကာ ငြိမ်းချမ်းရေးကို လက်ယပ်ခေါ်လိုသော်လည်း ထိုစာချုပ်အပေါ်၌ပင် မရှင်းမလင်းဖွယ် သံသယများနှင့် ပြည့်နေသည့်အခါ ဆွေးနွေးမှုများမှာ အဆင်မချော တော့ပေ။ ထိုထက်ပို၍ ၂ဝဝ၈ ဖွဲ့ စည်းပုံဥပဒေဘောင်အတွင်းသာ  ဝဲလည် နိဂုံးချုပ်နေရကြောင်းကို ဦးအောင်ထူး (လူ့အခွင့်အရေးရှေ့ နေ)က 'ငြိမ်းချမ်းရေးစစ်တမ်း' စာအုပ် စာ-၁၃၇တွင်တွင် ယခုကဲ့သို့ သုံးသပ်ပြထားသည်။

'ဤသဘောတူစာချုပ်အား ပြည်ထောင်စု လွှတ်တော်သို့ လုပ်ထုံးလုပ်နည်းနှင့်အညီ တင်သွင်း၍ အ တည်ပြုချက် ရရှိရေးအတွက် ဆောင် ရွက်သွားရန် သဘောတူသည်။

အထက်ပါ သဘောတူညီချက်အရ 'ဤသဘောတူစာချုပ်' ဟူသည့် NCA သည် နိုင်ငံရေးလမ်းကြောင်း သစ်ကို ဖော်ထုတ်နိုင်ခြင်း မရှိပါ။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ၏ ဘောင် အတွင်းသို့ ပြန်လည်သက်ဆင်းသွားပါသည်' ဟူ၍ သုံးသပ်ပြထားသည်။

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် သာမက ၂၁ ရာစုပင်လုံမှ ထွက်လာသည့် မည်သည့်ဆုံးဖြတ်ချက်မဆို ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံ၏ ဖွဲစည်းပုံပြင်ဆင်ခြင်းအခန်းပါ ပြဋ္ဌာန်းချက်များအရသာ ဆောင်ရွက်ခွင့်ရမည်။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံနှင့်အညီ ဖွဲ့စည်းထားသော ပြည်ထောင်စုလွှတ်တော်က အတည်မပြုလျှင် တစ်ပတ်ပြန်လည်ပါဦးမည်ဟုလည်း သုံးသပ် ပြခဲ့သည်။

ဘက်နှစ်ဖက်ရှိလျှင် ခံယူချက်နှင့် ဦးတည်ချက်များမှာ ကွဲပြားတတ်စမြဲပင်။ နောက်ဆုံး တစ်နေ့ ခံယူချက်မတူသည့်တိုင် ဦးတည်ချက် တူသည်ဆိုလျှင် အငြိမ်းချမ်းဆုံးနည်းက ဆွေးနွေးပွဲများမှ စရတော့မည်ဟု မြန်မာတစ်နိုင်ငံလုံးနီးပါးက ယုံကြည်ခဲ့ကြသည်။ ထိုအခါ ဆွေးနွေးပွဲတို့သည် ပွင့်လင်းမြင်သာမှု တစ်ခုတည်းကို ပွဲထုတ်စန်းတင်ကာရုပ်သံတွင် တိုက်ရိုက်ထုတ်လွှင့်ပြသ ရုံမျှနှင့် မပြီး။ အာဃာတလည်းကင်း၊  မသင့်သော ဥာဏ်နီဥာဏ်နက်များလည်း ရှင်းလင်းနေရန် ပိုမိုလိုအပ်လှ သည်။ တိုင်းပြည်တစ်ခုအတွင်းက တစ်အူထုံ့ဆင်းမောင်နှမရင်းများအဖြစ် ခံယူကြသူများကြား၌ဆိုလျှင်မူ ချုပ်ဆိုသောစာချုပ်စာတမ်းများနှင့် ဆွေးနွေးမှုများက ပို၍ပင် အမြင်ရှင်း၊ နားရှင်းရန် လိုအပ်လေ၏။

မတူညီမှုများကြားမှ ညီညွတ်စွာပေါင်းစည်းရန်အတွက်လိုအပ်သော ငြိမ်းချမ်းရေးကို ချီတက်ကြရာတွင် တစ်ဖက်အဖွဲ့အစည်းမှ တစ်ဖက်သတ်ချမှတ်ထားသော  နည်းလမ်း တစ်သွယ်ဖြင့် ခရီးနှင်၍ ရောက်နိုင်မည်မဟုတ်ပေ။ ဘက်နှစ်ဖက်ရှိလျှင် ညှိယူကြရသလို မြန်မာနိုင်ငံကဲ့သို့ နှစ်ဖက်မကသော ဘက်များစွာ ရှိနေချိန်တွင် ဘက်ပေါင်းစုံက ဝင်ရောက်လျှောက်လှမ်းခွင့်သာမည့် လမ်းကို ဖော်ဆောင်ရန်မှာ အလွန်အ ရေးကြီးလှသည်။ အလွန်လည်း ခက်ခဲလှသည်။

ခက်ခဲလှသည်ဟု ဆိုသော်လည်း နိုင်ငံနှင့်ပြည်သူတို့၏ အကျိုးကိုသာ အမှန်တကယ် ကြည့်ကြလျှင်မူ အလွန်လွယ်ကူသည်ကို လူတိုင်းလည်း သိကြပါသည်။ သို့သော်လည်း မရိုး ရှင်းသော နိုင်ငံရေးဆိုသည်မှာ တစ်ခန်းရပ်ပြဇာတ်တစ်ပုဒ်လို ခပ်မြန်မြန်ဇာတ်သိမ်းရန် မလွယ်ကူတတ်ပေ။

မြန်မာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အင်စတီကျူကို တည်ထောင်သူ ဒေါက်တာမင်းဇော်ဦးက ''NCA ရဲ့ အဓိက အားနည်းချက်တစ်ခုကတော့ အချို့အချက်တွေမှာ ညှိနှိုင်းစဉ်က တည်းက ရှင်းရှင်းလင်းလင်း အဓိပ္ပာယ် မဖွင့်ခဲ့တဲ့ဟာတွေရှိတယ်။ ဒါကြောင့်မို့ အဲဒီအချိန်ကတည်းက တချို့ဟာတွေကို အဲဒီအချိန်မှာ အဓိပ္ပာယ်ဖွင့်လိုက်ရင် ရှေ့ဆက်သွားလို့ မရဘူးဆိုတဲ့ ပြဿနာတွေရှိတော့ အဲဒီ အချိန်မှာ အဓိပ္ပာယ်မဖွင့်ဘူး။ အလုပ်လုပ်ရင်း နားလည်မှုတွေရလာမယ်။ ယုံကြည်လာမယ်။ အဲဒီအချိန်ကျမှ နှစ်ဖက်နားလည်မှုတွေကို တည်ဆောက်မယ်ဆိုတဲ့ သဘောတရားကို အခြေခံပြီး ရှေ့ဆက်သွားခဲ့ကြတယ်။ အခုဖြစ်နေတဲ့ အခက်အခဲတွေက NCA  ညှိနှိုင်းစဉ်ကတည်းက အဓိပ္ပာယ်ဖွင့်ဖို့အတွက် နှစ်ဖက်နားလည်မှုတွေ ကွာခြားချက်တွေပေါ်မှာ အခြေခံပြီးတော့ဖြစ်နေတဲ့ ပြဿနာ တွေပဲလို့ ယူဆပါတယ်'' ဟု ဆိုထားသည်။

နောက်ဆုံးတွင် တိုင်းရင်းသားများဘက်က NCA  နှင့် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းပြမြေပုံ ခုနစ် ချက်မှာ မည်သို့မည်ပုံ ချိတ်ဆက်နိုင်မည်ကို ရှင်းရှင်းလင်းလင်း မသိနိုင်တော့သော အနေအထားသို့ ရောက်လာခဲ့သည်။

ဤနေရာတွင် မူဟောင်းကို ဆွဲကိုင်ထားလိုသူများနှင့် အသစ်ပြင်ဆင်လိုသူများအကြား မေတ္တာဖြင့်စီမံသည့် နည်းလမ်းဖြင့် လူထုမနစ်နာစေသည့် နည်းလမ်းကို ရွေးချယ်လျှောက် လှမ်းသည့် နိုင်ငံအကြီးအကဲ၏ ဆုံးဖြတ်ဦးဆောင်မှုကို အားမလို အားမရဖြစ်သူများလည်းရှိသည်။ ဟာကွက် များကိုထောက်ပြကာ လက်တွေ့ဆန်သောနည်းလမ်းများ ယခုထက် ပိုမိုကျင့်သုံးရန် တိုက်တွန်းသူများလည်း ရှိနေသည်။

မေတ္တာ၏ ဆန့်ကျင်ဘက်သည် အမုန်းဖြစ်သလို အမုန်း၏အဆောင် အယောင်များသည် လက်နက်နှင့် အာဏာဖြစ်နေ၏။ ထို့အတွက် မေတ္တာဖက်ကြရန်အတွက် တစ်ဖက်ဖက်က အမုန်း၏အဆောင်အယောင်များ အပြီးတိုင်ချထားလိုက်ရန်ဆိုသည်မှာ ဘာသာရေးမဟုတ်သော နိုင်ငံရေးတွင် ပြောသလောက်  မလွယ်ကူလှပေ။

ထို့အတွက် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးချိုးဖြူငှက် လွတ်လွတ်လပ်လပ် ပျံသန်းနိုင်ဖို့ ဆွေးနွေးပွဲများ သည် ပွင့်လင်းမြင်သာရှိသည်ဆိုရုံမျှနှင့်မပြီး။ အတွင်းသဘောကိုယ်နှိုက်က အခြားတစ်ဖက်ဖက်ကို ဘေး ကျပ်နံကျပ် မဖြစ်နေစေရန်လည်း အထူးလိုအပ်လှသည်။ ညှိနှိုင်းတိုင်ပင်ကြစဉ်ကတည်းက ကျင့်သုံးသည့် စနစ်နှင့် လက်တွေ့ဆန်သည့်၊ ဝိရောဓိကင်းသော စာချုပ်စာတမ်းနှင့် ဥပဒေရပ်များ တိတိကျကျနှင့် အားကိုးအားထားလောက်အောင် အသက်ဝင်နေစေရန်မှာ အလွန်အရေးပါလှ သည်။

မဟုတ်လျှင် မူဟောင်းသမားများနှင့် အသစ်ပြင်ဆင်လိုကြသူများအကြား နွေးထွေးစွာ ပွေ့ဖက်ချင် သော်လည်း သဘောတူလက်မှတ်များ၌ ခြွင်းချက်ဆိုသည့် စကားရပ်များက တံတိုင်းတစ်ချပ်လို ကာရံ နေပေလိမ့်မည်။

စကတည်းက မူဟောင်းသမားများနှင့် အသစ်ပြင်ဆင် လိုသူများအကြား လွန်ဆွဲအားပြိုင်မှုများက လည်း ရှေ့ခရီးကိုနှောင့်နှေးနေသည်။  တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအကြား အပြန်အလှန် ယုံကြည်မှုတည်ဆောက်နိုင်လျှင် ငြိမ်းချမ်းရေးသည် ထင်သ လောက် မခက်ခဲတော့မည်မှာ သေချာလှသည်။

လတ်တလောတွင် တိုင်းရင်းသားအုပ်စုနှစ်စုဖြစ်သော မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့က ဖေဖော်ဝါရီ ၁၃ တွင် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) တွင် လက်မှတ်ရေးထိုးကြတော့မည်ဆိုသည့် သတင်းကောင်း ထွက်ပေါ်လာခဲ့ပြီ။ ၂ဝ၁၈ ခုနှစ် အတွက် မင်္ဂလာရှိသော သတင်းလည်းဖြစ်သည်။

မူလက လက်မှတ်ထိုးထားသော ပီစီငြိမ်းချမ်းရေးကောင်စီ၊  (KNU)၊ (DKBA)၊ (ANLP)၊ (ABSDF)၊ (PNLO)၊ (CNF)၊ (RCSS) ဟူသည့်   တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ရှစ်ဖွဲ့နှင့်ပေါင်းလျှင် (NCA) တွင် စုစုပေါင်း ၁ဝဖွဲ့ဖြစ်လာမည်။  ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံပို၍ စည် ကားလာမည်မှာ ဝမ်းသာစရာပေ။

၂ဝ၁၆ ခုနှစ် သြဂုတ် ၃၁ ရက်က စတင်ခဲ့သော ၂၁ ရာစုပင်လုံသည် ဆွေးနွေးပွဲနှစ်ကြိမ်နှစ်ခါ ဖြတ်သန်းကြသည့်အခါ အလျော့အတင်းများစွာ၊ ထောက်ပြတောင်း ဆိုချက်များစွာဖြင့် ဖြည်းဖြည်းနှေးနှေးသာ ရှေ့ဆက်ခဲ့ရသည်။ 

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့်  တပ်မတော်အကြား ကိုင်စွဲထားသော သဘောထားနှင့် ဆန္ဒများပြောင်းလဲမှု အနှေးအမြန်သည် ဆွေးနွေးပွဲ၏ အဓိက မောင်းနှင်အားပင်ဖြစ်သည်။ ထို့အတွက် ဘက်နှစ်ဖက်အကြား ရှေ့ဆက်သွားရမည့်လမ်းတွင် ယခုတိုင် ကွဲပြားနေသေးသည့် အချက်များကို ဖြေရှင်းရန် အရေးတကြီး လိုအပ်နေဆဲဖြစ်သည်။

ပထမအချက်အနေဖြင့် ဆွေးနွေးပွဲ ကာလတစ်လျှောက်လုံး အပြန်အလှန်ငြင်းခုံနေရသော ဖက်ဒရယ် တပ်ဖွဲ့စည်းနိုင်ရေးဖြစ်သည်။ တပ်မတော်က ဖက်ဒရယ်သဘောတူညီချက်အသစ် တစ်ရပ်အောက်တွင် တစ်ခုတည်းသော လက်နက်ကိုင်တပ်ဖွဲ့အဖြစ်သာရှိသင့်သည်ဟု လက်ခံထားသည်။ တိုင်းရင်းသား အဖွဲ့များကမူ သက်ဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့များ အသီးသီးဖြင့် ဖွဲ့စည်းပါဝင်သော ဖက်ဒရယ်တပ်ကို ဖြစ်စေလိုသည်။

တပ်မတော်က တိုင်းရင်းသား တပ်ဖွဲ့များတွင် လက်နက်များ ဆက် လက်ထားရှိနေလျှင် တစ်ချိန်တွင် တည်ငြိမ်မှုကို ခြိမ်းခြောက်လာနိုင်သည်ဟု ယူဆထားပုံရသည်။ တစ်ဖက်တွင်လည်း ဖက်ဒရယ်တပ်ဖြစ် လာသည့်အချိန်တွင် ပြည်ထောင်စုအစိုးရသည် ဒေသခံအစိုးရအပေါ် အနည်းငယ်သာ ထိန်းချုပ်ခွင့်ကိုသာ ရမည်ကိုလည်း ထည့်တွက်ပုံရသည်။

တိုင်းရင်းသားအဖွဲ့များကမူ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ဝင်ရောက်လာခြင်းသည် လက်နက်ချရန်မဟုတ်ဟု အခိုင်အမာယုံကြည်ကြသည်။ တစ်ဖက်တွင် တပ်မတော်မှ မထင်မှတ် သော တိုက်ခိုက်မှု တစ်ခုခုလုပ်လာခဲ့လျှင် သူတို့ထံတွင် လက်နက်များရှိနေရမည်ဟုဆိုသည်။ တစ်နိုင်ငံလုံး အပစ်ရပ်ရန် ကြိုးပမ်းကာ ဆွေးနွေးပွဲ တွင် ဝင်ပါချင်သည့်တိုင် နားလည်မှု လွဲ၍ဖြစ်စေ တိုက်ခိုက်မှု၊ ထိတွေ့မှုများရှိခဲ့သော သာဓကကိုကြည့်ကာ တိုင်းရင်းသားအဖွဲ့များကလည်း လက်နက်ကို ကိုင်ဆွဲထားချင်ကြသည်။

ပမာအားဖြင့် ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ  ၈ ရက်က ကေအိုင်အို ထုတ်ပြန်ကြေညာချက်ပါ အကြောင်းအရာများကိုကြည့်လျှင် တိုင်းရင်းသားအဖွဲ့က လက်နက်ဖြုတ်သိမ်းရန်ဝန်လေးပုံကို တွေ့ရမည်။ ကေအိုင်အို၏ ထိုကြေညာချက်တွင် ပြည်တွင်းစစ်ကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ဒေါ်အောင်ဆန်းစုကြည် က ၂၁ ရာစု ပင်လုံခေါ်ဆိုမှုအပေါ်

အခြားတိုင်းရင်းသားများနည်းတူ ကေအိုင်အိုကလည်းလက်ခံကာ ညီ လာခံသို့ မဖြစ်မနေ ပါဝင်တက် ရောက်ခဲ့ကြောင်း၊ ညီလာခံတက်ရောက်ရန် ဆောင်ရွက်နေစဉ် သြဂုတ်လ ၁၆ ရက်နေ့တွင် ကေ အိုင်အို၏ လိုင်ဇာတပ်စခန်းကို မြန်မာ့တပ်မတော်က ရုတ်တရက်တိုက်ခိုက်ခဲ့ကြောင်း ...ဟု ရေး သားထားသည်။ 

ယခု တတိယအကြိမ် ၂၁ ပင် လုံကို ပြန်စရန် စီစဉ်နေချိန်တွင် ကချင်ပြည်နယ်တွင် ကေအိုင်အိုနှင့် လည်းကောင်း၊ ရှမ်းမြောက်ပိုင်း ဒေသများတွင် တအောင်း (TNLA) လက်နက်ကိုင်တပ်များနှင့်လည်း ကောင်း တိုက်ပွဲများ ခပ်စိပ်စိပ်ပြန် ဖြစ်လာသည်ကိုတွေ့ရမည်။ အကြောင်းရင်းမှန်ကိုမေးလျှင် တပ်မ တော်နှင့် လက်နက်ကိုင်တပ်များအကြား အသံတစ်မျိုးစီ ပြောနေကြမည်မှာလည်း သေချာသည်။ ထို့အတွက် စစ်သည် မထင်သည့်အချိန် ပေါ်လာတတ်သော သဘောမျိုး ဖြစ်နေသည့်အတွက် တိုင်းရင်းသားများက လက်နက်များကို အပြီးတိုင်ဖြုတ် သိမ်းခြင်းမူကို လက်မခံကြခြင်းဖြစ် သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်သည့်သူများ အချင်းချင်း ထိုသို့သော မယုံကြည်ခြင်း၊ အပြန်အလှန် စောင့်ကြည့်နေရခြင်းသည် ဆက်လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်အကြား  ထွက်ပေါ်လာသည့် သဘောထား ကွဲလွဲမှုများ၏ အကြောင်းရင်းခံလည်း ဖြစ်လေသည်။

တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်နေလျှင် ယုံကြည်မှုကို တည်ဆောက်ရန်ခက်ခဲမည်။ အရပ်သားအစိုးရ၏ ငြိမ်းချမ်းရေး  လုပ်ငန်းစဉ်သည် ရှေ့ဆက်တိုးရန် ခက်နေမည်ဖြစ်သည်။ ဆွေးနွေ ညှိနှိုင်းမှုများသည်လည်း ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံနှင့်အညီဟူသော ကန့်သတ်ချက်အတွင်း ယခုထက်ပို၍ ချည်နှောင်ထားလျှင် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအပေါ် ပြည်သူတို့၏ကန့်ကွက်မှုများ တစ်ကျော့ပြန်ပြန်ပေါ် ထွက်လာနိုင်သည်။ ပြင်ဆင်ရန်ခက်လျှင် အသစ်ပြန်လည်ရေးဆွဲဟူသည့် အသံများ ပိုထွက်လာချိန်ဖြစ်သည်။

ဖက်ဒရယ်တပ် ဖွဲ့စည်းရေးပြီး လျှင် ၂၁ ရာစု ပင်လုံတွင် ရင်ဆိုင်ရမည့် အရေးပါသော ဒုတိယအချက် အနေဖြင့် ခွဲထွက်ရေးသည်လည်း အကြေအလည် ဖြေရှင်းရမည့်အချက် ဖြစ်သည်။ ထိုအချက်သည် ၁၉၄၇ ခုနှစ် လွတ်လပ်ရေးရစဉ်ကတည်းက အကွဲအပြဲကို ဖြစ်စေခဲ့သော အရင်း ခံအချက်တစ်ခုလည်း ဖြစ်သည်။

ယခု တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးကြ သူတိုင်းသည် ပြည်ထောင်စု မပြိုကွဲရေးကို ကတိခံထားပြီးဖြစ်ကြသည်။ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အများစုက ပြည်ထောင်စု မပြိုကွဲရန် သဘောတူညီသော်လည်း 'မခွဲထွက်ရေး' ဆိုသည့် အသုံးအနှုန်းကိုမူ ထည့်သွင်းထားသည်ကို မနှစ်သက်ကြပေ။

ထိုအသုံးအနှုန်းသည် လက်ရှိအနေအထားအရ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များတွင်ရှိသော အခြေခံအခွင့်အရေးနှင့် သက်ဆိုင်နေသည်။ ဖက်ဒရယ်ပြည်ထောင်စု ဆိုလျှင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုသည့် အချက်သည် အနည်းဆုံး ပါဝင်ရန်လိုသည်။ နိုင်ငံတကာ ဥပဒေအရဆို လျှင် Self-Determination ဆိုသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွင် ဥပဒေအရ ခွဲထွက်ခွင့်ရှိသည်ဟုလည်း မပြဋ္ဌာန်း၊ ခွဲထွက်ခွင့်ရှိဟုမရှိဟုလည်း မပိတ်ပင်ထားဟုဆိုကြသည်။

မခွဲထွက်ရေးဟူ၍ ပိတ်ပင်ထားချက်သည် ၁၉၄၇ ခုနှစ်က ပင်လုံ စာချုပ်၏ အနှစ်သာရနှင့်လည်း ဆန့် ကျင်နေသည်ဟု ယုံကြည်ထားကြသည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လိုချင် ကြသည်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၃၈တွင် နိုင်ငံအတွင်း ရှိ လက်နက်ကိုင် အဖွဲ့အစည်းအား လုံးသည် တပ်မတော်၏ ကွပ်ကဲမှု အောက်တွင်ရှိရမည်ဆိုသည့် ပြဋ္ဌာန်းချက်မျိုးသည် ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စုထူထောင်ရေးတွင် ပါဝင်လိုသော တိုင်းရင်းသားတို့၏ ဆန္ဒနှင့် လက်တွေ့အခြေအနေမျာ အပေါ် ထင်ဟပ်ခြင်းမရှိဖြစ်နေသည်။ တိုင်းရင်းသားတို့သည် လွတ် လပ်ရေးရပြီးကတည်းက သူတို့ကိုယ်ကိုကာကွယ်ရန် လက်နက်ကိုင်စွဲပြီး သားဖြစ်သည့်အတွက် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပို၍လိုလားကြခြင်းဖြစ်သည်။ ထိုအဆင့်များအထိ အပြည့် အဝသွားနိုင်ရေးမဆိုထားနှင့် တစ်နိုင်ငံလုံးပစ်ခတ်မှုများ လက်တွေ့ရပ်ဆိုင်းခြင်း မရှိခြင်းကပင် အခက် ကြီးခက်နေရသည်။

နိုင်ငံတကာမှ လေ့လာသုံးသပ်သူများက တပ်မတော်သည် နိုင်ငံရေးတွင် အဓိကပါဝင် ပတ်သက်နေသည်မှာ ဦးနေဝင်းလက်ထက် စစ်အာဏာသိမ်းချိန်မှ ယခုအချိန်အထိပင် နောက်ဆုတ်ခြင်းမရှိဟု ဆိုကြသည်။  တပ်မတော်သည် သိသာထင်ရှားသည့် နိုင်ငံရေးဆိုင်ရာ ပြောင်းလဲမှုမရှိဘဲ ဇွတ်ဝင်ပါနေမြဲဖြစ်သည်မှာ ၁၉၆၂ ကတည်းကဟု ထောက်ပြကြသည်။ ထိုစဉ်ကတည်းက ကာကွယ်ရေးနှင့် နယ်စပ်ရေးရာ စသော အရေးပါသည့်နေရာများကို တပ်မ တော်က တိုက်ရိုက်ထိန်းချုပ်ထားခဲ့သည်။

တပ်မတော်၏ ထိုသဘော တရားသည် နိုင်ငံရေးရာများတွင် အသာစီးရ လွှမ်းမိုးမှုယူနိုင်ရန် ခြေကုပ်ယူခြင်း တစ်မျိုးဖြစ်သည်ဟု သုံးသပ်ကြသည်။ ယခု ၂၁ ပင်လုံတွင်လည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ခွဲထွက်ခွင့်ဆိုသည့် စကားရပ်များကို နိုင်ငံတော်သစ္စာဖောက်မှုကြီး တစ်ရပ် သဖွယ် မဟရဲအောင် ကြောက်လန့်နေလျှင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် ဆယ်စုနှစ်နှင့်ချီကာ ကြာမြင့်သွားမည်ကို စိုးရိမ်လှသည်။

အချုပ်ဆိုရလျှင် ပုဏ္ဏားတိုင် သဘောမျှသာဖြစ်နေသော NLD အစိုးရ၏ ၂၁ ပင်လုံတွင် တပ်မတော် နှင့် လက်နက်ကိုင်တပ်ဖွဲ့များအကြား တည်ကြည်သော ကတိစကားနှင့် အ ပြန်အလှန်ယုံကြည်မှုကသာ အခရာဖြစ်နေပါလိမ့်မည်။ တပ်မတော်မှလွဲ၍ တိုင်းရင်းသားများအပါအဝင် ပြည်သူအများစုက နှစ်သက်မှုမရှိသော ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပါ ပြဋ္ဌာန်းချက်များကိုသာ တပ်မတော်ဘက်က ရှေ့တန်းတင်  ကာကွယ်နေလျှင်လည်း ငြိမ်းချမ်းရေး ရည်မှန်းချက်သည် ရွှေပြည်တော် မျှော်တိုင်းဝေး ဖြစ်နေမည်မှာ သေချာသည်ဟု ထင်မြင်မိပါသည်။

ကျော်စည်သူ (သုနန္ဒခေတ်)

Ref (1) ငြိမ်းချမ်းရေးစစ်တမ်း -  ဦးအောင်ထူး(လူ့အခွင့်အရေးရှေ့နေ)

Ref (2) Myanmar’s Challenging Path to Peace

ကျော်စည်သူ (သုနန္ဒခေတ်)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.