1051_Cov.jpg
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1051
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Special Report
အခမဲ့ကားလက်မှတ်တစ်စောင်နှင့် အိမ်ခြေရာမဲ့တို့၏ မရေမရာဘ၀များ

ဆန်ဖရန်စစ္စကိုရှိ အဝေးပြေးကားဂိတ်သို့ ကွင်းရက်ဘာတစ်ယောက် အဝတ်အိတ်တစ်လုံးကို တရွတ်တိုက်ဆွဲကာ ရောက်လာချိန်၌ သြဂုတ်လ၏ နေ့လယ်ခင်းကိုယ်တိုင်က  အုံ့မှိုင်းမှိုင်းနှင့် နွမ်းလျနေသည့်ပုံပေါက်နေသည်။ သူ၏ အသားအရည်က နေလောင်ဒဏ်ကြောင့် ညိုမှောင်နေပြီး မရိတ်မသင်မိသော အမွေးအမျှင်တို့က လူကို ညှဉ်းသိုးသိုးအသွင်ဖြစ်အောင်ကူပြီး ပုံဖမ်းပေးနေ၏။ ပွရောင်းရောင်း ဦးထုပ်ကလည်း မျက်ခုံးနားအထိ ခပ်မိမိ ဖုံးဖိပေးထားပုံတို့ကြောင့် ကွင်းရက်ဘာသည် မည်သူ့ကိုမဆို အောက်ကျို့ခံရန် ဝန်မလေး သည့် ပုံမျိုးပေါက်နေသည်။

အသက် ၂၇ နှစ်အရွယ် ကွင်းရက်ဘာက ဆန်ဖရန်စစ္စကိုက သူ့အတွက်ပေးလိုက်သည့် တစ်လမ်းသွားလက်မှတ်ကို ယဉ်မောင်းထံ ထုတ်ပြလိုက်ပြီး ဘက်စ်ကားပေါ်လှမ်းတက်လိုက်၏။ အစိုးရက အိုးမဲ့အိမ်မဲ့များအတွက် စီစဉ်ပေးသည့် တစ်ကြိမ်သုံး လက်မှတ်ဖြင့် မိုင် ၂၂၇၅ မိုင်အကွာရှိ အင်ဒီယာနာပိုလိစ်သို့ သုံးရက်တာ ခရီးနှင်ရမည်ဖြစ်သည်။ ယခု သူ၏ခရီးပန်းတိုင်သည် သူ့မွေးရပ်မြေဖြစ်သလို အလုပ်လည်းရမည်။ နေစရာအတွက်လည်း ငယ်ပေါင်းများက အသင့်ရှာပေးထားမည်။ ထို့အတွက် သူကိုယ်တိုင် လုပ်ရမည်က အစိုးရထံမှ ကားလက်မှတ်တစ်စောင်တောင်းကာ နေရာပြောင်းရန်သာလိုသည်။

အမေရိကန်မှမြို့ကြီးများသည် အိုးမဲ့အိမ်မဲ့များ နေရာပြောင်းရွှေ့ရေးအတွက် အသွားတစ်ကြောင်းတည်းသာရသောလက်မှတ်ကို ထုတ်ပေးခဲ့သည်မှာ ဆယ်စုနှစ်သုံးစုခန့်ရှိခဲ့ပြီ။ ထိုအစီအစဉ် အတွက် ပြည်သူတို့၏ ဘဏ္ဍာငွေများထဲမှ ဒေါ်လာသန်းနှင့် ချီကာသုံးစွဲနေရ၏။ တစ်နိုင်ငံလုံးက အိုးမဲ့အိမ်မဲ့အတွက် ကားလက်မှတ်ပေးခြင်းသည် သာမန်ကိစ္စတစ်ရပ်သဖွယ်ပင် ဖြစ်လာခဲ့သည်။

ယခုအချိန်တွင်မူ ထိုစနစ်သည် အိုးမဲ့အိမ်မဲ့များအတွက် အမှန်တကယ် အကျိုးဖြစ်မဖြစ် မေးခွန်းထုတ်သူများရှိလာ၏။ 

အိုးမဲ့အိမ်မဲ့တို့ စွန့်ခွာခဲ့သည့်မြို့တွင်လည်း လမ်းပေါ်ကလူများ လျော့ကျသွားပါသလားဟု မေးချင်စရာကောင်း နေသလို ပြောင်းရွှေ့သွားသည့် အရပ်တွင်လည်း မည်သို့သောအခက်အခဲမျိုးနှင့် ကြုံတွေ့ရတတ်သည်ကို သိ ချင်သူများလာခဲ့သည်။

နောက်ဆုံးတွင် လက်မှတ်တစ်စောင်အားကိုးဖြင့် တစ်ရွာမပြောင်း သူကောင်းမဖြစ်ဟု မှတ်ယူခဲ့သော ဆုံးဖြတ်ချက်သည် ရည်မှန်းချက်အတိုင်း ပြည့်မီပါ၏လော။ ရေကြည်ရာ မြက်နုရာရှာသူများ၏  မျှော်လင့်ချက် ပြည့်ဝပါ၏လောဟု စူးစမ်းချင်စရာ ဖြစ်လာရသည်။

အမေရိကန်တွင် ကယ်လီဖိုးနီးယား၊ နီဗားဒါး၊ အော်ရီဂန်နှင့် ဝါရှင်တန်စသော အဓိကပြည်နယ်ကြီးများနှင့် မြို့ကြီးများသည် အိုးမဲ့အိမ်မဲ့များအတွက် အခြားနေရာထက် တစ်ဦးချင်းဝင်ငွေ ပိုကောင်းသည့် အရပ်များဖြစ်သည်။ မြို့ကြီးပြကြီးများသည် ကျေးလက်နှင့် မြို့ငယ်များထက် အလုပ်အကိုင် အခွင့်အလမ်း ပိုမိုများပြားသည်မှာမှန်၏။ သို့သော် လိုတိုင်းတရနိုင်သော နတ်ရေကန်တော့ မဟုတ်ပေ။

ပြီးပြည့်စုံခြင်းနှင့်အတူ ပြန်ပေးရမည့် အဖိုးအခကလည်း များလှသည်။ စားဝတ်နေရေး ကုန်ကျစရိတ်များကလည်း မြို့ပြစံနှုန်းအတိုင်း ဖြစ်နေမည်။ လူနေမှုမြင့်မားသလို ငွေထွက်ပေါက်များကလည်း များတတ်သည်။ ထို့အတွက် မြို့ပြသည် လူတိုင်းအတွက် တစ်ခုတည်းသောနှင့် နောက်ဆုံးသော ခေါင်းချရာအရပ်ဟု ပြောရန်မသင့်သည်မှာ သေချာလှသည်။

ရက်ဘာကိုယ်တိုင် ဆန်စဖရန်စစ္စကိုလို မြို့ကြီးတွင် သုံးနှစ်မျှလမ်းပေါ်မှာအိပ်၊ လမ်းပေါ်စားနှင့် ကျင်လည်ခဲ့ရ၏။ စိတ်ဓာတ်ကျခြင်း၊ ပင်ပန်းဆင်းရဲခြင်းနှင့် နာဖျားခြင်းများကို မိတ်ဆွေသဖွယ် လက်ခံခဲ့ရသည်။ ယခု အင်ဒီယန်နာသို့ ပြောင်းခြင်းက မွေးရပ်မြေမှ ငယ်ပေါင်းများက စားသောက်ဆိုင်တစ်ဆိုင်တွင် ပန်းကန်ဆေးသည့် အလုပ်ရမည်မှာ သေချာသည်ဆိုသည့် စကားတစ်လုံးကိုသာ ပို၍အားကိုးခဲ့ခြင်း ဖြစ်သည်။ စားပျော် နိုင်ရုံမျှမက နေပျော်မည်ဆိုတော့ မြို့ကြီးပစ် မြို့ငယ်ကိုချစ်ရန် ဖြစ်လာတော့သည်။

ရက်ဘာက မွေးရပ်ကိုပြန်ကာ အလုပ်လုပ်မည်။ ငွေစုဆောင်းကာ ဘဝရှင်သန်မည်ဟု စိတ်ကူးယဉ်နေချိန်တွင် အခြားသော ဘဝတူများမှာ မူလမြို့ကြီးထံသို့ ပြန်ပြောင်းလာသူတွေ ဒုနဲ့ဒေးဆိုတာသူမသိ။ နေရာဟောင်း၊ အဆက်အသွယ်ဟောင်းတို့မှတစ်ဆင့် လုံခြုံသည့်မှေးစက်ရာနေရာ  တစ်နေရာပြန်ရှာနေကြသည်ကို သူမမြင်။  One Way Ticket သည်ပင်လျှင် အချို့မြို့များက အိုးမဲ့အိမ်မဲ့များကို ပြန်မလာစေချင်သည့်အတွက် စောင်မလိုက်ခြင်းမျိုး ဖြစ်တတ်သည်ကို သူသဘောမပေါက်။ ဘတ်စ်ကားစထွက်ကတည်းက မျှော်လင့်ချက်များနှင့် သူ့ကို အားပြည့်လန်းဆန်း နေစေသည်။ 

National Alliance to End Homelessness မှ အကြီးအကဲ နန်ရိုမန်က ဘတ်စ်ကားလက်မှတ် အစီအစဉ်သည် အပြုသဘောဆောင်သော်လည်း ကုစားနည်းတစ်မျိုးတော့ မဟုတ်ဟုဆို၏။ အဓိကအကြောင်းရင်းမှာ အိုးမဲ့အိမ်မဲ့အဖြစ် မွေးရပ်ပြန်ရန် လက်မှတ်လာတောင်းသူ အများစုသည် ဇာတိမြေတွင်လည်း အိုးပိုင်အိမ်ပိုင် မရှိသူများသာ အဖြစ်များသည်ဟု ဆိုသည်။

လူသားချင်းစာနာသည်ဟု မည်မျှပင် ကြွေးကြော်နေကြသော်လည်း မည်သည့်မြို့ခံကမျှ သူတို့အရပ်တွင် အိမ်ခြေရာမဲ့များ ခိုအောင်းနေသည်ကို မမြင်လိုကြပေ။ မတတ်သာ၍ ခိုလှုံရာနေရာ သတ်မှတ်ပေးကာ ကျွေးမွေးကြသော်လည်း မြို့မှထွက်သွားမည်ဆိုလျှင် ပြန်လက်သင့်မခံချင်။ အိုးမဲ့အိမ်မဲ့များမှာလည်း အခမဲ့ ကားလက်မှတ်တစ်စောင်ဖြင့်ပိုသာ မည်ထင်သည့် နေရာသို့ ခပ်လွယ်လွယ် လျှောက်ပြောင်းနေရန်လည်း မသင့်ပေ။ ထို့အတွက် ခွင့်ပြုချက် အပြင် ကန့်သတ်ချက်လေးများနှင့်လည်း ထိန်းကြရသည်။

ဖလော်ရီဒါပြည်နယ် ကိန်းဝက်စ်တ်မြို့ဆိုလျှင် အိုးမဲ့အိမ်မဲ့များအတွက် ခိုလှုံရာနေရာပေးထားသည်။ သို့သော် One Way Ticket ယူကာ မွေးရပ်ပြန်ကြသူများကို ခိုလှုံရာစခန်းက ပြန်လက်မခံ။ အချို့က ထိုသို့ပြန်လက်မခံသည်ကို အစက သိလျှင် လက်မှတ်မတောင်းခဲ့ဟု မီဒီ ယာကို ရင်ဖွင့်သူများလည်း ရှိသည်။ အကျိုးအမြတ်မယူဘဲ ခိုလှုံရာနေရ ပေးနေသော The Southernmost Homeless Assistance League (Shal) အဖွဲ့အစည်းဆိုလျှင် ကား လက်မှတ်ပေးလိုက်သည်နှင့် နောက်တစ်ကြိမ် အိုးမဲ့အိမ်မဲ့အဖြစ် ပြန်ရောက်လာလျှင် လက်မခံကြောင်း သဘောတူလက်မှတ်ပါ ထိုးခိုင်းကြသည်။ အချို့စာချုပ်တွင် ပြောင်းရွှေ့နေထိုင်မည့်အရပ်မှ အပေါင်းအသင်း၊ ဆွေမျိုးများကပေးနေမည်မှာ သေချာသည်ဟူသော အာမခံချက် တောင်းခြင်းမျိုးလည်း ရှိတတ်ပြန်သည်။  

Shal အဖွဲ့အစည်းက အိုးမဲ့အိမ်မဲ့များအတွက် အခြေချနေထိုင်နိုင်မည့်အရပ်များကို ရှာဖွေပေးကြသည်။ အလုပ်မှုဆောင် ဒါရိုက်တာဂျွန်မီလာ၏ အဆိုအရ သူတို့သည် လစာနည်းလွန်း၊ ပူလွန်း၊ ပိုးမွှားပေါများလွန်း၊ အိမ်ငှားခ ကြီးမြင့်လွန်းသည့်နေရာများကိုရှောင်ကာ အိုးအိမ်မဲ့သူများ၏ အခက်အခဲကို ဖြေရှင်းပေးရကြသည်ဟု ဆိုသည်။ သို့ သော် အစီအစဉ် မည်မျှပင်ကောင်းကောင်း လူ၁ဝဦးလျှင် တစ်ဦးသည် ကားလက်မှတ်အခမဲ့ ပေးလိုက်သည့်မြို့သို့ ပြန်ရောက်လာတတ်ကြ၏။ မေးကြည့်လျှင် သူတို့က ဟိုနေရာထက် ဒီနေရာက ပို၍နေပျော်သည်။ ပိုကြိုက်ကြသည် ဆိုသော အချက်ကိုသာ အကြောင်းပြလေ့ရှိ သည်။

နယူးယောက်မြို့သည် ၁၉၈၇ ခုနှစ်ကတည်းက အိုးမဲ့အိမ်မဲ့များကို နေရာပြောင်းပေးသည့် အစီအစဉ်ကို စတင်ခဲ့သည်။ လူတိုင်းက အမေရိကန်ကို ရွေးချယ်ကြလျှင် နယူးယောက်ကို တန်းမြင်ကြသည်။ နယူးယောက်မြို့သား ဖြစ်ချင်ကြ၏။ ထို့အတွက် မြို့တော်ဝန် မိုက်ကယ်ဘလွန်းဘာ့ဂ်၏ အိုးမဲ့အိမ်မဲ့ရေးရာ ဌာနစိတ်က နှစ်စဉ်ဒေါ်လာငါးသိန်း ဘတ်ဂျက်ချကာ ဖြေရှင်းပေးခဲ့ရသည်။ နယူးယောက်မြို့တွင် မိသားစု လိုက် ပြောင်းရွှေ့ပေးရသည့် အရေအတွက် အများဆုံးမြို့လည်း ဖြစ်နေသည်။

အသက် ၂၈ နှစ်အရွယ် အော်တိုက်ဇ်စ်နှင့် ကလေးနှစ်ယောက်ရှိသော မိသားစုဆိုလျှင် အိမ်ရာမဲ့အဖြစ် ရောက်လာစဉ်က အစိုးရကပေးထားသော တိုက်ခန်းတွင် ၁ဝ ရက်သာ နေခွင့်ရသည်။ ထို ၁ဝ ရက် ကျော်လျှင် လမ်းပေါ်ဆင်းပေးရမည်ဟုဆိုခဲ့သည်။

ဂျွန်အက်ဖ်ကနေဒီ လေဆိပ်တွင် နယူးယောက်မှ အစီအစဉ်ဖြင့် နေရပ်ပြန်ပို့သည့်အခါ အော်တိုက်ဇ်စ်က သူတို့၏ နေရပ်ပေါ်တိုရီယိုသို့ မပြန် လိုဟု ပြောနေခဲ့သေးသည်။ 

နယူးယောက်သည် အိုးမဲ့အိမ်မဲ့များ ပြောင်းရွှေ့ရေးအတွက်  ဘတ်စ်ကားကိုသာမက လိုအပ်လျှင် လေ ကြောင်းလိုင်းကိုပါသုံးသည်။ တစ်ခါတစ်ရံ ဈေးကြီးသည့်လိုင်းကိုလည်းသုံးကာ ပြဿနာဖြေရှင်းကြရသည်။ ထိုသို့သောအဖြစ်မျိုးနှင့်ကြုံတိုင်း အိုးမဲ့အိမ်မဲ့မိသားစုများက အစိုးရသည် သူတို့ကိုတိရစ္ဆာန်များကဲ့သို့ ပြုမူကြသည်ဟု ဆိုကြသည်။ နေစရာ နေရာသစ် ပြောင်းရသည်မှာလည်း ကြွယ်ဝသော၊ အလုပ်အကိုင်ပေါသောအရပ်မှ ဆင်းရဲပြီး ဝင်ငွေနည်း သည့် အရပ်သို့ ပို့သလိုဖြစ်နေသည်ဟု ညည်းတွားကြသည်။။

အိုးမဲ့အိမ်မဲ့ ရေးရာဌာနဘက်ကကြည့်လျှင် နေစရာကိုသာ ဦးစားပေး စီစဉ်ရလိမ့်မည်။ လူတိုင်းဘဝကောင်းစားရေး ဆိုသည်မှာမူ ပြောသလောက် လွယ်ကူသောအနေအထားမဟုတ်။ အမှန်တကယ် ဒုက္ခရောက်သူ တစ်ရာကိုကူညီရင်းက အချောင် သမားတစ်ထောင် ရောက်လာတတ်သည်မှာလည်း လူ့လောက သဘာဝပင်။ အိုးမဲ့အိမ်မဲ့များအတွက် နေရာချထားရေးသည် အလှူရှင်များ၏ ငွေ၊ ချမှတ်ထားသော ဘတ်ဂျက်များနှင့် နယ်မြေအနေအထားပေါ်တွင် မူတည်ပြီး စီမံပေးကြရသည်။

တစ်ဖက်တွင်လည်း The Partnership for the Homeless in New York မှ အလုပ်မှုဆောင်ချုပ်၊ ဥက္ကဌ အာနိုးကိုဟန်ကဲ့သို့သော လူမျိုးက ရုန်းကန်လှုပ်ရှားရှင်သန်နေရသည့် လက်ရှိဝန်းကျင်ထဲမှ ထိုသူများကို မောင်းထုတ်လိုက်ခြင်းသည် ပြဿနာရင်းမြစ်ကို ဖြေရှင်းခြင်းမဟုတ်ဘဲ အခြားနည်းသုံးကာ လှစ် လျှူရှုလိုက်ခြင်းဖြစ်သည်ဟု  ထောက်ပြထားပြန်သည်။

ဇူလိုင်လက နယူးယောက်မှ ပေါ်တိုရီယိုသို့ ပြောင်းခိုင်းလိုက်သည့် အော်တိုက်ဇ်စ်ဆိုလျှင် ရောက်စတွင် အလုပ်အင်တာဗျူးဝင်သည့်အကြောင်း သူ၏ Facebook တွင် တင်ထားသည်ကို တွေ့ရသည်။ နှစ်လအကြာ စက် တင်ဘာလ၌ ဟာရီကိန်းမာရီယာ ဝင်မွှေပြီးချိန်တွင်မူ သူ့အသံထပ်မကြားရတော့။ သေသလား၊ ရှင်သလား မသိရသည့်အဖြစ်မျိုး ဖြစ်နေသည်။

အိုးမဲ့အိမ်မဲ့များကို ခရီးသွားလက်မှတ်တစ်စောင်ပေးကာ ရွှေ့ပြောင်းစေခြင်းသည် အမှန်၊ အမှား ကောက်ချက်တစ်ခုခု ဆွဲပြရန်ခက်ခဲသော အနေအထားမျိုး ရောက်နေသည်။ အငြင်းပွားဖွယ် ကိစ္စလည်း ဖြစ်နေပြန်သည်။

၁၉၉၆ ခုနှစ်က ဂျော်ဂျီယာပြည်နယ် အတ္တလန်တာတွင် နွေရာသီအိုလံပစ်ပွဲကျင်းပစဉ်က အိုးမဲ့အိမ်မဲ့များကို အခမဲ့လက်မှတ်များပေးကာ နှင်ထုတ်ခဲ့သည်။ ထို့အတွက် နစ်နာသူအချို့က တရားစွဲဆိုခြင်းများ ရှိခဲ့ဖူးသည်။ ၂ဝ၁၃ ခုနှစ်တွင်လည်း လာ့စ်ဗီးဂက်စ်မှ အစိုးရပိုင်ရောဆန်နီးလ်စိတ်ရောဂါကု ဆေးရုံက လူနာ ၁၅ဝဝ ဦးကို ဆေး ဝါးအနည်းငယ်နှင့်အတူ ဘတ်စ်ကားလက်မှတ်ပေးကာမြို့မှ နှင်လွှတ်ခဲ့သည်။ လူနာတစ်ဦးသည် အိမ်အပြန်လမ်းတွင် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ပြီး ကျန်တစ်ဦးက လူသတ်မှုကျူးလွန်လိုက်ခြင်းသည် ဆေးရုံကို တရားစွဲမှုများဖြင့် အရှက်ရစေသော ဖြစ်ရပ်ဆိုးများအဖြစ် ရှိခဲ့သည်။ ထိုမျှမက လက်မှတ်ပေးလိုက်သည့် မြို့ကြီးများသည်လည်း ပြောင်းရွှေ့သွားသူတစ်ဦး နေရာသစ်တွင် မည်သို့နေထိုင်သည်ကို စုံစမ်းအကဲခတ်မှုမရှိဘဲ မျက်နှာလွှဲထားသည့် အချက်ကိုလည်း ဝေဖန်သူများကြသည်။

၂ဝ၁ဝ မှ ၂ဝ၁၅ ခုနှစ်အတွင်း ဆန်ဖရန်စစ္စကိုမှ ပြောင်းရွှေ့သွားသူများအနက် သုံးဦးသာ တစ်ကြိမ်စီ ပြန်ဆက်သွယ်ခဲ့သည်။ ရွှေ့ပြောင်းသူတို့၏ အနာဂတ်မည်သို့ဖြတ်သန်းနေသည်ကို မဆန်းစစ်ခြင်းက အ ပြစ်ဆိုဖွယ်ဖြစ်သော်လည်း လူတစ်ဦး အိမ်တစ်အိမ်ပိုင်၊ မပိုင်ကို လှမ်း၍ ထောက်လှမ်းသည့်အခါတွင် အချို့ မြို့များက လူတစ်ဦးချင်း၏ သီးသန့်ရပ်တည်မှုအရ ထုတ်ဖော်ပြောဆိုရန် ငြင်းပယ်ခြင်းမျိုးကလည်း ရှိနေပြန်၏။

လက်မှတ်ယူကာ ပြောင်းသွားကြသူများအနက်အချို့သည် သုံးလမှ ခြောက်လအတွင်း အိုးပိုင်အိမ်ပိုင် အခြေအနေမျိုး ရောက်သွားကြသည်လည်းရှိသည်။ မိသားစုနှင့် ပြန်နေကြသူများလည်းရှိသည်။ ခင်ပွန်းဟောင်းနှင့် ပြန်ပေါင်းထုပ်သူများရှိနေသည်။ ထို့အတွက် အိုးမဲ့အိမ်မဲ့များကို ကားလက်မှတ် ထုတ်ပေးလိုက်ခြင်းသည် ဆိုးကျိုးဖြင့်သာ နိဂုံးသတ်သည်ဟု ဆိုရန်လည်းမသင့်ပေ။ လူတစ်ဦးချင်းစီ၏ လုပ်ရည်ကိုင်ရည်နှင့် ကြိုးစားချင်စိတ်ကိုလည်း ထည့်တွက်ရမှ သဘာဝကျမည်ထင်၏။

Tiffany Schiessl ဆိုသည့် အမျိုးသမီးဆိုလျှင် ကားလက်မှတ်က သူ့ဘဝကို ကယ်တယ်လိုက်သည်ဟုဆိုသည်။ သူသည်ဖို့လောက်ဒါဒဲယ်မှ ရထားလမ်းဘေးတွင် တဲတစ်လုံးထိုး ကာ နေထိုင်သည့် အချိန်တွင် အရက်သမားဘဝဖြင့် သေမင်းနှုတ်ခမ်းဝတွင် လမ်းလျှောက်နေရသူတစ်ဦး ဖြစ်ခဲ့သည်။ နံနက်တိုင်း ဘီယာဘူးအဝယ်ထွက်ချိန်တိုင်း တစ်ကိုယ်လုံးတုန်ကာ ထိုးထိုးအန်နေခဲ့ရဖူးသည်။ ၂ဝ၁၅ ခုနှစ်ကတည်းက သူ့တွင်အသည်းရွက်ရောဂါ ပထမအဆင့်နှင့် နာတာရှည်ပန်ကရိယနာ ရောဂါခံစားနေခဲ့ရသည်။ အဆုတ်နာလည်းရှိသဖြင့် အသက် ၂ဝ ကျော်လေးနှင့် ရောဂါအစုံရှိနေသည်မှာဘဝကို အရွဲ့တိုက်စရာဖြစ်လာခဲ့သည်။ နောက်ဆုံးတွင် မိန်းကလေးတန်မယ့် အရက်သမားဘဝ လုံးလုံးကျရောက် သွားခဲ့သည်။         

Tiffany Schiessl ကိုကုသပေးသည့် ဆရာဝန်က ဖို့တ်လောက်ဒါဒဲယ်မှ ဘတ်စ်ကားပရိုဂရမ်ကိုလက်ခံကာ မိခင်ဖြစ်သူ မာလင်းထံသို့ ပြောင်းနေရန် အကြံပေးခဲ့သည်။ မိခင်မာလင်းသည် တစ်ချိန်က နှလုံးရောဂါဒဏ်နှင့် လေဖြန်းသည့်ဒဏ်ကြောင့် သမီးဖြစ်သူ၏ ဝေဒနာများကို မစောင့်ရှောက်နိုင်ခဲ့ပေ။ ဤနည်းဖြင့် Tiffany Schiessl တစ်ယောက် အပေအတေဘဝသို့ ကျရောက်သွားခဲ့သည်။ မာလင်းနေထိုင်သည့် ပြည်နယ်မှာလည်း သိပ်မဝေးလှသဖြင့် ဘတ်စ်ကားလက်မှတ်ကိုယူကာ မိခင်၏ရင်ခွင်ထဲ ပြန်ခိုလှုံရန်သဘောတူခဲ့သည်။

မိခင်ထံပြန်ရောက်ချိန်တွင် Tiffany Schiessl သည် ၉၄ ပေါင်သာရှိပြီး မျက်တွင်းဟောက်ပက်နှင့် ကျောရိုးဆစ်များကလည်း သူ့နောက်ကျောမှာ ထိုးထွက်နေသည်။ မိခင်ကလည်း သူ့ကိုစောင့်ရှောက်ပေး သဖြင့် ထူထူထောင်ထောင်ပြန် ဖြစ် လာခဲ့သည်။

ယခုအချိန်တွင် မိခင်၏အဆက်အသွယ်ဖြင့် အလုပ်လည်းရနေခဲ့ပြီ။ ထို့အတွက် သူ့ကို ဘယ်သူကပဲမေးမေး အကယ်၍သာ ကားလက်မှတ်ကိုမရခဲ့လျှင် သူသည် အရက်အိုးတွင် ခေါင်းစိုက်ကာ သေနေလောက်ပြီဟု ပြောလေ့ရှိတတ်သည်။ ထို့အတွက် အိုးမဲ့အိမ်မဲ့များ၏ လက်ထဲသို့ရောက်သွားသော အခမဲ့ကားလက်မှတ် တစ်စောင်သည် အစဉ်အမြဲဇာတ်သိမ်းမလှတတ်ဟု ပြောရန်ခက်လှသည်။ သို့သော် ကွင်းရက်ဘာအတွက်မူ ပျော်ရွှင်ခြင်းဖြင့် အ ဆုံးသတ်သော ခရီးစဉ်မျိုး မဟုတ်ခဲ့ပြန်ပေ။

ဆန်ဖရန်စစ္စကိုမှ ထွက်လာစဉ်က ကွင်းရက်ဘာသည် သူ၏ မွေးရပ် မြေသို့ ထွက်ပြေးလွတ်မြောက်ရာ ခရီးစဉ်အဖြစ် မှတ်ယူခဲ့သည်။ ရောက်ရောက်ချင်း သူ့ဘဝက ကြမ်းတော့သည်။ ဘာကာဆိုင်တစ်ဆိုင်တွင် အလုပ်ရသော်လည်း သူ့ကို နေစရာပေးမည့် သူငယ်ချင်းသည် ဆေးဖြတ်ရန်အတွက် ပြန်လည်ထူထောင်ရေးအစီအစဉ်ကို လက်ခံကာ စင်တာတွင် ပြောင်းနေလိုက်သည့်အတွက် ကွင်းရက်ဘာမှာ နေစရာဘုံပျောက်သွားရသည်။

အခန်းကျဉ်းလေးတစ်ခုတွင် အခြားသူများနှင့် ကျပ်ကျပ်ညပ်ညပ် နေလိုက်ရ၏။ အိမ်ခန်းအပြင်ထွက်မှ အသက်ရှူချောင်သည့် အနေအထား မျိုးဖြစ်လာ၏။ ယင်းအခြေအနေက သူ့ကို ဆန်ဖရန်စစ္စကိုသို့ ခြေဦး ပြန်လှည့်ရန် တွန်းအားပေးနေတော့ သည်။ နောက်ဆုံးတွင် သူ့ပိုက်ဆံသူ သုံးကာ ဆန်ဖရန်စစ္စကိုသို့ ပြန် ရောက်လာခဲ့သည်။

လက်ရှိအချိန်တွင် သူ၏အခြေအနေမှာ သူမထွက်သွားခင်ကအတိုင်းပင်။ သူ့မိတ်ဆွေဟောင်း အခန်းတွင် ကပ်သပ်ပြီးနေလိုက်၊ ခြင်းတစ်လုံးဆွဲ ခေါင်အုံးတစ်ပိုက်ပိုက်ကာ လမ်းဘေးတွင် အိပ်စက်လိုက်နှင့်နေသည်။ သူ့ကိုမေးလျှင် အင်ဒီယာ နာပိုလိစ် သည် နေထိုင်ရန်မသင့်သော ပြည်နယ်ဟု ပြောသည်။ သူက ဆန်ဖရန်စစ္စကို ချစ်သည်။ သူတို့ပို့ သည့် နေရာတွင်မနေလို ဆန်ဖရန်စစ္စကိုသာလျှင် လူတိုင်းပြန်လာချင်သည့် အရပ်ဟု ဆိုလေ့ရှိသည်။

ဆန်ဖရန်စစ္စကိုသည် အမေရိကန်တွင် အိုးမဲ့အိမ်မဲ့ အများဆုံးနေရာများအနက် တစ်ခုဖြစ်သည်။ နေရေးထိုင်ရေး စရိတ်စက ကြီးမားခြင်းကလည်း အုပ်ချုပ်သူများအတွက်ရော အိမ်ရာမဲ့များအတွက်ပါ အခက်အခဲကြီး တစ်ရပ်ဖြစ်နေသည်။ မူဝါဒရေးရာများ၊ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများအတွက် နှစ်စဉ်ဒေါ်လာရှစ်သောင်းမျှ သုံးစွဲနေရသည်။ ထို့အတွက် အခမဲ့လက်မှတ် တစ်စောင်ထုတ်ပေးလိုက်ရခြင်းမှာ အလွန်သက်သာသည့် ဖြေရှင်းနည်းဖြစ်လာသည်။ ယင်းအစီအစဉ်၏ နောက်ကွယ်တွင် ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲပြေလည်မှု ရှိနေသည်ကိုလည်း မည်သည့်မြို့ကမျှ မငြင်းကြ။ ဝန်ခံကြ၏။ ဆန်ဖရန်စစ္စကိုအနားက ဆက်ရာမန်တိုမြို့ဆိုလျှင် ဤနည်းဖြင့် အိုးမဲ့အိမ်မဲ့ အရေအတွက် လျှော့ချ နိုင်ခဲ့သည်။

ဆန်ဖရန်စစ္စကိုမှ ရဲမှူးဒေးဗစ်လေဇာဆိုလျှင် အိုးမဲ့အိမ်မဲ့ပြဿနာအတွက် မြို့တွင်အစီအစဉ်များ ချမှတ်ဆောင်ရွက်ချိန်တွင် လူသားချင်းစာနာပြီး ကူညီသည့်အနေဖြင့် လုံးပန်းခဲ့ဖူးသည်ဟုဆိုသည်။ အိုးမဲ့အိမ်မဲ့များနှင့် ရာဇဝတ်မှုများသည် ဒွန်တွဲနေတတ်သဖြင့် အိမ်ယာမဲ့ တစ်ဦးမြို့မှ ထွက်သွားလျှင် ရဲဌာနသို့ ဝင်လာတတ်သော ဖုန်းခေါ် ဆိုမှုတစ်ခု လျော့သွားခြင်းဖြစ်သည်ဟုပင် ဖွင့်ဟခဲ့သည်။

ရဲမှူးလေဇာက ဆန်ဖရန်စစ္စကို ယခုအစီအစဉ်ကြောင့် လူအရေအတွက် မည်မျှလျော့နည်းသွားသည်ကိုမူ အတိအကျပြောပြရန် ခက်သည်ဟုဆိုသည်။ အခမဲ့ကားလက်မှတ်ဖြင့်မြို့မှ ထွက်သွားသူ၊ မြို့သို့ပြန်ရောက် လာသူများရှိနေသည့်အတွက် အတိအကျ စာရင်းထုတ်ပြရန် မလွယ်ကူပေ။ အချို့ဆိုလျှင် သွားလိုက်ပြန် လိုက် လုပ်နေကြသဖြင့် ကိန်းဂဏန်းအရ ခန့်မှန်းတွက်ချက်ပြရန်မှာ မဖြစ် နိုင်ပေ။

သို့သော်လည်း ကားလက်မှတ်အစီအစဉ်မှာ မအောင်မြင်ဟု ပြောရန်မဖြစ်နိုင်သည်က သေချာသည်။ ယင်းအစီအစဉ်သာမရှိခဲ့လျှင်     မြို့ နေလူဦးရေထက် အိုးမဲ့အိမ်မဲ့ဦးရေမှ နှစ်ဆခန့် ပိုများလာမည်ဟု စစ်တမ်း များကဆိုသည်။ အထူးသဖြင့် အခွန်ထမ်းပြည်သူများ၏ငွေများကို ထုတ်ယူသုံးစွဲရသည့် အနေအထား တစ်နှစ်ထက်တစ်နှစ် ပိုမိုသက်သာသွားခြင်းက အခမဲ့ကားလက်မှတ် အစီအစဉ်အောင်မှုကို တစ်ဖက်လှည့် ဖော်ပြနေခြင်းဖြစ်သည်။

အမေရိကန်တွင် မြို့ကြီးများမှ အုပ်ချုပ်သူများသည် အိုးမဲ့အိမ်မဲ့စာရင်းကို နှစ်နှစ်တစ်ကြိမ် ကောက်ယူသည့်အခါ အရေအတွက် တိုးမလာခြင်းက သက်သေခံနေသည်။ ထို့အတွက် မြို့ခံလူများကလည်း သူတို့၏ အခွန်ထမ်းငွေဖြင့် ကားလက်မှတ် အလွယ်ထုတ်ပေးခြင်းကို မနှစ်သက်သူ မရှိသလောက် နည်းနေတော့သည်။

 

 

 ကျော်စည်သူ(သုနန္ဒခေတ်)

 

Ref: Bussed out How America moves its himeles.

ကျော်စည်သူ (သုနန္ဒခေတ်)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.