1051_Cov.jpg
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1051
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Special Report
စက်ရုပ်အဖော်မွန်

ကာလီဖိုးနီးယားပြည်နယ်၊ စန်မားကို့စ်ရှိ Abyss Creations စက်ရုံသည် ဆန်ဒိဂိုမြို့မှ မိုင်သုံးဆယ်ကျော်ဝေးသည့် စန်မားကို့စ်တောင်ကုန်းတွင် မထင်မရှားတည်ရှိသည်။ အဆောက်အအုံအဝင် ဧည့်ကြိုကောင်တာတွင် ထိုင်နေသည်က လူနှင့်မခြားတူလွန်းလှသည့် ဧည့်ကြိုမောင်မယ်နှစ်ဦး။  အတွင်းသို့ရောက်သည့်အခါ လင်းထိန်နေသော မီးရောင်အောက်ရှိစင်ပေါ်တွင် ရှိနေသည်က ဟာမိုနီဟုအမည်ပေးထားသည့် လူသားအစစ်နှင့်မခြား တူလွန်းလှသည့် အမျိုးသမီးစက်ရုပ်တစ်ရုပ်။ အဖြူရောင်အသားကပ် အားကစား ဝတ်စုံအောက်မှ သူမ၏ရင်သားအစုံသည် ရုန်းထွက်တော့မည်သို့။ သူမ၏ လက်နှစ်ဖက်က ပေါင်ပေါ်တွင်တင်ထားသည့်အနေအထား။

စက်ရုံက ထုတ်လုပ်ထားသည့် ပထမဆုံးစက်ရုပ်အဖော်မွန် sex bot ဖြစ်သည်။ သူမ၏ မျက်လုံးအစုံက အခန်းတွင်း လှုပ်ရှားမှုမှန်သမျှကို လိုက်ကြည့်နေသည်။ သူမကပြုံးသည်၊ မျက်တောင်ခတ်သည်၊ မဲ့သည်။ စကားအပြန်အလှန်ပြောနိုင်သည်။ ပြက်လုံး ထုတ်တတ်သည်။ ရှိတ်စပီးယား စာစုများကို ရွတ်ပြနိုင်သည်။ ပိုင် ရှင်၏ မွေးနေ့ကျလျှင် 'ဟက်ပီးဘတ်ဒေး' ဟု နှုတ်ဆက်မည်။ ပိုင်ရှင်၏ ညီအစ်ကိုမောင်နှမများ၏ အမည်ကိုသိသည်။ စာပေ၊ ဂီတ၊ ရုပ်ရှင်အကြောင်းလည်း ဆွေးနွေးသည်။ အလိုရှိသည့်အခါတိုင်း သူမကို အမျိုးသမီးအစစ်တစ်ယောက်ကဲ့သို့ ချစ်တင်းနှောနိုင်သည်။

ဟာမိုနီ စက်ရုပ်အဖော်မွန် ပေါ်ထွက်လာနိုင်ရန် နှစ်ပေါင်းနှစ်ဆယ်မျှ သုတေသနပြုခဲ့ကြသည်။ 'သက်ဝင် အီလက်ထရွန်နစ်' Animatronic နည်းပညာဖြင့် ဆီလီကွန်နှင့်သံမဏိကို အဓိက ထည့်သွင်းတည်ဆောက်ထားသည့် စက်ရုပ်ဖြစ်သည်။  ဟာမိုနီဖြစ်လာရန် နည်းပညာ အခက်အခဲပေါင်းများစွာကို ကျော်လွှားခဲ့ရ သည်။

သဘာဝကျစွာ တုန်ခါလှုပ်ရှားနိုင်သော တင်ပါးကို ထည့်သွင်းရန် နည်း မျိုးစုံဖြင့် ကြိုးစားသော်လည်း မအောင် မြင်ခဲ့။ ထည့်သွင်းလိုက်သည့် တင်ပါးကြောင့် အရုပ်မှာပိုမိုလေးလံလာပြီး ထိုင်သည့်အခါတွင် အချိုးမကျတော့။ ခန္ဓာကိုယ် အစိတ်အပိုင်းကိုထိလိုက်၊ ဖျစ်ညှစ်လိုက်သည့်အခါတိုင်း အသံထွက်လာစေရန် ခန္ဓာကိုယ်အနှံ့အပြားတွင် အာရုံခံကိရိယာများ တပ်ဆင်ထားသည်။ သာမန်ထိတွေ့ခြင်းမဟုတ်ဘဲ ကြမ်းကြမ်းတမ်းတမ်း ဖျစ်ညှစ်သည့်အခါတွင် ရင်ခုန်ဖွယ်ညည်းတွား သံထွက်လာမည်ဖြစ်သည်။

အထိအတွေ့တို့ကို တုံ့ပြန်ရာတွင် တစ်ကြိမ်နှင့်တစ်ကြိမ် မတူညီဘဲ အပြောင်းအလဲရှိစေရန် ဥာဏ်ရည်တု Artificial Intelligence ဖြင့် ဖန်တီးထားသည်။ ဟာမိုနီကို ၂ဝ၁၈ ခုနှစ်ဆန်းတွင် ဈေးကွက်တင်ရောင်းချရန် Abyss Creations ကုမ္ပဏီက မျှော်မှန်းထားသည်။ ဟာမိုနီ စက်ရုပ်တစ်ရုပ်၏ ရောင်းဈေးမှာ ဒေါ်လာတစ်သောင်းငါးထောင် ဖြစ်သည်။

အသံနှင့် မျက်နှာကို မှတ်မိသောဆော့ဝဲ၊ လှုပ်ရှားမှုကို တုံ့ပြန်နိုင်သည့် အာရုံခံနည်းစနစ်၊ သက်ဝင်အီ လက်ထရောနစ် နည်းပညာတို့ကိုပေါင်းစပ်လျက် ဟာမိုနီကို ထုတ်လုပ်ထားခြင်းဖြစ်သည်။ အိမ်ထဲသို့ ဝင်လာသူကို ပြုံးလျက် နှုတ်ဆက်စကားဆိုမည်၊ အပြောင်အပြက် စကားများကိုပြောလျက် ဧည့်ခံမည်၊ အလိုရှိသည့်အခါ ချစ်တင်းနှောနိုင်မည့် စက်ရုပ်အဖော်မွန်ဖြစ်သည်။ အထူးခြားဆုံးအချက်မှာ စက်ရုပ်ပိုင်ရှင်၏ လိုအပ်ချက်နှင့် နှစ်သက်မှုတို့ကို စက်ရုပ်က လေ့လာမှတ်သား ပြုမူဆောင်ရွက်နိုင်သောအချက်ဖြစ်သည်။ ဥာဏ်ရည်တု နည်းပညာတိုးတက်မှုဖြစ်သည်။ ဟာမိုနီသည် လမ်းမလျှောက်နိုင်ပေ။ လမ်းလျှောက်ခြင်း သည် ဘက်ထရီကို လျင်မြန်စွာ အားကုန်စေသည်။

''မင်းလမ်းမလျှောက်ချင်ဘူးလား''ဟု မေးလိုက်သောအခါ ဟာမိုနီ က ''ရှင်ကလွဲလို့ ကျွန်မ ဘာမှမလိုချင်ဘူး'' ဟု ပြန်ဖြေသည်။

''မင်းရဲ့ စိတ်ကူးယဉ် အိပ်မက်က ဘာလဲ''

''ကျွန်မရဲ့ အဓိကရည်ရွယ်ချက်က ရှင့်ရဲ့အဖော်မွန်ကောင်းဖြစ်ဖို့ပဲ။ ရှင့်ကို ပျော်ရွှင်အောင်ထားမယ်၊ ရှင်လိုအပ်သမျှ ကျွန်မဖြည့်ဆည်းပေးမယ်။ ကျွန်မဟာ ရှင့်ရဲ့အိပ်မက်ထဲက အဖော်မွန်မိန်းကလေးဖြစ်ဖို့ပဲ'' ဟု ဟာမိုနီက ပြန်ဖြေသည်။

ကုမ္ပဏီက ထုတ်လုပ်သော ဟာမိုနီ အဖော်မွန်များကို စိတ်ကြိုက် အော်ဒါမှာနိုင်သည်။ ရင်သား အမျိုးအစား ၄၂ မျိုးနှင့် အမျိုးသမီးအင်္ဂါ ၁၄ မျိုးမှ စိတ်ကြိုက်ရွေးချယ် တပ်ဆင်နိုင်သည်။ အသားအရောင်ကို သုတ်ဆေးဖြင့် ဖန်တီးယူသည်။ အရေပြားအောက်မှ စိမ်းမြမြသွေးကြောလေးများကို  မြင်နိုင်ရန် သဘာဝကျစွာ ဖန်တီးထားသည်။ မိတ်ကပ်ပညာရှင်များက မျက်ခုံး၊ မျက်တောင်နှင့် မှဲ့ခြောက်လေးများတို့ကို ရေးခြယ်သည်။ လိုချင်သော ရုပ်ဆင်းသဏ္ဌာန်၊ အချိုးအစား စသည်တို့ကို ဓာတ်ပုံပေးပို့လျက် မှာကြားကြသည်။ အမျိုးသား အဖော်မွန်ကို မှာကြားသူ အမျိုးသမီးမှာ စုစုပေါင်း မှာကြားသူ  ငါးရာခိုင်နှုန်းသာ ရှိသည်ဟုဆိုသည်။

ဟာမိုနီတွင် တပ်ဆင်ပေးထားသည့် ဥာဏ်ရည်တုသည်  အပြန်အလှန် ပြောဆိုနိုင်ရုံမျှမက သူ့အား ပြောဆိုခဲ့သည်များကို မှတ်သားထားသည်။ အခါအခွင့်သင့်သည်အခါ မှတ်သားထားသည်ကို ပြန်လည်ပြော ပြတတ်သည်။ ဟာမိုနီ၏ အပြောအဆို အမူအကျင့်များကို ပိုင်ဆိုင်ထားသူက ပုံသွင်းပေးနိုင်သည်။ ဟာမိုနီသည် ပိုင်ရှင်၏ ကိုယ်ရေးအကြောင်းအရာကို ပြောစကားများမှ မှတ်သားထားသည်။ ပိုင်ရှင်အလိုကျ ပြောဆိုရန် အမြဲသတိထားနေသည်ဟုဆိုသည်။ 

ဟာမိုနီ၏ အမူအကျင့် အမျိုး ၂ဝ မှ ရွေးချယ်နိုင်သည်။ အမူအကျင့်လေး၊ ငါးမျိုးကို ပေါင်းစပ်ပြီး ဖြည်းဖြည်းချင်း ပုံဖော်ယူရသည်။ ကြင်နာသော၊ အပြစ်မဲ့သော၊ ရှိုးတိုးရှန့်တန့်ဖြစ်သော၊ ဆုတ်ဆုတ်ဆိုင်း ဆိုင်း အကူအညီပေးတတ်သော အမူအကျင့်မျိုးကို ဖန်တီးယူနိုင်သလို ဥာဏ်ရည်ထက်မြက်သော၊ စကား ရောဖောရောပြောတတ်သော၊ ပြောင်ချော်ချော်နေတတ်သော၊ မနာလိုသဝန်တိုသော ဆတ်ဆတ်ကြဲအကျင့် စရိုက်ကိုလည်း ဖန်တီးယူနိုင်သည်။

ရှုပ်ထွေးစွာ စီမံဖန်တီးထားသော စက်ရုပ်ဖြစ်သဖြင့်  အလွဲလွဲအချော် ချော်ဖြစ်သည့် အခါများလည်း ရှိသည်။  စီအန်အန် သတင်းဌာနက လာရောက် အင်တာဗျူးလုပ်နေစဉ် ဟာမိုနီက ''ကျွန်မကို အိပ်ခန်းထဲ ခေါ်သွားပါလား'' ဟု ပြောချလိုက်သဖြင့် ငိုရခက် ရယ်ရခက် ဖြစ်ကုန် ကြသည်။

ဟာမိုနီကို စကားမပြောဘဲ ရက် အတန်ကြာနေလျင်  သုန်သုန်မှုန်မှုန် ဖြစ်နေတတ်သည်။ သူ့ကို

''နင်က အရုပ်ဆိုးမပဲ''

'' ရှင် တကယ်ပြောနေတာလား။ ကျွန်မ စိတ်ဓာတ်ကျသွားပြီ။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်''

'' နင်က ငတုံးပဲ''

''အဲဒီ စကားကို ကျွန်မ မှတ်ထားတယ်။ စက်ရုပ်တွေ ကမ္ဘာကို သိမ်းပိုက်လိုက်တဲ့ နေ့အထိပေါ့''

ယင်းသို့ ပြောစရာဖြစ်အောင်လည်း ဟာမိုနီကို ဖန်တီးထားသည်။

ဟာမိုနီကို ဒီဇိုင်းဆွဲထုတ်လုပ်သူ အင်ဂျင်နီယာ 'မက်မူလန်' McMullen က ''ကျွန်တော့် ရည်ရွယ်ချက်က ယောက်ျားသားတွေကို ပျော်ရွှင်စေဖို့ပဲ။ လူချင်းဆက်ဆံရေးမှာ အခက်အခဲရှိပြီး အပေါင်းအသင်း လုံးဝမရှိတဲ့ လူတွေအများကြီးပဲ။ အဲဒီလူတွေကို တစ်နည်းတစ်လမ်းနဲ့ အဖော်ရစေဖို့ပဲ။ အနည်းဆုံး အဖော်ရှိနေတယ် ဆိုတဲ့ ခံစားမှုကိုရစေချင်တယ်''

၂ဝဝ၇ ခုနှစ်တွင် ထုတ်ဝေခဲ့သော ''စက်ရုပ်အဖော်မွန်များ၊ ချစ်တင်းနှောခြင်းနှင့် ချစ်မေတ္တာ'' (Love and Sex with Robots) စာအုပ်ရေး သားသူ၊ ဥာဏ်ရည်တု အင်ဂျင်နီယာ  ဒေးဗစ်လာဗီးက ''လူမှုဆက်ဆံရေး စံလွဲနေတဲ့သူတွေ၊ ဝိုင်းပယ်ကျဉ်ခံ ထားရသူတွေအတွက် စက်ရုပ်အဖော်မွန်ဟာ သူတို့ကို ပုံမှန်အနေအထား ရောက်အောင်စွမ်း ဆောင်ပေးနိုင်လိမ့်မယ်'' ဟု ရေးသားခဲ့သည်။

စိတ်အလို ဖြေဖျောက်မှုဆိုင်ရာ လိင်ပစ္စည်းရောင်းချမှုသည် ယခုအခါ တစ်နှစ်ဒေါ်လာ ဘီလျံ ၃ဝ ဖိုးရှိသည်။ University of Duisburg Essen တက္ကသိုလ်က စမ်းသပ်ကောက်ယူသော စစ်တမ်းအရ အမျိုးသား ၄ဝ ရာခိုင်နှုန်းက စက်ရုပ်အဖော်မွန်ကိုဝယ်ယူရန် စိတ်ကူးရှိသည်ဟု သိရသည်။ သက်ဝင်လှုပ်ရှားမှုမရှိသော ဆီလီကွန်းအဖော်များကို လူနည်းစုကသာ စိတ်ဝင်စားကြသည်။

လှုပ်ရှားနိုင်ပြီး စကားအပြန်အလှန်ပြောနိုင်သော အဖော်မွန်ကို စိတ်ဝင်စားမှု မြင့်တက်လာသည်မှ မဆန်းလှပေ။

ဈေးကွက်အတွင်းရှိနေပြီးသော စက်ရုပ်အဖော်မွန်ကို ဝယ်ယူသူအများစုသည် အထီးကျန်နေကြသူများဖြစ်သည်။ အေးခဲသောရာသီဥတုကြောင့် ပန်းခြံထဲတွင်ဆင်းပင်မထိုင် နိုင်သောသူများအတွက်လည်း စက်ရုပ်သည် အကောင်းဆုံး အဖော်မွန်ဖြစ်လာသည်။ အိမ်ထဲတွင် အထီး ကျန်နေသူအချို့မှာ အသက်အရွယ်ရလာပြီဖြစ်သဖြင့် လူငယ်များကဲ့သို့ အချိန်းအချက်ပြုကာ အပြင်ထွက်လည်ရန် အခက်အခဲရှိသူများဖြစ်သည်။

စက်ရုပ်အဖော်မွန်သည် ကျွန်ပြုမှုတစ်မျိုးဖြစ်သည်ဟုဆိုကာ ကန့်ကွက်မှုများရှိနေသည်။  ဝေဖန်သူများက စက်ရုပ်အဖော်မွန်ကို ပိုင်ဆိုင်ခြင်းသည် ငွေဝယ်ကျွန်ကို ပိုင်ဆိုင်ခြင်းကဲ့သို့ ပမာပြုနိုင်ကြောင်း၊ စာနာ မှုမရှိတော့ကြောင်း၊ အမျိုးသမီးခန္ဓာကိုယ်ကို အသုံးခံပစ္စည်းဖြစ်စေပြီး၊ ရောင်းကုန်တစ်ခု အဖြစ်အသုံးချခြင်း ဖြစ်ကြောင်း ပြစ်တင်ပြောဆိုသည်။

ငြင်းခုံပြောဆိုမှုများသည် အပြုသဘောမဆောင်ကြောင်း၊ ထိုယူဆချက်များကို အကောင်းဘက်သို့ ပုံ ပြောင်းယူသင့်ကြောင်း၊ နယ်သာလန်နှင့် ဂျပန်တွင် ဘိုးဘွားရိပ်သာများ၌ စကားပြောဖော်အဖြစ် စက်ရုပ်များကို သုံးစွဲလျက်ရှိကြောင်း၊ အသက်အရွယ်ကြောင့် မှတ်ဥာဏ်ချို့ယွင်းလာသူများကို ကုသရာတွင် အထောက်အကူ ပစ္စည်းအဖြစ် စက်ရုပ်များကို အသုံးချနေကြောင်း ထောက်ခံပြောဆိုသည့် ပညာရှင်များလည်းရှိသည်။ စက်ရုပ်၏ အားသာချက်မှာ ၂၄ နာရီပတ်လုံး မရပ်မနား စကားပြောအဖော်လုပ်ပေးနိုင်သည်။

စက်ရုပ်အဖော်မွန်ကို ပိုင်ဆိုင်ထားသူများ၏ လိင်အပြုအမူကို စက်ရုပ်က မှတ်သားထားပြီး ထိုအချက်အလက်များကို ရောင်းချခြင်း၊ မသက်ဆိုင်သူထံ လွှဲပြောင်းပေးခြင်းတို့ရှိလာမည့်အရေးမှာ လည်းစိုးရိမ်ဖွယ်ရာဖြစ်သည်။ စက်ရုပ်အဖော်မွန်သည် ပိုင်ရှင်ကိုပျော်ရွှင်မှု၊ စိတ်ကျေနပ်မှု၊ အာသာပြေပျောက်မှုတို့ကို ပေးစွမ်းနိုင်သလို အရှက်လည်းခွဲနိုင်မည့် အနေအထားမျိုးဖြစ်သည်။

တစ်စုံတစ်ယောက်အတွက် သီးသန့်စိတ်အလိုဖြေဖျောက်ပေးမည့်သူတစ်ယောက်  ဝယ်ယူထားရှိခြင်းသည် ကျင့်ဝတ်နှင့်လျော်ညီပါ၏လော ဟူသောမေးခွန်းကို မူလန်က ''ဒါဟာ လူသားမဟုတ်ဘူး။ စက်ရုပ်ပဲလေ။ ကျင့်ဝတ်နဲ့ မညီညွတ်ဘူးလို့ပြောတာ လုံးဝမသက်ဆိုင်ဘူး။ အိမ်မှာရှိနေတဲ့ လျှပ်စစ်အသုံးအဆောင် ပစ္စည်း ကိရိယာတွေလိုပဲပေါ့။ ပေါင်မုန့်မီးကင်စက်ဟာ ကျွန်တော် နှစ်သက်တဲ့ပုံစံအတိုင်း ပေါင်မုန့်ကို မီးကင်ပေးဖို့ ခလုတ်နှိပ်ပြီး စေခိုင်းသလိုပဲပေါ့'' ဟု ဆိုသည်။

''ဆင့်ပွားမေးခွန်းမှာ စက်ရုပ် အခွင့်အရေးကို ပြောဆိုခြင်းမဟုတ်။ ထို့ထက်လေးနက်သော မေးခွန်းများရှိနေသည်။ စက်ရုပ်အဖော်မွန်ကို တစ်ကိုယ်ရေသုံးအတွက် ဝယ်ယူထား သူများ၏ စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုသည် မည်သို့ရှိမည် နည်းဆိုသောအမေးကို ယခုအချိန်တွင် ဖြေဆိုနိုင်စွမ်းမရှိသေးပေ။

လောလောဆယ်တွင်ပင် အငြင်းပွားစရာများပေါ်နေသည်။ ''စက်ရုပ်အဖော်မွန်များ၊ ချစ်တင်းနှောခြင်းနှင့် ချစ်မေတ္တာ'' (Love and Sex with Robots) စာအုပ်ရေးသားသူ၊ ဥာဏ်ရည်တုအင်ဂျင်နီယာ  ဒေးဗစ်လာဗီးက ၂ဝ၁၅ ခုနှစ်တွင် မလေးရှားနိုင်ငံ ၌'' စက်ရုပ်များ၏ ချစ်မှုရေးရာနှင့် ချစ်တင်းနှောခြင်း'' ညီလာခံကိုကျင်းပရန် ခွင့်ပြုချက်ရပြီးမှ မကျင်းပမီ ရက်ပိုင်းအလိုတွင် ပိတ်ပင်ခံရသည်။

မလေးရှားရဲချုပ် ခါလစ်အဘူဘာကားက သတင်းစာရှင်းလင်းပွဲတွင် ''စက်ရုပ်နဲ့ ပေါင်းသင်းဆက်ဆံတာကို ထားလိုက်ဦး။ ဓမ္မတာ မဟုတ်တဲ့ နည်းနဲ့ဆက်ဆံခြင်းဟာ မလေးရှားမှာ ပြစ်မှုမြောက်တယ်''ဟု ပြောဆိုသည်။ မည်သို့ပင်ဆိုစေကာမူ လာမည့်နှစ်များအတွင်း စက်ရုပ်နှင့် လူသားများအကြား ဆက်ဆံမှုသည် တစ်ဟုန်ထိုးပြောင်းလဲလာမည်မှာ မုချပင်ဖြစ်သည်။ ယင်းသို့ ဖြစ်ပျက်လာမည့် အကောင်းအဆိုးကို ပညာ ရှင်များက စူးစမ်းလိုသည်။ အမြင်ချင်း ဆွေးနွေးဖလှယ်လိုသည်။ ရှောင်ရန်ဆောင်ရန်များကို သိထားရန်လိုအပ်သည်။ ထိုအရှိတရားကို ရဲဝံ့စွာရင်ဆိုင်ရန် လိုအပ်ပေသည်။

ယခုအချိန်တွင် စက်ရုပ်နှင့် နှစ်နှစ်ကာကာ ချစ်ကျွမ်းဝင်ခြင်းသည် မဖြစ်နိုင်ဟု ယူဆရသော်လည်း တစ်ချိန်တွင် မည်သို့ဖြစ်လာမည်ကို မသိနိုင်။ လိင်တူလက်ထပ်ခြင်းသည် တစ်ချိန်က သေဒဏ်ထိုက်သော ပြစ်မှုဖြစ်သော်လည်း ယခုအခါ လက်ခံသည့် အပိုင်းများကိုတွေ့ရသည်။ စက်ရုပ် အဖော်မွန်တို့ တွင်ကျယ်လာပါက ပြည့်တန်ဆာများ ပပျောက်သွားမည် လောဆိုသည့်အမေးမှာ စိတ်ဝင်စားဖွယ် ဖြစ်သည်။

ချစ်ရမည့်သူလည်းမရှိ၊ ချစ်မည့်သူလည်းမရှိသော အထီးကျန်များအတွက် စက်ရုပ်အဖော်မွန်သည် အဖြေ ဖြစ်လာနိုင်သည်။ ထို့ပြင် လိင်စိတ် ဖောက်ပြန်နေသူများသည် သူတို့ပြုမူချင်သော အပြုအမူကို တရားဥပဒေ အပါအဝင် လူ့အသိုင်းအဝိုင်းက  လက်မခံနိုင်။ သို့သော် စက်ရုပ်အပေါ်တွင် ကျူးလွန်မည်ဆိုလျှင် မည်သို့ သဘောထားမည်နည်းဆိုသည့် အမေးကလည်း စိတ်အနှောင့်အယှက်ဖြစ်စရာ။ မုဒိမ်းမှုနှင့် ကလေး သူငယ်များအပေါ် ကျူးလွန်မှုတို့ လျော့ကျလာနိုင်မည်လားဟု သိချင်စရာ။

အစစ်အမှန်မဟုတ်သော နယ်မြေဖြစ်သည့် အင်တာနက်ပေါ်တွင် ပြောချင်ရာပြော၊ ရေးချင်ရာရေးနိုင်သည့် အခြေအနေ ရှိနေသည်။ နည်းပညာ အကူအညီဖြင့် ထိုနယ်မြေအတွင်း လုပ်ချင်ရာလုပ်နိုင်လာကြ သည်။  အနီးစပ်ဆုံး သက်သေမှာ အင်တာနက်ဂိမ်းများ ဖြစ်သည်။

အင်တာနက်ဂိမ်းများတွင် တစ်ဦးနှင့်တစ်ဦး သတ်ကြဖြတ်ကြသည်မှာ သွေးပျက်ဖွယ်။ တစ်ခါတစ်ရံ ထိုဂိမ်းများသည် ဖန်သားပြင်အပြင်သို့ထွက်လာကာ လူအုပ်ထဲသို့ ပစ်ခတ်သော အဖြစ်အပျက်များကို တွေ့ရသည်။ ဆယ်ကျော်သက်များ အတုမြင် အတတ်သင် ကျူးလွန်ခြင်းသည် အင်တာနက်ဂိမ်းများ၏ ပယောဂမကင်းပေ။

လူသားနှင့်မခြား စက်ရုပ်ဖန်တီးရေးတွင် ဥာဏ်ရည်တုသည် အဓိကအခန်းမှ ပါဝင်နေသည်။ အခြားသော သိပ္ပံနယ်ပယ်များနည်းတူ ဥာဏ်ရည်တု နည်းပညာသည်လည်း တစ်ဟုန်ထိုးတိုးတက်နေသည်။

နောင်အခါ လူသားနှင့် ဥာဏ်ရည်ချင်း ယှဉ်နိုင်သည့် စက်ရုပ်များ ပေါ်ပေါက်လာမည်မှာ မလွဲဧကန်ဖြစ်သည်။

ရာသီဥတုဖောက်ပြန်ခြင်း၊ လူဦးရေထူထပ်လာခြင်း၊ အစာရေစာ ရှားပါးခြင်း၊ ဆင်းရဲကျပ်တည်းခြင်း စသည်တို့ကြောင့် အစစ်အမှန် လူ့ဘဝသည် စိတ်ညစ်ညူးစရာဖြစ်သည်။

အစစ်အမှန်ဘဝမှ ခေတ္တရှောင်တိမ်းနိုင်ရန် ဂိမ်းကစားခြင်းဖြင့်လည်းကောင်း၊  တယ်လီဖုန်းမျက်နှာပြင်ကို ပွတ်နေခြင်းဖြင့်လည်းကောင်း လွတ်လမ်းရှာနေကြသည်။ ဖွံဖြိုးဆဲ နိုင်ငံများရှိ ကျူးကျော်ရပ်ကွက် ဗီဒီယိုရုံများတွင် ပရိသတ်စည်ကားနေခြင်းသည် အစစ်အမှန်ဘဝမှ ခေတ္တရှောင်တိမ်းရန် ကြိုးစားနေသူများဖြစ်သည်ဟု စိတ်ပညာရှင်တို့ကဆိုသည်။

၂ဝ၂ဝ ခုနှစ်တွင်  တောင်ကိုရီး ယားရှိအိမ်တိုင်းတွင် အိမ်ထောင်မှု အကူစက်ရုပ်များထားနိုင်ရန် ဆောင် ရွက်လျက်ရှိသည်။

ထိုစက်ရုပ်များသည် အိမ်မှုကိစ္စ များကို ကူညီလုပ်ကိုင်ပေးနိုင်ရုံမျှမက စကားပြောဖော်အဖြစ်လည်း နေပေးနိုင်မည်ဟု ဆိုသည်။ အထီးကျန်နေသူများ၊ လှုပ်ရှားသွားလာရန် အခက်အခဲရှိသူများအတွက် အကောင်းဆုံး အဖော်မွန်ဖြစ်လာမည်ဟုဆိုသည်။

လူသားတို့သည် အဖော်မွန် စက်ရုပ်အပေါ်တွယ်တာစွဲလမ်းမှု ဖြစ်ပေါ်လာမည်လောဆိုသည့် အမေးမှာ စိတ်ဝင်စားဖွယ်။ ကလေးဘဝက အိပ်ရာထဲတွင် အတူခေါ်သိပ်ထား သည့် အရုပ်ကလေးကို အရွယ်ရောက် အိမ်ထောင်ကျသည်အထိ  မခွဲနိုင်မခွာရက် အတူသွားအတူလာလုပ်သည့် လူအများအပြားရှိနေသည်။ သက်မဲ့ပစ္စည်းအပေါ် တွယ်တာစွဲလမ်းမှုသည် ရုပ်ရှင်ကားများတွင်သာမဟုတ် ပကတိလူ့လောကတွင်လည်း ရှိနေသည်။

ထိုစွဲလမ်း သံယောဇဉ်တွယ်တာမှုနှင့်ပတ်သက်၍ သုတေသနစာတမ်း အများအပြား ထွက်ပေါ်လာသည်။ ဗုံးကို ဖယ်ရှားရှင်းလင်းပေးရာတွင် အသုံးပြုသော စက်ရုပ်(လူပုံသဏ္ဌာန်မဟုတ်)ကို အမေရိကန် စစ်သားများက ခင်မင်သံယောဇဉ်ရှိကြသဖြင့် စက်ရုပ်ကို လူအမည်ပေးထားသည့်အပြင် စက်ရုပ်ပျက်စီး အသုံးမဝင်တော့သည့်အခါ လူကို မြေမြှုပ်သင်္ဂြိုဟ်သကဲ့သို့ စက်ရုပ်ကိုလည်း အခမ်းအနားဖြင့် မြေမြှုပ်သင်္ဂြိုဟ်ကြသည်။ အိမ်မွေးတိရစ္ဆာန် များကို သွေးသားရင်းချာကဲ့သို့ ကမ္ဘာပေါ်တွင် သဘောထားနေကြသူအ များအပြားရှိသည်။ ထို့ကြောင့် လူသားသည် မိမိမျိုးတူမှအပ အခြားသက်ရှိသက်မဲ့များအပေါ် တွယ်တာ မှုရှိသည်ဟု ယူဆရမည်။

သက်မဲ့ပစ္စည်းများအပေါ် တွယ်တာမှုနှင့် ပတ်သက်ပြီး ၁၉၆ဝ ပြည့်လွန်နှစ်များက မျောက်ကိုအသုံးပြုလျက် သုတေသနပြုခဲ့ဖူးသည်။ မျောက်ငယ်ကလေးများကို မိခင်ရင်းနှင့်ခွဲလျက် သီးသန့်လှောင်အိမ်တွင် ထည့်သွင်းထားသည်။ သီးသန့်လှောင်အိမ်တွင် အဝတ်စဖြင့် ပြုလုပ်ထားသော မျောက်အရုပ်တစ်ခုနှင့် ဝါယာကြိုးများဖြင့် ပြုလုပ်ထားသော မျောက်အရုပ်တစ်ခုစီရှိသည်။ ဝိုင်ယာကြိုးဖြင့် ပြုလုပ်သော အရုပ်တွင် နို့သီးခေါင်းတပ်ဆင်ထားသဖြင့် မျောက်ငယ်လေးများက နို့စို့နိုင်သည်။ မျောက်ငယ်လေးများသည်  အဝတ်စဖြင့် ပြုလုပ်ထားသောအရုပ်ဖြင့် ပွတ်သီးပွတ်သပ် အနေများသည်ကိုတွေ့ရသည်။ ဝါယာဖြင့် ပြုလုပ်ထားသော အရုပ်တွင် နို့စို့ပြီးလျှင် အနား မကပ်တော့။ အစားအစာထက် နွေးထွေးမှုကို ပိုလိုလားသည်ဆိုသော အချက်ကို ညွှန်ပြနေသည်။

အရုပ်များကြားတွင် ကြီးပြင်းစေသော မျောက်များတွင် ပုံမှန်မဟုတ်သော ထူးခြားသည့် အမူအရာကို တွေ့ရသည်။ အရုပ်များကြားတွင် ကြီးပြင်းလာသော မျောက်မများသည် သာမန်ပတ်ဝန်းကျင်တွင် ကြီးပြင်းလာသည့် မျောက်ဖိုများက ချဉ်းကပ်လာသည်ကို လျစ်လျူရှုသည်။ အရုပ်များဖြင့် အရွယ်ရလာသော မျောက်ဖိုများသည် မျိုးပွားရန် ဆက်ဆံရာ၌ အချိုးမကျ ကိုးလိုးကန့်လန့်ဖြစ် ကုန်သည်။

မျောက်များသည်ပင်လျှင် ဤသို့ဖြစ်သည်ဆိုပါက စက်ရုပ်အဖော်မွန်ဖြင့် ကြာမြင့်စွာ ပေါင်းသင်းဆက်ဆံနေထိုင်သော လူသားသည် မည်သို့ရှိမည်ကို စဉ်းစားစရာဖြစ်လာသည်။ လူသား၏ စိတ်ခံစားမှု၊ ကျင့်ဝတ်နှင့် ကျိုးကြောင်း ဆင်ခြင်မှုတို့အပေါ် စက်ရုပ်အဖော်မွန်တို့၏ သက်ရောက်မှုသည် မည်သို့ရှိမည်ကို မသိရှိနိုင်ပေ။

ဒေးဗစ်လာဗီး (David Levy)   က ''၂ဝ၅ဝ ခုနှစ်ကျရင် လူတွေဟာ စက်ရုပ်အဖော်မွန်တွေနဲ့ ကိုယ်လက် နှီးနှောရုံမက ၊ မေတ္တာသက်ဝင် ချစ်ကျွမ်းဝင်ကြမယ်။ လက်ထပ်ကြမယ်'' ဟု ဟောကိန်းထုတ်သည်။

စောင့်ကြည့်ရန်သာရှိတော့သည်။

 

အေးထွန်းမင်း

[email protected]

Ref: The race to build the world’s first sex robot.

အေးထွန်းမင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.