1051_Cov.jpg
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1051
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Special Report
နေ၀င်တော့မည်လော ဟောလီဝုဒ် ရုပ်ရှင်အင်ပါယာ

လွန်ခဲ့သောနှစ်ပေါင်း နှစ်ဆယ်အတွင်း ရုပ်ရှင်ရုံအဝင်ပရိသတ် အနည်းဆုံးသို့ ကျဆင်းနေသည်။ အမြတ်အစွန်းကလည်း တဖြည်းဖြည်း လုံးပါးပါးလာသည်။ ဖျော်ဖြေရေးလုပ်ငန်း စာရင်းဝင် အခြားလုပ်ငန်းများဖြစ်သည့် ပုံနှိပ်ထုတ်ဝေရေး၊ စီဒီဓာတ်ပြားထုတ်လုပ်ရေးတို့သည်လည်း အလားတူကျဆင်းလျက် ရှိသည်။

ဟောလီဝုဒ် ရုပ်ရှင်လုပ်ငန်း ဝင်ငွေကျလာစေသည့် အကြောင်းရင်းတစ်ရပ်မှာ ယနေ့ခေတ် လူငယ်များအတွက် ဖျော် ဖြေရေးဝန်ဆောင်မှုတွင် ရွေးချယ်စရာများပြားလာခြင်းဖြစ်သည်။ ယခင်ကဆိုလျှင် ရုပ်ရှင်ရုံတွင် သွားရောက်ကြည့်ရှုရသဖြင့် ရုပ်ရှင်ရုံထဲဝင်ပြီးလျှင် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ပြီးဆုံးအောင် ကြည့်ကြသည်။ ယခုအချိန်တွင် ဒီဗီဒီအချပ်များ တစ်ချပ်ပြီးတစ်ချပ်ထည့်သွင်းပြီး မကြိုက်လျှင် နောက်တစ်ချပ် ရွေးချယ်နိုင်သော အနေအထားသို့ ရောက်လာသည်။ အွန်လိုင်းပေါ်တွင်ကြည့်၍ပင် မကုန်နိုင်အောင် များပြားလှသည်။

ရုပ်ရှင်လုပ်ငန်းတွင် အမျိုးအစား မြောက်များစွာသော လုပ်သားများပါဝင်နေသည်။ သူတို့အား သက်ဆိုင်ရာ အလုပ်သမား သမဂ္ဂများက အာမခံချက်ပေးထားသဖြင့် အလုပ်တည်မြဲနေကြသည်။ သို့စဉ်တိုင် ယခုပုံစံအတိုင်း ဆက်လက်တည်မြဲနေပါမည် လားဆိုသည်မှာ အမေးထုတ်စရာ။ ဟောလီဝုဒ်ရုပ်ရှင်အင်ပါရာသည် မကြာမီနေဝင်တော့မည်ဟု သုံးသပ်ပြောဆိုမှုများရှိလာနေသည်။

အနောက်ခြမ်းကမ္ဘာတွင် ဆောင်းတွင်း တစ်တွင်းလုံးနေအိမ်တွင်း အောင်းနေကြသည်။

နွေရာသီတွင် ခြေခင်းလက်ခင်းသာသဖြင့် ရုပ်ရှင်ကြည့် ပရိသတ်အများဆုံး အချိန်ဖြစ်သည်။ ထို့ကြောင့် ရုပ်ရှင် ထုတ်လုပ်သူများသည် နွေရာသီတွင် ရုပ်ရှင်ဇာတ်ကားသစ်များကို အလုအယက် ရုံတင်ခဲ့ကြသည်။ သို့သော် ရုပ်ရှင်ရုံများ လူဝင်နည်းလာသဖြင့် နွေရာသီတွင် ကားသစ်တင်ရသည့်မှာ သည်းထိတ်ရင်ဖိုဖွယ်ဖြစ်လာသည်။ လူဝင်မှ ဝင်ပါ့မလားဆိုသည့် စိုးရိမ်စိတ်က လွှမ်းမိုးထားသည်။

၁၉၉ဝ ပြည့်လွန် အစောပိုင်းကာလများတွင် အင်တာနက်မှ အမ်ပီသရီး တေးဂီတဖိုင်များကို ကူးယူဆွဲချသည့် အလေ့အထထွန်းကားလာ ချိန်သည် ဂီတထုတ်လုပ်ရေး လောကအတွက် ဈာပနတေး၏ ခြေဆင်းဖြစ်တော့သည်။ လူကြိုက်အများဆုံး တေးတစ်ပုဒ်၊ နှစ်ပုဒ်ကို အခြားရွက်ကြမ်းရေကြို သီချင်းများနှင့် ရောနှောကာ စီဒီချပ်အဖြစ် စီဒီထုတ်လုပ်သူများက ရောင်းချသည်ကို ပရိသတ်က မနှစ်မြို့ကြ။ ဂီတဝါသနာရှင်များ အိတ်ထဲမှငွေကို မတရားနှိုက်ယူသည်ဟု မြင်ကြသည်။ ထို့ပြင် စီဒီဆိုင်သို့သွားကာ တကူးတက ရှာဖွေဝယ်ယူရမည်ထက် အိမ်တွင် ထိုင်ကာ အင်တာနက်မှ ဆွဲ ယူလိုက်သည်က များစွာလွယ်ကူနေသည်။

တေးဂီတထုတ်လုပ်သူများ ချုပ်ကိုင်ဖန်တီးထားသည့် ဈေးကွက်အတွင်းမှ စားသုံးသူများက ရုန်းထွက်လာကြသည်။ သူတို့ စီမံချုပ်ကိုင်ထားသည့်အတိုင်း မဟုတ်တော့။ စားသုံးသူများတွင် ရွေးချယ်စရာ အခြားနည်းလမ်းများ ရှိလာသည်။ ရွေးချယ်ခွင့်ပေးခြင်းသည်ပင် ဒီမိုကရေစီဖြစ်ပေသည်။ ထို့ကြောင့်ပင် ယနေ့တေးဂီတ ထုတ်လုပ်ရေးလုပ်ငန်း၏ အရွယ်အစားသည် လွန်ခဲ့သော ဆယ် နှစ်ဖြင့် နှိုင်းယှဉ်ပါက ထက်ဝက်သာ ရှိတော့သည်။

အလားတူပင် သတင်းစာကိုလည်း မဝယ်ဖြစ်ကြတော့။ သတင်းစာတစ်စောင်လုံးတွင် ပါဝင်သမျှသော သတင်းများကို စာဖတ်သူက စိတ်မဝင်စားကြ။ သိလိုသည့် သတင်းတစ်ပုဒ်၊ နှစ်ပုဒ်ကို အွန်လိုင်းပေါ်တွင် ရှာဖွေဖတ်ရှုလိုက်ကြသည်။ ၂ဝဝဝ ပြည့်နှစ်တွင် သတင်းစာကြော်ငြာလုပ်ငန်း၏ ဝင်ငွေမှာ  ၆၇ ဘီလျံ ဒေါ်လာရှိသော်လည်း ၊ ၂ဝ၁၄ ခုနှစ် တွင် ၁၉ ဒသမမ ၉ ဘီလျံသာရှိတော့သည်။ ထို့ကြောင့် ၂ဝဝဝ ပြည့်နှစ်မှစတင်လျက် သတင်းစာလုပ်ငန်း လုပ်သားအင်အား ၅၆ ရာခိုင်နှုန်း လျော့ကျသွားသည်။ အလားတူပင် စာအုပ်ထုတ်ဝေရေး လုပ်ငန်းသည်လည်း ကျဆင်းလျက်ရှိသည်။  တစ်အုပ်လျှင် ၂၅ ဒေါ်လာပေးမည့်အစား ကွန်ပျူတာပေါ်တွင် ဖတ်ရှုနိုင်သည့် ဒစ်ဂျစ်တယ် စာအုပ်ကို ၉ ဒသမ ၉၉ ဒေါ်လာပေး၍ ဝယ်ယူလာကြသည်။

စာအုပ်ဆိုင် အရောင်းစာရေးကပေးသော အကြံဥာဏ်မလိုအပ်တော့ဘဲ အွန်လိုင်းပေါ်ရှိ စာအုပ်သုံးသပ်ချက်ကို ဖတ်ရှုရုံမျှဖြင့် ကိုယ်ဖတ် ချင်သော စာအုပ်အမျိုးအစားကို ပိုမိုလွယ်ကူစွာ ရွေးချယ်နိုင်သည်။

ရုပ်ရှင်ကြည့် ပရိသတ်သည်လည်း ကြည့်ချင်သောရုပ်ရှင်ကို အွန်လိုင်းမှတစ်ဆင့် ငွေပေးကြည့်ရှုကြသည်။ သို့စဉ်တိုင် ဟောလီဝုဒ်လောကသားများသည် ခေါင်းမာနေဆဲ။ သူတို့ကိုယ်သူတို့ ဇမ္ဗူတလူထင်နေဆဲ။ ငါတို့အလုပ်ကို တခြားလူတွေ မလုပ်နိုင်ဘူးဟု ထင်တစ်လုံးနှင့် မော်ကြွားနေဆဲ။ အနုပညာမာနက မလျှော့သေး။  သို့သော်လက်တွေ့ အခြေအနေတွင် ရုပ်ရှင်ရုံ လူဝင်နည်းလာသည်မှာ စိုးရိမ်ရေမှတ်သို့ ရောက်နေသည်။ ၁၉ နှစ်အတွင်း အနိမ့်ဆုံး အမှတ်သို့ ရောက်လာသည်။ ဟောလီဝုဒ် ရုပ်ရှင်လုပ်ငန်း၏ တစ်နှစ်ဝင်ငွေသည် ဒေါ်လာ ၁ဝ ဘီလျံ ကျော်ကျော်သာ ရှိတော့သည်။           အကြီးဆုံးထုတ်လုပ်ရေး ကုမ္ပဏီများဖြစ်သည့် တွမ်တီးယက်စင်ကျူရီ၊ ဝါနာဘရားသား၊ ပါရာမောင့်၊ ယူနီဗာဆယ်နှင့် ဒစ္စနေတို့၏ဝင်ငွေသည် လေးဆယ်ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ အမ်ဂျီအမ်က ဒေါ်လာသန်းတစ်ရာ အကုန်အကျခံ ရိုက်ကူးသော 'ဘင်ဟာ' ဇတ်ကားသည် ရုံ တင် ပထမပတ်တွင်း ဒေါ်လာဆယ်သန်းသာ ရရှိသည်။ လွန်ခဲ့သော နှစ် နှစ်ဆယ်ကဆိုလျှင် ပထမအပတ် တွင် ကုန်ကျငွေ ၂၅ ရာခိုင်နှုန်း ရရှိသည်။

ပရိသတ်ကို ဆွဲဆောင်ရန်ဟောလီဝုဒ်သည် နည်းလမ်းများစွာ စမ်းသပ်အသုံးပြုလာရသည်။  အ ပန်းဖြေဆိပ်ကမ်းတွင် ဧရာမငါးမန်းတစ်ကောင် ဆိုးသွမ်းသောင်းကျန်းသော ရုပ်ရှင်(Jaws)သည် ၁၉၇၅ ခုနှစ်တွင်  ဝင်ငွေစံချိန်တင်ခဲ့သည်။ ဒါရိုက်တာ အကျော်အမော် စတီဖန် စပီးလ်ဘတ်က ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ရုပ်ရှင်စတူဒီယိုများသည်  ဇာတ်ကား၏ ကျောရိုးဖြစ်သောကြီးမားသော တိရစ္ဆာန်တစ်ကောင် ဆိုးသွမ်းသောင်းကျန်းမှုကို အခြေခံလျက် ဇာတ်ကားပေါင်းများစွာရိုက်ထုတ်လိုက်ကြသည်။ မြွေ၊ ကြွက်၊ မိချောင်း၊ သဲပလုပ် စသည့်အကောင်များကို အရွယ်အစားချဲ့လျက် ရိုက်ကူးကြသည်။ ရုပ်ရှင်ပရိသတ်ကို အစပိုင်းတွင်  ဆွဲဆောင်နိုင်သော်လည်း များ လာသည့်အခါ ရိုးအီသွားပြန်သည်။ ဟောလီဝုဒ်သည် ပရိသတ်ကို ဆွဲဆောင်ရန် အခက်ခဲတွေ့လာပြန်သည်။

စပီးဘတ် ရိုက်ကူးသော Jurrasic Park  ဇာတ်ကားကို၁၉၉၃ ခုနှစ်တွင် ရုံတင်ရာတွင် စံချိန်သစ်တင် ပြန်သည်။ တစ်ဇာတ်ကားလုံးကို  CGI နည်းပညာ ရိုက်ကူးထားသည်။  CGI  နည်းပညာ တစ်ခေတ်ဆန်းလာသည်ဟု ဆိုနိုင်သည်။ ထိုအချိန်မှစလျက် နည်းပညာကို ရုပ်ရှင်အပိုင်း အစအဖြစ်လည်းကောင်း၊ တစ်ဇာတ် ကားလုံးတွင်လည်းကောင်း တွင်ကျယ်စွာ အသုံးချလာသည်။

ဟောလီဝုဒ်၏ ဝင်ငွေ၏ ၇ဝ ရာခိုင်နှုန်းသည် နိုင်ငံရပ်ခြားမှရသဖြင့် တရုတ်စာတမ်း အလွယ်တကူထိုးနိုင်သော သိပ္ပံနှင့် အက်ရှင်ကားများ ဦးစားပေးထုတ်လုပ်လာရသည်။ တစ်ချိန်တည်းမှာပင် တရုတ်တို့ကလည်း ထိပ်သီးရုပ်ရှင်စတူဒီယိုနှင့် လုပ်ငန်းများကိုဝယ်ယူကာ ကမ္ဘာ့တန်းဝင် ရုပ်ရှင်များ ရိုက်ကူးရန် ခြေလှမ်းပြင်လာသည်။

တရုတ်ပြည်တွင် ရုပ်ရှင်လုပ်ငန်း တစ်ဟုန်ထိုးစည်ပင်လာနေသည်။ စီးပွားရေး အရှိန်အဟုန်ဖြင့် တိုးတက် လာနေသည့်အတွက် လူလတ်တန်းစား များပြားလာသည်။ ၄င်းတို့အတွက် ရုပ်ရှင်ရုံများဆောက်လုပ်လျက် ရှိသည်။ လွန်ခဲ့သောနှစ်က တရုတ်ပြည်တွင် ရုပ်ရှင်လက်မှတ် ရောင်းချမှု ၅ဝ ရာခိုင်နှုန်းတိုးတက်လာသည်။ မကြာမီ အမေရိကန်ထက် ပိုမိုကြီးမားသော ရုပ်ရှင်ဈေးကွက် မလွဲဧကန် ဖြစ်လာလိမ့်မည်။ လွန်ခဲ့သောနှစ်က တရုတ်ပြည်တွင် ရုပ်ရှင်လက်မှတ် ၆ ဒသမ ၈ ဘီလျံဖိုးရောင်းရသည်။ တရုတ်ပြည်တွင် ထုတ်လုပ်သော ရုပ်ရှင်ဇာတ်ကားများအတွက် ရောင်းချ ရငွေမှာ အများဆုံးဖြစ်သည်။

အမေရိကန်မှ တင်သွင်းသော ရုပ်ရှင်များအတွက် လက်မှတ်ရောင်းရငွေမှာ ၂ ဒသမ ၆ ဘီလျံသာရှိသည်။ ပြည်ပမှ တင်သွင်းသော ရုပ်ရှင်ကား အရေအတွက် ကန့်သတ်ထားသည်။ ပြည်တွင်းထုတ်လုပ်သော ရုပ်ရှင်ကား အရေအတွက်၏ ၂၅ ရာခိုင်နှုန်းသာ နိုင်ငံခြား ရုပ်ရှင်များကို တင်သွင်းခွင့် ပြုသည်။

လောလောဆယ်အနေအထားတွင် တရုတ်သည် ဟောလီဝုဒ်ကို  ခြိမ်းခြောက်နိုင်သော အနေအထားမရှိပေ။ ဟောလီဝုဒ်ကို ခြိမ်းခြောက် လာနေသည်မှာ ဆီလီကွန် တောင်ကြားမှ ကွန်ပျူတာဆော့ဝဲများ ဖြစ်သည်။

HBO, Cinimax, Showtime, Netflix, Amazon စသည့် အခပေး ရုပ်သံကုမ္ပဏီများသည် ခြေသွက်လက်သွက်ဖြင့် ရုပ်ရှင်ကြည့် ပရိသတ်ကို ဖဲ့ယူနေသည်။ သူတို့သည် ရုပ်ရှင်ရုံအတွင်းရှိ ထိုင်ခုံများကို လုယူနေခြင်း မဟုတ်သော်လည်း ရုပ်ရှင်လုပ်ငန်းကို ကြီးမားစွာထိခိုက်စေသည်။ ရုံမတင်သောရုပ်ရှင်များကို ရိုက်ကူးခြင်းဖြင့် ရုပ်ရှင်လုပ်ငန်း၏ ဝင်ငွေကို လျော့ပါးစေသည်။ ပရိသတ်အဖို့ ရုပ်ရှင်ကြည့်ရန် အဝတ်အစားလဲရခြင်း၊ တကူးတက သွားရောက်ရခြင်း၊ အချိန်ကိုက်ရောက်ရန် လိုအပ်ခြင်း၊ ငွေကုန်ကြေးကျများခြင်း တို့ကြောင့် ရုပ်ရှင်ရုံသို့မသွားဘဲ အွန်လိုင်းတွင် ကြည့်ရှုခြင်းကို ရွေးချယ်လာသည်။ အိမ်သုံးရုပ်သံကိရိယာများသည် အရည်အသွေးမြင့်မားလာသဖြင့် ရုပ်ရှင်ရုံနှင့်မခြား အရသာ ခံစားနိုင်သည်။

မကြာသေးမီ အချိန်အထိ ကွန်ပျူတာနှင့် ဆက်စပ်လုပ်ငန်းများသည် သူတို့အလုပ်ကို သူတို့လုပ်နေခဲ့ကြသည်။ အက်ပဲလ်သည် ကွန်ပျူတာထုတ်လုပ်သည်။ ဂူဂဲလ်သည် အင်တာ နက်ပေါ်တွင် ရှာဖွေရေးဆော့ဝဲများ တီထွင်သည်။ မိုက်ကရိုဆော့ဖ်သည် လုပ်ငန်းသုံးဆော့ဝဲများ ထုတ်လုပ်သည်။ ၄င်းတို့၏ ရည်ရွယ်ချက်မှာ ၄င်းတို့ ထုတ်လုပ်သော ဆော့ဝဲနှင့် ဝန်ဆောင်မှုကို လူအများက နှစ်ခြိုက်စွာသုံးစွဲစေရေးပင်ဖြစ်သည်။ ယင်းသို့ လုပ်ဆောင်နေရင်းဖြင့် ရုပ် ရှင်လုပ်ငန်းအပါအဝင် ဖျော်ဖြေရေး နယ်ပယ်အတွင်းသို့ နယ်ကျွံသွားခြင်းဖြစ်သည်။ ထိုအချိန်တွင် ရုပ်ရှင်လုပ် ငန်းသည် သမားရိုးကျပုံစံဖြင့် ထုတ်လုပ်နေခြင်းမှ ရုန်းမထွက်နိုင်သေးပေ။ အကုန်အကျများသော လူအများအပြားကို အသုံးပြုရသည့်လုပ်ဟန်သည် ထုတ်လုပ်ရေးကို လေးကန်ဖင့်နှေးစေသည်။ အသစ်ပေါ် ထွန်းလာသည့် အခြေအနေများ၊ လူတို့၏ လိုလားတောင့်တချက်များကို အပြည့်အဝ မဖြည့်ဆည်းပေးနိုင်တော့ပေ။

အွန်လိုင်းမှတစ်ဆင့် ရုပ်ရှင်ဇာတ်ကားနှင့် ဇာတ်လမ်းတွဲများ ဖြန့်ဖြူးသော Netflix ၏ အောင်မြင်လာမှုသည် အံ့မခန်းဖြစ်သည်။ ၄င်းကထုတ်လုပ်သော House of Card ဇာတ်လမ်းတွဲသည် ၂ဝ၁၆ ခုနှစ်တွင် အေမီဆုအတွက် ၅၄ ကြိမ် အဆိုပြုခံရသည်။ 

နယ်ပယ်အသီးသီးကို လှုပ်ခတ်ပြောင်းလဲစေသည့် အဓိကဇာတ်ဆောင်မှာ ဥာဏ်ရည်တု (artificial intelligence) ဖြစ်သည်။ ဥာဏ်ရည်တုသည် ကျွမ်းကျင်မှုလိုအပ်ချက် နည်းပါးသော အလုပ်အကိုင်များကို ခြိမ်းခြောက်နေသည်။ ကုန်တင်ယာဉ်မောင်းနှင့် အငှားယာဉ်မောင်းသမားတို့သည် မောင်းသူမဲ့ယာဉ်များ ပေါ်ပေါက်လာလျှင် အလုပ်ပြောင်း လုပ်ကြရမည်။ ဈာန်ဝင်လုပ်ကိုင်ရသော အနုပညာသမားများကို ဥာဏ်ရည်တုက အစားထိုးနိုင်ပါမည်လားဆိုသည်မှာ စိတ်ဝင်စားစရာဖြစ်လာသည်။ ကွန်ပျူတာ ပညာရှင်များက အရာရာကို ဥာဏ်ရည်တုဖြင့် အစားထိုးရန် ကြိုးစားနေကြသည်။

အကောင်းဆုံး ဇာတ်ညွှန်းများကို ကွန်ပျူတာအတွင်း ထည့်သွင်းပေးလျှင် အကယ်ဒမီဆုရ ဇာတ်ညွှန်းများ ထုတ်ပေးနိုင်မည်လားဟူသော အမေးပေါ်လာသည်။ အကယ်ဒမီဆုရ ဇာတ်ညွှန်းမဟုတ်သည့်တိုင် ဈေးကွက်ဝင် ကောင်းမွန်သော ဇာတ်ညွှန်းများ ထုတ်ပေးနိုင်မည်မှာ သေချာသည်ဟု ပညာရှင်များကဆိုသည်။ ယင်းသို့ဆိုလျှင် သာမန်ရွက် ကြမ်းရေကြိုဇာတ်ညွှန်းဆရာများ အလုပ်လက်မဲ့ ဖြစ်ကုန်ကြရမည်။

ဥာဏ်ရည်တုသည် ဖလင်အယ်ဒီတာများကိုလည်း ခြိမ်းခြောက်လာသည်။ နာရီပေါင်းများစွာကြာမြင့်သည့် ရိုက်ချက်များကို ရုပ်ရှင်ကြည့်ပရိသတ်များ ဘဝင်စွဲငြိစေရန် ဖလင်အယ်ဒီတာများက တည်းဖြတ်အမွှန်း တင်ပေးရသည်။ ဥာဏ်ရည်တုသည် ဇာတ်ထုပ်တစ်ထုပ်တည်းကို ဇာတ်လမ်းမျိုးကွဲပေါင်း ငါးဆယ်၊ တစ်ရာ ဖြစ်စေရန် တည်းဖြတ်ပေးနိုင်သည်။ ပရိသတ်၏ တုံ့ပြန်ခံစားမှုကို သုံးသပ်ပြီးအချိန်နှင့် တစ်ပြေးညီအကောင်းဆုံး တည်းဖြတ်ပေးနိုင်စွမ်းရှိသည်။

ရုပ်ရှင်သရုပ်ဆောင်များသည်လည်း ဥာဏ်ရည်တု၏ ယှဉ်ပြိုင်မှုကို ခံရမည်ဖြစ်သည်။ ကင်လစ်ဘရာရီသည် Matrix နှင့် Star War ရုပ်ရှင်ကားများအတွက် CGI ခေါ် သက်ဝင်နောက်ခံနှင့် သက်ဝင်ဇာတ်ဆောင် (Computer Generated Imagery) တို့ကို ဖန်တီးပေးခဲ့သူဖြစ်သည်။ သူ က ''၂ဝ၂၂ ခုနှစ်ကျရင် သက်ဝင်နည်းပညာတွေ ထွန်းကားမှုဟာ အဆင့်တစ်ဆင့်ကို ရောက်သွားလိမ့်မယ်။ သက်ဝင်ဇာတ်ကောင်နဲ့ လူသားဇာတ်ဆောင်တို့ ကွာခြားမှုရှိတော့မှာ မဟုတ်ဘူး''ဟုဆိုသည်။ ထိုအခါ ရုပ်ရှင်သရုပ်ဆောင်များသည် ပြင်ပကမ္ဘာတွင် အမှန်တကယ် ရှိနေသောသက်ရှိ လူသားမဟုတ်တော့ဘဲ ကွန်ပျူတာဖြင့် ဖန်တီးထားသည့် ဇာတ်ဆောင်များသာ ဖြစ်တော့မည်''ဟု ဆိုသည်။

လူသားအစစ်အဖြစ် ပရိသတ်က လက်ခံယုံကြည်မည့် သရုပ်ဆောင်ကို ဖန်တီးရာတွင် မိနစ်အနည်းငယ်အတွက် ပြဿနာမရှိသော်လည်း၊ နှစ်နာရီခန့်ကြာမည့် ဇာတ်ကားအတွက် ငွေကြေးကုန်ကျမှုနှင့် လုပ်ကိုင်ရန် အချိန်ကြာမြင့်မှုတို့က အခက်အခဲအဖြစ် ရှိနေသည်။ သဘာဝရှုမျှော်ခင်း၊ မုန်တိုင်း၊ ရေကြီးရေလျှံခြင်း၊ မီး လောင်ခြင်းတို့ကို CGI  ဖြင့် ဖန်တီးပြသရာတွင် ပရိသတ်က အစစ်အမှန်အဖြစ် လက်ခံကြည့်ရှုနေကြပြီ ဖြစ်သည်။

၁၉၉၄ ခုနှစ်တွင် ကွယ်လွန် သွားခဲ့သော ဂန္ထဝင်မင်းသားကြီး ပီတာကူရှင်(Peter Cushing) ကို Rouge One ဇာတ်ကားတွင် ဇာတ်ဆောင်အဖြစ် ဖန်တီးပြသသွားသည်မှာ သိမီခြင်းမရှိသော ငယ်ရွယ်သူပရိသတ်များက သက်ရှိဇာတ်ကောင်ဟုပင် ယူဆကြသည်။  ရုပ်ရှင်တွင် လီယာသမီးတော်အဖြစ် သရုပ်ဆောင်သူကို ငယ်ရွယ်သူအဖြစ် CGI ဖြင့်ဖန်တီးတင်ဆက်သည်။ အသက် ကြီးသူကို ငယ်သူအဖြစ် ကွန်ပျူတာဖြင့် ဖန်တီးယူခြင်း ဖြစ်သည်။ ရုပ်ရှင်ဇာတ်ကား ဆယ်ကားကျော်တွင် ဤနည်းပညာကို အသုံးချလျက် ဇာတ်ဆောင်များကို အသက်ငယ်ရွယ် သူအဖြစ်ဖန်တီး ပြသခဲ့ပြီးဖြစ်သည်။ ယင်းသို့ ဇာတ်ကောင်ကို CGI နည်း စနစ်ဖြင့် ရုပ်လုံးဖော်ရာတွင် လျှို့ဝှက်အမည်ပေးထားသည်။ ပြင်ပသို့ နည်းစနစ် မပေါက်ကြားစေရန် လူအနည်းငယ်ဖြင့်သာ အထူးလျှို့ဝှက် ဆောင်ရွက်သည်။

သရုပ်ဆောင်၏ လက်ရှိလှုပ်ရှားမှုများကို ရိုက်ယူပြီးလွန်ခဲ့သော အနှစ်နှစ်ဆယ်က ထိုသရုပ်ဆောင် ပါဝင်ခဲ့သော ရုပ်ရှင်မှ မျက်နှာတစ်ကွက်ချင်းကို ကွန်ပျူတာနည်းပညာဖြင့် ခွာယူသည်။ ထိုခွာယူထားသော မျက်နှာအကွက်များကို သင့်လျော်စွာပြုပြင်ပြီး လက်ရှိဖလင်ကွက်များသို့ ကူးယူသောနည်းကိုသုံးသည်။ အခက်အခဲများလည်းရှိသည်။ လွန် ခဲ့သော အနှစ်နှစ်ဆယ်က မိတ်ကပ် စနစ်သည် ယနေ့စနစ်နှင့် အတန်ပင် ကွာခြားသည့်အတွက် မိတ်ကပ် လိမ်းခြယ်မှုကအစ အသေးစိတ် ပြုပြင်ယူရသည်။ အထူးသဖြင့် မျက်လုံးတွင်ထင်ဟပ်လာသည့် ပျော်ရွှင်၊ ဝမ်းနည်း၊ ကြေကွဲစသည့် စိတ်ခံစားမှုများကို ဖန်တီးရာတွင် အခက်ခဲဆုံးဟုဆိုသည်။ အချိန်လည်း များစွာယူရသည်။

နည်းပညာသည် လျင်မြန်စွာ တိုးတက်လာနေသည့်အတွက် အချိန်တိုအတွင်း ပါဝင်သရုပ်ဆောင် သူ၏ မျက်နှာကို အခြားတစ်ဦး မျက်နှာနှင့် လဲလှယ်နိုင်လာသည်။ ထို့ကြောင့် ညစ်ညမ်းရုပ်ရှင်ကားတွင် မူရင်းသရုပ်ဆောင်သူများအစား နံမည်ကြီးရုပ်ရှင် သရုပ်ဆောင်၊ နိုင်ငံရေးသမား၊ အဆိုတော်တို့၏ မျက်နှာများဖြင့် စမ်းသပ်လဲလှယ်လာခြင်းသည် ကြီးမားသော အန္တရာယ်ဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုးကျိုးများ၊ ရှုပ်ထွေးမှုများ  ပြင်းထန်စွာ ရိုက်ခတ်လာမည်ဖြစ်သည်။

နည်းပညာ မည်မျှတိုးတက်လာ သည်ဖြစ်စေ ရုပ်ရှင်လောက၏ ပါရမီရှင် ထိပ်တန်းအနုပညာရှင်၊ အနုပညာ  ဖန်တီး သူတို့ကိုမူ ကွန်ပျူတာဖန်တီးမှုဖြင့် အစားထိုးနိုင်မည် မဟုတ်ပေ။ အလယ်အလတ် အဆင့်ရှိသူတို့မှာ ပျောက်ကွယ်သွားမည်ဖြစ်သည်။ ဖျော်ဖြေရေးလုပ်ငန်း အပြောင်းအလဲတွင် အမြတ်ထွက်လာသူများမှာ စား သုံးသူပင်ဖြစ်သည်။

မဝေးလှသော နှစ်တစ်နှစ်တွင် မိုက်ကယ်သည် ရုံးမှပြန်လာပြီး အိမ်ရောက်သောအခါ ဥာဏ်ရည်တု ကိရိယာအား

''အမျိုးသမီးနှစ်ဦး ခေါင်းဆောင်တဲ့ ဟာသရုပ်ရှင်ဇာတ်ကားကြည့်မယ်''

''ည ရှစ်နာရီမှာ ညစာစားပွဲ ရှိတဲ့အတွက် ရုပ်ရှင်ကို တစ်နာရီစာပဲ လုပ်လိုက်မယ်ဆရာ''

''ကောင်းသားပဲ လုပ်လိုက်လေ''ဟုပြောကာ ရုပ်ရှင်ထိုင်ကြည့်သည်။ ဥာဏ်ရည်တုသည် မူလဇာတ်လမ်း အရသာ မပျက်ယွင်းစေဘဲ ရုပ်ရှင်ကို တစ်နာရီစာတည်းဖြတ်ကာ ပြသပေးသည်။

မကြာမီတွင် ရုပ်ရှင်နှင့် ဗီဒီယိုဂိမ်းတို့ ပေါင်းစပ်သွားမည်။ ရုပ်ရှင်ကြည့်နေသူသည် ရုပ်ရှင်ထဲတွင် ဇာတ်ကောင်အဖြစ်ပါဝင်လာမည်ဖြစ်သည်။ ရုပ်ရှင်ကြည့်နေသူ၏ ပြောစကားများကို ဇာတ်ကောင်များက ပြန်လည်တုံ့ပြန်ပြောဆိုလာမည်။ ဥာဏ်ရည်တုသည် အသုံးဝင် အစွမ်းထက်လာသည်နှင့်အမျှ အပြောင်းအလဲများ မည်သို့ရှိမည်ကို မှန်းဆရန်ပင်ခက်ခဲသည်။

ဥာဏ်ရည်တုနည်းပညာ လျင်မြန်စွာ တိုးတက်လာသည့်အတွက် အစစ်နှင့်အတု ခွဲခြားထားသည့် နယ် နိမိတ်မျဉ်းသည် မှေးမှိန်လာရသည်။ ဥာဏ်ရည်တု နည်းပညာသည် အငြင်းပွားဖွယ် အမြောက်အများကို ဆောင်ကြဉ်းလာမည်မှာ မလွဲဧကန် ဖြစ်တော့သည်။

 

 

အေးထွန်းမင်း

[email protected]

Ref: Why Hollywood as We Know It is Already Over.

အေးထွန်းမင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.