25-1-2018
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1047
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Special Report
ဈေးကွက်ဝင်လာတဲ့ အမြှောင်မယားရှင်းလင်းရေး ၀န်ဆောင်မှုလုပ်ငန်း

သူချဉ်းကပ်ရမည့် အမျိုးသမီးမှာ လိင်ဆိုင်ရာထွေလီကာလီ များ ရောင်းချသော ဆိုင်ပိုင်ရှင်ဖြစ်နေသည်ကိုသိရသဖြင့် 'ယူရို ဂျန်း' က ကျေနပ်သွားသည်။ ဈေးရောင်းနေသူကို သူစိမ်းတစ်ရံဆံက ချဉ်းကပ်စကားပြောရန် လွယ်ကူသည်။ ဈေးဆိုင်သည် ရှန်ဟိုင်းမြို့မှ မိုင် ၇ဝ အကွာ 'ဝူရှီ' မြို့တွင် ရှိသည်။ လုံးကြီးပေါက်လှ ဆိုင်ရှင်အမျိုးသမီး အမည်မှာ မဒမ်'ဝမ်း' ဖြစ်သည်။ အသက်လေးဆယ်ခန့် သူ့မိတ်ဆွေ အမျိုးသမီးတစ်ယောက်မှာ အရှက်အကြောက် ကြီးလွန်းလှသဖြင့် အိမ်ထောင်ရေး အဆင်မ ပြေဖြစ်နေကြောင်း၊ ထိုအမျိုးသမီးကို ရဲဆေးတင်ပေးသော ဆေး နည်းကောင်း ရှိ-မရှိ ယူရိုဂျန်းက မေးမြန်းသည်။ ဆိုင်ရှင်အမျိုး သမီးက ထိုဆေးမျိုးရနိုင်ကြောင်း ပြောဆိုပြီး နှစ်ဦးသား ဆက်သွယ်ရန် လိပ်စာကတ်ပြားလဲလှယ်ကြသည်။ ဆိုင်ရှင် မဒမ်ဝမ်းကို ယူရိုဂျန်းက ဆင်လိုက်သော ထောင်ချောက်၏ ပထမအဆင့်ဖြစ်သည်။

လွန်ခဲ့သောတစ်လက အသက်ငါးဆယ်ကျော် အမျိုးသမီး တစ်ဦး ယူရိုဂျန်းထံရောက်လာသည်။ ထိုအမျိုးသမီးက သူ့ ခင်ပွန်းသည် မဒမ်ဝမ်းနှင့်ငြိစွန်းနေကြောင်း၊ ယင်းသို့ ဖြစ်ပျက် နေသည်ကို နှစ်အတန်ကြာ သူက သည်းခံနေခဲ့ကြောင်း၊ မဒမ်ဝမ်းအတွက် ခင်ပွန်းသည်က ဒေါ်လာသုံးသောင်းကျော် အကုန်အကျခံခဲ့သည်ကိုသိလိုက်ရသဖြင့် သူမ သည်းမခံနိုင်တော့ကြောင်း၊ ထိုငွေကြေးသည်  သူတို့အတွက် အိုစာမင်းစာဖြစ်သည့်အပြင် သားအတွက် အိမ်ဝယ်ပေးနိုင်သော ပမာဏဖြစ်ကြောင်းပြောဆိုပြီး ယူရိုဂျန်းထံမှ အကူအညီတောင်းခံသည်။

ယူရိုဂျန်းသည် အသက်ငါးဆယ်ကျော်။  ဓမ္မကထိကကဲ့သို့ သိမ်မွေ့နူးညံ့သော အမူအရာရှိသူဖြစ်သည်။ အလုပ်အကိုင်မှာ အမြှောင်မယား ရှင်းလင်းဖယ်ထုတ်ရေး ဝန်ဆောင်မှု ပေးသူဖြစ်သည်။

ထိုအလုပ်အကိုင် အမျိုးအစားသည် လွန်ခဲ့သောဆယ်စုနှစ်များအတွင်း တရုတ်ပြည်တွင်မရှိခဲ့။ စီးပွားရေး တစ်ဟုန်ထိုးတိုးတက်ပြီး ပွင့်လင်းမြင်သာခေတ်တွင် အမြှောင်မယားယဉ်ကျေးမှု ထွန်းကားလာသည့်အတွက် အမြှောင်မယားနှိမ်နင်းရေးဝန်ဆောင်မှု လုပ်ငန်းသည် လိုအပ်ချက်အရ တရုတ်ပြည် မြို့ကြီးများတွင် အ ပြိုင်းအရိုင်း ပေါ်ပေါက်လာရတော့ သည်။

အမြှောင်မယားကို တရုတ်ဘာသာဖြင့် ရှောင်ဆန်း (Xiao San ) ဟုခေါ်သည်။ တတိယတစ်ယောက်ဟု အဓိပ္ပာယ်ရသည်။ 

အမြှောင်မယားကို ရှင်းလင်းဖယ်ထုတ်သည့် နည်းများစွာရှိသည်။  ငွေကြေးပေးခြင်းဖြင့်လည်းကောင်း၊ သူတို့နှင့် ငြိစွန်းနေသောယောက်ျားသား၏ ရှုပ်ပွေမှု၊ မိသားစုအခက်အခဲများ၊ ကြွေးမြီ၊ မိဘအိုကြီးများကို ထောက်ပံ့နေရမှုများကို သိစေခြင်း ဖြင့်လည်းကောင်း၊ အမြှောင်မယား၏ ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေများထံ စာပေးပို့ဖွင့်ချလိုက်မည် ဟု ခြိမ်းခြောက်၍ လည်းကောင်း အမြှောင်မယားများကို တွန်းထုတ်ဖယ်ရှားပစ်နိုင်သည်။ အမြှောင်မယား ဖယ်ရှားရေး ဝန်ဆောင်မှုလုပ်ငန်း၏ အဆက်အသွယ်ကောင်းများမှတစ်ဆင့် အမြှောင်မယား၏ အလုပ်အကိုင်ကို အခြားဝေးလံသောမြို့သို့ ပြောင်းရွှေ့သည့်နည်းကို သုံးသည့် အခါလည်းရှိသည်။ တစ်ခါတစ်ရံ ရုပ်ရည်ချောမောသော ယောက်ျား သားဖြင့် အမြှောင်မယားကို ဖြားယောင်းသည့်နည်းကိုလည်းသုံးသည်။ အမြှောင်မယားကို ဖယ်ထုတ်သော နည်းပေါင်း ၃၃ နည်းရှိသည်ဟုဆိုသည်။ ထိုနည်းများသည် လုပ်ငန်း၏ လျှို့ဝှက်ချက်ဖြစ်သဖြင့် အကုန်အ စင် ထုတ်မပြောနိုင်ဟု ယူရိုဂျန်းကဆိုသည်။

မဒမ်ဝမ်းသည် မကြာသေးမီက တိုက်ခန်းတစ်ခန်း ဝယ်ယူထားကြောင်း  ယူရိုဂျန်းက သိထားသည်။ ထိုအချက်ကိုအသုံးပြုလျက် ယူရိုဂျန်းက အနီးအနားတွင် တိုက်ခန်းဝယ်ယူ ရန်စိတ်ကူးနေကြောင်း နှပ်ကြောင်း ပေးလိုက်သည်။ မဒမ်ဝမ်းက သူ့အားအိမ်ခြံမြေပွဲစားများနှင့် မိတ်ဆက်ပေးပြီး ရောင်းရန်ရှိသည့် တိုက်ခန်းများကို လိုက်ပြပေးသည်။ တိုက်ခန်းဝယ်ယူရန် အကြောင်းပြုလျက် မဒမ်ဝမ်းဆိုင်သို့ ယူရိုဂျန်း အဝင်အထွက် များလာသည်။ စားသောက်ဆိုင်များတွင် နှစ်ယောက်သား အတူစားသောက်သည်အထိ ရင်းနှီးလာသည်။ ရင်းနှီးမှု တိုးတက်လာသည်ကို အခွင့်ကောင်းယူလျက် ယူရိုဂျန်းက ရှန်ဟိုင်းသို့အလည်အပတ်သွားရန် စကားစပေးလိုက်သည်။ မဒမ်ဝမ်းက ပထမတွင် ငြင်းဆိုသော်လည်း သူမ နှင့်အတူ သူငယ်ချင်းတစ်ဦး လိုက် ပါခွင့်ရလျှင် ရှန်ဟိုင်းသို့ သွားမည်ဟုဆိုသည်။

ယင်းသို့ဖြင့် သုံးဦးသား ရှန်ဟိုင်းသို့ ရောက်သွားသည်။ ဟိုတယ်တွင်တည်းခိုပြီး အထင်ကရ နေရာများသို့ ယူရိုဂျန်းက လိုက်ပို့သည်။ ရှန်ဟိုင်း၏နာမည်ကြီး စားသောက်ဆိုင်များတွင် ကျွေးမွေးသည်။ သာယာလှပသော မြစ်ကမ်းဘေးတွင် သုံးယောက် သား ဓာတ်ပုံတွဲရိုက်သည်။ နှစ်ယောက် တွဲရိုက်သည့်အခါလည်းရှိသည်။ ယူရိုဂျန်းက အမျိုးသမီးနှစ်ဦး နှင့် တစ်လှည့်စီတွဲရိုက်သည့်အခါ ပခုံးဖက်၍လည်းကောင်း၊ ခါးဖက်၍လည်းကောင်း၊ ပါးချင်းအပ်၍ လည်းကောင်း ရိုက်ကြသည်။

ရှန်ဟိုင်းမှ ပြန်ရောက်သောအခါ ယူရိုဂျန်းနှင့် မဒမ်ဝမ်းတို့ တရင်းတနှီးတွဲရိုက်ထားသော ဓာတ်ပုံများသည် သူမ၏ စပွန်ဆာ လက်ထဲသို့စာတိုက်မှ တစ်ဆင့်ရောက်သွားသည်။ သဝန်တိုသော စပွန်ဆာသည် မဒမ်ဝမ်းနှင့် အဆက်ဖြတ်လိုက်သည်။ အမြှောင်မယား ဖယ်ရှားရေးဝန်ဆောင်မှု ထိုလုပ်ငန်းစဉ်သည် အချိန်လေးလ ကြာမြင့်ခဲ့သည်။

ငွေကြေး  လိုချင်တပ်မက်သည့် အတွက် အငယ်အနှောင်းဖြစ်ကြသည်။ ထို့ကြောင့် ၄င်းတို့ကို ငွေ ကြေး၊ အဖိုးတန် လက်ဆောင်ပေးခြင်းဖြင့် အလွယ်တကူ ဆွဲဆောင်နိုင်သည်။ ပေးကမ်းခြင်းဖြင့် ၄င်းတို့ကို ကျုံးသွင်းထောင်ချောက်ဆင်နိုင်သည်။ ၉ဝ ရာခိုင်နှုန်းသော မယားငယ်များသည် ထိုနည်းဖြင့် ယူရိုဂျန်း၏ ထောင်ချောက်အတွင်း ကျရောက်ကြသည်။

ခင်ပွန်းသည်တို့ အငယ်အနှောင်းထားသည်ဆိုလျှင် အနောက်နိုင်ငံတွင် ကွာရှင်းလိုက်ကြသည်သာ ဖြစ်သည်။ အဘယ်ကြောင့် တရုတ်ပြည်တွင် မကွာရှင်းကြသနည်းဆိုသော မေးခွန်းကိုယူရိုဂျန်းက ''တစ်ခုလပ် တလင်ကွာအမျိုးသမီးဟာ တစ်ပတ်ရစ်ကားလို ဖြစ်သွားတယ်။ တန်ဖိုးအရမ်းကျသွားတယ်။ အိမ်ထောင်ပျက် အမျိုးသားက ပြန်လည်ပြုပြင်ထားတဲ့ အိမ်လိုတန်ဖိုးက တက်သွားတယ်။ ဒါကြောင့် အမျိုးသမီးတွေဟာ အိမ်ထောင်ကွဲမှာကို အင်မတန်ကြောက်ကြတယ်'' ဟုပြောသည်။ သို့စဉ်တိုင် တရုတ်ပြည်တွင် လူမှုရေး ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည့်အ တွက် အိမ်ထောင်ကွဲခြင်းအပေါ် သဘောထားများလည်း ပြောင်းလဲနေသည်။

တရုတ်ပြည်တွင် လူမှုရေးပြောင်းလဲလာခြင်း၊ ဥပဒေပြင်ဆင် ရေးဆွဲထားခြင်း၊ ဓလေ့ထုံးစံအပေါ် တန်ဖိုးထားမှုတို့ လျော့ကျလာခြင်းကြောင့် တရုတ်အိမ်ထောင်ရေးတို့ သည် အရေးပေါ် အခြေအနေတစ်ခု သို့ ချဉ်းကပ်လာနေသည်။ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ကွာရှင်းမှု နှစ်ဆတိုးလာသည်။ ကွာရှင်းမှု သုံးပုံ တစ်ပုံသည် အိမ်ထောင်ရေးဖောက် ပြန်မှုကြောင့်ဖြစ်သည်ဟု စစ်တမ်း များကဆိုသည်။

လင်ယောက်ျားများသည် အမျိုး သမီးများထက် ဖောက်ပြန်မှု ၁၃ ဆ ပိုများသည်။ အိမ်ထောင်ရေးကို အ လေးအနက် တန်ဖိုးထားသည့် တရုတ် လူ့အဖွဲ့အစည်းအတွက် စိုးရိမ်ဖွယ်ရာ အနေအထားဖြစ်သည်။ အစိုးရနှင့် နီးစပ်သော မီဒီယာများက အိမ် ထောင်ရေး ဖောက်ပြန်မှုများကို အော်ကြီးဟစ်ကျယ် ဖော်ပြလာသည်။ သမ္မတရှီကျင့်ပင်၏ အဂတိတိုက် ဖျက် ရေး လုပ်ငန်းစဉ်က လူမှုရေး ဖောက်ပြန်မှုများကို ဖော်ထုတ်တွေ့ရှိသည်။

လုံခြုံရေးအကြီးအကဲ 'ကျိုယန် ကန်' သည် အဂတိလိုက်စားမှုဖြင့် ၂ဝ၁၄ ခုနှစ်တွင် အဖမ်းခံရသည်။

လိင်ကိစ္စကို အာဏာသုံး၍လည်းကောင်း၊ ငွေကြေးသုံး၍လည်းကောင်း အလဲအလှယ်ပြုလုပ်ခဲ့သည်ဟုစုံ စမ်းတွေ့ရှိချက်များကဆိုသည်။ သူသည် အမြှာင်မယား လေးရာကျော်ရှိသည်ဟု မီဒီယာများကဖော်ပြသည်။ သမ္မတဟောင်း ကျန်ဇီမင်းသည် နာမည်ကြီး အဆိုတော်တစ်ယောက်ကို မယားငယ်ယူထားသည်ဟုဆိုသည်။

တရားဥပဒေက အငယ်အနှောင်းထားသည်ကို ပိတ်ပင်ခြင်းမှာ လူမှုရေးကျင့်ဝတ်ကြောင့်မဟုတ်။ မယားငယ်ထားခြင်းဖြင့် ငွေကြေးကုန်ကျကာ အကျင့်ပျက်လာဘ်စားမှု ကျူးလွန်လာနိုင်ခြင်းကြောင့်ဖြစ်သည်။

'ဝေကျန်း' လုပ်ငန်းစု (Weiqing Group)  ရှိ ဝန်ထမ်းသုံးရာကျော်အနက် ယူရိုဂျန်းသည်  တစ်ယောက်အ ပါအဝင် ဖြစ်သည်။  လုပ်ငန်းစုသည် တရုတ်ပြည်၏ ပထမဆုံးသော 'အိမ်ထောင်ရေးကုခန်း' ( Love Hospital) ဟု ကြော်ငြာထားသည်။  ၂ဝဝ၁ ခုနှစ်တွင် တရုတ်ပြည်တွင် လင်မယားကွာရှင်းသည့် ဥပဒေသစ် ပြဋ္ဌာန်းလိုက်ခြင်းဖြင့် ကွာရှင်းရာတွင် ပိုမိုလွယ်ကူလာသည်။  ထိုဥပဒေအရ လင်ယောက်ျားများသည် လက်ထက်ပွားမဟုတ်သော ပစ္စည်းဥစ္စာကို ကွာရှင်းခံဇနီးအားခွဲဝေပေးရန်မလိုသည့်အပြင် ကလေးများကိုလည်း လင်ယောက်ျားကပင် ပြုစုစောင့်ရှောက် ခွင့်ပေးသည်။ ထို့ကြောင့် ဝေကျန်းလုပ်ငန်းစုကဲ့သို့ ကုမ္ပဏီများကို စီးပွားဖြစ်စေသည်။ လုပ်ငန်း၏ စုံစမ်းရန် ဌာနကို ၂၄ နာရီပတ်လုံး ဖွင့်လှစ်ထားပြီး မေးမြန်းစုံစမ်းလာသည်များကို အငယ်တန်းဝန်ထမ်းများက ဖြေကြားခြင်း၊ လုပ်ငန်းစုကပေးသော ဝန်ဆောင်မှုအမျိုးအစားနှင့် ကုန်ကျစရိတ်များကို ရှင်းလင်းပြောကြားပေးသည်။ လွန်ခဲ့သော ၁၇ နှစ်အတွင်း အမြှောင်မယား တစ်သိန်းကျော်ကို ဝေကျန်းလုပ်ငန်းစုက နှင်ထုတ်ပေးခဲ့သည်ဟု ဆိုသည်။ မကြာမီစတော့အိတ်ချိန်းတွင် ဝေကျန်းလုပ်ငန်းစု၏ ရှယ်ယာစတင်ရောင်းချနိုင်ရန် မျှော်လင့်ထားသည်။

ဆွေးနွေးတိုင်ပင်မှု တစ်ခုတည်း အတွက်ပင် အနည်းဆုံး ယွမ်တစ်သိန်း (အမေရိကန်ဒေါ်လာ ၁၅ဝဝဝ) ကျသင့်သည်။ အမြှောင်မယားကို ဖယ်ရှားပေးရန်ဆိုလျှင် ဒေါ်လာသုံးသောင်းအထိ ကုန်ကျမည်ဖြစ်သည်။ အကယ်၍ အပျော်ကျူးသော ခင်ပွန်း သည်က အမြှောင်မယားနှင့် သားသမီးရနေသည်ဆိုပါက ဝန်ဆောင်ခသည် ဒေါ်လာ ငါးသောင်းအထိ ကျသင့်မည်ဖြစ်သည်။ 

ဝန်ထမ်းငယ်များက စတင်မေးမြန်းရာတွင် အိမ်ထောင်ရေးသည် မည်သည့်အခြေအနေတွင် ရှိနေသည်ကို စူးစမ်းရသည်။ အိမ်ထောင်ဖက်နှင့် ကိုယ်လက်နှီးနှောမှုရှိမရှိ၊ စကားမပြောဘဲနေကြသည်လား၊ မကြာခဏ အချင်းများတတ်သလား စသည့် မေးခွန်းများကို မေးရသည်။ လင်မယားအဆင်မပြေသည်ကို ကြားဝင် ညှိနှိုင်းဆွေးနွေးပေးသည့်အလုပ်မှ မယားငယ်ကို ဖယ်ရှားပေးသည့် အလုပ်အထိ ဝန်ဆောင်မှုပေးနေသော လုပ်ငန်းကြီးဖြစ်သည်။

မိသားစုကို ခိုင်မြဲစေခြင်းသည် တိုင်းပြည်ကို ခိုင်မြဲအဓွန့်ရှည်စေခြင်း ဖြစ်သည်ဆိုသော တရုတ်ရိုးရာ အဆိုအမိန့်ကို လုပ်ငန်းစု လုပ်ငန်းလမ်းညွှန်အဖြစ် မှတ်ယူထားသည်။ ''လူ့အဖွဲ့အစည်းရဲ့ အခြေခံအကျဆုံး ယူနစ်ဖြစ်တဲ့ မိသားစုတွေဟာ သယံဇာတမဖြစ်ကြတော့ဘူးဆိုရင် တိုင်းပြည်ဟာလဲ ဘယ်လိုငြိမ်းချမ်းနိုင်တော့မှာလဲ''ဟု ယူရိုဂျန်းကဆိုသည်။ သူတို့၏ လုပ်ငန်းသည် အမျိုး သားရေး တာဝန်တစ်ရပ်ကို ထမ်းဆောင်နေခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ မိသားစု မပြိုကွဲစေရန် ဆောင်ရွက်ခြင်းသည် တိုင်းပြည်မပြို ကွဲစေရန် ထမ်းဆောင်ခြင်းဖြစ်သည် ဟု ဆိုကြသည်။ သို့စဉ်တိုင် အခြေ အနေ အရပ်ရပ်သည် လျင်မြန်စွာပြောင်းလဲနေသည်။ ရိုးရာ အဆိုအမိန့်တို့က မည်သို့ဆိုထားစေကာမူ  စီးပွားရေးက ပြဋ္ဌာန်းသော လူနေမှု အခြေအနေသည် များစွာရှုပ်ထွေး ခက်ခဲသည်။ အာရုံထွေပြားစရာ ဆွဲဆောင်မှုများအကြားတွင် မိသားစုများသည် ခက်ခဲစွာရုန်းကန်နေရသည်။ ခေတ်ပေါ် ဆန်းပြားသည့် အသုံးအဆောင်များသည် အမျိုးသမီးများ၏ အကျင့်စာရိတ္တ တံခါးကို အဓမ္မချိုးဖျက် ဝင်ရောက်လာနေ သည်။

''အငယ်အနှောင်းခံတဲ့ အခုခေတ်မိန်းကလေးတွေက ၁၉၉ဝ ပြည့်လွန်နှစ်တွေမှာမွေးတဲ့ ကလေးမလေးတွေပဲ။  သိပ်လည်တယ်၊ ပါးနပ်တယ်၊ အကျိုးအမြတ်ဘယ်လိုရမလဲဆိုတာ အမြဲကြည့်နေတယ်။ ဒါကြောင့် သူတို့ကို ကိုင်တွယ်ရတာ မလွယ်ဘူး''ဟု ယူရိုဂျန်းက ဆိုသည်။

အမြှောင်မယားနှင့် ရင်ဆိုင်ရာတွင် အိမ်ထောင်မပြိုကွဲစေရေး၊ ဥစ္စာ ပစ္စည်း မဆုံးရှုံးရေး၊ သာယာပျော်ရွှင်သော အိမ်ထောင်ကို ထိန်းထားနိုင်ရေးအတွက် တရားဝင်ဇနီးများက ကြိုးစားရသည်မှာ အတော်ပင်ခက်ခဲလှသည်။ ယင်းသို့သော အခြေအနေ တွင် ယူရိုဂျန်း၏ လုပ်ငန်းစုက ဝင် ရောက် အကူအညီပေးခြင်းဖြစ်သည်။

''တချို့ အမြှောင်မယားကို ခပ်ကြမ်းကြမ်းကိုင်ပေးဖို့၊ ကျိုးကန်းအောင် ရိုက်နှက်ပေးဖို့ ပြောလာတာတွေရှိတယ်။ တချို့ဆိုရင် သတ်ပေးဖို့ အထိတောင်းဆိုလာတာရှိတယ်။ ဒါတွေက ဥပဒေနဲ့ ငြိစွန်းတဲ့ အလုပ်မို့လို့ ဘယ်တော့မှ လုပ်မပေးဘူး'' ဟု ယူရိုဂျန်းက သတင်းထောက်အား ပြောပြသည်။ သို့စဉ်တိုင် လွန်ခဲ့သောဆယ်နှစ်ခန့်က  မယားငယ်ကို သတ်ဖြတ်ပေးသော လူဆိုးဂိုဏ်းများရှိခဲ့ဖူးသည်။ ထိုစဉ်က ဘေဂျင်းမြို့တွင် 'ကျန်ယူဖန်' အမည်ရှိ အမျိုးသမီး တစ်ဦးသည် ငှားရမ်းသူရှိပါက မယားငယ်များကို လိုက်လံသတ်ဖြတ်ပေးသည်။

မခံမရပ်နိုင်သော အချို့မယားကြီးများသည် အငယ်အနှောင်းကို လူလယ်ကောင်တွင် ရိုက်နှက်ပြီး အဝတ်အစားများ ချွတ်ပစ်သည်အထိ လုပ်ကြသည်။

ရှေးရိုးစွဲ အလေ့အထများသည်လည်း အိမ်ထောင်ရေး အေးစက်ပြီးပြိုကွဲရန် ဦးတည်စေသည့်အကြောင်း တစ်ရပ်ဖြစ်သည်ဟု ယူရိုဂျန်းကဆိုသည်။ တနေကုန်ပင်ပန်းနွမ်းနယ် ပြန်လာသော ခင်ပွန်းသည်ကို ချိုသာပျူငှာ ပလီပလာ ခရီးဦးကြိုပြုရကောင်းမှန်း လွန်ခဲ့သောမျိုးဆက်ဝင် ဇနီးမယားများက မသိကြ။ ယင်းသို့ ပြုမူပြောဆိုရမည်ဟု မိဘများကလည်း သွန်သင်ခဲ့ခြင်းမရှိ။ မိဘများသည် ကွန်မြူနစ်ကေဒါများပီပီ ဣနြေ္ဒကြီးတစ်ခွဲသားနှင့် နေလာကြ သူများဖြစ်သည်။ ၂၁ ရာစု၏ ခပ် ကဲကဲခပ်ရဲရဲ သမီးပျိုလေးများ၏ ပွင့်လင်းမြင်သာပျူငှာမှုနှင့်တွေ့သည့်အခါ လင်ယောက်ျားများ အရည် ပျော်ကုန်ကြသည်။            

''ချစ်တယ်ဆိုတဲ့ စကားကိုပြောဖို့ ကျွန်မတို့သိပ်ကို ဝန်လေးကြတယ်။ ဗိုင်းကောင်းကျောက်ဖိနေဖို့ မိဘတွေက သွန်သင်တယ်။

သမီးကောင်းဆိုတာ ကျောင်းစာကြိုးစားရမယ်။ အမေ့ကို အိမ်အလုပ်တွေမှာ ကူညီလုပ်ကိုင်ပေးရမယ်။ ဒါတွေပဲ သိတယ်။ ချစ်မှုရေးရာနဲ့ ပတ်သက်လို့ အမေကသင်မပေးခဲ့ဘူး'' ဟု  အသက်လေးဆယ်ကျော် ရုံးဝန်ထမ်း အမျိုးသမီးတစ်ဦးက ဆိုသည်။

စပ်ဖာချုပ်ထားသော အဝတ်အထည်၊ ဟင်းကျန်များကို ရောကြိုထားသည့် ဟင်းလေးတို့ဖြင့် ချိုတဲ့စွာ လူ လားမြောက်ရသည့်ခေတ်တွင် မိဘချင်းစပ်ဟပ်ပေးစားခဲ့ကြသည်။ ဆင်းရဲသော သမီးရှင်များက ပါးစပ်တစ်ပေါက် လျော့သွားလျှင် ဝန်ထုပ်ဝန်ပိုးလျော့သွားသည့်အတွက် သမီးကို အလျင်အမြန် အိမ်ထောင်ချပေးသည်။ ရှေးရိုးယဉ်ကျေးမှုကလည်း ယောက်ျားသားကိုသာ မျက်နှာသာပေးသည်။ သမီးကို အမွေပေးမည့်အစား တူဖြစ်သူကို အမွေပေးကြသည်။ ယခုအခါ ငွေကြေးချမ်းသာလာကြသည့်အတွက် ရွေးချယ်စရာများလာသည်။ မိဘပေးစားသည့် ဇနီးမယားအပြင် ရွေးချယ်စရာ အငယ်လေးများရှိလာသည်က လူမှုရေးရှုပ်ထွေးမှုများကို ဖြစ်ပေါ်စေသည်။

ယူရိုဂျန်းတို့ လုပ်ငန်းစုကဲ့သို့ ဝန်ဆောင်မှုပေးနေသော အလွတ်စုံထောက်များလည်းရှိသည်။ သူတို့သည် တရားမဝင် မဟုတ်သလို တရားဝင်လည်းမဟုတ်ပေ။ တရုတ်ပြည်သည် ဗဟိုချုပ်ကိုင်မှု လွန်ကဲသော တိုင်းပြည်ဖြစ်သည်။ သတင်း အချက်အလက်များကို ထိန်းချုပ်ထား သော တိုင်းပြည်ဖြစ်သည်။  အစိုးရ၏ တရားဝင်စာရွက်စာတမ်းများကိုပင် တောင်းယူကြည့်ရှုနိုင်သော တိုင်းပြည်မဟုတ်သည့် အလွတ်စုံထောက်များသည် အတော်ပင်ခက်ခက်ခဲခဲ ဆောင်ရွက်ကြသည်။ သို့စဉ်တိုင် လူမှုရေးကိစ္စကို  တူးဆွစုံစမ်းသော အလွတ်စုံထောက်များသည်လည်း အလုပ်ဖြစ်လျက် ရှိသည်။ အလွတ်စုံ ထောက်များထံမှရသော သက်သေခံ အထောက်အထားများသည် တရားရုံးတွင် တရားဝင်အဖြစ်လက်မခံ။ သို့စဉ်တိုင် ဖောက်ပြန်သူ ခင်ပွန်း၊ ဇနီးတို့ကို  အိပ်ခန်းထဲတွင် လက်ပူးလက်ကြပ်အမိဖမ်းပြီး ရဲခေါ်လိုက်ခြင်းဖြင့် တရားဝင် ဖြစ်စေသည်။ ရဲပါလာသည့်အခါ တရားဝင်ဖြစ်သွားသည်။

အငယ်အနှောင်းထားကာ လူမှုရေးရှုပ်ထွေးမှုများဖြစ်ရသည့် အကြောင်းအရင်းတစ်ရပ်မှာ တရုတ်ရိုးရာအစွဲက အဓိကဖြစ်နေသည်။ မိုးကောင်းကင်က ယောက်ျားသားများကိုပေးထားသော တာဝန်မှာသား ယောက်ျားများနိုင်သမျှ များများမွေး ဖွားဖို့ဖြစ်သည်။ ဖခင်၏အမည်ကိုဆက်ခံမည့် သားယောက်ျားများများ ရရှိဖို့ဖြစ်သည်။ ဤလုပ်ငန်းစဉ်တွင် မိန်းမသားသည် အသုံးခံဖြစ်လာသည်။ မောင်းမမိဿံဟု အမည်ရသည့် အငယ်အနှောင်းဟူ၍ဖြစ်တည် မှုသည် နှစ်ပေါင်း ထောင်ချီကြာမြင့်ခဲ့ပြီဖြစ်သည်။

အိမ်ထောင်၏ အနှစ်သာရမှာ တာဝန်ယူမှုဖြစ်သည်။ တာဝန်ယူမှုအရ နှစ်ဦးနှစ်ဖက် သဟဇာတဖြစ်နေရန် လိုအပ်သည်။ ပြောင်းလဲလာသော အခြေအနေတွင် လင်ယောက်ျားဖြစ်သူသည် ကြွယ်ဝချမ်းသာသူဖြစ်ပါက ဇနီးမယားတစ်ယောက်မကယူပြီး ထောက်ပံ့ထားနိုင်သည်။ သူ၏တာဝန်ယူမှုကို မပျက်မကွက် ထိန်းထားနိုင်သည်။ ယင်းသို့သော အခြေအနေတွင် မယားကြီးအား ကွာရှင်းရန်မလိုတော့ပေ။ မယားကြီးဖြစ်သူကလည်း တရားဝင်မယား အဖြစ်ရပ်တည်နေပြီး အငယ်အနှောင်းများသည် ပွဲတက်မယားအဖြစ် ရပ်တည် နေမှုများရှိလာသည်။ အိမ်ထောင်ရေး သည် မေတ္တာအရင်းမခံတော့ဘဲ အရောင်းအဝယ်သဘော ဖြစ်လာသည်မှာ စိုးရိမ်ဖွယ်ဖြစ်သည်။ မူလ အခြေခံဖြစ်သော တာဝန်ယူမှုရှိ သော်လည်း အိမ်ထောင်ရေး အနှစ်သာရ ပျက်ပြယ်လာသည့်သဘော ဖြစ်သည်။ 

အေးထွန်းမင်း

[email protected]

Ref: China’s Mistress-Dispellers.

အေးထွန်းမင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.