1051_Cov.jpg
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1051
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Special Report
ဆင်းရဲသားတို့ ပစ်မှတ်ထားခံနေရသော လက်လွန်ခြေလွန် တရားစီရင်မှုများ

'ပြေး'

ကာလီတိုရာမီးရက်ဇ်က အော်ဟစ်သတိပေးရန် အားထုတ်လိုက်သော်လည်း ပြေးဆိုသည့်စကားတစ်ခွန်းသာ သူ့နှုတ်ဖျားက ထွက်လာနိုင်ခဲ့ပြီး ဗိုင်းခနဲလဲကျသွားသည်။ မျက်နှာဖုံးစွတ်ထားသော မော်တော်ဆိုင်ကယ်သမား ခြောက်ဦးအနက် တစ်ဦးဦးက ပစ်လိုက်သည့်ကျည်ဆန်က သူ၏ ဦးခေါင်းနောက်ပိုင်းကို ပွင့်ထွက်သွားစေခဲ့၏။ သူ၏အော်ဟစ်မှုမှာမူ အချည်းအနှီး မဟုတ်ခဲ့ပေ။ ဇနီးသည်၏အသက်ကို အချိန်မီကယ်တင်နိုင်လိုက်သည့်အထိ တန်ဖိုးကြီးမားခဲ့သည်။

'ကျွန်မတို့က ဆန်ဝယ်ဖို့ထွက်လာတာပါ'ဟု ဗစ်တိုးရီးယားရာမီးရက်ဇ်က အသုဘအိမ်သို့ ရောက်လာကြသူများကို ပြောပြနေသည်။ သူတို့သည် မနီလာအနီးက လွန်ကန်မြို့ငယ်တွင်နေထိုင်ကြသည်။ အသုဘအိမ်တွင် ဗစ်တိုးရီးယားက 'ကျွန်မလှည့်ကြည့်လိုက်တဲ့အခါ ကာလီတိုရာမီးရက်ဇ်က သွေးအိုင်ထဲလဲနေပြီလေ'ဟု ပြန်ပြောင်း ပြောပြနေခဲ့သည်။

ကာလီတိုရာမီးရက်ဇ်သည် လွန်ခဲ့သော ဒီဇင်ဘာ ၁၁ ရက်က လမ်းမထက်တွင် ပစ်သတ်ခံလိုက်ရခြင်းဖြစ်၏။ ယင်းမတိုင်မီ တစ် ပတ်ခန့်ကလည်း ဗစ်တိုးရီးယားနှင့် ကာလီတိုရာမီးရက်ဇ်တို့၏ တစ်ဦးတည်းသောသမီးမှာလည်း ဤနည်းအတိုင်း အသက်ဆုံးရှုံးသွားရ သည်။ သားအဖနှစ်ဦးစလုံး ကြမ္မာဆိုးငင်ပုံချင်းက တူလွန်းလှပေသည်။

'သူတို့က ကျွန်မတို့ဘဝတွေကို ဖျောက်ဖျက်ပစ်လိုက်ကြပြီ'ဟုပြောနေသော ဗစ်တိုးရီးယား၏ သုန်မှုန်သောမျက်နှာထက်တွင် မျက်ရည်စက်အနည်းငယ်မျှ မရှိတော့။

လက်ရှိအချိန်တွင် ခင်ပွန်းလည်းဆုံး သမီးကိုလည်း လက်လွှတ်လိုက်ရ သော သူ့အဖို့ တစ်ခုတည်းသော ကျန်ရှိသည့်စိုးရိမ်မှုမှာ သူ၏မြေးမလေးအတွက်သာဖြစ်သည်။ မြေးမလေးသည် မိသားစုဝင်ထဲမှ ပထမဆုံးကောလိပ်ပညာရေးသို့ တက်လှမ်း နိုင်သူဖြစ်သည့်အတွက် သူ့အမေနှင့် ဘိုးအေကြီးလို ကံကြမ္မာဆိုးမျိုး ကြုံတွေ့မည်ကို ဗစ်တိုးရီးယား အလွန်စိုးရိမ်နေသည်။

ဖိလစ်ပိုင်တွင် သမ္မတဒူတာတေး တက်လာပြီးနောက် မူးယစ်တိုက်ဖျက်မှုများကို တစ်သွေးတစ်သံ တစ်မိန့်ဖြင့် စီရင်စေခဲ့သည်။ လမ်းပေါ်တွင် ချက်ချင်းပစ်သတ်ကာ အပြစ်ပေးသည့် စနစ်ကျင့်သုံးခဲ့သည်မှာ တစ်နှစ်ခွဲကျော်ခန့်ပင် ရှိလာခဲ့ပြီ။ တစ်ချိန်က တရုတ်တစ်နိုင်ငံလုံး ဘိန်းစားဘဝကျရောက်တော့မည့် အရေးကို ကိုင်တွယ်ခဲ့သည့်နည်းတူ မျက်မှောက်ခေတ် ဖိလစ်ပိုင်တွင် လည်း အမျိုးသားရေးကို ပထမဦးစားပေးသည့် သမ္မတရိုဒရီဂိုဒူတာတေးက မူးယစ်သုံးစွဲသူများကို သေဒဏ် ချက်ချင်းပေးသည့်နည်းဖြင့် ကိုင် တွယ်ဖြေရှင်းလာခဲ့သည်။

ဤသို့ တရားစီရင်သည့်နည်းအပေါ် နှစ်သက်သူများရှိသလို၊ မနှစ်သက်သူကလည်းများလှသည်။ မနှစ်သက်သူများထဲတွင် နိုင်ငံတကာ အသိုက်အဝန်းအပြင် လက်လွန်ခြေလွန် တရားစီရင်ရေး၌  သားကောင်ဖြစ်ရသည့် ဗစ်တိုးရီးယားတို့ကဲ့သို့သော မိသားစုဝင်များလည်းပါ၏။ မူယစ်ဆေးသုံးစွဲခြင်း၊ လက်ဝယ်ကိုင် ဆောင်ခြင်းနှင့် ရောင်းချခြင်းစသော ပြစ်မှုများဖြင့်စွပ်စွဲကာ ဝါလုံးရှည်နှင့် သိမ်းကြုံး အယမ်းခံခဲ့ရသည့်သူများတွင် ဖိလစ်ပိုင်မှ ဆင်းရဲသားလူတန်းစားများ  မြေစာပင် ဖြစ်လာခဲ့သည်။

စကတည်းက အပြစ်မဲ့သူများပါ အုတ်ရောရော ကျောက်ရောရောနှင့် သေဒဏ်ပေးခံရသည့် အထဲတွင် ပါဝင်ခဲ့သူတွေရှိသည်။ ယခုအချိန်တွင် နေ့စဉ်ပြုလုပ်နေသည့် လမ်းမပေါ်မှလူသတ်ပွဲများသည် မူးယစ်သားကောင်ဖြစ်သည်ဟူသော သံသယ တစ်ခုတည်း၏ အဆုံးအဖြတ်ဖြင့် ပစ်သတ်နေခြင်းဖြစ်၍ ဆင်းရဲသားတို့ကို ကျီးလန့်စာစားဘဝသို့ ရောက် လာခဲ့စေပြီ။

၂ဝ၁၆ ခုနှစ် ဇွန်လ ၃ဝ ရက် သမ္မတဒူတာတေး ကျမ်းသစ္စာဆိုပြီး ကတည်းက ဖိလစ်ပိုင်မြို့တော် အနီးမှ ဆင်းရဲသားများသည် သံသယ သားကောင်များဘဝသို့ ပြောင်းလဲသွားခဲ့သည်။ ဗစ်တိုးရီးယား၏ စကားအရဆိုလျှင် သူတို့မိသားစုသည် မူး ယစ်ကုန်သွယ်မှုနှင့် လုံးဝပတ်သက် ခြင်းမရှိသည့်အပြင် ခင်ပွန်းသည် ကာလီတိုရာမီးရက်ဇ်သည် မကြာမီကျင်းပမည့် ဘာရန်ဂေ ရွေးကောက်ပွဲ (ခရိုင်ရွေးကောက်ပွဲ) သို့ဝင်ရန် ကြံစည်နေသူဖြစ်သည်ဟုဆိုသည်။ သို့သော်သူသည် လမ်းမထက်တွင် အ သက်ဆုံးရှုံးသွားခဲ့ပြီ။ နောင်တွင် သူ့အကြောင်းကို မသိသူများက မူးယစ်သမားဟု ထင်ကြမည်။ ထို့အတွက် တစ်ချိန်တွင် ကာလီတိုရာမီးရက်ဇ်သည် နာမည်ပျက်ဖြင့် သေဆုံးသူတစ်ဦးဟု အထင်ခံရနိုင် သေးသည်။

ထိုဖြစ်ရပ်မျိုးကို ရဲများက 'စုံစမ်းစစ်ဆေးချိန်အတွင်းသေဆုံးမှု'ဟု တံဆိပ်ကပ်ကြလေ့ရှိသည်။ သို့သော် ခံစားရသည့် မိသားစုဝင်များ ကမူ 'လက်လွန်ခြေလွန် သတ်ဖြတ် တရားစီရင်ခြင်း'ဟုသာ ပြောကြ တော့မည်။

ကာလီတိုရာမီးရက်ဇ် အသတ်ခံ ရမှုမဖြစ်မီ တစ်ပတ်အလို ဒီဇင်ဘာလ ၄ ရက်က မနီလာမြို့အနီး မြောက်ကယ်လိုကန် သုသာန်တွင် သားဖြစ်သူကို လာသင်္ဂြိုဟ်သည့် မာရီယာလာဗင်နာက 'သားတစ်ယောက် ဆုံးရှုံးလိုက်ရတဲ့ မိခင် တစ်ယောက်ထက် ပိုဆိုးရွားတဲ့ နာကျင်မှုဆိုတာ မရှိတော့ဘူး'ဟု ညည်းတွားနေခဲ့သည်။ ထိုနေ့က သားဖြစ်သူ ရိုဒယ်လာဗင်နာသည် နေ့ခင်းကြောင်တောင် လမ်းမထက်တွင် ထိုး သွင်းဒဏ်ရာဖြင့် သေဆုံးသွားခဲ့ သည်။ ယင်းအဖြစ်အပျက်ကို မည်သူကမျှ ခရေစေ့တွင်းကျသိခွင့်မရ။ ရဲများကထုံးစံအတိုင်း စုံစမ်းစစ်ဆေးချိန်အတွင်း သေဆုံးမှုဟုသာအ ကြောင်း ကြားခဲ့သည်။

ဖိလစ်ပိုင်တွင် မူးယစ်ချေမှုန်းသည့်အခါ ရဲတပ်ဖွဲ့ဝင်များသာမက ဒူတာတေး၏ စေတနာ့ဝန်ထမ်းကင်းတပ်ဖွဲ့များကလည်း ပူးပေါင်း လုပ်ဆောင်ပေးလျက်ရှိသည်။ ထိုသူတို့သည် ရဲယူနီဖောင်းမဝတ်။ အရပ်ဝတ်နှင့်မျက်နှာဖုံးတပ်ကာ မူးယစ် သားကောင်ဟု ယူဆသူများကိုထင်သလို သတ်ဖြတ်ခွင့်ရနေသည်။ ဒူတာတေးချေမှုန်းသည့် လူသတ်ပွဲကြီး၏ သုံးပုံနှစ်ပုံမှာ ယင်းစေတနာ့ ဝန်ထမ်းကင်းတပ်ဖွဲ့၏ လက်ချက်များဖြစ်၏။ လူထုမှာမည်သို့မျှတုံ့ပြန်ခွင့်မရ။ ရိုတယ်၏အသုဘတွင် 'ရိုဒယ်အတွက် တရားမျှတမှု' ဟူ သော စာတမ်းပါသည့် တီရှပ်များ ဝတ်ခြင်းဖြင့်သာ ကျေနပ်လိုက်ကြရသည်။

ဖိလစ်ပိုင်တွင် ငါးနှစ်တာ အငှားမြှုပ်နှံခွင့်ရသော အများသုံးသုသာန်များတွင် ၂ဝ၁၆ မှ ၂ဝ၁၇ ခုနှစ်အတွင်း လူငယ်ယောက်ျားလေး များ၏ အလောင်းတို့နှင့် ပြည့်နေခဲ့သည်။ အချို့ဆိုလျှင် ကမ္ပည်းတိုင် ပင်မရှိ။ သုဘရာဇာတစ်ဦးက သမ္မ တဒူတာတေးတက်လာပြီးနောက်ပိုင်း နေ့စဉ်လူသတ်ခံရသည့် အလောင်းများ ရောက်လေ့ရှိသည်ဟု ဆိုသည်။ လမ်းမထက်တွင် ပစ်သတ်ခြင်း၊ စစ်ဆေးရန် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အသတ်ခံရခြင်း၌သာ အဆုံးသတ်သွားတတ်သည်မှာ ထုံးစံလိုဖြစ်လာခဲ့သည်။

မူးယစ်အတွက် တစ်ခါတည်း တန်းပြီးသတ်လိုက်မည့်အစား ထောင်ချခြင်း၊ ဆေးဖြတ်ပေးခြင်း၊ ပြန်လည် ထူထောင်ပေးခြင်းများ ပြုလုပ်ရန် မျှော်လင့်လာကြသည်။ မူးယစ်အတွက် လက်ရှိ ကျင့်သုံးနေသည့်စနစ်မှာ ပြစ်မှုနှင့်ပြစ်ဒဏ် မမျှတတော့ပေ။ မူးယစ်မှုမှန်လျှင် အမှုငယ်လည်း သေဒဏ်၊ အမှုကြီးလည်းသေဒဏ်ဟု တစ်ယူသန်စီရင်ချက်ချထားသလို ဖြစ်လာသည်။

မနီလာမြို့အနီး ဆင်းရဲသားများ ရပ်ကွက်တွင် ဒူတာတေး၏ မူးယစ်တိုက်ပွဲ အကျိုးဆက်ကိုခံရသည့် မိဘမဲ့ကလေးများ ပေးဆပ်ရသည့် တန်ဖိုးမှာလည်း မသေးလှပေ။

မိဘရှိစဉ်ကပင်လျှင် ဆင်းရဲသဖြင့် ကျောင်းနေရန် ခက်ခဲကြသူများဖြစ်သည်။ ဖိလစ်ပိုင်တွင် အခမဲ့ပညာရေးစနစ်ကို ကျင့်သုံးနေသော်လည်း မိဘများဘက်က ကျောင်းဝတ်စုံ၊ လေ့ကျင့်ခန်းစာများမှအစ  အရာရာ ဖြည့်တင်းပေးရသည်။ ထိုသို့ မဟုတ်လျှင် စာသင်ကျောင်းထဲသို့ ဝင်ခွင့်မရပေ။

ထိုဆင်းရဲသား ကလေးငယ်တစ် ဦး၏ မိဘမှာ မူးယစ်မှုဖြင့် အသတ်ခံလိုက်ရသည့် အချိန်တွင်မူ ပြောဖွယ် မရှိတော့။

ကျောင်းမနေရသည့်အပြင် လမ်းပေါ်အိပ်လမ်းပေါ်စားဘဝသို့ ရောက်မှန်းမသိရောက်သွားတော့သည်။ ထို့အတွက် ဒူတာတေး၏ မူးယစ်ဆန့် ကျင်တိုက်ဖျက်သည့် နည်းသည် ဆင်းရဲသားများကို တိုက်ဖျက်နေသလားဟု မေးခွန်းထုတ်စရာ ဖြစ်လာတော့သည်။

ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့ ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ကင်ဘာလီမိုလစ်တက်စ်က မူးယစ်ချေမှုန်းပွဲတွင် သေဆုံးသူပေါင်း ၄ဝဝဝ ဦးမျှ ရှိသည်ဟုဆိုသည်။ NGO အဖွဲ့များကမူ အသတ်ခံရသူပေါင်း ၁၃ဝဝဝ ဟုဆိုသည်ပြန်၏။ 'သင် ဟာဆင်းရဲသားဆိုလျှင် သင်အသတ် ခံရပြီ' ဟူသော ခေါင်းစဉ်ဖြင့် နိုင်ငံတကာလွတ်ငြိမ်း ချမ်းသာခွင့်မှ ထုတ်ပြန်ချက်တွင်မူ ၂ဝ၁၆ ခုနှစ် ဇူလိုင်လ ၁ ရက်မှ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၂၁ ရက် အထိ အသတ်ခံရသူပေါင်း ၇ဝ၂၅ ဦး ဟု ဖော်ပြထား၏။

တစ်နှစ်ကျော်မျှ သေဒဏ်ဖြင့် နှိမ်နင်းခြင်းသည် နိုင်ငံတကာ မျက်စိဖြင့်ကြည့်လျှင် မည်သို့မျှနှစ်သက်ဖွယ် မဟုတ်ဆိုသည်မှာ သေချာလှသည်။ သို့သော် သမ္မတစနစ်ကို ကျင့်သုံးသည့် နိုင်ငံအတွင်း နိုင်ငံသားအများစုက နှစ်သက်လက်ခံသည့်အတွက် ယင်းသို့ လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်ကိုလည်း ငြင်းချက် ထုတ်နိုင်မည်မဟုတ်ပေ။ အကြောင်းမှာ ဒူတာတေးသည် သူသမ္မတဖြစ်လာသည့် အချိန်ရောက်မှ ကောက် ကာငင်ကာ မူးယစ်သုံးစွဲသူမှန်သမျှ သေဒဏ်စီရင်လိုက်ခြင်း မဟုတ်ပေ။

ဒူတာတေးသည် ရွေးကောက်ပွဲအတွက် စည်းရုံးလှုံ့ဆော်စဉ်က တည်းက 'ဥပဒေနဲ့ လူ့အခွင့်အရေးတွေကို မေ့ထားလိုက်ပါ။ တကယ်လို့ ကျုပ်သာသမ္မတစံအိမ်ကိုရောက်ခဲ့ရင် မြို့တော်ဝန်ဘဝက လုပ်ခဲ့တဲ့အတိုင်း ဆက်လုပ်မှာပဲ။ သင်က မူးယစ် ရောင်းဝယ်သူ၊ လုယက်သူ၊ လူ့အန္ဓဆိုရင် (ဒီနိုင်ငံက) ထွက်သွားတာပို ကောင်းတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီသူတွေကို မနီလာ ပင် လယ်အော်ထဲ ကန်ချပြီး အကုန် ငါးစားကျွေးပစ်မှာမို့လိုပဲ' ဟု အတိအလင်းကြေညာပြီးမှ သမ္မတဖြစ်လာသူ ဖြစ်သည်။

တကယ်တမ်း သမ္မတဖြစ်လာချိန်တွင် မူးယစ်မှုများကို သေဒဏ် စီရင်သည့်အခါ နိုင်ငံတကာက ဝေဖန်ပြောဆိုကြသည်။ ၂ဝဝ၇ ခုနှစ် ဒီဇင်ဘာလ ၆ ရက်ရောက်သည့်အခါတွင် ဒူတာတေးက လူ့အခွင့်အရေး အဖွဲ့အစည်းများကို 'ခင်ဗျားတို့အားလုံး လဲသေလိုက်လေ' ဟု ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့သည်။ ၂ဝဝ၇ ခုနှစ် ဒီဇင်လာလကုန်ပိုင်းက Social Weather Stations ၏ စစ်တမ်း ကောက်ယူမှုအရ ဒူတာတေးဦးဆောင်မှုကို ကြိုက်နှစ်သက်သော အရွယ်ရောက်သူ ဖိလစ်ပိုင်နိုင်ငံသား မှာ ၇၁ ရာခိုင်နှုန်းမျှ ရှိနေသည်ဟု ဆိုသည်။

ဖိလစ်ပိုင်နိုင်ငံသားများက သွေးစွန်းသည့်တိုက်ပွဲများသည် တစ်ဖက်တွင် သူတို့၏ဘဝတွင် လုံခြုံမှုများရှိလာသည်ဟု ထင်မြင်သူက ထုနဲ့ထေးရှိနေသည်။ ဒူတာတေး၏ မူးယစ်တိုက်ပွဲစတင်သည့် နောက်ပိုင်း ရာဇဝတ်မှုများ ကျဆင်းသွားသော အချက်ကို နှစ်သက်သူများကြသည်။ ထိုမျှမက အထက်တန်းလွှာများဆိုလျှင် ရဲတပ်ဖွဲ့နှင့် စေတနာဝန်ထမ်း ကင်းတပ်ဖွဲ့တို့၏ လုပ်ရပ်များသည် နှေးကွေးတုံ့ဆိုင်းလွန်းသည်ဟုပင်ထင်ကြသည်။ အကြောင်းမှာ သူတို့သည် ရာဇဝတ်သားတို့ ကျင်လည်ရာ အသိုက်အဝန်းတစ်ခုလုံး ပျောက်ကွယ်သွားစေလိုသောကြောင့်ဖြစ်သည်။

iDefend alliance မှ ပြောရေးဆိုခွင့်ရှိသူ အီးလ်ဆာကာလို့စ်က ဒူတာတေးသည် လူအခွင့်ရေးချိုးဖောက်သည့် ရာဇဝတ်မှုများအတွက် အပြစ်ရှိသော်လည်း ယင်းကျူးလွန်မှု များအပေါ် ဝန်ခံပြီးနောက် စိတ်သန့်သွားအောင် လုပ်စေသည်။ ရှေ့ဆက် တိုးနှိမ်နင်းခဲ့သည်။ ရဲတပ်ဖွဲ့ကိုလည်း ထိုအတိုင်းညွှန်ကြားခဲ့သည်' ဟုဆိုသည်။။ မည်သူတစ်ဦး တစ် ယောက်ကမျှလည်း ဒူတာတေးကိုတရားမစွဲ။ သူသည် တရားစီရင်မှုခိုင်မာစေရန် ကာကွယ်ရေးနှင့် တရားရေးစနစ်ကြားက ကြားလူအဖြစ် ရပ်တည်နေသည့်တိုင် နိုင်ငံသားများဘက်က တရားစွဲဆိုမှု အနည်းငယ်သာ ရှိခဲ့သည်။ တကယ်တမ်းတွင် လည်း ဖိလစ်ပိုင် ၁ဝဦးလျှင် ကိုးဦးက ဒူတာတေး၏ မူးယစ်တိုက်ပွဲကို ထောက်ခံနေကြသည်မှာ အမှန်ပင်ဖြစ်သည်။

ဖိလစ်ပိုင်မှ လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေတစ်ဦးဖြစ်သူ Rosemarie Trajano  ၏အဆိုအရ သူတို့တွင် အတည်မပြုနိုင်သော်လည်း မူးယစ်တိုက်ဖျက်ခြင်းနှင့် ဆုငွေအတွက် ပီဆိုသန်း ၇ဝဝ မျှ သုံးစွဲထားသည်ဟု ခန့်မှန်းထားသည်။ ဖိလစ်ပိုင်အမျိုးသား ရဲတပ်ဖွဲ့ဌာနချုပ်မှ ပြောရေးဆို ခွင့်ရှိသူ ကင်ဘာလီမိုလစ်တက်စ်ကမူ  ယင်းကိန်းကဏန်းများကို ငြင်းဆို ထားသည်။

မိုလစ်တက်စ်က ရဲတပ်ဖွဲ့တွင် အကျင့်ပျက်ခြစားသူများရှိပြီး ထိုသူတို့ကို တိတိကျကျ တိုင်းထွာစမ်းစစ်ရန်စနစ်လည်း မရှိဟုဆိုသည်။ သို့သော် ခြစားမှုနှင့်ပတ်သက်သော ရဲဝန်ထမ်းနှင့်အရာရှိပေါင်းရာနှင့်ချီကာ အလုပ်ထုတ်ခဲ့သလို နယ်မြေ ပြောင်းခြင်းများလည်း ပြလုပ်ခဲ့သည်ဟု ပြောရေးဆိုခွင့်ရှိသူ ထိုအမျိုးသမီးကဆိုသည်။ သူသည် မူးယစ် ဂိုဏ်းတိုက်ဖျက်မှုများအတွက် ငါးနှစ်မျှတာဝန်ထမ်းဆောင်ခဲ့သလို ယခုလည်း မူးယစ်ဆန့်ကျင်ရေးတပ်ဖွဲ့ သီးခြားမထူထောင်မီကတည်းက ယစ်မျိုးတိုက်ဖျက်သူအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။

စကတည်းက မူးယစ်တိုက်ဖျက်မည့် ရဲများ၏ကိုယ်ခန္ဓာတွင် ကင်မရာတပ်ဆင်ရန်၊ စီစီတီဗီများဖြင့်ထားကာ တရားမဝင်မူးယစ်ဆန့်ကျင်သည့် တပ်ဖွဲ့ဝင်များ၏ လုပ်ကိုင်ပုံများ ထင်သာမြင်သာရှိရန် စီမံခဲ့ကြ သည်။ သို့သော်လည်း ကုန်ကျစရိတ်နှင့် ဘတ်ဂျက်မှာ မလောက်မငှဖြစ်ခဲ့ရသည်ဟု မိုလစ်တက်စ်ကဆိုသည်။ ၂ဝ၁၇ ခုနှစ် ကုန်ပိုင်းတွင်မူ မနီလာ မှ ဒါဇင်နှင့် ချီသော ရဲဌာနမှ အေး ဂျင့်များတွင် ကင်မရာများ တပ်ဆင်နိုင်ခဲ့သည်။ အေးဂျင့်တိုင်း၏ လုပ်ဆောင်ချက်တိုင်းကိုလည်း အထူးကော်မတီမှ စောင့်ကြည့်ညွှန်ကြားထားသဖြင့် ယခင်ကထက်ပို၍ ပွင့်လင်းမြင်သာမှု ရှိလာပြီဟုလည်း တုံ့ပြန်ထားသည်။ ထိုမတိုင်မီက အငြင်းပွားဖွယ် ဖြစ်ရပ်များအပေါ်တွင်မူ သားကောင်ဖြစ်ရသော မိသားစုများ ကျေနပ်လောက်အောင် ရဲတပ်ဖွဲ့က ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပေ။

၂ဝ၁၆ခုနှစ် သြဂုတ်လ ၁၄ ရက် ညပိုင်းက မိမိနေအိမ်တွင် သူငယ်ချင်းများနှင့်အတူ ၃၈ နှစ်ပြည့် မွေးနေ့ပွဲကျင်းပနေသည့် ချာဝန် သည် သေနတ်ပစ်ခံရကာ သေဆုံးသွားခဲ့သည်။ ဇနီးသည် ကတ်ထရီနာပိုလိုက သေနတ်ဒဏ်ရာ ဗလပွနှင့် သေဆုံးသွားသည် ခင်ပွန်းသည် သည် အပြစ်မရှိသူဟု ဆိုသည်။

ထိုနေ့က ရဲတပ်ဖွဲ့ဝင်များက အိမ်သို့ဝင်ရောက်စစ်ဆေးရန်ရောက်လာချိန်တွင် ချာဝန်၏သူငယ်ချင်းများက 'ရဲတွေ' ဟုအော်ကာ သူတို့ကို စတင်ပစ်ခတ်ခဲ့သည်ဟု စစ်ဆင်ရေးတွင် တစ်စိတ်တစ်ပိုင်းပါဝင်ခဲ့သော အေးဂျင့်ဂျန်ရယ်ဖ်ပီနာရိုက ဖြေရှင်း ထားသည်။

သို့သော် ဇနီးသည်နာပိုလို၏ ပြောကြားချက်ကမူ ဆန့်ကျင်ဘက်ဖြစ်သည်။ သူ့ခင်ပွန်းနှင့် သူငယ်ချင်းများသည် ရဲများက အတိအကျပြောထားသော လက်နက်များ ကိုယ်စီကိုင်ကာ၊ စနစ်တကျ ဖွဲ့စည်းထားသော ဂိုဏ်းတစ်ခုကဲ့သို့ ပြုမူခဲ့လျှင် ကျည်ဆန်ရာများသည် အဘက်ဘက်တွင် ပျံ့ပြီးပေါ်လာရမည်ဟု ပြန်ချေပသည်။ အခင်းဖြစ်စဉ်က နာပိုလိုသည် ကလေးသုံးယောက်နှင့်အတူ အိမ်အောက်ထပ်သို့ ပြေးဆင်းလာချိန်တွင်၌ပင် ရဲတပ်ဖွဲ့မှ အပစ်မ ရပ်သည့်အတွက် ကလေးများ မထိအောင် အော်ဟစ်ကာ တားခဲ့ရသည်ဟု ပြောထားပြန်သည်။

နာပိုလိုကို ပစ်ခတ်ခဲ့သည့် ဘေတက်ဆန်ရဲဌာန ၆ သည် နိုင်ငံအနှံ့ အပြားရှိ မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းများတွင် လူသေစေမှု အများဆုံးရဲစခန်းဖြစ်သည်။ ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ ဒူတာတေးတက်ပြီး ပထမနှစ်အတွင်း ထိုစခန်းမှ ရဲတပ်ဖွဲ့ဝင်များ လက်ချက်ဖြင့် အသတ်ခံရသူပေါင်းမှာ ၁ဝ၈ ဦး အထိရှိသည်ဟု သိရသည်။

ကက်ထရီနာပိုလို၏ ခင်ပွန်းသည် တစ်ချိန်ကမူးယစ်ဆေး ဖြန့် ချိမှုနှင့်မကင်းခဲ့သော်လည်း အခင်းဖြစ်သည့်ညတွင် မည်သည့် မူးယစ်ဆေးမှ လက်ဝယ်မရှိသလို သေနတ် ဆိုလျှင်လည်း ကလေးကစားစရာ သေနတ်ပင်မရှိဟုပြောခဲ့သည်။ လွန်ခဲ့သောနှစ် ဧပြီလက စုံစမ်းစစ် ဆေးမှုများ ပြုလုပ်ပြီးနောက်ပိုင်းတွင် ရဲများသည် လူတစ်ဦးစီ၏ ကိုယ်ပိုင် အခွင့်အရေးကို ကာကွယ်ရန် ပျက် ကွက်ခြင်း၊ လူ့အခွင့်အရေး ချိုး ဖောက်ခြင်းဟူသော ပစ်ချက်များဖြင့် ကက်ထရီနာပိုလိုနှင့် ပစ်ခတ်မှုတွင် သားကောင်ဖြစ်ရသည့် အခြားမိသား စုများကို လျော်ကြေးငွေ ပီဆိုတစ် သောင်းစီ ပေးခဲ့သည်။ သို့သော် မည့် သည့်ရဲတပ်ဖွဲ့ဝင်မှ ပြစ်ဒဏ်စီရင် ခံရခြင်း မရှိခဲ့ပေ။ အလားတူ ဖြစ် ရပ်အချို့တွင်မူ ရဲတပ်ဖွဲ့ဝင်များကိုပါ အပြစ်ပေးသည့် အမှုအခင်း အချို့ လည်း ရှိခဲ့ဖူးသည်။ ထို့အတွက် ရဲများအတွက် မည်သည့် ပြစ်ဒဏ်မှမရှိဟု ဆိုရန်လည်းမသင့်ပေ။

သားကောင်ဖြစ်ရသည့် မိသားစုဝင်များတွင် ဘူးလေးရာဖရုံဆင့်ဆိုသလို လူလည်းသေ ငွေလည်းကုန်သည့် အဖြစ်မျိုးများလည်း ရှိနေတတ်သည်။ မူးယစ်သံသယမှုနှင့် ဖမ်းဆီးသွားသူ၊ ပစ်သတ်ခံရသူများအနက်  အချို့သည် အကြောင်းကြားစာ ရောက်လာမှ ကျန်ရစ်သူမိသားစုနှင့် ဆွေမျိုးများကသိရသည့် အဖြစ်များလည်းရှိသည်။ ထိုအချိန်မျိုးတွင် ရဲတပ်ဖွဲ့က အလောင်းကို ကျန်ရစ်သူ များထံ တိုက်ရိုက်လွှဲပေးသည်မဟုတ်။ လေး၊ ငါး၊ ခြောက်နာရီကြာမှ ရေခဲတိုက်တစ်ခုခုတွင် သွားထုတ်ယူရန် အကြောင်းကြားလေ့ရှိသည်။  များသောအားဖြင့် ရဲများက အလောင်းကို ပို့လိုက်သော ရေခဲတိုက်သည် မြို့အတွင်းက ဈေးအကြီးဆုံး ရေခဲတိုက် မျိုးဖြစ်လျှင်  ဒုက္ခပိုတော့သည်။

ထိုအဖြစ်မျိုးနှင့် ကြုံရသော ပိုလိုနှင့်ဘော့ဒက်စ်တို့ အမျိုးသမီးနှစ်ဦးသည် မိမိခင်ပွန်းအလောင်းကို ရေခဲတိုက်ထဲမှ ပြန်ထုတ်ယူရန် ပီဆို ၅ဝဝဝဝ ကို အပူတပြင်းရှာခဲ့ရသည်။ ရဲတပ်ဖွဲ့မှ ငွေအနည်းအ ကျဉ်းပေးသော်လည်း အမှန်တကယ် ပေးရမည့် ငွေထက်သုံးပုံ သို့မဟုတ် လေးပုံတစ်ပုံမျှသာ ဖြစ်နေတတ်သည်။ အချို့သော ရဲတပ်ဖွဲ့နှင့်ကင်းတပ်ဖွဲ့ဝင်များကမူ မိမိတို့ရသောဆုကြေးကို ကျန်ရစ်သူ မိသားစုအတွက် အကူငွေအဖြစ် ပြန်ပေးကြသည်လည်းရှိသည်။ ဖိလစ်ပိုင်တွင် သမ္မဒူ တာတေး၏လုပ်ရပ်အပေါ် ထောက်ခံသူများသော်လည်း မူးယစ်တိုက်ဖျက်မှုတွင် ရဲများ၏ဖြေရှင်းချက်များကိုမူ နိုင်ငံသားတစ်ဝက်လောက်က အယုံအကြည်မရှိဟု  စစ်တမ်းများက ဆိုသည်။

ဒူတာတေး၏ မူးယစ်တိုက်ပွဲတွင် အသတ်ခံရသူ အများစုထဲတွင် မိသားစုကို ရှာကျွေးနေသူကများသည်။ ထို့အတွက် အမျိုးသမီးများမှာ မိသားစု စားဝတ်နေရေးအတွက် ရုတ်တရက်တာဝန်ပြောင်း ယူလိုက်ရသလို ဖြစ်နေသည်။ NGO Rise Up မှ ဥက္ကဌနော်မာဒိုလဂါက ဒူတာတေးသည် မူးယစ်မဟုတ်ဘဲ ဆင်းရဲသားများ တိုက်ဖျက်ခြင်း၌ ငွေကုန်ခံ နေသူ ဖြစ်သည်ဟု ဝေဖန်ထားသည်။ ဒိုလာဂါသည် ၂ဝ၁၆ ခုနှစ် အောက်တိုဘာလတွင် မူးယစ်နှိမ်နင်းမှုမှ သားကောင်ဖြစ်ရသူများအနေဖြင့် ရဲတပ်ဖွဲ့ဝင်များ အပြစ်ပေးမခံရခြင်းအပေါ် ဖိအားပေးရန်  ကက်သလစ်ဘုရားကျောင်း ရန်ပုံငွေများ မတည် ထည့်ဝင်ပေးခဲ့သူ ဖြစ်သည်။

ဖိလစ်ပိုင်အမျိုးသားရဲ တပ်ဖွဲ့ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ကင်ဘာလီမိုလစ်တက်စ်ကလည်း အစိုးရသည် ကျန်ရစ်သူမိသားစုနှင့် နောက်မျိုးဆက်၏ ပြန်လည်ထူ ထောင်ရေးအတွက် အစီအစဉ်များ စတင်ဆောင်ရွက်နေပါပြီဟုဆိုခဲ့ သည်။ သူက စာနယ်ဇင်းသမားများသည် လူများအသတ်ခံရသည့်အပေါ်၌သာ အာရုံစိုက်နေကြသည်။ လူပေါင်း ၁ ဒသမ ၃ သန်းက သူတို့၏သဘောဆန္ဒအလျောက် ပြန်လည်ထူထောင်ရေး အစီအစဉ်များတွင် လာရောက်ပူးပေါင်းသည်ကိုမူ ထည့်မရေးကြဟုတုံ့ပြန်သည်။ ခိုးမှုများနှင့် မုဒိန်းမှုများသည် မူးယစ်ဆေးဝါနှင့် အများဆုံးဆက်နွယ်နေတတ်သည်။ ထိုပြစ်မှုများသည် မူးယစ်ဆန့်ကျင်မှု အစီအစဉ် စတင်သည့် ပထမ နှစ်အတွင်း၌ပင် ၃၉ ရာခိုင်နှုန်းမျှ လျော့ကျသွားသည်ဟု မိုလစ်တက်စ်က ထောက်ပြထားသည်။

လူ့အခွင့်အရေး ရှေ့နေ Rosemarie Trajano ကမူ အစိုးရသည် ပြန်လည်ထူထောင်ရေး အဆောက်အအုံတွင် ခုတင်တစ်ထောင်ချထားသော်လည်း ခုတင် ၆ဝဝ ကိုသာ အသုံးပြုသည်။ ကျန်အိပ်ရာနှင့်နေရာများမှာ စစ်တန်းလျားအဖြစ် အသုံး ပြုနေသည်ဟုဆိုသည်။

လူ့အခွင့်အရေးသမားတို့ တွေးပူနေကြသည့်အချက်ထဲတွင် ဒူတာတေး၏ နောက်ခြေလှမ်း တစ်ဆင့်တိုးလာမည့် အရေးလည်း ပါဝင်သည်။ လက်ရှိအချိန်တွင် ဒူတာတေးသည် လွှတ်တော်နှစ်ရပ်လုံးတွင် အဓိကဦးဆောင်ထားနိုင်ပြီး အခြေခံဥပဒေကို ပြင်ဆင်လာနိုင်သည်။ သူသည် သေဒဏ်ပေးခြင်းကို ပြန်လည်အသက်သွင်းမည်ကို လူ့အခွင့်အရေး သမားများက စိုးရိမ်လျက်ရှိနေတော့ သည်။

 

ကျော်စည်သူ(သုနန္ဒခေတ်)

Ref: How Philippibes war on drugs has become a war on the poor BY ZIGOR ALDAMA20 JAN 2018.

ကျော်စည်သူ (သုနန္ဒခေတ်)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.